News @ M-Media
Blog
  • ဆီးရီးယားအရေး ရုရှား၊ တူရကီနှင့် အီရန်တို့ ဆွေးနွေးမည်
    ဆီးရီးယားအရေး ရုရှား၊ တူရကီနှင့် အီရန်တို့ ဆွေးနွေးမည်
    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    – ဆီးရီးယားပြဿနာအတွက် ရုရှား၊ အီရန်နှင့် တူရကီခေါင်းဆောင်များမှာ ရုရှားနိုင်ငံ ကမ်းရိုးတမ်းမြို့ ဆိုချီတွင် တွေ့ဆုံဆွေးနွေးရန် ရှိနေသည်ဟု သိရသည်။
    ခေါင်းဆောင် ၃ ဦးမှာ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံသွားမည်ဖြစ်ပြီး တနင်္ဂနွေနေ့တွင်လည်း အဆိုပါ ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ တူရကီကမ်းရိုးတန်းမြို့ အန်တာလ်ယာတွင် ထပ်မံတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဆီးရီးယား၌ ဓာတုလက်နက် အသုံးပြုမှု ရှိ၊ မရှိ ကုလ၏ စုံစမ်းစစ်ဆေးမှုအဖွဲ့၏ တာဝန်ကို သက်တမ်းထပ်တိုးရေး ကုလလုံခြုံရေးကောင်စီတွင် အမေရိကန်က တင်သွင်းသည့် အဆိုနှင့် ဂျပန်က တင်သွင်းသည့် အဆိုပါအဖွဲ့၏ တာဝန်ကို ယာယီထပ်တိုးရေး အဆိုတို့ကို ရုရှားက ဗီတိုအသုံးပြု ပယ်ချခဲ့ပြီးနောက် ယခုအစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။
    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ရုရှားမှာ ဆီးရီးယားတွင် ဓာတုတိုက်ခိုက်မှု တားဆီးရေး နိုင်ငံတကာ၏ ကြိုးပမ်းမှုကို နှောက်ယှက်နေသည်ဟု ပြောကြားခဲ့သည်။
    ရုရှားသမ္မတပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဗုဒ္ဓဟူးနေ့ ဆွေးနွေးမှုတွင် ၃ နိုင်ငံသာ ပါဝင်မည်ဖြစ်ပြီး ထိုနိုင်ငံများမှာ လက်ရှိ ဆီးရီးယားတွင် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စများကို အာမခံပေးသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ပေါ့ပေါ့ပါးပါးကိုယ်လက်လှုပ်ရှားခြင်းက အသက်ကြီးသူများတွင် နာတာရှည်ရောဂါကို ကာကွယ်ပေးနိုင်
    ပေါ့ပေါ့ပါးပါးကိုယ်လက်လှုပ်ရှားခြင်းက အသက်ကြီးသူများတွင် နာတာရှည်ရောဂါကို ကာကွယ်ပေးနိုင်
    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    – အသက်အရွယ်အိုမင်းလာတဲ့ အမျိုးသမီးတွေအနေနဲ့ အိမ်မှုကိစ္စလို ပေါ့ပေါ့ပါးပါး အလုပ်တွေကို လုပ်ပေးခြင်းအားဖြင့် နာတာရှည်ရောဂါတွေ ဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်ပြီး အသက်ရှည်ရှည်နေထိုင်မယ့် အလားအလာကို ပိုမိုမြင့်တက်စေတယ်လို့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။
    အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ဆန်ဒီယေဂိုဆေးကျောင်းက ပါမောက္ခ အန်ဒရီယာ လာခရိုအစ် ဦးဆောင်တဲ့အဖွဲ့ဟာ ဒီသုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး ရလဒ်ကို အခုတစ်ပတ်အတွင်း American Geriatrics Society ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
    သူတို့အဖွဲ့ဟာ အသက် ၆၃ နှစ်ကနေ ၉၉ နှစ်အတွင်းရှိတဲ့ အမျိုးသမီး ၆၃၀၀ ကို ၄ နှစ်ခွဲကြာ စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်ပါတယ်။
    “ပေါ့ပေါ့ပါးပါး ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပထမဆုံး ကိရိယာအသုံးပြု လေ့လာခဲ့တဲ့ ကျွန်မတို့ရဲ့ သုတေသနအရ အသက်ကြီးကြီးအမျိုးသမီးတွေမှာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ တွေ့ခဲ့ရတာဖြစ်ပါတယ်” လို့ ပါမောက္ခ လာခရိုအစ်က ပြောကြားခဲ့ပါတယ်။
    အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားပေးခြင်းအားဖြင့် အချိန်မတိုင်ခင် သေဆုံးနိုင်ချိန်ကို ၁၂ ရာခိုင်နှုန်း လျော့ကျစေကာ၊ အလယ်အလတ်လေ့ကျင့်ခန်းတွေကတော့ ၃၉ ရာခိုင်နှုန်းလောက် လျော့ကျစေတာကို တွေ့ခဲ့ရပါတယ်။
    ဒီသက်ရောက်မှုဟာ လူမျိုး၊ အသားအရောင်၊ အသက်အရွယ်နဲ့ ခန္ဓာကိုယ်အလေးအချိန်မရွေး အတူတူပဲဖြစ်တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။
    အမေရိကန် ရောဂါဘယ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာ (CDC) က အသက်အရွယ်ကြီးရင့်သူတွေအနေနဲ့ ခပ်သွက်သွက်လမ်းလျှောက်တာလို ကိုယ်လက်လှုပ်ရှားမှုမျိုးကို တစ်ပတ်ကို ၂ နာရီခွဲလာက်၊ ဒီထက်ပိုပြင်းထန်တဲ့ လေ့ကျင်ခန်းမျိုးကို ၇၅ မိနစ်လောက် လုပ်ဖို့လိုတယ်လို့ အကြံပြုထားတာပါ။
    အခုတွေ့ရှိချက်အရ ပြင်းပြင်းထန်ထန်မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုမျိုးဟာ နာတာရှည်ရောဂါအန္တရာယ်ကို လျှော့ချရာမှာ CDC ရဲ့ အကြံပြုချက်လောက်ကို ထိရောက်တယ်လို့ ပြသနေပါတယ်။
    ပရော်ဖက်ဆာ လာခရိုအစ်က အသက်အရွယ်ကြီးသူတွေဟာ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါမှာ ငယ်ရွယ်သူတွေထက်ပိုပြီး အင်အားသုံးရကြောင်း၊ ဆိုဖာရွှေ့တာမျိုး၊ ခုံရွှေ့တာမျိုးလို ကိစ္စလေးတွေက သူတို့ရဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref: Medical News Today
  • မူဂါဘီနှုတ်ထွက်ရန် ဇင်ဘာဘွေပြည်သူများနှင့် ၎င်း၏ ပါတီတို့ တောင်းဆို
    မူဂါဘီနှုတ်ထွက်ရန် ဇင်ဘာဘွေပြည်သူများနှင့် ၎င်း၏ ပါတီတို့ တောင်းဆို
    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    – အာဏာရှင် ရောဘတ်မူဂါဘီ နှုတ်ထွက်ရန် ဇင်ဘာဘွေ ပြည်သူများက အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီးနောက် ၎င်း၏ ပါတီအတွင်းမှ ခေါင်းဆာင်များကလည်း မူဂါဘီ ရာထူးမှ ဆင်းပေးရန် တိုက်တွန်းခဲ့ကြသည်။
    ဇင်ဘာဘွေစစ်တပ်မှာ ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင်အသံလွှင်ဌာနနှင့် အစိုးရရုံးများကို သိမ်းပိုက်ခဲ့ပြီး မူဂါဘီ၏ မိသားစုများကိုလည်း ထိန်းသိမ်းခဲ့သည်။
    လက်ရှိတွင် တိုင်းပြည်၏ ခရစ်ယာန်ကက်သလစ်အသင်းတော် အကြီးအကဲ၊ တောင်အာဖရိကမှ ကိုယ်စားလှယ်များမှာ မူဂါဘီနှင့် စစ်တပ်အကြား ညှိနှိုင်းပေးနေကြပြီး ပြည်သူများက အသက် ၉၃ နှစ်အရွယ် အာဏရှင် တိုင်းပြည်အား ဆက်လက်အုပ်စိုးမှုကို မလိုလားတော့ပေ။
    မူဂါဘီဦးဆောင်သည့် အာဏာရပါတီ Zanu-PF Youth League မှ ခေါင်းဆောင်များကလည်း ယနေ့မနက်ပိုင်းတွင် မူဂါဘီနှင့် ဇနီးဖြစ်သ ဂရေ့စ်မူဂါဘီတို့အား ရာထူးမှ နှုတ်ထွက်ရန် ထပ်မံတောင်းဆိုခဲ့သည်။
    ယမန်နေ့တွင် ဇင်ဘာဘွေပြည်သူများမှာ မြို့တော် ဟာရာရီတွင် သီချင်းများကျယ်လောင်စွာဖွင့်ကာ နိုင်ငံတော်ဧည့်ဂေဟာသို့ ချီတက်လမ်းလျှောက်၍ မူဂါဘီနှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဇင်ဘာဘွေပြည်သူများ ယခုကဲ့သို့ မူဂါဘီအား ဆန့်ကျင်ဆန္ဒပြမှုမှာ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
    Ref: Aljazeera
  • ရိုဟင်ဂျာကိစ္စ နိုင်ငံတကာက ၀င်ပါမှု တရုတ်မလိုလား
    ရိုဟင်ဂျာကိစ္စ နိုင်ငံတကာက ၀င်ပါမှု တရုတ်မလိုလား
    နိုဝင်ဘာ ၁၉၊ ၂၀၁၇
    M-Media
    တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ
    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ပြဿနာကို နိုင်ငံတကာက ဖြေရှင်းတာထက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့က ဆွေးနွေးညှိနှိုင်းကာ ဖြေရှင်းဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာက တရုတ်သံရုံးမှာ အကျဉ်းရုံးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀မ်ယီက နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အခြေအနေကို ရှုပ်ထွေးအောင်မလုပ်သင့်ဘဲ ကုလလုံခြုံရေးကောင်စီရဲ့ လုပ်ဆာင်မှုတွေဟာ ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ပူးပေါင်းေ
    ဆာင်ရွက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုကနေတစ်ဆင့် ဒီပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ တရုတ်က ထောက်ခံပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
    ဒီပြဿနာဟာ ရှုပ်ထွေးပြီး ပြီးပြည့်စုံတဲ့ အဖြေတစ်ခု လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပြီး ဒီအတွက် တရုတ်က ကူညီဖို့ အစီအစဉ်ရှိကြောင်းလည်း ၀မ်ယီက ဆိုပါတယ်။
    စောစောပိုင်းမှာ ၀မ်ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာပြဿနာဖြေရှင်းရေး တရုတ်က ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မဟ်မူဒ် အလီက မိမိတို့တိုင်းပြည်ဟာ ဒုက္ခသည်တွေရဲ့ ၀န်ထုပ်ဝန်ပိုးကို မထမ်းနိုင်တာကြောင့် ဒီကိစ္စကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နည်းလမ်း ၂ မျိုးစလုံးနဲ့ ဖြေရှင်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ တရုတ်နိုင်ငံက ဒီပြဿနာမှာ ဘက်လိုက်မှာမဟုတ်ဘဲ၊ ဘင်္ဂလားဒေ့ရှ်ဟာ ဒုက္ခသည်ပြဿနာကို ခါးစီးခံနေရတယ်ဆိုတာကို နားလည်လက်ခံကြောင်း ၀မ်ယီက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    Ref: Reuters