News @ M-Media

Blog

  • ဘော့စနီးယားမှ ခရိုအက် စစ်ရာဇ၀တ်ကောင်တစ်ဦး တရားခွင်တွင် အဆိပ်သောက်

    ဘော့စနီးယားမှ ခရိုအက် စစ်ရာဇ၀တ်ကောင်တစ်ဦး တရားခွင်တွင် အဆိပ်သောက်

    နိုဝင်ဘာ ၂၉၊ ၂၀၁၇
    M-Media

    – ဘော့စနီးယားစစ်ပွဲတွင် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် တရားရင်ဆိုင်နေရသည့် ဘော့စနီးယား ခရိုအက် စစ်ခေါင်းဆောင်ဟောင်း စလိုဘိုဒန် ပရာလ်ဂျက်မှာ တရားခွင်တွင် အဆိပ်သောက်ခဲ့သည်ဟု သိရသည်။

    စစ်ရာဇ၀တ်မှုများဖြင့် နိုင်ငံတကာ ခုံသမာဓိရုံး အတင်ခံရသည့် ဘော့စနီးယား ခရိုအက် နိုင်ငံရေးနှင့် စစ်ခေါင်းဆောင် ၆ ဦးတွင် ပါဝင်သော ပရာလ်ဂျက်မှာ ၁၉၉၀ ပြည့်နှစ်များတွင် ဖြစ်ပွားသော ပြည်တွင်းစစ်အတွင်း မိုစတာမြို့တွင် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် ၂၀၁၃ ခုနှစ်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသူဖြစ်သည်။

    ၎င်းတို့၏ အယူခံကို ယနေ့မနက်တွင် နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်ရှိ ခုံသမာဓိရုံးတွင် စစ်ဆေးကြားနာခဲ့ပြီး တရားသူကြီးများက အယူခံကို ပယ်ချခဲ့သည်။

    ကြားနာမှုအတွင်း ပရာလ်ဂျက်မှာ တစ်စုံတစ်ခုကို သောက်သုံးခဲ့ကာ ထိုအရာမှာ အဆိပ်ဖြစ်သည်ဟု တရားသူကြီးများကို ပြောကြားခဲ့သည်။

    ထို့ကြောင့် တရားသူကြီးများက ကြားနာမှုကို ချက်ခြင်းပင် ရပ်နားခဲ့ပြီး ၎င်းသောက်သုံးခဲ့သည့်ပုလင်း မပျောက်စေရန် အမိန့်ပေးခဲ့သည်။

    နောက်ပိုင်းတွင် လူနာတင်ယာဉ်များ၊ ကယ်ဆယ်ရေးလုပ်သားများ တရားရုံးသို့ ရောက်ရှိလာခဲ့သည်။ ပရာလ်ဂျက်၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ပရာလ်ဂျက်မှာ ဘော့စနီးယားစစ်ပွဲအတွင်း ဘော့စနီးယားခရိုအပ်က ကာကွယ်ရေးတပ်ဖွဲ့ (HVO) ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့ပြီး ပရိုဇာမြို့တွင် မွတ်စလင်များအား ၎င်း၏ တပ်ဖွဲ့များက သတ်ဖြတ်မှုကို တားဆီးခြင်းမရှိသည့်အတွက် စစ်ရာဇ၀တ်မှုဖြင့် အပြစ်ရှိကြောင်း ကုလ စစ်ရာဇ၀တ်မှုခုံရုံးက ဆုံးဖြတ်ခဲ့သည်။

    ထို့ပြင် အရှေ့မိုစတာမြို့တွင် ခရိုအက်စစ်တပ်မှာ အရပ်သားများအား သတ်ဖြတ်မှု၊ ဗလီဝတ်ကျောင်းတော်များနှင့် နေအိမ်များအား ဖျက်ဆီးမှုများ ပြုလုပ်မည်ဆိုသည့် သတင်းများအား ရရှိသော်လည်း တာဆီးခဲ့ခြင်းမရှိပေ။

    Ref: BBC

  • သမိုင်းနဲ့ချီသည့် မတရားမှုများကို ဖြေရှင်းပေးမည်ဟု ဖိလစ်ပိုင်မွတ်စလင်များကို ဒူတာတေး ကတိပေး

    သမိုင်းနဲ့ချီသည့် မတရားမှုများကို ဖြေရှင်းပေးမည်ဟု ဖိလစ်ပိုင်မွတ်စလင်များကို ဒူတာတေး ကတိပေး

    နိုဝင်ဘာ ၂၉၊ ၂၀၁၇
    M-Media

    – ဖိလစ်ပိုင်မွတ်စလင်တွေ သမိုင်းနဲ့ချီ ခံစားခဲ့ရတဲ့ တရားမမျှတမှုတွေကို ပြေလည်အောင် ဆောင်ရွက်ပေးမယ်လို့ ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပါတယ်။

    နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့ (MILF) က တနင်္လာနေ့မှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ဒူတာတေးက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ခရစ်ယာန်တွေ၊ အခြား မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေလည်း တက်ရောက်ခဲ့ပါတယ်။

    ၁၉၇၀ ပြည့်နှစ်တွေကတည်းက မွတ်စလင်လက်နက်ကိုင်တွေဟာ တန်းတူအခွင့်အရေးရရေး၊ သူတို့ရဲ့ ဒေသဖြစ်တဲ့ တောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် ခွဲထွက်ခွင့်ရရေး တိုက်ပွဲဝင်လာကြတာဖြစ်ပြီး အဲဒီပဋိပက္ခကြောင့် လူပေါင်း ၁ သိန်း ၂ သောင်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    သူ့ဘိုးဘေးတွေက မွတ်စလင်တွေဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ ဒူတာတေးက ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် ပိုဆိုးလာမယ်လို့ ဆိုပါတယ်။

    “ဒီကနေ့ လုပ်ရမယ့်ကိစ္စက ဖိလစ်ပိုင်နိုင်ငံကို တည်တံ့စေဖို့နဲ့ သမိုင်းနဲ့ချီရှိခဲ့တဲ့ မတရားမှုတွေကို ဖြေရှင်းဖို့ပါ” လို့ ဒူတာတေးက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    စပိန်နဲ့ အမေရိကန် ကိုလိုနီတွေ အုပ်စိုးတဲ့အချိန်မှာ ခရစ်ယာန်တွေဟာ နိုင်ငံတောင်ပိုင်းက အစိတ်အပိုင်းတော်တော်များများကို ထိန်းချုပ်ကာ ဌာနေမွတ်စလင်တွေနဲ့ အခြားမျိုးနွယ်တွေကို ဖယ်ကျဉ်ခဲ့တယ်လို့ ဒူတာတေးက ဆိုပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အခြေမလှတော့တဲ့ IS အကြမ်းဖက်သမားတွေ ဖိလစ်ပိုင်ကို ရောက်လာမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားမယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

    အင်အား တစ်သောင်းလောက်ရှိတဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့ MILF ဟာ ၂၀၁၄ ခုနှစ်က အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီသဘောတူညီချက်အရ တောင်ပိုင်း မင်ဒါနာအိုပြည်နယ်ရဲ့ တစ်ချို့အစိတ်အပိုင်းတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိမှာဖြစ်ပါတယ်။

    IS ထောက်ခံသူတွေနဲ့ ဒေသတွင်း လက်နက်အဖွဲ့အချို့ပေါင်းပြီး မေလအတွင်းက မာရာဝီမြို့ကို သိမ်းပိုက်မှုမှာလည် MILF ဟာ ဖိလစ်ပိုင်စစ်တပ်နဲ့အတူ လက်တွဲ တွန်းလှန်ခဲ့ကာ အောက်တိုဘာလမှာ မြို့ကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

    MILF ရဲ့ ဌာနချုပ်မှာ ကျင်းပတဲ့ အဲဒီအခမ်းအနာကို မင်ဒါနာအိုက ကက်သလစ်အသင်းတော်ဂိုဏ်းချုပ် ကာဒီနယ် အော်လန်ဒို ကီဗီဒို၊ MILF ရဲ့ အဓိကပြိုင်ဘက် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မိုရိုအမျိုးသားလွတ်မြောက်ရေးတပ်ဦးက ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံတစ်ဝှမ်း ဘာသာစုံ၊ လူမျိုးစုံက တက်ရောက်ခဲ့ပါတယ်။

    အခမ်းအနားအတွက် ဖိလစ်ပိုင်စစ်တပ်နဲ့ ရဲတို့က လုံခြုံရေးယူပေးခဲ့ကြပြီး MILF တပ်ဖွဲ့ဝင်တွေကတော့ ဒီပွဲမှာ လက်နက်ကိုင်ဆောင်ခြင်း မရှိပါဘူး။

    Ref: Free Malaysia Today

  • ခြစားမှု စုံစမ်းခံရသည့်အတွက် တရုတ်စစ်တပ်အကြီးအကဲတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

    ခြစားမှု စုံစမ်းခံရသည့်အတွက် တရုတ်စစ်တပ်အကြီးအကဲတစ်ဦး ကိုယ့်ကိုယ်ကို သတ်သေ

    နိုဝင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    – တရုတ်စစ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးမှာ အာဏာပိုင်များက ခြစားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ပြီးနောက် နေအိမ်တွင် မိမိကိုယ်ကို သတ်သေသွားခဲ့သည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဗဟိုစစ်ကော်မရှင်၏ နိုင်ငံရေးဌာနမှ ဒါရိုက်တာ ကျန်းယန်ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့က အဆုံးစီရင်သွားခဲ့သည်။ ၎င်းကို ခြစားမှုနှစ်ခုနှင့် ဆက်နွယ်နေမှုအတွက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီးနောက် ယခုအဖြစ်အပျက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ၂၀၁၂ ခုနှစ်က စတင်ခဲ့သည့် သမ္မတ ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေးတွင် ထိပ်တန်းစစ်ခေါင်းဆောင်များ အပါအ၀င် ကွန်မြူနစ်ပါတီ အဆင့်ဆင့်မှ တာဝန်ရှိသူ ၁.၅ သန်းကို အရေးယူခဲ့ပြီး၊ ထိုလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ရှီက ပြီးခဲ့သည့်လတွင် ပြုလုပ်ခဲ့သော ကွန်မြူနစ်ပါတီ ညီလာခံတွင် ပြောကြားခဲ့သည်။

    ရှင်ဟွာသတင်းဌာနက ကျန်းယန်မှာ စည်းမျဉ်းစည်းကမ်းများနှင့် ဥပဒေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့ပြီး လာဘ်စားသည်ဟု သံသယအဖြစ်ခံရကြောင်း၊ ၎င်း၏ ပိုင်ဆိုင်မှုများအတွက် ၀င်ငွေရလမ်းကို ရှင်းရှင်းလင်းလင်း မပြနိုင်ကြောင်း ဖော်ပြခဲ့သည်။

    တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နေ့စဉ်သတင်းစာ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ကျန်းယန်မှာ မိမိကိုယ်ကို သတ်သေသည့်နည်းလမ်းဖြင့် ခေါင်းရှောင်သွားခြင်းဖြစ်ကြောင်း၊ ၎င်းမှာ မျက်နှာနှစ်မျိုးရှိပြီး တစ်ဖက်က တိုင်းပြည်ကို သစ္စာရှိသည်ဟု အော်နေသော်လည်း၊ တစ်ဖက်တွင် ခြစားမှုကို ကျူးလွန်နေကြောင်း ဖော်ပြထားသည်။

    “စစ်တပ်ဟာ လက်နက်တွေကိုင်ထားတာပါ။ အဲဒီနောက်မှာ ခြစားမှုကို ဘယ်လိုဖုံးကွယ်ထားတာမျိုးမှ ကျွန်တော်တို့ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။ ကျန်းယန်မှာ ပါတီမှ ထုတ်ပယ်ခံလိုက်ရသော စစ်တပ်အရာရှိများဖြစ်သည့် ဂိုဘိုရှောင်း၊ ရှီချိုင်းဟုန်တို့နှင့်လည်း ဆက်နွယ်မှုရှိသည်။

    စစ်ကော်မရှင်၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဂိုဘိုရှောင်းမှာ ခြစားမှုကြောင့် အရေးယူခံရသည့် တရုတ်စစ်တပ် အရာရှိများတွင် ရာထူးအမြင့်ဆုံးဖြစ်သည်။ ကော်မရှင် ဒုတိယဥက္ကဌတစ်ဦးပင်ဖြစ်သည့် ရှီမှာ စုံစမ်းစစ်ဆေးမှုခံနေရစဉ် ၂၀၁၅ ခုနှစ်က ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

    Ref: CNA

  • ချို့တဲ့သည့် နိုင်ငံခြားအလုပ်သမားများကို အခမဲ့ကျွေးမွေးမယ့် ဒူဘိုင်းက စားသောက်ဆိုင်

    ချို့တဲ့သည့် နိုင်ငံခြားအလုပ်သမားများကို အခမဲ့ကျွေးမွေးမယ့် ဒူဘိုင်းက စားသောက်ဆိုင်

    နိုဝင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    – တိုင်းပြည်ကို လာရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေ အစားအသောက်အတွက် ချွေတာနေရတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဒူဘိုင်းက စားသောက်ဆိုင်တစ်ချို့ဟာ အခမဲ့ အစားအသောက်တွေ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

    ဒူဘိုင်းမြို့ အလ်ဘာရှာရပ်ကွက်က Foul w Hummus ဂျော်ဒန်စားသောက်ဆိုင် အ၀င်အ၀မှာ “ခင်ဗျားတို့ ၀ယ်မစားနိုင်ဘူးဆိုရင် အခမဲ့ စားလို့ရပါတယ်။ ဒါဟာ အလ္လာဟ်အရှင်မြတ်ပေးတဲ့ လက်ဆောင်ပါ” လို့ အာရဘီ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲပေးထားပါတယ်။

    စားသောက်ဆိုင်ပိုင်ရှင် ဖာဒီ အေယဒ်က သူ့ဆိုင်နားမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက အလုပ်ကြမ်းသမားတွေ၊ အေဂျင်စီတွေကနေတစ်ဆင့် အလုပ်ရှာကြတဲ့ နိုင်ငံခြားသား လူငယ်တွေဟာ ပိုက်ဆံမလောက်ငှတဲ့အတွက် အစားအသောက် ၀၀၀လင်လင် မစားရတာကို ကြုံတွေ့ရတယ်လို့ ပြောပါတယ်။

    “လူတော်တော်များများ အထူးသဖြင့် အခုမှရောက်လာကြသူတွေဟာ ပိုက်ဆံအကန့်အသက်ရှိပြီး တစ်ခါတစ်လေဆိုရင် စားဖို့တောင် မလောက်ပါဘူး။ ဒါ့ကြောင့် သူတို့တွေကို ထောက်ပံ့ဖို့ စဉ်းစားခဲ့တာပါ” လို့ သူက ဆိုပါတယ်။

    အေယဒ်ဟာ ဂျော်ဒန်ကနေ ပြောင်းရွှေ့အခြေချလာသူတစ်ယောက်ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ဒီစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

    သူ့ဆိုင်မှာ အခုဆိုရင် တစ်နေ့ကို လူ ၁၀ ယောက်လောက်ကို ပုံမှန် ဒါနပြုနေရပြီး အလုပ်ကြမ်းသမားတွေ၊ အခုမှရောက်လာကြသူတွေကနေ အစားအသောက်ဖိုး မတတ်နိုင်တဲ့ မိသားစုတွေအထိ ပါဝင်ပါတယ်။

    “ကျွန်တော့်တို့ဟာ လူ့အဖွဲ့အစည်းတစ်ခုတည်းပါ။ တတ်နိုင်သလောက် တစ်ယောက်နဲ့တစ်ယောက် ဖေးမသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကနေ လှူဒါန်းတာမျိုးပေါ့” လို့ အသက် ၃၇ နှစ်အရွယ် အယေဒ်က ပြောပါတယ်။

    အလုပ်သမား ၁၅ ယောက်လောက်နဲ့ လည်ပတ်နေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ထားတဲ့ အီဂျစ်နိုင်ငံသား အသက် ၃၀ အရွယ် အမ်ရို မိုဟာမက်ကလည်း အေယဒ်ရဲ့ ဒီဒါနပြုမှုကို သဘောာကျပြီး လိုက်လုပ်ခဲ့သူပါ။

    ဒီအစီအစဉ်ကြောင့် ပတ်ဝန်းကျင်ကနေ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ရရှိပြီး အိမ်နီးချင်းတွေ၊ ဖြတ်သွားဖြတ်လာလုပ်သူတွေဟာ ငွေသားတွေ လှူဒါန်းကြတဲ့အထိ ရှိတယ်လို့ ဆိုပါတယ်။

    “စားဖို့အတွက် မတတ်နိုင်ပေမယ့် ရှက်ကြောက်ကြတဲ့သူတွေလည်း ရှိတယ်ဗျ။ ဆိုင်မှာ ဈေးအပေါဆုံးဆိုတာကို မှာကြတယ်။ အဲဒီလိုအခါမျိုးမှာ ကျွန်တော်တို့ ဒါနပြုလိုက်တယ်” လို့ မိုဟာမက်က ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ်အရင်က ယူအေအီးကို ရောက်ရှိခဲ့တာပါ။

    တစ်ခါတစ်ရံမှာ အလုပ်သမားအဖွဲ့တွေဟာ ဆိုင်ရှေ့က အခမဲ့ဆိုင်းဘုတ်ကိုကြည့်ပြီး ရပ်နေပေမယ့် မ၀င်ရဲတာကြောင့် သူတို့ကို ထွက်ပြီး ဖိတ်ခေါ်ရကြောင်း၊ တစ်ခါမှာ အသားညှပ်မုန့် သေးသေးလေးတစ်ခု မှာတဲ့ လူငယ် နိုင်ငံခြားသားအလုပ်သမားတစ်ယောက်ကို ဟင်းပွဲကြီး ချပေးလိုက်တဲ့အခါ ၀မ်းသာလွန်းလို့ ချုံးပွဲချငိုကြောင်း မိုဟာမက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားတဲ့ ကောင်းချီးမင်္ဂလာတွေကို ကျွန်တော်တို့ မျှဝေခံစားတာပါ။ ကမ္ဘာပေါ်မှာ လူကောင်းတွေလည်း ရှိနေတယ်ဆိုတာ လူတွေကို ကျွန်တော်တို့ ပြချင်ပါတယ်”

    Ref: Khaleejtimes

  • မြန်မာနိုင်ငံတွင် ဘာသာရေးခွဲခြားမှုမရှိဟု ကာကွယ်ရေးဦးစီးချုပ်က ပုပ်ရဟန်းမင်းကြီးကို ပြောဆို

    မြန်မာနိုင်ငံတွင် ဘာသာရေးခွဲခြားမှုမရှိဟု ကာကွယ်ရေးဦးစီးချုပ်က ပုပ်ရဟန်းမင်းကြီးကို ပြောဆို

    နိုဝင်ဘာ ၂၈၊ ၂၀၁၇
    M-Media

    ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် မြန်မာစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့သည့် ရှမ်းပြည်နယ်မှ ခရစ်ယာန်ကက်သလစ် ဘုရားကျောင်း

    – မြန်မာနိုင်ငံမှာ ဘာသာရေအရ ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး၊ မိမိတို့ တပ်မတော်မှာလည်း ဒီလို ခွဲခြားမှုမျိုးမရှိဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း
    ထုတ်ပြန်ပါတယ်။

    မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး သိမ်ဖြူလမ်းက စိန့်မေရီဘုရားကျောင်းမှာ သီတင်းသုံးနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ မနေ့ညနေပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

    အဲဒီတွေ့ဆုံမှုအတွင်းမှာ ကာကွယ်ရေးဦးစီးချုပ်က အခုလို မြန်မာနိုင်ငံကို လာရောက်တဲ့အတွက် ကြိုဆိုကြောင်း၊ ဘာသာတရားအားလုံးဟာ ငြိမ်းချမ်းဖို့၊ ညီညွတ်ဖို့၊ တရားမျှတဖို့ဆိုတဲ့ လောကပါလတရားကို လိုလားကြောင်း၊ မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဖိနှိပ်ဆက်ဆံခြင်းတွေမရှိဘဲ လွပ်လပ်စွာ ကိုးကွယ်ခွင့်ပြုထား
    ကြောင်း၊ မိမိတို့ တပ်မတော်ထဲမှာလည်း အတူတူပဲဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ဗာတီကန်ကတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ အထူးစစ်ဆင်ရေးဗျူရိုက အရာရှိ ၃ ဦးဟာ ပုပ်ရဟန်းမင်းကြီးနဲ့ ၁၅ မိနစ်ကြာ တွေ့ဆုံစကားပြောခဲ့ပြီး ‘လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ နိုင်ငံအာဏာပိုင်တွေရဲ့တာဝန်ဟာ အလွန်ကြီးကြောင်း’ ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
    တွေ့ဆုံမှု အသေးစိတ်ကိုတော့ ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ ဂရက်ဂ်ျ ဘာကီက မထုတ်ပြန်ခဲ့ပါဘူး။

    ပုပ်ရဟန်းမင်းကြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဖို့ မူလအစီအစဉ်ဟာ ဗုဒ္ဓဟူးနေ့မှာဖြစ်ပေမယ့် ဘာ့ကြောင့် အစီအစဉ် ပြောင်းသွားလဲဆိုတာကို မသိရှိရပါဘူး။

    Ref: တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Facebook စာမျက်နှာ၊ The Guardian