News @ M-Media

Blog

  • သုံးသွလားက် တစ်ကြိမ်တည်းပေးသူကို ထောင် ၃ နှစ်အထိ ချနိုင်မည့် ဥပဒေကို အိန္ဒိယ ပြဌာန်းမည်

    သုံးသွလားက် တစ်ကြိမ်တည်းပေးသူကို ထောင် ၃ နှစ်အထိ ချနိုင်မည့် ဥပဒေကို အိန္ဒိယ ပြဌာန်းမည်

    ဒီဇင်ဘာ ၂၊ ၂၀၁၇

    M-Media

    – သုံးသွလားက်ကို တစ်ကြိမ်းတည်းပေးကာ ကွာရှင်းတဲ့ မွတ်စလင်အမျိုးသားတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်မယ့် မွတ်စလင်အမျိုးသမီးများ ကာကွယ်ပေးရေး ဥပဒေတစ်ခု ပြဌာန်းဖို့ အိန္ဒိယနိုင်ငံက စီစဉ်နေတယ်လို့ သိရပါတယ်။

    အစ္စလာမ့်ထုံးတမ်းဥပဒေအရ ဇနီးမောင်နှံနှစ်ဦး သဘောထားမတိုက်ဆိုင်လို့ ကွာရှင်းတာကို သွလားက်လို့ ခေါ်ပြီး ခင်ပွန်းဖြစ်သူက စောင့်ဆိုင်းကာလ ၂ ခုခြားက ၃ ကြိမ်ပေးရတာ ဖြစ်ပါတယ်။ ဒီစောင့်ဆိုင်းကာလအတွင်းမှာ နှစ်ဖက်မိဘတွေက ဇနီးမောင်နှံတွေအကြား ပြန်လည်သင့်မြတ်လာအောင် ဆောင်ရွက်ပေးရတာပါ။

    အိန္ဒိယမွတ်စလင်တွေဟာ အဲဒီစောင့်ဆိုင်းကာလ နှစ်ခုမခြားပဲ အီးမေးလ်ကနေဖြစ်စေ၊ ဖုန်းမက်ဆေ့ခ်ျကနေဖြစ်စေ သွလားက် တစ်ခါတည်း သုံးကြိမ်ပေး ကွာရှင်းမှုတွေ များလာတာကြောင့် မွတ်စလင်အမျိုးသမီးတွေ နစ်နာရမှု ဖြစ်လာခဲ့ပြီး အဲဒီဓလေ့ဟာ အခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ သြဂုတ်လမှာ အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါပေမယ့် ဒီလိုကွာရှင်းမှုတွေ ဆက်ဖြစ်နေတဲ့အတွက် ‘မွတ်စလင် အမျိုးသမီးများ၏ ထိမ်းမြားမှုဆိုင်ရာ အခွင့်အရေး ကာကွယ်မှုဥပဒေ’ ကို ပြဌာန်းဖို့ အိန္ဒိယအစိုးရက စီစဉ်လာခဲ့ပြီး လတ်တလောမှာ မူကြမ်းကို ပြည်နယ်အစိုးရတွေဆီ ပေးပို့ကာ အကြံပြုချက်တွေ တောင်းခံထားပါတယ်။

    မူကြမ်းမှာ သုံးသွလားက် ပုံစံအားလုံးကို တရားရုံးချုပ်ရဲ့ ဆုံးဖြတ်မှုအတိုင်း ပိတ်ပင်ထားပြီး ကွာရှင်းမှု စောင့်ဆိုင်းကာလအတွင်း ဇနီးသည်အတွက် စားရိတ်ပေးရေး၊ အုပ်ထိန်းသူတွေက ပြန်လည်သင့်မြတ်အောင် စီစဉ်ပေးရေးတွေ ပါဝင်ပါတယ်။ ဥပဒေချိုးဖောက်ပြီး သုံးသွလားက် တစ်ကြိမ်းတည်းပေးတဲ့ ခင်ပွန်းအနေနဲ့ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရမှာဖြစ်ပြီး ဇနီးသည်ကိုလည်း နစ်နာကြေးပေးရမယ်လို့ ဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

    ဒီဇင်ဘာလ အလယ်ပိုင်းမှာ ပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ ဒီမူကြမ်းကို ဆွေးနွေးသွားမယ်လို့ အိန္ဒိယ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    Ref : BBC

  • ငယ်ငယ်ရွယ်ရွယ်ဖြင့်ထိပ်ပြောင်ခြင်းက နှလုံးရောဂါလက္ခဏာဟု လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    ငယ်ငယ်ရွယ်ရွယ်ဖြင့်ထိပ်ပြောင်ခြင်းက နှလုံးရောဂါလက္ခဏာဟု လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    ဒီဇင်ဘာ ၂၊ ၂၀၁၇

    M-Media

    – အသက် ၄၀ အောက် အမျိုးသားတွေမှာ ထိပ်ပြောင်လာပြီး၊ ဆံပင်တွေ ဖြူလာတာဟာ အ၀လွန်တာထက်ပိုပြီး နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ် မြင့်တက်လာတယ်ဆိုတာ ပြသတာဖြစ်ကြောင်း လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အဲဒီသုတေသနမှာ လူငယ်အမျိုးသားပေါင်း ၂၀၀၀ ကျော်လောက်ကို လေ့လာခဲ့တာဖြစ်ပြီး နှလုံးသွေးကြောရောဂါတွေကို ခံစားနေရတဲ့ အမျိုးသားတွေဟာ စောစောစီးစီး ထိပ်ပြောင်တဲ့၊ ဆံပင်ဖြူတဲ့သူတွေ ဖြစ်နေပါတယ်။

    ဗြိတိသျှ နှလုံးရောဂါဆိုင်ရာ ဖောင်ဒေးရှင်းက ဆေးဘက်ဆိုင်ရာဒါရိုက်တာ ဒေါက်တာ မိုက် ကနပ်တန်က ဒီတွေ့ရှိမှုကြောင့် အသက်ငယ်သေးတဲ့ အမျိုးသားတွေမှာ ထိပ်ပြောင်တာ၊ ဆံပင်ဖြူတာတွေကို တွေ့ရပြီဆိုရင် သူတို့တွေမှာ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေ မြင့်တက်လာတယ်ဆိုတာကို ဖော်ထုတ်နိုင်မှာ ဖြစ်ကြောင်း၊ ကိုလက်စထရောများပြားတာ၊ သွေးတိုးရောဂါတွေကလည်း နှလုံးရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရာတွေ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ ကာမာလ် ရှာရ်မာက ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်တွေ ပြောင်းလဲသွားခြင်းကို ဆံပင်အရောင်မှာ သွားပြီး ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

    ၂၀၁၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာလည်း နှလုံးရောဂါဖြစ်ပွားမှုနဲ့ ထိပ်ပြောင်ခြင်း စက်ဆက်မှုကို တွေ့ရှိခဲ့ရပါတယ်။

    Ref: BBC

  • ရုရှားသံအမတ်နှင့် တွေ့ဆုံမှုဖြင့် တရားစွဲခံရသည့် ထရမ့်၏လူယုံဟောင်းတစ်ဦး အပြစ်ရှိကြောင်းဝန်ခံ

    ရုရှားသံအမတ်နှင့် တွေ့ဆုံမှုဖြင့် တရားစွဲခံရသည့် ထရမ့်၏လူယုံဟောင်းတစ်ဦး အပြစ်ရှိကြောင်းဝန်ခံ

    ဒီဇင်ဘာ ၂၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာမရခင် ရုရှားသံအမတ်အား တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ လိမ်လည်ထွက်ဆိုခဲ့ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ကယ် ဖလင်းက ၀န်ခံလိုက်သည်။

    ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှား၏ ပါဝင်ပတ်သက်မှုအတွက် စုံစမ်းစစ်ဆေးမှုအတွင်း ဖလင်းက အမေရိကန်ဆိုင်ရာ ရုရှား သံအမတ်နှင့် တွေ့ဆုံမှုကို FBI အား ဖုံးကွယ် ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စအတွက် ကြာသာပတေးနေ့တွင် တရားစွဲခံခဲ့ရသည်။

    ဖလင်းက ထရမ့်မဲဆွယ်ရေးအဖွဲ့မှာ အသွင်ကူးပြောင်းရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးမှာ ၎င်းအား ရုရှားနှင့် ဆက်သွယ်ရန် ညွှန်ကြားခဲ့သည်ဟု ယမန်နေ့တွင် ထွက်ဆိုခဲ့သည်။

    သာမန် နိုင်ငံသားတစ်ယောက်အနေဖြင့် အမေရိကန်၏ သံတမန်ရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ခြင်းမှာ ဥပဒေချိုးဖောက်ခြင်းဖြစ်ပြီး ရုရှားသံတမန်များနှင့် အဆက်အသွယ်ရှိသူကို အမျိုးသားလုံခြုံရေးအကြံပေး ခန့်ထားမှုအတွက် ထရမ့်အစိုးရကို တရားရေးဌာနက ဖေဖော်ဝါရီလတွင် သတိပေးခဲ့ပြီးနောက် ဖလင်းမှာ ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

    တရားရုံးမှတ်တမ်းတွင် ဖလင်းမှာ FBI အား ‘ရည်ရွယ်ချက်ရှိရှိ’ ဖြင့် ‘မှားယွင်းသော ထွက်ဆိုမှုများ၊ ပြောကြားမှုများ ပြုလုပ်ခဲ့သည်’ ဟု ဖော်ပြထားသည်။

    ထရမ့်၏ လူယုံဖြစ်ခဲ့သည့် ဖလင်းမှာ ရာထူးမှ နှုတ်ထွက်စဉ်က ၎င်းအနေဖြင့် ရုရှားသံအမတ်နှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု ငြင်းဆိုခဲ့ဖူးသည်။

    Ref: Aljazeera

     

  • ကမ္ဘာ့အကြီးဆုံး ဘတ္ထရီဖြင့် သြစတေးလျတွင် မီးစပေး

    ကမ္ဘာ့အကြီးဆုံး ဘတ္ထရီဖြင့် သြစတေးလျတွင် မီးစပေး

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံက ကမ္ဘာ့အကြီးဆုံး လစ်သီယံဘတ္ထရီက ထွက်တဲ့ လျှပ်စစ်ဓာတ်အားကို နိုင်ငံတောင်ပိုင်းက ပင်မဓာတ်အားလိုင်းထဲကို စတင် ထည့်သွင်း အသုံးပြုပြီလို့ သိရပါတယ်။

    Tesla က ဖန်တီးတည်ဆောက်ပြီး မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်ပေးနိုင်မယ့် အဲဒီ ဘတ္ထရီကို ပူပြင်းလွန်းတဲ့ ရာသီဥတုကြောင့် ကြာသာပတေးနေ့မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပေမယ့် သောကြာနေ့ကမှ တရားဝင်ဖွင့်လှစ်တာပါ။

    တောင်သြစတေးလျပြည်နယ်မှာ လျှပ်စစ်ပြဿနာကို မကြာခဏ ကြုံတွေ့ရတာကြောင့် Telsa ပိုင်ရှင် အေလွန် မက်စ်က ဓာတ်အား ထုတ်လုပ်ပေးနိုင်မယ့် လစ်သီယံ ဘတ္ထရီကြီးကို ရက်ပေါင်း ၁၀၀ အတွင်း အပြီးဆောက်ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ အေလွန်မက်စ်ဟာ ဒီကတိကို အောင်မြင်အာင် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

    “ကျွန်တော်တို့ သမိုင်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့တာပါ” လို့ တောင်သြစတေးလျ အုပ်ချုပ်ရေးမှူး ဂျေး ၀ဲသာရီလ်က ဒီကနေ့မှာ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့သလို ပြည်နယ်တစ်ခုလုံး မီးပျက်တဲ့အဖြစ်ဆိုးမျိုးကို ထပ်ပြီး ကြုံတွေ့ရမှာမဟုတ်တော့ဘူးလို့လည်း ဆိုပါတယ်။

    အေလွန်မက်စ်ကတော့ ဒီ ဘတ္ထရီကြီးဟာ နောက်ထပ်ဆောက်လုပ်မယ့် ကမ္ဘာ့အကြီးဆုံး ဘတ္ထရီကြီးထက် ၃ ဆ ပိုအားကောင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

    တောင်သြစတေးလျက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကူညီနိုင်မလားလို့ Twitter စာမျက်နှာမှာ တစ်ယောက်က မေးခဲ့ပြီးတဲ့နောက်ပိုင်း အေလွန်မက်စ်က ကမ္ဘာ့အကြီးဆုံး ဘတ္ထရီကြီးနဲ့ ဓာတ်အားပေးနိုင်မယ့် အိုက်ဒီယာတစ်ခု ပေါ်ထွက်တာ ဖြစ်ပါတယ်။

    Ref : BBC

     

  • ဂျပန်ဧကရာဇ် အခီဟီတို ၂၀၁၉ ခုနှစ်တွင် နန်းစွန့်မည်

    ဂျပန်ဧကရာဇ် အခီဟီတို ၂၀၁၉ ခုနှစ်တွင် နန်းစွန့်မည်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    –  အသက် ၈၅ နှစ်အရွယ် ဂျပန်ဘုရင်ကြီး အခီဟီတို၏ နန်းစွန့်မည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်ရန်အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်သည့် အထူးအဖွဲ့က သဘောတူခဲ့သည်ဟု ဂျပန်နိုင်ငံပိုင်သတင်းဌာန NHK သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    နှလုံးခွဲစိပ်မှု အကြီးအကျယ် လုပ်ထားရပြီး၊ ဆီးကျိတ်ကင်ဆာရောဂါကိုလည်း ကုသနေရသည့် ဂျပန်ပြည့်ရှင်မှာ ကျန်းမာရေးကြောင့် တာဝန်များကို ထမ်းဆောင်နိုင်မည်မဟုတ်ဟု စိုးရိမ်သောကြောင့် နန်းစွန့်မည်ဟု ပြီးခဲ့သည့်နှစ်က ကြေငြာခဲ့သည်။ ဘုရင်ကြီးမှာ ရာစုနှစ် ၂ ခုအတွင်း ပထမဆုံး နန်းစွန့်သည့် ဂျပန်ဘုရင် ဖြစ်လာမည်ဖြစ်သည်။

    ဘုရင်ကြီး နန်းစွန့်ရေး မူကြမ်းကို ဇွန်လတွင် အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို နောက်ပိုင်းမှ သတ်မှတ်နိုင်ခဲ့သည်။

    ၎င်း၏နေရာကို အကြီးဆုံးသားတော် အိမ်ရှေ့မင်းသား နာရူဟီတိုက ဆက်ခံမည်ဖြစ်သည်။

    ဘုရင်ကြီး အခီဟီတိုနှင့် မိဘုရား မီချီကိုတို့မှာ ခမည်းတော် ဟီရိုဟီတိုက ဒုတိယကမ္ဘာစစ်တွင် ပါဝင်တိုက်ခိုက်မှုအတွင်း ကျူးလွန်ခဲ့သည့် ကျူးလွန်မှုများအတွက် ၎င်းတို့၏ နန်းသက်တစ်လျှောက်လုံးတွင် တာဝန်ယူ ပေးဆပ်ခဲ့ရသည်။

    Ref :CNA