News @ M-Media

Blog

  • မွတ်စလင်မုန်းတီးရေးဗီဒီယိုကို မျှဝေသည့် အမေရိကန်သမ္မတ ဝေဖန်ခံနေရ

    မွတ်စလင်မုန်းတီးရေးဗီဒီယိုကို မျှဝေသည့် အမေရိကန်သမ္မတ ဝေဖန်ခံနေရ

    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – ယူကေက ထင်ရှားတဲ့ လက်ယာစွန်းရောက်သမားရဲ့ Twitter မှာ တင်ထားတဲ့ မွတ်စလင်ဆန့်ကျင်ရေး ဗီဒီယိုတွေကို ပြန်လည်မျှဝေမှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။

    Britain First ဆိုတဲ့ လက်ယာစွန်းရောက်အဖွဲ့က ဒုတိယအကြီးအကဲ ဂျေဒါ ဖရန်ဆန်ဟာ မွတ်စလင်တွေ အုပ်စုဖွဲ့ ရိုက်နှက်ဖျက်ဆီးမှု ဗီဒီယို ၃ ခုကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

    ထရမ့်က သူ့ရဲ့ Twitter အကောင့်မှာ မနေ့က ပြန်လည်မျှဝေထားတဲ့ ဒီ ဗီဒီယိုတွေထဲက တစ်ခုဟာ ပြီးခဲ့တဲ့ မေလအတွင်း နယ်သာလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူငယ်ချင်း ရန်ဖြစ်မှုတစ်ခု ဖြစ်ပါတယ်။

    ပြောင်းရွှေ့အခြေချလာတဲ့ မွတ်စလင်လူငယ်တစ်ယောက်ဟာ ဌာနေ ဒက်ခ်ျလူငယ်တစ်ယောက်ကို ရိုက်နှက်တယ်ဆိုတဲ့ အဲဒီဗီဒီယိုကို မွတ်စလင်ဆန့်ကျင်ရေးသမားတွေက မုန်းတီးရေးမှတ်ချက်တွေနဲ့ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ပြီးနောက်ပိုင်း ဒက်ခ်ျရဲတပ်ဖွဲ့က အဲဒီ လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

    ဒါပေမယ့် အွန်လိုင်းမှာ ပြန့်နှံ့ခဲ့သလို အဲဒီထဲက တစ်ယောက်ဟာ မွတ်စလင် ဒါမှမဟုတ် ပြောင်းရွှေ့အခြေချသူလားဆိုတာကို ထုတ်ပြန်ခဲ့ခြင်း မရှိဘူး။

    ထရမ့်ရဲ့ ဒီလိုမျှဝေမှုကို နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးသမားတွေက ရှုတ်ချခဲ့ပါတယ်။

    ဗြိတိန်မွတ်စလင်ကောင်စီက တိုင်းပြည်အာဏာပိုင်တွေအနေနဲ့ ထရမ့်၊ သူ့ရဲ့မှတ်ချက်တွေနဲ့ ဝေးဝေးနေဖို့ တိုက်တွန်းခဲ့ပါတယ်။

    “အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်ယာစွန်းရောက်ဝါဒနဲ့ မွတ်စလင်ဆန်ကျင်ရေး ၀ါဒဖြန့်မှုတွေကို နှစ်သက်လက်ခံတယ်ဆိုတာ ဒီထက်ရှင်းတဲ့ကိစ္စ မရှိတော့ပါဘူး။ ဒီလိုအယူသည်းတာမျိုးကို ကျွန်တော်တို့ အလွတ်ပေးလို့ မရပါဘူး။ ၀န်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးတွေဟာ ယူကေကို ထရမ့်နဲ့ သူ့ရဲ့မှတ်ချက်တွေကနေ ဝေးကွာအောင် နေစေမယ်၊ အစွန်းရောက်ဝါဒ ပုံစံအားလုံးကို လက်မခံဘူးဆိုတဲ့ အစိုးရရဲ့ သဘောထားကို ထပ်လောင်းပြောဆိုလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ကောင်စီကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ပြောရေးဆိုခွင့်ရှိသူက ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ မှားယွင်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။

    “Britain First အဖွဲ့ဟာ မုသားအအခြေပြု အမုန်းစကားတွေနဲ့ လူ့အဖွဲ့အစည်းတွေကို သွေးကွဲအောင်၊ တင်းမာမှုတွေဖြစ်လာအောင် လုပ်နေတဲ့အဖွဲ့ပါ။ သူတို့တွေဟာ ဥပဒေလိုက်နာတဲ့ ပြည်သူတွေကို စိတ်သောကရောက်အောင် လုပ်နေတာဖြစ်ပါတယ်။ တိုင်းပြည်က ကိုယ်စားပြုတဲ့ တန်ဖိုးတွေ၊ သင့်မြတ်မှု၊ သည်းခံမှု၊
    အပြန်အလှန်လေးစားမှု စတာတွေနဲ့ ဖီလာဆန့်ကျင်တဲ့ လက်ယာစွန်းရောက်တွေရဲ့ ထင်ရာမြင်ရာစကားတွေကို ဗြိတိန်ပြည်သူအများစုက လက်မခံကြပါဘူး။ သမ္မတတစ်ယောက်က ဒီလိုမျိုးလုပ်တာဟာ မှားယွင်းပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်ကို ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    ခေါင်းဆောင်းပုဝါ၀တ်ထားတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးကို အရှက်ရစေမှုနဲ့ ၂၀၁၆ ခုနှစ်မှာ ဖရန်ဆန်ဟာ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခံထားရသူဖြစ်ပြီး၊ ယူကေက ဗလီဝတ်ကျောင်းတော်တွေကို ၀င်ရောက်ခွင့်လည်း တရားရုံးက ပိတ်ပင်ခဲ့ပါတယ်။

    ဖရန်ဆန်နဲ့ လက်ယာစွန်းရောက်တစ်ချို့ဟာ ဗလီဝတ်ကျောင်းတော်တွေကို ၀င်ရောက်ပြီး စော်ကားမှုတွေကို ပုံမှန်လိုလို လုပ်ခဲ့တာပါ။

    လေဘာပါတီက ဗြိတိန်လွှတ်တော်အမတ် ဂျိုကော့စ်ကို သတ်ဖြတ်ခဲ့သူ သောမတ်စ်မီယာဟာလည်း ဓားနဲ့ထိုးပြီးနောက်ပိုင်းမှာ Britain First အဖွဲ့ရဲ့ အမည်ကို ဟစ်အော်ခဲ့ပါတယ်။

    အမေရိကန်က နိုင်ငံသားလွတ်လပ်ရေးသမဂ္ဂကလည်း ထရမ့်အနေနဲ့ ဖရန်ဆန်ရဲ့ ဗီဒီယိုတွေကို ပြန်လည်မျှဝေမှုနဲ့ပတ်သက်ပြီး ဝေဖန်ရှုတ်ချခဲ့ပါတယ်။

    ဗြိတိန်ရဲ့ ဒုတိယအကြီးဆုံး နိုင်ငံရေးပါတီဖြစ်တဲ့ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကောရ်ဘန်က ထရမ့်ရဲ့ ဒီလုပ်ရပ်ဟာ ‘စက်ဆုပ်စရာကောင်းပြီး လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိတဲ့ ငြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်က အခြား ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ပညာရှင်တွေကလည်း ထရမ့်ရဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။

    ထရမ့်ဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားစော်ကားတဲ့ မှတ်ချက်တွေကို ပြောကြားတာ၊ မျှဝေတာဟာ ဒါ ပထမဆုံအကြိမ် မဟုတ်ပါဘူး။

    တနင်္လာနေ့က ဌာနေအမေရိကန် စစ်သားဟောင်းတွေနဲ့ တွေ့ဆုံမှုမှာလည်း ဌာနေအမေရိကန်တွေကို ခွဲခြားတဲ့ မှတ်ချက်မျိုး ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

     

  • တရားခွင်တွင် အဆိပ်သောက်သည့် ဘော့စနီးယား ခရိုအက်စစ်ရာဇ၀တ်ကောင် သေဆုံး

    တရားခွင်တွင် အဆိပ်သောက်သည့် ဘော့စနီးယား ခရိုအက်စစ်ရာဇ၀တ်ကောင် သေဆုံး

    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – ယမန်နေ့က သည်ဟေ့ဂ်ရှိ နိုင်ငံတကာ ခုံသမာဓိရုံးတွင် ကြားနားစစ်ဆေးစဉ် အဆိပ်သောက်ခဲ့သည့် ဘော့စနီးယားမှ ခရိုအက် စစ်ရာဇ၀တ်ကောင်မှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ခရိုအက်စစ်ခေါင်းဆောင်ဟောင်း စလိုဘိုဒန် ပရာလ်ဂျက်ဆိုသူ ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ဘော့စနီးယား ပြည်တွင်းစစ်အတွင်း မွတ်စလင်များအပေါ် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့်အတွက် ၎င်းနှင့်အတူ အခြား ခရိုအက် စစ်ရာဇ၀တ်ကောင် ၆ ဦးမှာ ၂၀၁၃ ခုနှစ်က ထောင်ဒဏ် စုစုပေါင်း ၁၁၁ နှစ် ချမှတ်ခံခဲ့ရသည်။

    အမှုအတွက် နောက်ဆုံးကြားနာမှုအဖြစ် ယမန်နေ့တွင် ခုံသမာဓိရုံးက ၎င်းတို့၏ အယူခံများကို ပယ်ချခဲ့ပြီးနောက် ပရာလ်ဂျက်မှာ ‘ဆုံးဖြတ်ချက်ကို ငါ လက်မခံဘူး။ ငါဟာ စစ်ရာဇ၀တ်ကောင်မဟုတ်ဘူး’ ဟု ဆိုကာ အဆိပ်သောက်ခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် ကြားနာမှုအား ရပ်နားခဲ့ပြီး ပရာလ်ဂျက်အား ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

    ခုံသမာဓိရုံးက ထုတ်ပြန်သော ကြေငြာချက်တွင် ပရာလ်ဂျက်မှာ ဆေးရုံ၌ သေဆုံးသွားခဲ့ပြီး၊ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်ဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။

    Ref: Aljazeera

     

  • မွတ်စလင်မုန်းတီးရေးကို သတင်းမှားများ၊ အကောင့်တုများဖြင့် ၀ါဒဖြန့်ဟု သုတေသနတစ်ခုတွင် တွေ့ရှိ

    မွတ်စလင်မုန်းတီးရေးကို သတင်းမှားများ၊ အကောင့်တုများဖြင့် ၀ါဒဖြန့်ဟု သုတေသနတစ်ခုတွင် တွေ့ရှိ

    နိုဝင်ဘာ ၂၉၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ဆန့်ကျင်ရေး အုပ်စုတွေဟာ ဆိုရှယ်မီဒီယာ အကောင့်အတုတွေ၊ သတင်းလိမ်တွေ၊ ဖြတ်ညှပ်ကပ်တွေနဲ့ သူတို့ရဲ့ ၀ါဒဖြန့်မှုကို မြှင့်တင်နေကြတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

    လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ Hope Not Hate က သုတေသန ပညာရှင်တွေဟာ ဒီလေ့လာမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ယူကေကို လာရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ အမေရိကန်က မွတ်စလင်ဆန့်ကျင်ရေးသမား ပါမီလာ ဂျဲလာဟာ Twitter စာမျက်နှာမှာ bot အကောင့် ၁၂၀ ခု သုံးပြီး ၀ါဒဖြန့်နေတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    Twitter က bot အကောင့်တွေဟာ ပို့စ်တွေကို အလိုအလျောက် တင်တာ၊ ဖြန့်ဝေတာတွေ လုပ်ဆောင်ပေးတာပါ။

    သုတေသနပညာရှင်တွေဟာ ဗြိတိန်နဲ့ အမေရိကန်က မွတ်စလင်ဆန့်ကျင်ရေး Twitter အကောင့်တွေကို အခုနှစ် မတ်လကနေ နိုဝင်ဘာလအထိ စောင့်ကြည့်ခဲ့ပြီး ပျမ်းမျှအားဖြင့် သူတို့တွေမှာ follower ပေါင်း ၁၁၇ ရာခိုင်နှုန်းအထိ တိုးလာတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    အစ္စလာမ်မုန်းတီးရေးအဖွဲ့တွေရဲ့ ပြယုဂ်ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက သတ်မှတ်ထားတဲ့ ဂျဲလာရဲ့ အစီရင်ခံစာဆိုတဲ့ပို့စ်ကို ကြည့်ရှုသူအရေအတွက်ဟာ ဇူလိုင်လနဲ့ အောက်တိုဘာလကြားထဲမှာ ၂ ဆတက်ကာ ၂ သန်းကျော်လောက် ရှိလာခဲ့ပါတယ်။

    ဂျီဟတ်တိုက်ဖျက်ရေးဘလော့ဂ်ဖြစ်တဲ့ The Gates of Vienna ဟာလည်း အဲဒီကာလအတွင်း တစ်လကို လာရောက်ကြည့်ရှုသူ ၂ ဆလောက် တိုးလာခဲ့တာကို လေ့လာသူတွေက တွေ့ခဲ့ရပါတယ်။

    Hope Not Hate က သုတေသနပညာရှင် ပက်ထရစ် ဟာမန်ဆန်က မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေကို ဖြန့်နေတဲ့ Twitter အကောင့်တွေ၊ ၀ဘ်ဆိုက်တွေဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာကြောင်း၊ ဒါ့ကြောင့် လုပ်ကြံဖန်တီးထားတဲ့ မွတ်စလင်ဆန့်ကျင်ရေး အမြင်တွေကို ထိတွေသူဟာ များပြားလာကြောင်း ပြောကြားခဲ့ပါတယ်။

    ယူကေက အကြမ်းဖက်တိုက်ခိုက်မှုတွေကိုလည်း ဆိုရှယ်မီဒီယာက မွတ်စလင်ဆန့်ကျင်သူတွေက အမြတ်ထုတ်နေကာ တိုက်ခိုက်မှုနောက်ပိုင်း ယူကေက ထင်ရှားတဲ့ မွတ်စလင်ဆန့်ကျင်ရေး Twitter အကောင့်တွေဟာ follower တွေ သိသိသာသာ များလာတယ်လို့လည်း လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဟာဗျူဟာ အကြီးအကဲဟောင်း စတီဗ်ဘန်နွန်ရဲ့ Breitbart ၀ဘ်ဆိုက်က လုပ်ကြံသတင်းတွေကို ဖြန့်ဝေလေ့ရှိပြီး ‘အစ္စလာမ်နဲ့ မွတ်စလင်အကြောင်းကို ဖော်ပြရမှာ မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကား ဒါမှမဟုတ် လက်ယာစွန်းရောက်စကားတွေနဲ့သာ ဖြစ်တယ်’ လို့လည်း
    လေ့လာမှုက ဆိုပါတယ်။

    အွန်လိုင်း ဖိုရမ်ကွန်ယက်တွေနဲ့ အထင်အမြင်မှားစေတဲ့ ဓာတ်ပုံတွေကိုလည်း ဆိုရှယ်မီဒီယာမှာ မွတ်စလင်ဆန့်ကျင်ရေး ချဲ့ကားပြောဆိုဖို့အတွက် အသုံးပြုတာတွေကို တွေ့ရပြီး အထူးသဖြင့် ၂၀၁၇ ခုနှစ် မတ်လက ၀က်မင်စတာအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အခင်းဖြစ်ပွားရာနေရာမှာ ဟီဂျဘ်ဝတ်ထားတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးက ဖုန်းကြည့်ကာ ဖြတ်လျှောက်သွားတဲ့ ဓာတ်ပုံကို အွန်လိုင်းမှာ ဆိုးဆိုးဝါးဝါး ရေးသားဖော်တာမျိုး ဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြခဲ့ပါတယ်။

    Follower များတဲ့အကောင့်တွေကို ယေဘုယျအားဖြင့် လူတွေက ယုံကြည်လေ့ရှိတာကြောင့် မွတ်စလင်ဆန့်ကျင်ရေးသမားတွေဟာ bot တွေကို အသုံးပြုကာ လူထုအာရုံစိုက်မှုကို ရယူတယ်လို့လည်း လေ့လာမှုမှာ ဖော်ပြခဲ့ပါတယ်။

    Ref: The Guardian

  • ပထမဆုံး စီးပွားရေးသုံးဂြိုဟ်တုကို ဘင်္ဂလားဒေ့ရှ်က မတ်လတွင် လွှတ်တင်မည်

    ပထမဆုံး စီးပွားရေးသုံးဂြိုဟ်တုကို ဘင်္ဂလားဒေ့ရှ်က မတ်လတွင် လွှတ်တင်မည်

    နိုဝင်ဘာ ၂၉၊ ၂၀၁၇
    M-Media

    – နိုင်ငံရဲ့ ပထမဆုံး စီးပွားရေးသုံးဂြိုဟ်တုကို ဘင်္ဂလားဒေ့ရှ်က လာမယ့်မတ်လမှာ အာကာသထဲ လွှတ်တင်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။

    Bangabandhu-1 လို့ အမည်ရတဲ့ အဲဒီ ဂြိုဟ်တုကို တည်ဆောက်မှုဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြီးစီးသွားခဲ့ပြီး မတ်လမှာ လွှတ်တင်ဖို့အတွက် အမေရိကန်ကို ပို့ဆောင်သွားမယ်လို့ ပြင်သစ်ကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေး အာဏာပိုင်ကော်မရှင် (BTRC) ဥက္ကဌ ရှားဂျဟန်း မဟ်မူဒ်က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

    နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကို အသုံးပြုထားတဲ့ အဲဒီဂြိုဟ်တုဟာ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ စီမံကိန်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်တာကာ ၂၉၆၇ ကုဋေလောက် ကုန်ကျခဲ့ပါတယ်။ ဂြိုဟ်တုရဲ့ အပြင်ပိုင်း ပုံသဏ္ဍာန်ကိုတော့ ပြင်သစ်က တည်ဆောက်ပေးတာဖြစ်ပါတယ်။

    Bangabandhu-1 ဂြိုဟ်တုဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တာ့ခ်မီနစ္စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်တွေ အပါအ၀င် တောင်အာရှနိုင်ငံအားလုံးကို ၀န်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ နိုင်ငံခြား အော်ပရေတာတွေကနေ ဂြိုဟ်တုဆက်သွယ်ရေးကို ၀ယ်ယူအသုံးပြုနေရတာဖြစ်ပါတယ်။

    အခုဂြိုဟ်တုရဲ့ သက်တမ်းဟာ ၁၅ နှစ် ရှိမှာဖြစ်ပြီး ဂြိုဟ်တုဆက်သွယ်ရေးလိုင်း ရောင်းချမှုကနေ ကန်ဒေါ်လာ ၁ ဘီလီယံ၊ အခြားဝန်ဆောင်မှုတွေကနေ နောက်ထပ် ဒေါ်လာ ၁.၅ ဘီလီယံ ဘင်္ဂလားဒေ့ရှ်က ၀င်ငွေရရှိမှာဖြစ်ပါတယ်။

    REf: The Daily Star

  • နျူနိုင်ငံဖြစ်ပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကြေငြာ

    နျူနိုင်ငံဖြစ်ပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကြေငြာ

    နိုဝင်ဘာ ၂၉၊ ၂၀၁၇
    M-Media

    – မိမိတို့တိုင်းပြည်မှာ နျူကလီးယားကို အပြည့်အ၀ပိုင်ဆိုင်သည့် နိုင်ငံ ဖြစ်လာပြီး အမေရိကန်၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ဒုံးကျည်သစ် စမ်းသပ်မှုမှာလည်း အောင်မြင်ခဲ့ပြီဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယနေ့တွင် ကြေငြာလိုက်သည်။

    မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်အသစ်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး Hwasong-15 ဟု ခေါ်သည့် အဆိုပါ တိုက်ချင်းပစ်ဒုံးကျည်မှာ အမြင့် ၄၄၇၅ ကီလိုမီတာအထိ ရောက်ခဲ့ကာ ပစ်ခတ်သည့်နေရာမှ ကီလိုမီတာ ၉၅၀ အကွာတွင် ကျခဲ့ကြောင်း၊ နိုင်ငံက စမ်းသပ်ခဲ့သမျှတွင် ယခုဒုံးကျည်မှာ အဆန်းပြားဆုံးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ကြေငြာခဲ့သည်။

    “ကျွန်မတို့တိုင်းပြည်ဟာ နောက်ဆုံးမှာ ဒုံးကျည်စွမ်အား တည်ဆောက်မှု အကြောင်းအရင်းတစ်ရပ်ဖြစ်တဲ့ နိုင်ငံရဲ့ နျူကလီးယားအင်အားကို အပြည့်အ၀ ဖြည့်တင်းနိုင်တဲ့ ကြီးကျယ်တဲ့ သမိုင်းသစ်တစ်ခု ရရှိခဲ့တယ်ဆိုတာ ကင်ဂျုံအန်က ဂုဏ်ယူစွာနဲ့ ကြေငြာလိုက်ပါတယ်။ တိုက်ချင်းပစ် Hwasong-15 ဒုံးကျည် စမ်းသပ်မှု ပြည့်ပြည့်၀၀ အောင်မြင်မှုဟာ ကြီးကျယ်ပြီး၊ သူရဲကောင်းဆန်တဲ့ မြောက်ကိုရီးယားပြည်သူတွေ ရရှိလိုက်တဲ့ အဖိုးမဖြတ်နိုင်တဲ့ အောင်ပွဲပါပဲ” ဟု မြောက်ကိုရီးယား၏ နာမည်ကြီး သတင်းကြေငြာသူ ရီချွန်ဟီးက ပြောကြားခဲ့သည်။

    သူမမှာ နိုင်ငံ၏ အရေးပါသော အောင်မြင်မှုများကိုသာ ကြေငြာလေ့ရှိသူ ဖြစ်သည်။

    အနောက်နိုင်ငံမှ ကျွမ်းကျင်သူများက ယနေ့ ပစ်ခတ်ခဲ့သည့် ဒုံးကျည် ပျံသန်းမှုအရ ထိုဒုံးကျည်မှာ ကီလိုမီတာ ၁၃၀၀၀ အထိ ရောက်ရှိနိုင်ပြီး အမေရိကန်၏ အဓိက မြို့ကြီးတိုင်းကို ပစ်ခတ်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုပစ်ခတ်မှုကို အလေးထား ကိုင်တွယ်သွားမည်ဟု အိမ်ဖြူတော်တွင် ပြောကြားခဲ့ပြီး ရုရှားကလည်း ထိုလုပ်ရပ်မှာ ရန်စခြင်းဖြစ်ကြောင်း၊ တရုတ်က အလွန်အမင်း စိုးရိမ်မိပြီး ထိုကိစ္စကို ဆန့်ကျင်ကြောင်း အသီးသီး ပြောကြားခဲ့ကြသည်။

    Ref: CNA