News @ M-Media

Blog

  • ရိုဟင်ဂျာများအပေါ် စစ်တပ်၏ကျူးလွန်မှု လူမျိုးစုလိုက်သုတ်သင်ခြင်းဟု အမေရိကန် ကြေငြာ

    ရိုဟင်ဂျာများအပေါ် စစ်တပ်၏ကျူးလွန်မှု လူမျိုးစုလိုက်သုတ်သင်ခြင်းဟု အမေရိကန် ကြေငြာ

    နိုဝင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေဟာ ‘လူမျိုးတုန်းသတ်ဖြတ်မှု’ ဖြစ်တယ်လို့ အမေရိကန်အစိုးရက ဒီနေ့မှာ ကြေငြာလိုက်ပါတယ်။

    “ရရှိနိုင်သမျှ အချက်အလက်တွေကို စေ့စေ့စပ်စပ်နဲ့ ဂရုတစ်စိုက် လေ့လာဆန်းစစ်မှု လုပ်ပြီးတဲ့နောက်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုလိုက် ရှင်းလင်းမှု မြောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မှတ်ယူလို့ရပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေ ကြုံတွေ့နေရတာဟာ ‘သည်းမခံနိုင်ဖွယ်ရာ ထိခိုက်ခံစားမှုမျိုး’ ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့ပြီး ဒါတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တုတ်၊ ဓားကိုင် အရပ်သားတွေက ဆောင်ရွက်တာဖြစ်တယ်လို့လည်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    မြန်မာစစ်တပ်က ပြဿနာကို ရိုဟင်ဂျာလက်နက်ကိုင်တွေက စတယ်လို့ ပြောထားပေမယ့် ထီလာဆန်က ‘ဖြစ်ခဲ့တဲ့ ဆိုးဆိုးရွားရွား ရက်စက်ကြမ်းကြုတ်မှုတွေဟာ ရန်စလို့ လုပ်လိုက်ရတယ် ဆိုတာမျိုးနဲ့ ဖာထေးလို့ မရနိုင်ဘူး’ လို့ ဆိုပါတယ်။

    ဒီလိုကျူးလွန်သူတွေကို ‘မဖြစ်မနေ အပြစ်ပေးရမှာ’ ဖြစ်ကြောင်း၊ အမေရိကန်အနေနဲ့ ပြည့်ဝတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ချင်ပြီး ‘ပိတ်ဆို့မှု လုပ်ဆောင်နိုင်ချေ အပါအ၀င် အမေရိကန်ဥပဒေ’ အရ တရားမျှတအောင် ဆောင်ရွက်သွားမယ်လို့လည်း တီလာဆန်က ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုဟာ လူမျိုးစုလိုက် သုတ်သင်မှုလို့ ယူဆလို့ရတဲ့အဆင့် ရောက်နေပြီလားဆိုတာကို သမ္မတထရမ့်အစိုးရက အချိန်အတော်ကြာ လေ့လာသုံးသပ်ခဲ့ပြီးနောက်ပိုင်းမှာ အခုလိုကြေငြာချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။

    ကုလသမဂ္ဂက ရိုဟင်ဂျာတွေဟာ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု ခံနေရတယ်လို့ စက်တင်ဘာလကတည်းက သတ်မှတ်ထုတ်ပြန်ခဲ့ပေမယ့် အမေရိကန်က ဒီလို ကြေငြာခြင်း မပြုသေးဘဲ သတင်းအချက်အလက်တွေ ပိုမိုလိုအပ်နေသေးတယ်လို့ တီလာဆန်ဟာ အဲဒီအချိန်တုန်းက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ တီလာဆန်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် တာဝန်ရှိသူတွေနဲ့တွေ့ဆုံကာ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့ပါတယ်။

    ‘လူမျိုးစုလိုက်သုတ်သင်မှု’ လို့ အမေရိကန်က သတ်မှတ်လိုက်တာဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေ ထပ်လုပ်ဖို့ ထရမ့်အစိုးရ၊ လွှတ်တော်တို့အပေါ် တိုက်တွန်းဆော်သြမှု အရှိန်မြှင့်လိုက်တာလည်း ဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က စောစောပိုင်းမှာ ပြောကြားထားတာပါ။

    အမေရိကန်လွှတ်တော်ကလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူဖို့ ကြိုးပမ်းနေပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ ‘လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု’ ‘လူမျိုးတုန်းသဖြတ်မှု’ ဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေလားဆိုတာကိုလည်း အမေရိကန်အစိုးရက ဆန်းစစ်နေပြီး အခုအချိန်အထိတော့ ဆုံးဖြတ်ချက် မလုပ်ရသေးပါဘူး။

    Ref: Washingtonpost

  • အာဏာရှင်မူဂါဘီ၏ မဟာမိတ်ဟောင်း ဇင်ဘာဘွေသမ္မတသစ်အဖြစ် ကျမ်းကျိန်မည်

    အာဏာရှင်မူဂါဘီ၏ မဟာမိတ်ဟောင်း ဇင်ဘာဘွေသမ္မတသစ်အဖြစ် ကျမ်းကျိန်မည်

    နိုဝင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    သမ္မတသစ်အဖြစ် ကျမ်းကျိန်မည့် ဇင်ဘာဘွေသမ္မတဟောင်း မန်ဂါဂွါ

    – အာဏာရှင်မူဂါဘီ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီးနောက် ဒုတိယသမ္မတဟောင်း အီမာဆန် မန်ဂါဂွါမှာ ဇင်ဘာဘွေသမ္မတသစ်အဖြစ် သောကြာနေ့တွင် ကျမ်းကျိန်သွားမည်ဟု သိရသည်။

    မူဂါဘီ၏ မဟာမိတ်ဟောင်းဖြစ်သည့် အသက် ၇၅ နှစ်အရွယ် မန်ဂါဂွါမှာ နိုဝင်ဘာ ၆ ရက်နေ့ ဒုတိယသမ္မတ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း တိုင်းပြည်မှ ထွက်ခွာသွားခဲ့ပြီး ယနေ့တွင် မြို့တော်ဟာရာရီသို့ ပြန်ရောက်ရန် ရှိနေသည်။

    ပြီးခဲ့သည့်တစ်ပတ်တွင် စစ်တပ်က အစိုးရရုံးများကို သိမ်းပိုက်ကာ သမ္မတမူဂါဘီအား ထိန်းသိမ်းခဲ့ပြီးနောက် ဇင်ဘာဘွေ၏ နိုင်ငံရေးအခြေအနေမှာ မတည်မငြိမ်ဖြစ်လာခဲ့ပြီး ပြည်သူများကလည်း အာဏာရှင်မူဂါဘီ နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။

    မူဂါဘီမှာ အစောပိုင်းတွင် ရာထူးမှဆင်းပေးရန် ငြင်းဆိုခဲ့သော်လည်း ယမန်နေ့တွင် လွှတ်တော်သို့ တရားဝင် နှုတ်ထွက်စာ တင်ခဲ့သည်။

    မန်ဂါဂွါမှာ စစ်တပ်နှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး မူဂါဘီက ၎င်းအား ထုတ်ပယ်ခြင်းကြောင့် စစ်တပ်နှင့် မူဂါဘီတို့အကြား သဘောထားတင်းမာမှုများ ဖြစ်ပွားခဲ့သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

    အာဏာရှင်မူဂါဘီ၏ မဟာမိတ်အဟောင်းအဖြစ် နာမည်ကောင်းမရှိခဲ့သော်လည်း မန်ဂါဂွါမှာ နိုင်ငံအား ဒီမိုကရေစီ ပိုဆန်လာအောင် ပြောင်းလဲပေးမည်ဟု ကတိပြုထားသည်။

    မြို့တော်ဟာရာရီတွင် ပြည်သူများမှာ မန်ဂါဂွာ ပြန်လာမှုကို ကြိုဆိုရန် စုရုံးနေကြသည်။

    Ref: Aljazeera

  • လူ့အခွင့်အရေးရှေ့နေတစ်ဦးကို တရုတ်က ထောင် ၂ နှစ်ချ

    လူ့အခွင့်အရေးရှေ့နေတစ်ဦးကို တရုတ်က ထောင် ၂ နှစ်ချ

    နိုဝင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – ထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေတစ်ဦးကို အဖျက်အမှောင့်များပြုလုပ်ရန် လှုံဆော်သည်ဆိုသော စွပ်စွဲချက်ဖြင့် တရုတ်က ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပြီး၊ သမ္မတရှီကျင့်ဖျင်လက်ထက်တွင် လူ့အခွင့်အရေး ကာကွယ်သူများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    အသက် ၄၆ နှစ်အရွယ် ကျန်းကျင်းယုံဖြစ်ပြီး တရားထိုင်မှုတစ်ခုဖြစ်သည့် Falun Gong ကျင့်စဉ် ကျင့်ဆောင်သူများ၊ တိဘက်ဆန္ဒပြသူများအား ကွန်မြူနစ်အစိုးရက ဖိနှိပ်မှု၊ နို့မှုန့်အတုများကြောင့် ထိခိုက်ခံစားရသောသူများအတွက် အစိုးရက တာဝန်မယူမှုတို့ အပါအ၀င် နိုင်ငံအတွင်း ပြည်သူများ ထိခိုက်ခံစားရသည့် အမှုများစွာကို လိုက်ပေးခဲ့သူဖြစ်သည်။

    ကျန်းကျင်းယုံအား ထောင်ချမှုအတွက် ဂျာမနီနှင့် လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချခဲ့ကြသည်။

    တရားရုံးက ကျန်းကျင်းယုံမှာ ‘အစိုးရအား ပုန်ကန်ရန် သွေးထိုးလှုံ့ဆော်ခြင်း’၊ အစိုးရအား အသရေဖျက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံရေးတွင် ပါဝင်ခွင့်ကိုလည်း ၃ နှစ် ပိတ်ပင်ခဲ့သည်။

    ထိုအမှုအတွက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က အင်္ဂါနေ့တွင် ရှုတ်ချခဲ့သည်။

    ကျန်းကျင်းယုံမှာ ၎င်း၏ ရည်ရွယ်ချက် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး နည်းလမ်းများကို နိုင်ငံရပ်ခြားတွင်သွား၍ လေ့ကျင်သင်ယူခဲ့ပြီး တရုတ်ဆန့်ကျင်ရေးအဖွဲ့များမှ ဘဏ္ဍာရေးထောက်ပံ့မှုများ ရယူခဲ့သည်ဟုလည်း တရားရုံးက ပြောကြားခဲ့သည်။

    ၎င်းကို မထိန်းသိမ်းမီနှစ်များတွင် ကျန်းကျင်းယုံမှာ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရပ်ခြားမှ တာဝန်ရှိသူများ၊ နိုင်ငံရေးသမားများနှင့် မကြာခဏ တွေ့ဆုံခဲ့သည်။

    Ref: CNA

  • နှစ် ၂၀ အရင်က လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဆာ့ဘ်စစ်ခေါင်းဆောင်ဟောင်း ထောင်ဒဏ်တစ်သက်ကျ

    နှစ် ၂၀ အရင်က လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဆာ့ဘ်စစ်ခေါင်းဆောင်ဟောင်း ထောင်ဒဏ်တစ်သက်ကျ

    နိုဝင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – လွန်ခဲ့သည့်နှစ် ၂၀ က ဖြစ်ပွားခဲ့သည့် ဘောလ်ကန်စစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇ၀တ်မှု ကျူးလွန်မှုများအတွက် ဘောစနီးယားမှ ဆားဘီးယားတပ်မှူးဟောင်း ရက်ကို မလာဒစ်ကို နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံသမာဓိရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၇၄ နှစ်အရွယ် မလာဒစ်မှာ ဆရီဘရီနီကာတွင် ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ‘ထင်ထင်ရှားရှား ပါဝင်ခဲ့သည်’ ဟု ခုံသမာဓိရုံးက ဆုံးဖြတ်ခဲ့သည်။

    ဆရီဘရီနီကာ လူမျိုးတုန်းသတ်ဖြတ်မှုတွင် မွတ်စလင် အမျိုးသားများနှင့် လူငယ် စုစုပေါင်း ၈၀၀၀ ခန့် သေဆုံးခဲ့သည်။

    တရားသူကြီး အလ်ဖွန် အိုရီက ဆရီဘရီနီကာတွင် ရာဇ၀တ်မှုကျူးလွန်သူများမှာ ထိုဒေသ၌ မွတ်စလင်များ နေထိုင်မှုကို ဖျောက်ပစ်ရန် ရည်ရွယ်ခဲ့ကြောင်း၊ မလာဒစ်မှာ အရပ်သားများအား သတ်ဖြတ်ခြင်း၊ ဆာရာယေဗိုမြို့ပေါ်သို့ ဗုံးကြဲချခြင်းတို့ကို ကြီးကြပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    “သူကျူးလွန်တဲ့ ရာဇ၀တ်မှုအဆင့်အတန်းဟာ လူသားတွေကြုံဖူးသမျှ စက်ဆုပ်စရာအကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်” ဟု တရားသူကြီးက ပြောကြားခဲ့သည်။

    “ဘော့စနီးယာမှ သားသတ်သမား” ဟု မကောင်းသတင်းဖြင့် ကျော်ကြားသည့် မလာဒစ်မှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားသော ဘော့စနီးယားစစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများအပါအ၀င် စွဲချက်ပေါင်း ၁၁ ခုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားကိစ္စ ညှိညှိနှိုင်းနှိုင်းလုပ်ရန် ကန်ကို တရုတ်တိုက်တွန်း

    မြောက်ကိုရီးယားကိစ္စ ညှိညှိနှိုင်းနှိုင်းလုပ်ရန် ကန်ကို တရုတ်တိုက်တွန်း

    နိုဝင်ဘဘာ ၂၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယား နျူအရေးကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရေး ပိုမို ကြိုးစားအားထုတ်သင့်သည်ဟု တရုတ်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားမှာ အကြမ်းဖက်ဝါဒကို အားပေးသည့် နိုင်ငံဟု တံဆိပ်ကပ်မှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    အမေရိကန်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်အဖြစ် ပုံဖော်ခြင်းမှာ တင်းမာမှုများကို ပိုမိုမြင့်တက်လာစေနိုင်သည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။ တရုတ်မှာ အဆိုပါပဋိပက္ခများအဆုံးသတ်ရေးအတွက် ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့သည်။

    “သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ပက်သက်လို့ တင်းမာမှုတွေ လျှော့ချပြီး ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးရာ ၀န်ကြီး Lu Kang က ပြောသည်။

    တရုတ်က အမေရိကန်အနေဖြင့် တောင်ကိုရီးယားတွင် ပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ပေးပြီး မြောက်ကိုရီးယားကလည်း လက်နက်စမ်းသပ်မှုများ ဆက်မလုပ်ရန် စသဖြင့် နှစ်ဖက်ပြေလည်ရေးကို တိုက်တွန်းထားသော်လည်း လက်တွေ့တွင် မည်သည့်ဖက်ကမှ လက်ခံကျင့်သုံးခြင်း မရှိသေးပေ။

    ထရမ့်က အီရန်နှင့် ဆီးရီးယားကဲ့သို့ မြောက်ကိုရီးယားကို နာမည်ပျက်စာရင်းသို့ထည့်သွင်းခဲ့ပြီး မြောက်ကိုရီးယားအပေါ် အမေရိကန်၏ ဘဏ္ဍာရေးပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်ရန် တနင်္လာနေ့က ကတိပြုခဲ့သည်။

    Ref : CNA