News @ M-Media

Blog

  • မွတ်စလင် ၆ နိုင်ငံအား ပြည်ဝင်ခွင့်ပိတ်သည့် ထရမ့်၏အမိန့်ကို တရားရုံးချုပ် အတည်ပြု

    မွတ်စလင် ၆ နိုင်ငံအား ပြည်ဝင်ခွင့်ပိတ်သည့် ထရမ့်၏အမိန့်ကို တရားရုံးချုပ် အတည်ပြု

    ဒီဇင်ဘာ ၅၊ ၂၀၁၇
    M-Media

    – မွတ်စလင်အများစုရှိရာ ၆ နိုင်ငံမှ ပြည်သူများကို ပြည်ဝင်ခွင့်မပေးရေး ထရမ့်အစိုးရ၏ တတိယမြောက် ပြင်ဆင်ချက်အမိန့်ကို အပြည့်အ၀အကောင်အထည်ဖော်ရန် အမေရိကန်တရားရုံးချုပ်က ခွင့်ပြုလိုက်သည်ဟု သိရသည်။

    ချဒ်၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့အား ပြည်ဝင်ခွင့်ပိတ်ပင်ရန် ထရမ့် ယခင် နှစ်ကြိမ် ကြိုးစားမှုမှာ တရားသူကြီးများ၏ ပယ်ချမှုနှင့် ကြုံတွေ့ရပြီးနောက် ထပ်မံပြင်ဆင်ထားသည့် ဥပဒေကဲ့သို့ အာဏာတည်သော ယခုအမိန့်ကို စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ရစ်ခ်ျမွန်း၊ ဗာဂျီးနီးယား၊ ဆန်ဖရန်စစ္စကိုတို့ရှိ ဖက်ဒရယ်အယူခံရုံးများက အဆိုပါ တတိယမြောက်အမိန့်ကို ဆန့်ကျင်ခဲ့ကြပြီး အောက်တိုဘာလတွင် အောက်ရုံးတော်များက အမိန့်၏ တစ်ချို့အစိတ်အပိုင်းများကိုသာ ကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည်။

    သို့သော်လည်း တရားရုံးချုပ်က ယမန်နေ့တွင် အမိန့်တစ်ခုလုံး သက်ရောက်စေရန် ဆုံးဖြတ်ခဲ့ပြီး၊ အယူခံခုံရုံးများအနေဖြင့် ယခုအမိန့်၏ ဥပဒေကြောင်းအရ ခိုင်လုံမှုကို ဆုံးဖြတ်ရန် လျင်လျင်မြန်မြန် ဆောင်ရွက်သင့်သည်ဟုလည်း တိုက်တွန်းခဲ့သည်။

    အမေရိကန် နိုင်ငံသားလွတ်လပ်ခွင့်ဆိုင်ရာ သမဂ္ဂ (ACLU) က တရားရုံးချုပ်၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ကောင်းကျိုးဖြစ်မည့် ဆုံးဖြတ်ချက်မဟုတ်ဟု ပြောကြားခဲ့ပြီး၊ မိမိတို့၏ မိသားစုများနှင့် မတရားသဖြင့် ခွဲထုတ်ခံရသူများအတွက် လွတ်လပ်မှုမှုနှင့် တန်းတူညီမျှမှု ရရှိအောင် တိုက်ပွဲဝင်သွားမည်ဟု ယမန်နေ့တွင် Twitter စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • မြန်မာစစ်တပ်-AA တိုက်ပွဲကြောင့် ဒုက္ခသည် တစ်ထောင်ကျော် အိန္ဒိယသို့ ထွက်ပြေး

    မြန်မာစစ်တပ်-AA တိုက်ပွဲကြောင့် ဒုက္ခသည် တစ်ထောင်ကျော် အိန္ဒိယသို့ ထွက်ပြေး

    ဒီဇင်ဘာ ၄၊ ၂၀၁၇
    M-Media

    အိန္ဒိယသို့ ထွက်ပြေးရသည့် မြန်မာနိုင်ငံမှ လူများ

    – မြန်မာစစ်တစ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံက လူ ၁၃၀၀ လောက်ကို အိန္ဒိယက မီဇိုရမ်ဒေသထဲမှာ ခိုလှုံခွင့်ပေးထားတယ်လို့ သိရပါတယ်။

    ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ အိန္ဒိယနိုင်ငံထဲ ၀င်မလာဖို့အတွက် တင်းကြပ်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက အရှေ့မြောက်ပိုင်း ပြည်နယ်တွေကို ညွှန်ကြားထားပေမယ့် အခု အုပ်စုကိုတော့ ခြွင်းချက်အဖြစ် ၀င်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ချင်းလူမျိုးတွေနဲ့ အခြားလူမျိုးတွေအပါအ၀င် ဒီဒုက္ခသည် ၁၃၀၀ ဟာ မီဇိုရမ်ရဲ့ Lawngtlai ခရိုင်က ရွာ ၄ ရွာမှာ ခိုလှုံနေတာဖြစ်ပြီး၊ ဒုက္ခသည်တွေနဲ့ ဒေသခံတွေအကြားမှာ တင်းမာမှုတွေ မြင့်တက်လာတာကို ဖြေရှင်းဖို့ အာဏာပိုင်တွေက ရုန်းကန်နေရတယ်လို့ မီဇိုရမ် အစိုးရ ရင်းမြစ်တွေက ဆိုပါတယ်။

    Lawngtlai ခရိုင်က လက်ထောက်ကော်မရှင်နာမင်းကြီး တီ အာရွန်က လွန်ခဲ့တဲ့ ၆ ရက်လောက်ကတည်းက ဒီဒုက္ခသည်တွေ ရောက်လာတာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အခြားနေရာတွေမှာ ခိုလှုံနေကြောင်း၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုရှိတယ်ဆိုတာ မငြင်းနိုင်ပေမယ့် လူသားချင်း စာနာထောက်ထားမှု ရှုထောင့်ကနေ အစားအသောက်တွေ ထောက်ပံ့ပေးတာ၊ ကျန်းမာရေး စစ်ဆေးပေးတာတွေ လုပ်ထားကြောင်း၊ လုံခြုံရေးအတွက်လည်း ရဲတပ်ဖွဲ့ဝင်တွေကို ထပ်တိုးချထားကြောင်း ပြောကြားခဲ့ပါတယ်။

    “ပြဿနာက ရွာတစ်ရွာမှာ လူက ၂၀၀ ကနေ ၄၀၀ လောက်ပဲ ရှိတာဖြစ်ပြီး ဒီလောက် လူများများ ရောက်လာတဲ့အပေါ် တော်တော်လေး စိုးရိမ်မကင်းဖြစ်မှုတွေ ရှိနေပါတယ်” လို့ အာရွန်က ဆိုပါတယ်။

    မီဇိုရမ် ရဲတပ်ဖွဲ့ အကြီးအကဲကတော့ လက်ရှိအခြေအနေမှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုမျိုးအဖြစ် မရှုမြင်သေးဘဲ မြန်မာနိုင်ငံမှာ အခြေအနေကောင်းရင် သူတို့ဟာ ပြန်သွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီကိစ္စကို ကျွန်တော်တို့ ဂရုစိုက်ပြီး ရဲတွေလည်း ချထားပေးပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေကြောင့် ရွာသားတွေ ဒုက္ခမရောက်အောင်တော့ သေသေချာချာလေး လုပ်ပေးထားပါတယ်။ အဲဒီဒုက္ခသည်တွေဟာ ရွာ ၄ ရွာမှာ နေထိုင်နေကြတာပါ”

    ရခိုင်ပြည်နယ်က ထွက်ပြေးရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလည်း အိန္ဒိယမှာ ရှိနေပြီး အိန္ဒိယအစိုးရကတော့ လုံခြုံရေး စိုးရိမ်ရတဲ့အတွက် မြန်မာနဲ့ ကပ်နေတဲ့ နယ်စပ်တွေကို ပိတ်ထားဖို့ ပြည်နယ်တွေကို ညွှန်ကြားထားပါတယ်။

    Ref: Economic Times

  • တိုက်လေယာဉ်များစွာ၊ စစ်သားများစွာဖြင့် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်

    တိုက်လေယာဉ်များစွာ၊ စစ်သားများစွာဖြင့် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု စတင်

    ဒီဇင်ဘာ ၄၊ ၂၀၁၇
    M-Media

    Raptors တိုက်လေယာဉ် အများအပြားကို တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

    – အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ လေယာဉ် ရာချီနှင့် စစ်သားသောင်းချီ ပါဝင်သည့် အကြီးစား စစ်ရေးလေ့ကျင့်မှုကို ယနေ့တွင် ဆိုးလ်မြို့တောင်ဘက်၌ စတင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    မြောက်ကိုရီးယားက အမေရိကန်၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်စွမ်းရှိသည့် ၎င်းတို့၏ စွမ်းအားအမြင့်ဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်ပြီး တင်းမာမှုများ မြင့်တက်နေစဉ် နှစ်စဉ် ပြုလုပ်နေသည့် ယခု စစ်ရေးလေ့ကျင့်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    ၅ ရက်တာကြာမြင့်မည့် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွင် F-22 Raptors တိုက်လေယာဉ်များ၊ F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ အပါအ၀င် လေယာဉ်ပေါင်း ၂၀၀ ကျော်နှင့် အမေရိကန်စစ်သား ၁၂၀၀၀ ခန့် ပါဝင်သည်။

    Raptors တိုက်လေယာဉ် အများအပြားကို တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုတွင် အသုံးပြုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

    ACE ဟု အမည်ပေးထားသည့် ထို စစ်ရေးလေ့ကျင့်မှုမှာ မည်သည့်ရာသီဥတု၊ မည်သည့်အချိန်တွင်မဆို တောင်ကိုရီးယားနှင့် အမေရိကန်တို့အကြား လေတပ် ပူးပေါင်းဆောင်ရွက်နိုင်မှု မြင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • ရှာဂျဟန် အဘတ်စ် (သို့) ကားရေဆေးဘ၀မှ ယူအေအီးတွင် လုပ်ငန်းရှင်ဖြစ်လာသူ အိန္ဒိယသား

    ရှာဂျဟန် အဘတ်စ် (သို့) ကားရေဆေးဘ၀မှ ယူအေအီးတွင် လုပ်ငန်းရှင်ဖြစ်လာသူ အိန္ဒိယသား

    ဒီဇင်ဘာ ၄၊ ၂၀၁၇
    M-Media

    လွန်ခဲ့တဲ့ ၂၇ နှစ် ယူအေအီးကို စတင်ရောက်ရှိစဉ်အချိန်က ရှာဂျဟန် အဘတ်စ်ယောက် တစ်နေ့မှာ ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ အိပ်မက်မျိုး မရှိခဲ့ပါဘူး။

    – လွန်ခဲ့တဲ့ ၂၇ နှစ် ယူအေအီးကို စတင်ရောက်ရှိစဉ်အချိန်က ရှာဂျဟန် အဘတ်စ်ယောက် တစ်နေ့မှာ ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုတဲ့ အိပ်မက်မျိုး မရှိခဲ့ပါဘူး။

    အိန္ဒိယနိုင်ငံ ကီရာလာမြို့က အဘတ်စ်ဟာ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ဒီပလိုမာတစ်ခု၊ အာရဘီစကား ကျွမ်းကျင်မှုတွေနဲ့အတူ ၁၉၉၀ ပြည့်နှစ် မတ်လမှာ ယူအေအီးကို ရောက်ရှိလာခဲ့တာပါ။

    အစောပိုင်းမှာ သူဟာ ဖခင်ဖြစ်သူ အလုပ်လုပ်ကိုင်တဲ့ ကားရေဆေးဆိုင်မှာ တောက်တိုမယ်ရ အလုပ်လုပ်ခဲ့ရပါတယ်။

    “အဲဒီ ကားရေဆေးလုပ်ငန်းမှာ ကျွန်တော်ဟာ အကူတစ်ယောက်အဖြစ်ရော အခြား လက်တိုလက်တောင်း အလုပ်အားလုံး လုပ်ခဲ့ရပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို မကျေနပ်ပါဘူး။ ကျွန်တော့်ရဲ့ ဒီပလိုမာက ဘာမှ အလုပ်မဖြစ်ဘူးဆိုတာ သိခဲ့ပါတယ်။ ကျွန်တော့်အခြေအနေကို အဖေနဲ ဆွေးနွေးပြီး မြို့စွန်မှာ အော်တို ကားရေဆေးလုပ်ငန်းတစ်ခု ထောင်ခဲ့ပါတယ်” လို့ အဘတ်စ်က သူ့ဘ၀အစကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

    သူစုထားတဲ့ ငွေတွေအားလုံးကို ဒီလုပ်ငန်းထဲမှာ ထည့်သွင်းခဲ့ပြီး အကြိမ်ကြိမ် လဲကျမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

    “ကျွန်တော့်ရဲ့ လုပ်နိုင်စွမ်းကို ကျွန်တော် ယုံကြည်တယ်။ ဆုံးဖြတ်ချက်ကိုလည်း ပြတ်ပြတ်သားသား ချထားတယ်။ ဒီလိုနဲ့ Oasis Car Wash လုပ်ငန်းတစ်ခု ပေါ်ပေါက်လာတာပါ။ အခွင့်အလမ်းကို အမိအရ ဖမ်းဆုတ်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့လုပ်ငန်းဟာလည်း တိုးတက်လာခဲ့ပါတယ်”

    အော်တို ကားရေဆေးလုပ်ငန်းမှာ အောင်မြင်လာခဲ့ပြီးတဲ့နောက် အဘတ်စ်ဟာ အခြားသော လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူဟာ အိမ်ခြံမြေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအထိ ချဲ့ထွင်နိုင်ခဲ့သလို စူပါမားကတ်တစ်ခု၊ အလှပြင်ဆိုင်တွေကိုလည်း အဘတ်စ်တစ်ယောက် ပိုင်ဆိုင်ထားနိုင်ပါပြီ။

    စီးပွားဥစ္စာ ဒီရေအလား တိုးတက်လာသလို အဘတ်စ်ဟာ အလှူရေစက်လည်း လက်နဲ့မကွာပါဘူး။

    “နတ်သမီးပုံပြင်လိုမျိုး၊ အရှင်မွေး နေ့ချင်းကြီးလိုမျိုး ထင်ရပေမယ့် လက်တွေ့မှာ မနေမနား ကြိုးစားအားထုတ်ခဲ့ရတာပါ။ ကျွန်တော် လေးစားစံထားရတဲ့ လူတော်တော်များများရဲ့ ပုံစံအတိုင်း လိုက်တုခဲ့ပါတယ်။ အစပိုင်းမှာ ဟိုခုန်ဒီခုန်လုပ်ခဲ့ပြီး အလိမ်ခံရတာ၊ လုပ်ငန်းတွေမှာ သဲထဲရေသွန်သလို ဖြစ်တာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက ကျွန်တော့်ကို ရင့်ကျက်စေခဲ့ပြီး အခုအချိန်အထိလည်း ကျွန်တော်ဟာ သင်ယူနေဆဲပါ”

    ယူအေအီးဟာ အခွင့်အလမ်းတွေ ပြည့်နှက်နေတယ်လို့လည်း အဘတ်စ်က ပြောပါတယ်။

    “ဒီတိုင်းပြည်ကို ကျွန်တော့်ဘ၀တစ်ခုလုံး အကြွေးတင်သွားပြီဗျ။ ကျွန်တော်တို့ ဒီကို ရောက်လာလို့သာ အောင်မြင်တာ။ တစ်ခြားနေရာမှာဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်ဟာ ၀န်ထမ်းတွေကို တည်တည်ငြိမ်ငြိမ် ဖော်ဖော်ရွေရွေဆက်ဆံပြီး အလုပ်လုပ်တယ်။ ဒီအကျင့်ဟာ ယူအေအီးခေါင်းဆောင်တွေဆီက သင်ယူခဲ့တာပါ”

    အဘတ်စ်ဟာ လက်ရှိမှာ ဇနီးသည်၊ သားသမီး ၄ ယောက်နဲ့အတူ ယူအေအီးမှာ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။

    Ref: Khaleej Times

  • အင်ဂျင်နီယာဘက်တွင် အာရုံစိုက်မည့် ရုံးသစ်တစ်ခုက Facebook က လန်ဒန်တွင် ဖွင့်လှစ်

    အင်ဂျင်နီယာဘက်တွင် အာရုံစိုက်မည့် ရုံးသစ်တစ်ခုက Facebook က လန်ဒန်တွင် ဖွင့်လှစ်

    ဒီဇင်ဘာ ၄၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ထိပ်တန်း လူမှုကွန်ယက်တစ်ခုဖြစ်သော Facebook မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ရုံးခန်းအသစ်တစ်ခုကို ယနေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဥရောပက ထွက်တော့မည့် ဗြိတိန်၏ စီးပွားရေးကို ပုံမပျက်စေရန် Facebook ၏ ကူညီဆာင်ရွက်မှုတစ်ခုလည်း ဖြစ်သည်။

    အလုပ်အကိုင်ပေါင်း ၈၀၀ ကျော်ကို ဖန်တီးပေးမည့် အဆိုပါရုံးမှ လုပ်သားအင်အား ထက်ဝက်ကျော်ကို အင်ဂျင်နီယာနယ်ပယ်တွင် ပိုမိုအာရုံစိုက်စေမည်ဖြစ်ပြီး အမေရိကန်ပြင်ပတွင် Facebook ၏ အကြီးမားဆုံး အင်ဂျင်နီယာဌာနချုပ်အဖြစ် ဆောင်ရွက်ရန် ရည်ရွယ်သည်ဟုလည်း ဆိုသည်။

    ဗြိတိန်၏ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးစေရန်အတွက် အဆိုပါရုံးတွင် လုပ်ငန်းစတင်သူများကို ပျိုးထောင်ပေးမည့် LDN_LAB ကိုလည်း ဖွင့်လှစ်ထားသည်။

    ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် လန်ဒန်ရုံး၌ အလုပ်အကိုင်ပေါင်း ၂၃၀၀ ကျော် ဖန်တီးပေးနိုင်မည်ဟု Facebook က မျှော်မှန်းထားသည်။

    ဗြိတိန်မှာ ဥရောပမှ နှုတ်ထွက်ရန် ဆောင်ရွက်နေသော်လည်း Google၊ Amazon နှင့် Faebook ကဲ့သို့ ဒစ်ဂျစ်တယ် ကုမ္ပဏီကြီးများမှာ လန်ဒန်တွင် ၎င်းတို့၏ လုပ်ငန်းများအား ချဲ့ထွင်မည့် အစီအစဉ်ကို နောက်မဆုတ်ပေ။

    Google က လန်ဒန်တွင် ၀န်ထမ်း ၇၀၀၀ ကျော်ဖြင့် လည်ပတ်မည့် ကုမ္ပဏီသစ်တစ်တစ်ခု ထူထောင်မည်ဟု ပြီးခဲ့သည့်နှစ်တွင် ကြေငြာခဲ့သည်။

    င်္Ref: Alarabiya