News @ M-Media
Blog
  • သူပုန်များနှင့် တိုက်ခိုက်မှုအတွင်း ယီမင်သမ္မတဟောင်း သေဆုံးပြီဟု သတင်းထွက်
    သူပုန်များနှင့် တိုက်ခိုက်မှုအတွင်း ယီမင်သမ္မတဟောင်း သေဆုံးပြီဟု သတင်းထွက်
    ဒီဇင်ဘာ ၄၊ ၂၀၁၇
    M-Media
    ယီမင် သမ္မတဟောင်း အလီ အဘ်ဒူလာ ဆာလေဟ်
    – ယီမင်သမ္မတဟောင်း အလီ အဘ်ဒူလာ ဆာလေဟ်မှာ မြို့တော်ဆန်နာတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု ဟူသီသူပုန်အဖွဲ့၏ ရေဒီယိုက ယနေ့တွင် ပြောကြားလိုက်သည်။
    ထိုသတင်းအတွက် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
    ဆာလေဟ်၏ ပါတီက ၎င်းတို့၏ ခေါင်းဆောင်းမှာ သေဆုံးခြင်းမရှိသေးဘဲ မြို့တော်ဆန်နာ၌ ဟူသီသူပုန်များနှင့် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများတွင် တပ်ဖွဲ့များကို ဆက်လက်ဦးဆောင်နေဆဲဟု ဆိုသည်။
    ဆာလေဟ်နှင့် နီးစပ်သည့် ရင်းမြစ်များက သမ္မတဟောင်း၏ အကြံပေးအဖွဲ့အကြီးအကဲ ဟူစိန် အလ် ဟာမီဒီမှာလည်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု အလ်ဂျာဇီးရားသတင်းဌာနကို ပြောကြားခဲ့သည်။
    မြို့တော်ဆန်နာအား ရရှိရေးအတွက် တိုက်ခိုက်နေသည့် ဟူသီသူပုန်များမှာ ယနေ့မနက်ပိုင်းတွင် မြို့၏ ဧရိယာအားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။
    Ref: Aljazeera
  • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးဆောင်ဦးရွက်ပြုနေတဲ့ အိန္ဒိယက ဗလီ
    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးဆောင်ဦးရွက်ပြုနေတဲ့ အိန္ဒိယက ဗလီ
    ဒီဇင်ဘာ ၄၊ ၂၀၁၇
    M-Media
    မွမ်ဘိုင်းမြို့ရှိ ဂျမာ ဗလီဝတ်ကျောင်းတော်
    – အိန္ဒိယနိုင်ငံ စီပွားရေးမြို့တော် မွမ်ဘိုင်းက ဗလီဝတ်ကျောင်းတော်တစ်လုံးဟာ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်းအတွက် နေစွမ်းအင်ကို အသုံးပြုနေပြီး တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက် ၃၅ တန်လာက် လျှော့ချနိုင်ဖို့ မျှော်လင့်နေပါတယ်။
    နှစ်ပေါင်း ၂၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ဂျမာ မက်စ်ဂျစ်ဒ် ဗလီဝတ်ကျောင်းတော်ဟာ မြို့တွင်းက အခြား ဗလီတွေဖြစ်တဲ့ မီနာရာ မက်စ်ဂျစ်ဒ်၊ ဇာကာရီယာ မက်စ်ဂျစ်ဒ်တွေနဲ့အတူ အစိမ်းရောင်စွမ်းအင်ကို ပြောင်းလဲ အသုံးပြုလာတာပါ။
    ဂျမာဗလီဝတ်ကျောင်းတော်ကတော့ ဒီစီမံကိန်းကို ဦးဆောင်နေပြီး လျှပ်စစ်ဓာတ်အားခ ၆၇ ရာခိုင်နှုန်းကို လျှော့ချနိုင်နေပါပြီ။
    ဗလီဝတ်ကျောင်းတော်ရဲ့ ခေါင်မိုးမှာ ဓာတ်အား ၃၁ ကီလိုဝပ်လောက် ထုတ်လုပ်ပေးနိုင်တဲ့ ဆိုလာဆဲလ် ၉၂ ပြားကို ဒီနှစ်အစောပိုင်းမှာ စတင်တပ်ဆင်ခဲ့ပြီး အောက်တိုဘာမှာ စတင် အသုံးပြုနိုင်ခဲ့ပါတယ်။ တစ်နေ့ကို ပျမ်းမျှ ၁၂၅ ကီလိုဝပ်နဲ့ တစ်နှစ်ကို ၄၅၇၀၀ ကီလိုဝပ်လောက် ဆိုလာဆဲလ်တွေကနေ ထုတ်ယူကာ မီးတွေ၊ ပ
    န်ကာတွေ၊ ဓာတ်လှေကားတွေနဲ့ လေအေးပေးစက်တွေအထိ အသုံးပြုနေပါတယ်။
    ပတ်ဝန်းကျင်းထိန်းသိမ်းရေးလုပ်ငန်းမှာ ရှေ့ဆောင်ရှေ့ရွက်ဖြစ်နိုင်ဖို့အတွက် ဂေါပကအဖွဲ့ဝင်တွေဟာ တစ်ဧကလောက်ရှိတဲ့ ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းမှာ အပင်တွေစိုက်တာ၊ ငါးမွေးတာတွေကိုလည်း ပြုလုပ်ထားပါတယ်။
    “ဗလီဝတ်ကျောင်းတော်ဆိုတာ လူ့အဖွဲ့အစည်းအတွက် နယူနာယူစရာ နေရာတစ်ခု ဖြစ်ရမှာပါ။ အနာဂတ်ကို တန်ဖိုးထားတယ်ဆိုတာကို ပြသဖို့အတွက် စိမ်းလမ်းရေးလုပ်ငန်းတွေကို အတုယူစရာ လုပ်ပြနေတာလည်း ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းရေး ကျွန်တော်တို့မှာ တာဝန်တွေရှိတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မျိုးဆက်သစ်တွေကို ရိုက်သွင်းပေးတာပါ” လို့ ဂျမာ ဗလီဝတ်ကျောင်းတော်ရဲ့ ဥက္ကဌဖြစ်သူ နာဇီရ် အဟ်မဒ် တွန်ဂီကာရ်က ပြောကြားခဲ့ပါတယ်။
    ကိုယ့်ရဲ့အိမ်မှာ ဆိုလာဆဲလ်တွေ တပ်ဆင်အသုံးပြုခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရာရောက်တယ်ဆိုတဲ့ သတင်းစကားမျိုး ဗလီဝတ်ကျောင်းတော်က ပေးနေတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
    ဗလီဝတ်ကျောင်းတော်မှာ ဆိုလာဆဲလ်တွေ လာရောက်တင်ဆင်ပေးခဲ့တဲ့ Green Power Projects Pvt ကုမ္ပဏီ အကြီးအကဲ မိုဟာမက် ဆိုဟေးလ် ရှိခ်က နေစွမ်းအင်ကို အသုံးပြုကာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နေတဲ့ ဒီဗလီဝတ်ကျောင်းတော်ဟာ မွမ်ဘိုင်းမြို့မှာသာမက တစ်နိုင်ငံလုံးအတွက် အတုယူစရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သဘာပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုမှာ အိန္ဒိယဟာ တရုတ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတွေပြီးရင် စတုတ္ထအများဆုံး ထုတ်လွှတ်တဲ့ နိုင်ငံဖြစ်ပါတယ်။
    Ref: Hindustantimes
  • လက်ယာစွန်းရောက်ပါတီအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဂျာမနီတွင် ပြုလုပ်
    လက်ယာစွန်းရောက်ပါတီအား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဂျာမနီတွင် ပြုလုပ်
    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media
    – နိုင်ငံအတွင်းရှိ လက်ယာစွန်းရောက်ပါတီအား ချီတက်ဆန္ဒပြပွဲ တစ်ခုကို ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    ထောင်ပေါင်းများစွာသော ဂျာမန်ပြည်သူများမှာ ‘နာဇီဝါဒကို ဟန်နိုဗာက အလိုမရှိ’ ‘လူမျိုးရေးခွဲခြားမှုဝါဒ ဆန့်ကျင်ကြ’ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြပြီး လူမျိုးရေးအစွန်းရောက်မှုကို ဆန့်ကျင်သော ကြွေးကြော်သံများကိုလည်း ဟစ်အော်ခဲ့ကြသည်။
    ဂျာမနီလက်ယာစွန်းရောက်ပါတီ Alternative for (AfD) က ၎င်းတို့၏ ခေါင်းဆောင်ရွေးပွဲကို ဟန်နိုဘာမြို့တွင် ပြုလုပ်မှုအား ဆန့်ကျင်သည့်အနေဖြင့် ထိုကဲ့သို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
    လူအုပ်ကြီးမှာ AfD ပါတီ အစည်းအဝေးလုပ်မည့် အဆောက်အဦးသို့ သွားသော လမ်းများတွင် ထိုင်သပိတ်များ ပြုလုပ်ခဲ့ခြင်းကြောင့် စည်းဝေးပွဲမှာ တစ်နာရီနီးပါး နောက်ကျခဲ့ရသည်။
    ချီတက်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ဆန္ဒပြသူ တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်အများအပြား အသေးစားဒဏ်ရာများ ရရှိခဲ့သည်။
    အစ္စလာမ်ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး ပါတီဖြစ်သော AfD မှာ စင်တင်ဘာ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၀၀ နီးပါး ရရှိခဲ့သော်လည်း လူပြိန်းကြိုက် ၀ါဒဖြန့်မှုများ ပြုလုပ်နေမှုကို ဆန့်ကျင်သောအားဖြင့် အကြီးတန်းအဖွဲ့ဝင်နှစ်ဦးမှာ နောက်ပိုင်းတွင် နှုတ်ထွက်သွားခဲ့သည်။
    ဥရောပသီးသန့်ဝါဒဖြင့် ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ထိုပါတီမှာ အစ္စလာမ်ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေးကို အဓိကထား လုပ်ဆောင်ခဲ့သည်။
    ၎င်းတို့၏ ပထမဆုံး အကြီးအကဲ ဘာ့န်ဒ် လက်ကီက ပါတီမှာ အစ္စလာမ်မုန်းတီးရေးနှင့် နိုင်ငံခြားသား မုန်းတီးရေးဖက်သို့ ဦးတည်နေသည်ဟုဆိုကာ ၂၀၁၅ ခုနှစ်တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။
    Ref : Aljzeera
  • အာဏာကစားပွဲက အရှေ့အလယ်ပိုင်းမငြိမ်းချမ်းမှု၏ ဇစ်မြစ်ဟု ကာတာပြော
    အာဏာကစားပွဲက အရှေ့အလယ်ပိုင်းမငြိမ်းချမ်းမှု၏ ဇစ်မြစ်ဟု ကာတာပြော
    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media
    – အရှေ့အလယ်ပိုင်းနှင့် မြေထဲပင်လယ်ဒေမှ အာဏာကစားပွဲများက ဒေသတွင်း ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကို ဖြစ်စေသည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ်ရဟ်မန် အလ်-သာနီက ပြောကြားလိုက်သည်။
    စနနေ့က ရောမမြို့တွင် ပြုလုပ်သည့် မြေထဲပင်လယ်ဆိုင်ရာ ဆွေးနွေးပွဲတွင် အလ်-သာနီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ဒေသတွင်း ခေါင်းဆောင်များ အပြောင်းအလဲကို လက်မခံခြင်းကလည်း မတည်ငြိမ်မှုကို ဖြစ်စေသည်ဟု ဆိုသည်။
    “အပြောင်းအလဲကို ခွင့်မပြုတာဟာ လူတွေကို မျှော်လင့်ချက် မဲ့သွားစေပြီး ဒေသကို အကြမ်းဖက်ဝါဒ သန္ဓေတည်ရာ ဖြစ်လာစေခဲ့ပါတယ်။ အဲဒီဝါဒဟာ နောက်ပိုင်းမှာ ဥရောပနဲ့ ကမ္ဘာတစ်ဝှမ်းလုံးကို ပြန့်နှံ့သွားပါတော့တယ်”
    ထိုကဲ့သို့ ဒေသတွင်း မတည်ငြိမ်ဖြစ်စေသည့် အာဏာကစားပွဲများကို ရပ်တန့်ရန်အတွက် နိုင်ငံအားလုံးက ဒေသလုံခြုံရေးအတွက် ဆွေးနွေးကာ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ပြောင်းလဲမသွားနိုင်မည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် စီးပွားရေး သဘောတူညီချက်များ လိုအပ်သည်ဟုလည်း ကာတာနိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။
    အကြမ်းဖက်ဝါဒကို ပံ့ပိုးသည်ဟုဆိုကာ ဆော်ဒီ၊ ဘာရိန်း၊ ယူအေအီးနှင့် အီဂျစ်တို့မှာ ဇွန်လကလည်းက ကာတာနိုင်ငံကို အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့သည်။ ကာတာကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုထားသည်။
    Ref: Aljazeera
  • ဥရောပ၏ ထိပ်တန်းစက်ရုပ်ပြိုင်ပွဲတွင် အာဖဂန်ကျောင်းသူအဖွဲ့ ချန်ပီယံဖြစ်
    ဥရောပ၏ ထိပ်တန်းစက်ရုပ်ပြိုင်ပွဲတွင် အာဖဂန်ကျောင်းသူအဖွဲ့ ချန်ပီယံဖြစ်
    ဒီဇင်ဘာ ၃၊ ၂၀၁၇
    M-Media
    – အာဖဂန်က လူငယ်အမျိုးသမီး စက်ရုပ်အဖွဲ့ဟာ ဥရောပရဲ့ အကြီးဆုံး စက်ရုပ်ပြိုင်ပွဲမှာ ထိပ်တန်းဆုတစ်ခုကို ရရှိခဲ့ပါတယ်။
    Robotex လို့ခေါ်တဲ့ အဲဒီ စက်ရုပ်ပြိုင်ပွဲကို အက်စတိုးနီးယားနိုင်ငံ တာလင်းမြို့မှာ နိုဝင်ဘာ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအမျိုးသမီးငယ်တွေဟာ ထူးခြားဆန်းသစ်ပြီး လက်တွေ့မှာ အသုံးပြုနိုင်မယ့် စက်ရုပ်တွေကို ဖန်တီးတည်ဆောက်ပြရတဲ့ Entrepreneur Challenge ကဏ္ဍမှာ ချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။
    ၆ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အထက်တန်း ကျောင်းသူတွေဖြစ်ပြီး အသေးစားလယ်သမားတွေ အသုံးပြုနိုင်မယ့် နေစွမ်းသုံး စက်ရုပ်တစ်ခုကို တီထွင်ဖန်တီးကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ဆုတွေကိုတော့ တက်ရောက်လာသူတွေက မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
    အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ First Global Challenge စက်ရုပ်ပြိုင်ပွဲဝင်ရောက်ဖို့အတွက် ဇူလိုင်လမှာ အမရိကန်ဗီဇာ ငြင်းပယ်ခံရပြီးတဲ့နောက် အဲဒီ အာဖဂန်အမျိုးသမီးငယ်အဖွဲ့ကို ကမ္ဘာက အာရုံစိုက်မှု မြင့်တက်လာခဲ့ပါတယ်။
    အမေရိကန်ဟာ နောက်ပိုင်းမှာ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ပြည်ဝင်ခွင့်ပေးခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ စက်ရုပ်တည်ဆောက်ဖို့ ၂ ပတ်သာ အချိန်ရခဲ့တဲ့ သူတို့ဟာ ကြိုးပမ်းအားထုတ်မှုဆိုင်ရာမှာ ဒုတိယဆု ရရှိခဲ့ပါတယ်။
    Re: Alarabiya