News @ M-Media

Blog

  • တရုတ်တွင် အသက် ၁၃ နှစ်အရွယ်လူငယ်က မိခင်အား ခေါင်းဖြတ်သတ်

    တရုတ်တွင် အသက် ၁၃ နှစ်အရွယ်လူငယ်က မိခင်အား ခေါင်းဖြတ်သတ်

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် သားဖြစ်သူက မိခင်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သိရသည်။

    စီချွမ်ပြည်နယ် ၀မ်ရှင်းမြို့တွင် ပြီးခဲ့သည့်တစ်ပတ် တနင်္ဂနွေနေ့က သားအမိနှစ်ဦး စကားများရာမှ ထိုကဲ့သို့ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူငယ်မှာ ၎င်း၏ သတ်ဖြတ်မှုကိုလည်း ဗီဒိယိုရိုက်ကာ WeChat တွင် သူငယ်ချင်းများအား ပို့ဆောင်ခဲ့သည်။

    ထိုဗီဒီယိုကို ၎င်း၏ သူငယ်ချင်းဖြစ်သူက မိခင်ကို ပြသခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ထိုလူငယ်အား ဗုဒ္ဓဟူးနေ့တွင် ကျောင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    ဒေသရဲတပ်ဖွဲ့က ထိုသတင်းအား အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိချေ။

    အဆိုပါလူငယ်မှာ မိခင်အား သတ်ဖြတ်ခေါင်းဖြတ်ပြီးနောက် ခေါင်းကို ပုံးထဲသို့ထည့်ကာ နောက်ဖေးလမ်းကြားတွင် လွှင့်ပစ်ခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    Ref: BBC

  • ဇီယာ ချစ်ရှ်တီ (သို့မဟုတ်) အမေရိကန်မှာ အောင်မြင်နေတဲ့ ပါကစ္စတန်အမျိုးသမီး

    ဇီယာ ချစ်ရှ်တီ (သို့မဟုတ်) အမေရိကန်မှာ အောင်မြင်နေတဲ့ ပါကစ္စတန်အမျိုးသမီး

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်ဖခင် အမေရိကန်မိခင်ကနေ ပါကစ္စတန်မှာမွေးဖွားခဲ့တဲ့ ဇီယာ ချစ်ရှ်တီဟာ ဒီကနေ့မှာတော့ ကန်ဒေါ်လာ ၂ ဘီလီယံရှိတဲ့ ကုမ္ပဏီတွေကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်နေပါပြီ။

    “ပါစ္စတန်မှာ အထက်တန်းကျောင်းပြီးကတည်းက ကျွန်မဟာ စီးပွားရေးသမားတစ်ယောက် ဖြစ်လာတော့မယ်ဆိုတာ အလိုလို သိခဲ့ပါတယ်။ ဒါပေမယ့် အမေက အမေရိကန်ကိုပြန်ပြီး ကျောင်းဆက်တက်ရမယ်လို့ ပြောခဲ့တယ်။ ဒါ့ကြောင့် ၁၉၈၈ ခုနှစ်မှာ ပြန်ခဲ့ပြီး နယူးယောက်မှာ ကောလိပ်တက်ခဲ့ပါတယ်” လို့ ချစ်ရှ်တီက
    ဖခင်ကွယ်လွန်ပြီးခဲ့နောက် သူမရဲ့ အမေရိကန်ခရီးစဉ်အစကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

    ကိုလံဘီယာ တက္ကသိုလ်ကနေ ဘီအေဘွဲ့၊ စတမ်းဖို့ဒ်တက္ကသိုလ်ကနေ မဟာဘွဲ့ ရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ သူမဟာ Morgan Stanley မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

    Align Technology လို့ခေါ်တဲ့ စောင်းနေတာတွေကို ပြန်လည်တည့်မတ်တဲ့ နည်းပညာကို စိတ်ဝင်စားခဲ့ပြီး အသက် ၂၀ ကျော်အရွယ်မှာ ခံစားခဲ့ရတဲ့ သွားမညီမညာဖြစ်မှုကို သူမကို ဒီနယ်ပယ်ထဲကို ခြေချဖို့ တွန်းအားတစ်ခု ဖြစ်ခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ သွားဘက်ဆိုင်ရာ ကုထုံးမှာ နောက်ဆုံးပေါ် နည်းပညာတွေကို တီထွင်ဖော်ထုတ်ပေးတဲ့ ကုမ္ပဏီ Afiniti ကို ချစ်ရှ်တီတစ်ယောက် တည်ထောင်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် ဈေးကွက်မှာ သူမရဲ့ ကုမ္ပဏီဟာ အချိန်တိုတိုအတွင်းမှာ ဒေါ်လာဘီလီယံချီ တန်ဖိုးတက်ခဲ့ပါတယ်။

    ဒီလို အောင်မြင်မှုတွေကြောင့် ချစ်ရှ်တီဟာ People မဂ္ဂဇင်းရဲ့ အမေရိကန်မှာ အအောင်ဆုံးမြင်ဆုံး လူ ၅၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

    လက်ရှိမှာတော့ သူမအနေနဲ့ အမေရိကန်တင်မကဘဲ ပါကစ္စတန်မှာပဲ လုပ်ငန်းတွေ ချဲ့ထွင်နိုင်နေပါပြီ။

    Ref: Alarabiya

  • အာရပ်ဒေသ အကြမ်းဖက်တိုက်ဖျက်ရေး ဗီဒီယိုပြိုင်ပွဲတွင် ဆော်ဒီပထမရ

    အာရပ်ဒေသ အကြမ်းဖက်တိုက်ဖျက်ရေး ဗီဒီယိုပြိုင်ပွဲတွင် ဆော်ဒီပထမရ

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    – တူနီးရှားနိုင်ငံ တူနစ်မြို့မှာ ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့တဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲမှာ ဆော်ဒီက ရုပ်ရှင်ဇာတ်ကားတစ်ခုဟာ ပထမဆု ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

    အာရပ် ပြည်ထဲရေးဝန်ကြီးများ၏ အတွင်းဝန်ဌာနက ဦးစီးကျင်းပတဲ့ ၄၁ ကြိမ်မြောက် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်မှူးများညီလာခံမှာ ဒီပြိုင်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက လက်အောက်က ပြည်သူ့လုံခြုံရေးအာဏာပိုင်အဖွဲ့က ရိုက်ကူးတင်ဆက်တဲ့ ဗီဒီယိုက ဆုရရှိခဲ့တာပါ။

    အာရပ်ပြည်ထဲရေးဝန်ကြီးများကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး မိုဟာမက် ဘင် အလီ ကိုမန်က ဆုချီးမြှင့်ခဲ့ပြီး ဆော်ဒီ ပြည်သူ့လုံခြုံရေးအာဏာပိုင်အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူ ဂါမာလာဟ် ဘင် မိုဟာမက် အလ်-ဇဟ်ရာနီက ရယူခဲ့ပါတယ်။

    ညီလာခံကို တူနီးရှားဝန်ကြီးချုပ် ယူဆက်ဖ် ချာဟဒ်က အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး အာရပ်နိုင်ငံတွေက လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဆိုင်ရာ ကိစ္စရပ်တွေ၊ အစွန်းရောက်ဝါဒ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွေကို တက်ရောက်လာသူတွေက ဆွေးနွေးခဲ့ပါတယ်။

    Ref: Arab News

  • IS အကြမ်းဖက်အဖွဲ့နှင့် စစ်ပွဲပြီးဆုံးပြီဟု အီရတ် ကြေငြာ

    IS အကြမ်းဖက်အဖွဲ့နှင့် စစ်ပွဲပြီးဆုံးပြီဟု အီရတ် ကြေငြာ

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    – တိုင်းပြည်တွင်းမှ IS အကြမ်းဖက်သမားများကို မောင်းထုတ်ရေး ၃ နှစ်ကြာစစ်ပွဲ အဆုံးသတ်သွားပြီဟု အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက ယနေ့တွင် ကြေငြာခဲ့သည်။

    “အီရတ်-ဆီးရီးယားနယ်စပ်ကို ကျွန်တော်တို့တပ်ဖွဲ့တွေက လုံးဝ ထိန်းချုပ်ထားလိုက်တာကြောင့် IS အပေါ် စစ်ဆင်နွှဲမှု အဆုံးသတ်သွားပြီလို့ ကျွန်တော် ကြေငြာလိုပါတယ်။ ရန်သူတွေက ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို သင်းသတ်ဖို့ လုပ်လာပေမယ့် ကျွန်တော်တို့ရဲ့ စည်းလုံးမှု၊ ဆုံးဖြတ်ချက်ပြတ်သားမှုတွေနဲ့ သူတို့ကို
    အနိုင်ယူနိုင်ခဲ့ပါတယ်” ဟု အာဘာဒီက ဘဂ္ဂဒတ်မြို့တွင် ယနေ့ကျင်းပသော ဂျာနယ်လစ် ညီလာခံတွင် ပြောကြားခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့မှာ ၂၀၁၄ ခုနှစ်တွင် အီရတ်နိုင်ငံ၏ နယ်မြေအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံပျက်သုဉ်းမည့် အနေအထားဖြင့် ကြုံတွေ့ခဲ့ရသည်။

    ထို့နောက် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းပစ်ကူဖြင့် အီရတ်မှာ IS လက်မှ နယ်မြေများကို ပြန်လည်သိမ်းယူရန် ၃ နှစ်တာ ကြာမြင့်ခဲ့သည်။

    Ref: CNA

  • အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်တွင် ၂ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

    အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်တွင် ၂ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မြင်ကွင်း

    – ပါလက်စတိုင်းပိုင်နက်ဖြစ်သော ဂါဇာကမ်းမြှောင်တွင် အစ္စရေးက တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဂါဇာကမ်းမြှောင်မှ ဒုံးကျည်ပစ်သည်ဟု စွပ်စွဲပြီးနောက် အစ္စရေးက ယမန်နေ့တွင်ညပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၆ လအရွယ် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သား ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အက်ရှ်ရက်ဖ် အလ်-ကွီဒရာက ဂါဇာစီးတီးတောင်ပိုင်းရှိ စစ်ရေးလေ့ကျင်မှု စင်တာတစ်ခုတွင် မနက် အရုဏ်တက်ချိန်၌ ဟားမက်စ်အဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာမှ ဒုံးကျည် ၃ လုံး ပစ်ခတ်မှုအတွင်း တစ်လုံးကို ဒုံးခွင်းဖြင့် ပစ်ချနိုင်ခဲ့ပြီး တစ်လုံးမှာ ပေါက်ကွဲသွားကြောင်း၊ အခြား ၁ လုံးမှာ ပိုင်နက်အတွင်းသို့ မရောက်ကြောင်း၊ မိမိတို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် နေရာများမှာ ဟာမက်စ်၏ စခန်းများဖြစ်ကြောင်း အစ္စရေးနေ့စဉ်သတင်းစာ Haaretz က ဖော်ပြခဲ့သည်။

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်က သတ်မှတ်မှုကြောင့် ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဖက်ကမ်းနှင့် ဂါဇာတို့တွင် အကြီးအကျယ် ဆန္ဒပြမှုများ ဖြစ်ပေါ်နေစဉ် အစ္စရေး၏ ယခုတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    Ref: Aljazeera