News @ M-Media

Blog

  • အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်တွင် ၂ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

    အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်တွင် ၂ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မြင်ကွင်း

    – ပါလက်စတိုင်းပိုင်နက်ဖြစ်သော ဂါဇာကမ်းမြှောင်တွင် အစ္စရေးက တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဂါဇာကမ်းမြှောင်မှ ဒုံးကျည်ပစ်သည်ဟု စွပ်စွဲပြီးနောက် အစ္စရေးက ယမန်နေ့တွင်ညပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၆ လအရွယ် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သား ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

    ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ အက်ရှ်ရက်ဖ် အလ်-ကွီဒရာက ဂါဇာစီးတီးတောင်ပိုင်းရှိ စစ်ရေးလေ့ကျင်မှု စင်တာတစ်ခုတွင် မနက် အရုဏ်တက်ချိန်၌ ဟားမက်စ်အဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာမှ ဒုံးကျည် ၃ လုံး ပစ်ခတ်မှုအတွင်း တစ်လုံးကို ဒုံးခွင်းဖြင့် ပစ်ချနိုင်ခဲ့ပြီး တစ်လုံးမှာ ပေါက်ကွဲသွားကြောင်း၊ အခြား ၁ လုံးမှာ ပိုင်နက်အတွင်းသို့ မရောက်ကြောင်း၊ မိမိတို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် နေရာများမှာ ဟာမက်စ်၏ စခန်းများဖြစ်ကြောင်း အစ္စရေးနေ့စဉ်သတင်းစာ Haaretz က ဖော်ပြခဲ့သည်။

    ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အမေရိကန်က သတ်မှတ်မှုကြောင့် ပါလက်စတိုင်းပိုင်နက်များဖြစ်သည့် အနောက်ဖက်ကမ်းနှင့် ဂါဇာတို့တွင် အကြီးအကျယ် ဆန္ဒပြမှုများ ဖြစ်ပေါ်နေစဉ် အစ္စရေး၏ ယခုတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • အမေရိကန်၏ ဂျေရုစလင်ရပ်တည်ချက် လုံခြုံရေးကောင်စီတွင် ရှုတ်ချခံရ

    အမေရိကန်၏ ဂျေရုစလင်ရပ်တည်ချက် လုံခြုံရေးကောင်စီတွင် ရှုတ်ချခံရ

    ဒီဇင်ဘာ ၉၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်ကို အစ္စရေးရဲ့မြို့တော်အဖြစ် အမေရိကန်က အသိအမှတ်ပြုမှုနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ နိုင်ငံတော်တော်များများက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

    နိုင်ငံပေါင်း ၈ နိုင်ငံရဲ့ တောင်းဆိုမှုနဲ့အတူ မနေ့ကပြုလုပ်တဲ့ အဲဒီအစည်းအဝေးမှာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေအပါအ၀င် တော်တော်များများက အမေရိကန်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာပါ။

    ကုလ

    အရှေ့အလယ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးရေးမှူး နီကိုလေး မလာဒီနော့ဗ် က ‘ဂျေရုစလင်ကိစ္စဟာ ပဋိပက္ခရဲ့ နောက်ဆုံးအဆင့်မှာ ဆွေးနွေးရမယ့် အထိအခိုက်မခံဆုံး၊ အခက်ခဲဆုံးကိစ္စဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    “ဂျေရုစလင်ရဲ့ အနေအထား၊ လက္ခဏာတွေကို ပြောင်းလဲဖို့၊ ဒါမှမဟုတ် ရေရှည်ရှိခဲ့တဲ့ သတ်မှတ်ချက်တွေကို ပြောင်းလဲသွားစေမယ့် ဘယ်လို တစ်ဖက်သက်ဆုံးဖြတ်ချက်မျိုးမဆို လက်ရှိ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုကို ထိခိုက်နိုင်ပြီး ဒေသတစ်ဝှမ်းမှာ တုန့်ပြန်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကုလက အကြိမ်ကြိမ်ပြောထားပြီးသားပါ”

    အမေရိကန်ရဲ့ ဒီဆုံးဖြတ်ချက်ကို တုန့်ပြန်မှုတွေဟာ ပြင်းထန်လာမယ့် အန္တရာယ်ရှိနေကြောင်း၊ သမိုင်းနဲ့ချီ ရှိခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်း ပြဿနာဟာ လက်ရှိမှာ အရေးကြီးတဲ့ အနေအထားတစ်ခု ရောက်နေတာကို ကမ္ဘာက မြင်နေရကြောင်း မလာဒီနော့ဗ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပါလက်စတိုင်း

    ကုလဆိုင်ရာ ပါလက်စတိုင်း သံအမတ်နဲ့ အမြဲတမ်းစောင့်ကြည့်သူ ရီယာ့ဒ် မန်ဆူရ်က ထရမ့်အစိုးရဟာ ‘ဂျေရုစလင်ရဲ့ တရားရေး၊ နိုင်ငံရေးနဲ့ သမိုင်းဆိုင်ရာ အနေအထား၊ ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးနဲ့ အမျိုးသားဆန္ဒတွေကို ချိုးဖောက်လိုက်တာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    “တောင်တော်လေးကို နောင်တဖြစ်ရမယ့် ဒီကြေငြာချက်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတစ်ခုလုံးမှာ တင်းမာမှုတွေ၊ အန္တရာယ်တွေ ပိုမိုမြင့်တက်လာမှာပါ”

    နောက်ပြီး မန်ဆူရ်က အစ္စရေးဟာ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ကို သိမ်းပိုက်မှုကို အဆုံးသတ်ရမယ်ဆိုတဲ့ နိုင်ငံတကာဥပဒေ၊ အရင် ကုလဆုံးဖြတ်ချက်တွေရဲ့ အနှစ်သာရကို အမေရိကန်ရဲ့ ဆုံးဖြတ်ချက်က ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ယူကေ

    ကုလဆိုင်ရာ ယူကေသံအမတ်ကြီး မက်သယူး ရိုင်ကရော့ဖ်က သူတို့အနေနဲ့ တယ်လ်အဗီးက ဗြိတိန်သံရုံးကို ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိကြောင်း၊ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံတည်ရှိရေးကို အခြေခံကာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို အခိုင်အမာထောက်ခံကြောင်း၊ ဂျေရုစလင်ကို နှစ်နိုင်ငံမြို့တော်အဖြစ် မျှဝေ အသုံးပြုရမှာဖြစ်ကာ ဆွေးနွေးမှုတွေကနေ အဖြေထုတ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ဒီနည်းလမ်းကသာ အစ္စရေးက ထိုက်တန်တဲ့ ရေရှည်လုံခြုံရေးကိစ္စ၊ ပါလက်စတိုင်းတွေတောင်းဆိုနေတဲ့ နိုင်ငံတစ်ခုနဲ့ ကျူးကျော်သိမ်းပိုက်ရေး အဆုံးသတ်မှုတွေအတွက် တစ်ခုတည်းသော နည်းလမ်းပါပဲ” လို့ ဗြိတိန်သံအမတ်က ပြောကြားခဲ့ပါတယ်။

    ပြင်သစ်

    ပြင်သစ်ကတော့ အမေရိကန်အနေနဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီရဲ့လားဆိုတာကို ရှင်းပြဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကုလ ပြင်သစ်သံအမတ် ဖရန်ကိုအစ် ဒီလက်ထရီက ဂျေရုစလင်ကိစ္စဟာ ဆွေးနွေးညှိနှိုင်းမှုတွေကနေ အဖြေရှာရမှာဖြစ်ပြီး ဂျေရုစလင်ကို ဘယ်သူမှ မပိုင်ဆိုင်ဘူးလို့ ပြင်သစ်က လက်ခံထားကြောင်း၊ သမိုင်းဆိုင်ရာနဲ့ ဘာသာရေးဆိုင်ရာ အရေးပါမှုတွေရှိနေတဲ့ ဒီမြို့ဟာ ဒေသတွင်း ပဋိပက္ခနဲ့ တည်ငြိမ်မှုတွေအတွက် အဓိကသော့ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “နှစ်နိုင်ငံတည်ရှိရေးဆိုတဲ့ အဖြေကလွဲပြီး တစ်ခြားနည်းလမ်းမရှိသလို၊ ဂျေရုစလင်ကိစ္စအတွက် နှစ်ဖက် သဘောတူညီချက်မရဘဲနဲ့လည်း နှစ်နိုင်ငံအဖြေ ထွက်မှာမဟုတ်ပါဘူး”

    ရုရှား

    ကာလရှည် ရှိနေခဲ့တဲ့ ဒီပြဿနာကို ဖြေရှင်းရာမှာ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို အဓိကထားရမယ်လို့ ရုရှားသံအမတ် ဗာစီလီ နီဘန်ဇယာက လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

    “ဂျေရုစလင်ရဲ့ အထိအခိုက်မခံတဲ့ကိစ္စကို ပါလက်စတိုင်း-အစ္စရေး ဆွေးနွေးညှိနှိုင်းမှုတွေကနေတစ်ဆင့် ဖြေရှင်းရမှာပါ”

    ဂျေရုစလင်အပေါ် အမေရိကန်ရဲ့ သဘောထားဟာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ဆက်ဆံရေးကို ပိုမို ဆိုးရွားစေနိုင်ပြီး ဒေသတွင်းမှာလည်း သက်ရောက်မှုတွေ ရှိလာနိင်ကြောင်း၊ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲရလဒ်တွေ ဖြစ်နိုင်တဲ့ကိစ္စကို ပါဝင်သူတွေက ရှောင်ရှားကြဖို့ တိုက်တွန်းကြောင်း နီဘန်ဇယာက ပြောကြားခဲ့ပါတယ်။

    ဂျပန်

    ကုလဆိုင်ရာ ဂျပန်သံအမတ် ကိုရို ဘက်ရှိုက မိမိတို့အနေနဲ့ နိုင်ငံတကာဥပဒေတွေ၊ ကုလဆုံးဖြတ်ချက်တွေကို အခြေခံတဲ့ ၂ နိုင်ငံအဖြေကိုသာလက်ခံကြောင်း၊ ဂျေရုစလင်ကိစ္စဟာ ညှိနှိုင်းဆွေးနွေးမှုကနေ ဖြေရှင်းရမှာဖြစ်ပြီး လက်ရှိ မြေပြင်မှာ တင်းမာမှုတွေ မြင့်တက်လာတဲ့အတွက် အလွန်အမင်းစိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။

    ဂျော်ဒန်

    ဂျေရုစလင်က မွတ်စလင်နဲ့ ခရစ်ယာန်တွေရဲ့ မြင့်မြတ်ရာနေရာကို တာဝန်ယူစောင့်ရှောက်နေတဲ့ ဂျော်ဒန်က အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတဲ့အတွက် မိမိတို့က ဆန့်ကျင်တယ်လို့ ဆိုပါတယ်။

    “မြေပြင်မှာ အနေအထားသစ်တစ်ခုကို ဖန်တီးဖို့အတွက် တစ်ဖက်သက် ဆုံးဖြတ်ချက်တွေဟာ အလုပ်မဖြစ်ဘဲ ရှောင်ရှားရမယ့်ကိစ္စဖြစ်တယ်လို့ ကျွန်မတို့ ဘုရင့်နိုင်ငံက ယုံကြည်ပါတယ်” လို့ ကုလဆိုင်ရာ ဂျော်ဒန်သံအမတ် ဆီမာ ဘာဟုစ်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ ဒီလိုဆုံးဖြတ်ချက်ကြောင့် တင်းမာမှုတွေ၊ ပြဿနာတွေ ပိုမိုဆိုးရွားလာနိုင်ပြီး အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုရမယ်လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ပါလက်စတိုင်းပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းတဲ့ ဖြေရှင်းမှုမျိုး မရှိဘဲနဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဂျေရုစလင်နဲ့ မြို့မှာရှိတဲ့ ဘာသာတရားအားလုံးက မြင့်မြတ်ရာနေရာတွေကို ကာကွယ်ဖို့ဟာ အဓိကဦးစားပေး ဖြစ်ရပါလိမ့်မယ်”

    အီဂျစ်

    ကုလဆိုင်ရာ အီဂျစ်သံအမတ် အဘ်ဒဲလ် လတစ်ဖ် အဘူလတ္တာက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချတယ်လို့ ပြောကြားခဲ့ပြီး ဒါဟာ မွတ်စလင်တွေနဲ့ အာရပ်တွေကို ဆွပေးလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “ဒီလို တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေဟာ နိုင်ငံတကာရဲ့ တရားဝင်ဖြစ်မှုကို ချိုးဖောက်လိုက်တာဖြစ်ပြီး ဒီမြို့ဟာ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုအောက်မှာ ရှိနေတာကြောင့် ဂျေရုစလင်ရဲ့ တရားဝင်အနေအထားအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ လက်ရှိ မြို့ရဲ့ အမှတ်သညာကို ပြောင်းလဲမယ့် ဘယ်လိုဆောင်ရွက်မှုမျိုးမှ တရားဝင်ဖြစ်မှာ မဟုတ်ပါဘူး”

    အမေရိကန်သံအမတ်က ကုလဟာ အစ္စရေးကိစ္စဆိုရင် ဘက်လိုက်တယ်လို့ ပြောကြားခဲ့ပြီး၊ အစ္စရေး သံအမတ်ကတော့ အမေရိကန်ရဲ့ အသိအမှတ်ပြုမှုကို ကြိုဆိုကြောင်း၊ အခြားနိုင်ငံတွေအနေနဲ့ ဒီလိုဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

     

  • အင်္ဂါဂြိုဟ်ကို ဘယ်သူအရင်ရောက်လဲ ပြိုင်ကြမယ့် Boeing နဲ့ Space X

    အင်္ဂါဂြိုဟ်ကို ဘယ်သူအရင်ရောက်လဲ ပြိုင်ကြမယ့် Boeing နဲ့ Space X

    ဒီဇင်ဘာ ၈၊ ၂၀၁၇
    M-Media

    – အင်္ဂါဂြိုဟ်ကို လူတွေရောက်ရှိရေးခရီးစဉ်မှာ နှာတစ်ဖျားသာနေတဲ့ အေလွန် မက်စ်ရဲ့ Space X ကို အနိုင်ယူပြီး ဂြိုဟ်နီကြီးကို အရင်သွားပြမယ်လို့ အမေရိကန် ထိပ်တန်း လေယာဉ်ကုမ္ပဏီ Boeing က စိန်ခေါ် ပြောကြားလိုက်ပါတယ်။

    ဒီဇင်ဘာ ၆ ရက်နေ့က CNBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ဘိုးအင်း စီအီးအို ဒန်းနစ် မူလီယန်ဘာ့ဂ်က သူနဲ့ အေလွန် မက်စ်တို့ ဘယ်သူ အရင်ဆုံး အင်္ဂါဂြိုဟ်ရောက်နိုင်မလဲဆိုတဲ့ အမေးကို သူအရင်ရောက်မယ်လို့ ဖြေခဲ့တာပါ။

    “နောက်ဆုံးမှာ ကျွန်တော်တို့ဟာ အင်္ဂါဂြိုဟ်ကို သွားကြတော့မှာဖြစ်ပြီး ဂြိုဟ်ပေါ်ကို ဘိုးအင်းဒုံးပျံနဲ့ သွားတဲ့သူက ပထမဆုံး ခြေချနိုင်မယ်လို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်” လို့ မူလီယန်ဘာ့ဂ်က ပြောကြားခဲ့ပါတယ်။

    ဘိုးအင်းဟာ Space Launch System ဆိုတဲ့ ဒုံးပျံမျိုးဆက်သစ်တစ်ခုကို နာဆာအတွက် တည်ဆောက်ပေးနေပြီး လက်ရှိမှာ နောက်ဆုံး တပ်ဆင်တဲ့အဆင့်ကို ရောက်နေကြောင်း၊ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး စမ်းသပ်ပျံသန်းဖို့ရှိနေကာ လကမ္ဘာတစ်ဝိုက်ကို သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မူလီယန်ဘာ့ဂ်ဟာ အရင်ကလည်း အာကာသခရီး အားပြိုင်ပွဲမှာ အေလွန်မက်စ်ကို အပြိုင်အဆိုင် ပြောကြားခဲ့ဖူးပါတယ်။

    ဘိုအင်းဟာ နာဆာနဲ့ပေါင်းပြီး Deep Space Gateway လို့ခေါ်တဲ့ နည်းပညာမြင့် အာကာသစခန်းသစ်တစ်ခု ဆောက်လုပ်ဖို့ စီစဉ်နေပြီး အဲဒီစခန်းကနေတစ်ဆင့် အာကာသထဲက ပိုမိုဝေးကွာတဲ့နေရာတွေကို သွားရောက်တာ၊ သုတေသနလုပ်တာတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

    လက်ရှိမှာ မက်စ်ရဲ့ Space X ဟာ ၂၀၂၄ ခုနှစ်ရာက်ရင် အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်အောင် စီမံကိန်းချမှတ်ထားပြီး နောက်ဆုံးပေါ် ဒုံးပျံတွေ ထုတ်လုပ်ရေးမှာလည်း Space X ဟာ ဦးဆောင်နေပါတ
    ယ်။

    မူလီယန်ဘာ့ဂ်ရဲ့ အခုစိန်ခေါ်မှုကို လက်ခံကြောင်း အေလွန် မက်စ်က Twitter စာမျက်နှာကနေတစ်ဆင့်
    ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    Ref: Interesting Engineering

  • ဂျေရုစလင်ကိစ္စ ဆန္ဒပြမှုအတွင်း အနည်းဆုံး ပါလက်စတိုင်းတစ်ဦး အသတ်ခံရ

    ဂျေရုစလင်ကိစ္စ ဆန္ဒပြမှုအတွင်း အနည်းဆုံး ပါလက်စတိုင်းတစ်ဦး အသတ်ခံရ

    ဒီဇင်ဘာ ၈၊ ၂၀၁၇
    M-Media

    ဆန္ဒပြမှု မြင်ကွင်းတစ်ခု

    – နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကာ ဂျေရုစလင်အား အစ္စရေး၏ မြို့တော်အဖြစ် အမေရိကန်က သတ်မှတ်လိုက်မှုကို ပါလက်စတိုင်းပြည်သူများ ဆန့်ကျင်ဆန္ဒပြမှုအတွင်း အနည်းဆုံး ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့တွင် ထိုကဲ့သို့ ကြေငြာခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပြည်သူများမှာ ‘သပိတ်နေ့’ အဖြစ် ကြေငြာက ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂါဇာတို့တွင် အကြီးအကျယ် ဆန္ဒပြမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

    ယနေ့ ဂါဇာကမ်းမြှောင်ရှိ ဆန္ဒပြမှုအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့များမှာ အသက် ၃၀ နှစ်အရွယ် ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ပါလက်စတိုင်း လခြမ်းနီအဖွဲ့က အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် ဆန္ဒပြသူများနှင့် အစ္စရေးတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဂါဇာတွင် ဒဏ်ရာရရှိသူများမှာ ၂၀ ကျော် ရှိနေသည်။ ဆန္ဒပြမှုများမှာ အများအားဖြင့် ငြိမ်းချမ်းစွာ ပြုလုပ်နေခြင်းဖြစ်သည်။

    အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား လူစုခွဲရန် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများကို အသုံးပြုခဲ့ကြသည်။

    အမေရိကန်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သောအားဖြင့် ပါလက်စတိုင်းရှိ တက္ကသိုလ်များ၊ ကျောင်းများ၊ ပညာရေးအဖွဲ့အစည်းများကလည်း သပိတ်မှောက်သည်ဟု ကြေငြာခဲ့သည်။

    Ref: Aljazeera

  • ဂျပန်ရှင်ရှိ ရှင်တိုဘုရားကျောင်းတွင် ကျောင်းထိုင်နေရာလုရာမှ ဓားခုတ်မှုဖြစ်

    ဂျပန်ရှင်ရှိ ရှင်တိုဘုရားကျောင်းတွင် ကျောင်းထိုင်နေရာလုရာမှ ဓားခုတ်မှုဖြစ်

    ဒီဇငဘာ ၈၊ ၂၀၁၇
    M-Media

    – ဂျပန်နိုင်ငံရှိ ရှင်တိုဘုရားကျောင်းတစ်ခုတွင် ကျောင်းထိုင်နေရာလုရာမှ ယမန်နေ့တွင် ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    တိုကျိုမြို့တွင်ဖြစ်ပြီး အသက် ၅၈ နှစ်အရွယ် ကျောင်းထိုင် သီလရှင်ကြီး နာဂါကို တိုမီယိုကာမှာ ဘုရားကျောင်းသို့ ၀င်ရောက်ရန် ကားထဲမှထွက်စဉ် ၎င်း၏မောင် အသက် ၅၆ နှစ်အရွယ် ရှီဂျီနာဂါ တိုမီယိုကာနှင့် အသက် ၃၀ ကျော် ဇနီးဖြစ်သူတို့က ဆာမူရိုင်းဓားများဖြင့် ၀င်ခုတ်ခဲ့ခြင်းဖြစ်သည်။

    ရှီဂျီနာဂါမှာ ဇနီးဖြစ်သူကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး နောက်ပိုင်းတွင် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်ခဲ့သည်။

    တိုက်ခိုက်မှုအတွင်း သီလရှင်ကြီး နာဂါကို၏ ယဉ်မောင်းလည်း ထိခိုက်ခဲ့ပြီး ကားဖြင့် ထွက်ပေးလွတ်မြောက်သွားခဲ့သည်။

    ဒေသတွင်းမီဒီယာများက အဆိုပါတိုက်ခိုက်မှုမှာ ဘုရားကျောင်းကို နာဂါကို အုပ်စိုးမှုကို ရှီဂျီနာဂါက မကျေနပ်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ရှင်တိုအယူဝါဒမှာ ဂျပန်နိုင်ငံ၏ ရှေဟောင်း ဘာသာတရားတစ်ခုဖြစ်ပြီး ဂျပန်ပြည်သူများ၏ ၈၀ ရာခိုင်နှုန်း ယုံကြည်ကိုးကွယ်ကြသည်။ ရှင်တိုဘုရားကျောင်းများတွင် ကျောင်းထိုင်အဖြစ် မျိုးဆက်အလိုက် ဆက်ခံရပြီး အမျိုးသမီးများလည်း ဆက်ခံပိုင်ခွင့်ရှိနေသည်။

    Ref: BBC