News @ M-Media

Blog

  • အမေရိကန်သမ္မတ မျှဝေသည့် မွတ်စလင်ဆန့်ကျင်ရေးဗီဒီယိုမှာ လုပ်ကြံထားမှု ဖြစ်နေ

    အမေရိကန်သမ္မတ မျှဝေသည့် မွတ်စလင်ဆန့်ကျင်ရေးဗီဒီယိုမှာ လုပ်ကြံထားမှု ဖြစ်နေ

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဗုဒ္ဓဟူးနေ့က Twitter စာမျက်နှာမှာ တစ်ဆင့် မျှဝေခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး ဗီဒီယိုတစ်ခုဟာ လုပ်ကြံဖန်တီး ၀ါဒဖြန့်ထားတဲ့ ဗီဒီယိုသာ ဖြစ်တယ်လို့ ဗီဒီယိုကို ပထမဆုံးတင်ခဲ့တဲ့ နယ်သာလန် ၀ဘ်ဆိုက် Dumpert က ပြောကြားလိုက်ပါတယ်။

    ဗြိတိန်အစိုးရက အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Britain First အဖွဲ့က ဒုတိယအကြီးအကဲ ဂျေဒါ ဖရန်ဆန်က သူ့ရဲ့ Twitter စာမျက်နှာမှာ မွတ်စလင်ဆန့်ကျင်ရေး ဗီဒီယို ၃ ခုကို တင်ခဲ့ပြီး ထရမ့်က အဲဒီဗီဒီယိုတွေကို ပြန်လည်မျှဝေခဲ့တာပါ။

    အဲဒီဗီဒီယိုတွေထဲကတစ်ခုဟာ နယ်သာလန်နိုင်ငံမှာ လူငယ်အချင်းချင်း ရန်ဖြစ်တဲ့ ဗီဒီယိုဖြစ်ပြီး မွတ်စလင်ဆန့်ကျင်ရေးသမားတွေက ပြောင်းရွှေ့အခြေချ ၀င်ရောက်လာတဲ့ မွတ်စလင်လူငယ်ဟာ မသန်စွမ်း ဌာနေ ဒက်ခ်ျလူငယ်တစ်ဦးကို ရိုက်နှက်စော်ကားတယ်လို့ ၀ါဒဖြန်ခဲ့တာပါ။

    ဒီဗီဒီယိုကို မေလမှာ ပထမဆုံးလွှင့်တင်ခဲ့တဲ့ Dumpert ဗီဒီယိုဝဘ်ဆိုက်ကို စီမံနေသူ Rene van Leeuwen က သူ့တို့အနေနဲ့ ဗီဒီယိုကို တင်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က ဒီကိစ္စမှာ ပါဝင်တဲ့ လူငယ်နှစ်ဦးစလုံးဟာ ပြောင်းရွှေ့အခြေချသူတွေ မဟုတ်သလို မွတ်စလင်တွေလည်း မဟုတ်ဘူးလို့ အကြောင်းကြားခဲ့ပြီးတဲ့နောက် ပြန်လည် ဖြုတ်ချခဲ့တယ်လို့ အမေရိကန်သတင်းဌာန ABC News ပြောကြားခဲ့ပါတယ်။

    ဗီဒီယို ပြန့်နှံ့ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ ဒက်ခ်ျရဲတပ်ဖွဲ့ကလည်း Rene van Leeuwen ရဲ့ ပြောကြားမှုကို အတည်ပြုခဲ့ပါတယ်။

    ဖရန်ဆန်ရဲ့ အမုန်းဗီဒီယိုတွေကို ထရမ့်က ပြန်လည်မျှဝေမှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအပါအ၀င် ဗြိတိန် နိုင်ငံရေး သမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချခဲ့ပါတယ်။

    ဗြိတိန်ပြည်ထဲရေးဝန်ကြီးက Britain First အဖွဲ့ဟာ သတင်းမှားတွေနဲ့ လူ့အဖွဲ့အစည်းအတွင်း သွေးကွဲအောင်၊ တင်းမာမှုတွေ မြင့်တက်လာအောင် လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ကြောင်း၊ သူတို့ရဲ့ ဖြန့်ဝေမှုဟာ ဗြိတိန်ရဲ့ တန်ဖိုးတွေဖြစ်တဲ့ သည်းခံမှု၊ သဟဇာတဖြစ်မှု၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှုတွေနဲ့ ဆန့်ကျင်တာကြောင့် ဗြိတိန်ပြည်သူ အများစုက လက်ခံခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : ABC

  • ၂ ပတ်ကြာပြီးနောက် ပျောက်ဆုံးရေငုပ်သင်္ဘောအား ရှာဖွေမှုကို အာဂျင်တီးနား ရပ်တန့်

    ၂ ပတ်ကြာပြီးနောက် ပျောက်ဆုံးရေငုပ်သင်္ဘောအား ရှာဖွေမှုကို အာဂျင်တီးနား ရပ်တန့်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – ရေတပ်သားပေါင်း ၄၄ ဦး လိုက်ပါသွားခဲ့ပြီး လွန်ခဲ့သည့် ၂ ပတ်က ပျောက်ဆုံးခဲ့သည့် ရေငုပ်သင်္ဘော ရှာဖွေမှုကို အဆုံးသတ်လိုက်ပြီဟု အာဂျင်တီးနား ရေတပ်က ပြောကြားလိုက်သည်။

    “ရှာဖွေမှုမှာ တော်တော်လေး အားစိုက်ခဲ့ပေမယ့် ရေငုပ်သင်္ဘောရဲ့ တည်နေရာကို မရှာနိုင်ခဲ့ပါဘူး” ဟု ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ အန်ရီကေး ဘာလ်ဘီက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ARA San Juan ဟု အမည်ရသည့် အဆိုပါ ရေငုပ်သင်္ဘောမှာ နိုင်ငံတောင်ပိုင်း အတ္တလန်တိတ် သမုဒ္ဒရာ၌ ခုတ်မောင်းနေစဉ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် လျှပ်စစ်ဓာတ်အားလိုင်း ပြဿနာရှိသည်ဟု နောက်ဆုံး အဆက်အသွယ်ရခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

    ရေငုပ်သင်္ဘောပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အာဂျင်တီးနားရေတပ်က အစောပိုင်းတွင် ငြင်းဆိုခဲ့ကာ နောက်ပိုင်းတွင် လက်ခံခဲ့သည်။

    ဘာလ်ဘီက သင်္ဘော ရေပေါ်တွင် သွားနေစဉ် လေ၀င်သည့် အပေါက်မှ ရေ၀င်ကာ ဘတ္ထရီခန်သို့ ရေစက်ကျပြီး ရှော့ဖြစ် ပေါက်ကွဲသွားခြင်း ဖြစ်နိုင်ကြောင်း။ သင်္ဘောသားများ နောက်ဆုံး အသက်ရှင်သန်နိုင်မည်ဟု ယူဆရသည့် အချိန်အထိ သင်္ဘောကို ရှာဖွေခဲ့သော်လည်း တွေ့ရှိခဲ့ခြင်းမရှိဘဲ လက်ရှိတွင် အပျက်အဆီးများကိုသာ ရှာဖွေရတော့မည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : BBC

  • နိုင်ငံခြားရေးဝန်ကြီးကို ထရမ့်က စီအိုင်အေအကြီးအကဲဖြင့် အစားထိုးမည်ဟု သတင်းထွက်

    နိုင်ငံခြားရေးဝန်ကြီးကို ထရမ့်က စီအိုင်အေအကြီးအကဲဖြင့် အစားထိုးမည်ဟု သတင်းထွက်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ကို ရာထူးမှ ဖယ်ရှားရန်နှင့် လူသိရှင်ကြား အရှက်ခွဲရန် စီစဉ်နေသည်ဟု အိမ်ဖြူတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    စီအိုင်အေ အကြီးအကဲ မိုက် ပွမ်ပီယိုနှင့် အစားထိုးရန် စီစဉ်နေခြင်းဖြစ်ပြီး ထရမ့်မှာ တီလာဆန်အား အလွန်အမင်း စိတ်ပျက်နေကာ၊ အဆိုပါ အစားထိုးရေးကို ၀န်ထမ်းများက မဟုတ်ဘဲ ထရမ့်ကိုယ်တိုင်က စဉ်းစားနေသည်ဟုလည်း ဆိုသည်။

    ယနေ့တွင် ထရမ့်၊ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်နှင့် တီလာဆန်တို့ အိမ်ဖြူတော်တွင် တွေ့ဆုံရန် ရှိနေပြီး ထိုဆွေးနွေးပွဲတွင် တီလာဆန်အား ထိုကိစ္စအတွက် အသိပေးမည်ဟု အဆိုပါရင်းမြစ်များက ပြောကြားခဲ့သည်။

    အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ရှိသူ ဆာရာ ဆန်းဒါးစ်က ထရမ့်ဖက်မှ ယုံကြည်မှု မရှိတော့ပါက မည်သူမှ ရာထူးတွင် မြဲမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    နိုင်ငံခြားရေးဝန်ကြီး တီလာဆန် ရာထူးမှ ဆင်းရမည့် အချိန်အတိအကျကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ယခုနှစ်နှောင်းပိုင်း သို့မဟုတ် လာမည့်နှစ်ဆန်းပိုင်းတွင် ဖြစ်မည်ဟု ခန့်မှန်းထားသည်။

    ထရမ့်မှာ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ Twitter စာမျက်နှာမှတစ်ဆင့် ယခင်က ဝေဖန်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

    Ref : CNN

  • တာလီဘန်က နီကာ့ဘ်ဖြင့် ရုပ်ဖျက်ကာ ပါကစ္စတန် စိုက်ပျိုးရေးတက္ကသိုလ်ကို ၀င်ရောက်တိုက်ခိုက်

    တာလီဘန်က နီကာ့ဘ်ဖြင့် ရုပ်ဖျက်ကာ ပါကစ္စတန် စိုက်ပျိုးရေးတက္ကသိုလ်ကို ၀င်ရောက်တိုက်ခိုက်

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media
    – ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ပက်ရှ်ဝါရ်မြို့ရှိ စိုက်ပျိုးရေးတက္ကသိုလ်ကို မျက်နှာအုပ်ထားသည့် နီကာ့ဘ်ဝတ်ရုံဖြင့် ရုပ်ဖျက်ထားသည့် သေနတ်သမားများက ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံးလူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    သေနတ်သမားများမှာ ယနေ့မနက်ပိုင်းတွင် သုံးဘီးဆိုင်ကယ်ဖြင့် လာရောက်ကာ တက္ကသိုလ်ပရ၀ုဏ်အတွင်း ၀င်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    တာလီဘန်ကမူ ၎င်းတို့လက်ချက်ဟု ကြေငြာခဲ့ပြီး တက္ကသိုလ်အား မရည်ရွယ်ဘဲ ထိုဒေသရှိ ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ (ISI) ၏ အဆောက်အဦးတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    တိုက်ခိုက်မှုအတွင်း ကျောင်းသား ၆ ဦး၊ အပြင်လူ ၅ ဦးနှင့်တိုက်ခိုက်ရေးသမား ၄ ဦးတို့ သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
    သေနတ်သမားများနှင့် အပြန်အလှန် ပစ်ခတ်မှု ၂ နာရီကြာ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များမှာ တက္ကသိုလ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
    အဆိုပါတက္ကသိုလ်တွင် ပုံမှန်အားဖြင့် ကျောင်းသား ၄၀၀ ခန့် တက်ရောက်ပညာသင်ကြားနေသော်လည်း ယနေ့မှာ တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ခြင်းအထိမ်းအမှတ် ရုံးပိတ်ရက်ဖြစ်သောကြောင့် တက္ကသိုလ်တွင် ကျောင်းသား ၁၅၀ ခန့်သာ ရှိခဲ့သည်။ Ref : Aljazeera
  • ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံအားပေး

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ဆုံအားပေး

    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media

    – ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ မြို့တော်ဒါကာမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ဆုံခဲ့ပြီး ကမ္ဘာကြီးက လစ်လျူရှုထားမှုအပေါ် ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးလာရပြီး ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာ ၁၈ ဦးကို မြို့တော်ဒါကာက ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးရဲ့ အိမ်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး လက်ဆွဲနှုတ်ဆက်ကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။

    သူတို့ရဲ့ ထိခိုက်ခံစားရမှုတွေကိုလည်း ပုပ်ရဟန်းမင်းကြီး နားထောင်ခဲ့ကာ မြန်မာနိုင်ငံမှာ ရှောင်ရှားခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုလည်း အသုံးပြုခဲ့ပါတယ်။

    “ဒီကနေ့ ဘုရားသခင် တည်ရှိမှုကို ရိုဟင်ဂျာလို့လည်း ခေါ်ပါတယ်”

    ရိုဟင်ဂျာတွေကို ကောင်းချီးပေးခဲ့ပြီးတဲ့နောက် ညှင်းပမ်းနှိပ်စက်သူတွေ၊ နာကျင်စေသူတွေ၊ ကမ္ဘာကြီးက လစ်လျူရှုထားမှုတွေကို ခွင့်လွှတ်ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။

    “သင်တို့အတွက် ကျွန်ုပ်တို့ အများကြီး မလုပ်ပေးနိုင်ပေမယ့် သင်တို့ရဲ့ ဖြစ်ရပ်ဆိုးတွေအတွက် ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ နက်နက်နဲနဲ ခံစားရပါတယ်။ သင်တို့ကို ညှင်းပမ်းနှိပ်စက်ခဲ့တဲ့သူတွေ၊ နာကျင်အောင်လုပ်ခဲ့တဲ့သူတွေ၊ ကမ္ဘာကြီးက လစ်လျူရှုထားမှုတွေအတွက် ခွင့်လွှတ်ပေးပါလို့ ကျွန်ုပ် တောင်းဆိုပါရစေ။ သဘောထားကြီးတဲ့ သင်တို့အနေနဲ့ ကျွန်ုပ်တို့ကို ခွင့်လွှတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်”

    ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဆုတောင်းနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များ

    ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေ အသိအမှတ်ပြုခံရတဲ့အထိ ဆက်လက် ကြိုးပမ်းသွားဖို့လည်း ဖရန်စစ်က တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံက ကက်သလစ်အသင်းတော် အကြီးအကဲတွေက မေတ္တာရပ်ခံမှုကြောင့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြုခဲ့ပါဘူး။

    မနေ့က ဘင်္ဂလားဒေ့ရှ်ကို ရောက်ရောက်ချင်းမှာပဲ ပုပ်ရဟန်မင်းကြီးက ရိုဟင်ဂျာကိစ္စကို ပြောကြားခဲ့ပြီး သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ဖြရှင်းပေးရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပေးထားတဲ့အတွက်လည်း ဘင်္ဂလားဒေ့ရှ်ကို ချီးကျူးခဲ့ပါတယ်။

    မြန်မာနိုင်ငံကို ရောက်ရှိစဉ်အတွင်းမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတန်ဖိုးတွေကို အလေးထားကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

    Ref: US News