News @ M-Media

Blog

  • နိုင်ငံရေး၊ စီးပွားရေး ဝန်းရံကာကွယ်ပေးမယ့် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု

    နိုင်ငံရေး၊ စီးပွားရေး ဝန်းရံကာကွယ်ပေးမယ့် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု

    နိုဝင်ဘာ ၁၁ ၊ ၂၀၁၇
    မောင်ရဲဝင်း (တောင်ကြီး)

    ‘အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မယ်’ ဆိုတာဟာ တကယ့်လက်တွေ့မှာ စီးပွားရေးအရ လက်တွဲဖြုတ်တယ်၊ ဒဏ်ခပ်တယ် ဆိုတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လမ်းနိုင်ရေးအတွက် ဝန်းရံပေးတာဖြစ်တယ်လို့ အမေရိကန်အမတ်တွေက ယူဆကြပါတယ်။ စီးပွားရေးအမြင်နဲ့ အပေါ်ယံကြည့်မယ်ဆိုရင် ဒီသတင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်သွားနိုင်စရာရှိပြီး အခြားစီးပွားရေးစီမံကိန်းတွေကိုပါ ထိခိုက်နိုင်တယ်။ ဒါပေမယ့် အမေရိကန် လွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေမူကြမ်းတွေကတော့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အပြုသဘောဆောင်တဲ့ အချက်အလက်တွေ အဓိက ပါရှိတာကိုတွေ့ရပါတယ်။

    ၂၀၀၃ ခုနှစ် နဲ့ ၂၀၁၆ ခုနှစ်အကြား ချမှတ်ခဲ့တဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုဟာ စစ်အာဏာရှင်ကို တိုက်ရိုက်ဆန့်ကျင်တာဖြစ်တဲ့ အတွက် ရှင်းတယ်။ အနောက်တိုင်းနိုင်ငံအများစုနဲ့ အတိုက်အခံအင်အားစု၊ တော်လှန်ရေးအင်အားစုတွေကလည်း အင်တိုက်အားတိုက် ထောက်ခံခဲ့ကြတယ်။ အခုက ပြည်သူတွေ လိုလားပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရခေတ်ကိုရောက်နေပြီ။ အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ သတင်းနဲ့အတူ ထောက်ခံတယ်၊ မထောက်ခံဘူး၊ နည်းနည်းလျော့လုပ်၊ ခပ်နာနာထောင်း အစရှိသဖြင့် အသံပေါင်းစုံ ထွက်လာတယ်။ သဘောထား ကွဲလွဲတာတွေ ရှိလာတယ်။

    ဒါပေမယ့် “စီးပွားရေးပိတ်ဆို့တယ်” ဆိုတဲ့ ဝေါဟာရကြီးတခုကိုကြည့်ပြီး ‘ထောက်ခံတယ်’၊ ‘ကန့်ကွက်တယ်’ လို့ အလွယ်တကူ ကောက်ချက်ချလို့တော့မရပြန်ဘူး။ စီးပွားရေးပိတ်ဆို့တယ်ဆိုတာ အမေရိကန်နိုင်ငံရဲ့ ဥပဒေအပိုင်းအစတခုဖြစ်တယ်၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ရပ်တည်ချက်ဖြစ်တယ်။ ဒါကြောင့် ဖြစ်ကြောင်းကုန်စင် အားလုံးကို ခြုံကြည့်ဖို့လိုတယ်။ သက်ဆိုင်တဲ့ ဥပဒေ တရပ်လုံးကို လေ့လာဖို့လိုတယ်။

    သမ္မတ အိုးဘားမားက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအောင်ပွဲဟာ သူ့ရဲ့ သံတမန်ရေးရာအောင်ပွဲတရပ်ဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့ပြီး သူ့ရဲ့ သက်တမ်းမကုန်ခင်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကျန်ရှိနေတဲ့ စီးပွားရေးပိတ်ဆို့မှုကို ပယ်ဖျက်ခဲ့တယ်။ သမ္မတ အိုဘားမားရဲ့ လုပ်ရပ်ဟာ ခြေလမ်းကျဲလွန်းတယ်လို့ အမေရီကန်နိုင်ငံရေးသမား တချို့ကဆန့်ကျင်ခဲ့ကြပေမယ့် ‘မြန်မာနိုင်ငံဘက်က နောက်ကြောင်းပြန်လှည့်ရင်၊ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ပေါ်လစီကလည်း အချိန်မရွေး နောက်ကြောင်းပြန်လှည့်မယ်’လို့ တုန့်ပြန်ခဲ့တယ်။

    မြန်မာနိုင်ငံအပေါ် နှစ်ရှည်လများထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းလိုက်ပြီး (၁) နှစ်မပြည့်ခင်မှာပဲ စီးပွားရေး ပိတ်ဆို့ဖို့ အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာပါ ဆွေးနွေးမှုတွေ စတင်လာခဲ့ပြန်တယ်။ အစပိုင်းမှာ အမေရိကန်လွှတ်တော်နှစ်ရပ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပေါ်လစီပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး နိုင်ငံခြားရေးရာကော်မတီကို သဘောထားတွေ၊ လမ်းညွန်မှုတွေ ပေးပို့ခဲ့ကြတယ်။

    အထက်လွတ်တော်က စက်တင်ဘာလ (၇) ရက်နေ့ နေ့စွဲ့နဲ့ ဆုံးဖြတ်ချက်အမှတ် S.RES.250၊ အောက်လွှတ်တော်က စက်တင်ဘာ (၁၄) ရက်နေ့ နေ့စွဲနဲ့ ဆုံးဖြတ်ချက်အမှတ် H.RES. 528 တွေချမှတ်ခဲ့တယ်။ အဲဒီမတိုင်ခင်ကလည်း အမေရိကန်နိုင်ငံရဲ့ လုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်တွေမှာ ဆုံးဖြတ်ချက်တွေ မကြာခဏ ချမှတ်ပြီး နိုင်ငံခြားရေးရာကော်မတီကို လမ်းညွန်ချက်တွေ ပေးလေ့ရှိတယ်။

    စက်တင်ဘာလအတွင်းမှာ လွှတ်တော်နှစ်ရပ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စကို အဓိကဦးတည်တယ်။ လွှတ်တော်နှစ်ရပ်လုံးရဲ့ ရပ်တည်ချက်တွေကလည်း တူတယ်။ ARSA အဖွဲ့ကို ရှုတ်ချတယ်၊ မြန်မာစစ်တပ်ကို ရှုတ်ချတယ်၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်၊ UN စုံစမ်းစစ်ဆေးရေးကို ခွင့်ပြုပေးဖို့ တောင်းဆိုတယ်၊ ဒေါ်စုကိုလည်း ငြိမ်ချမ်းရေးနိုဘလ်ဆုရစဉ်က ပြောခဲ့တဲ့စကားအတိုင်း အပြောနဲ့အလုပ် ညီဖို့တိုက်တွန်းတယ်။

    အခြေအနေ တိုးတက်ပြောင်းလဲမှုမရှိလာတဲ့အတွက် နိုဝင်ဘာ (၇) ၇က်နေ့မှာ လွှတ်တော်နှစ်ရပ်ပူးတွဲ ဆုံးဖြတ်ချက်အမှတ် H. Con. Res. 90 ကိုထပ်တင်တယ်။ ဒီတခါ ထပ်တိုးလာတာက တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကို နာမည်တပ်ပြီး မြန်မာစစ်တပ်က ထိုးစစ်ဆင်နေတာတွေကို ရှုတ်ချတယ်၊ ဒုက္ခသည်တွေအပေါ်လူသားချင်စာနာထောက်ထားတဲ့ အကူအညီတွေ ပေးဖို့တိုက်တွန်းတယ်၊ ဒုက္ခသည်တွေကိုပြန်လည်ခေါ်ယူ နေရာချထားရေး စီစဉ်ဖို့ တိုက်တွန်းတယ်၊ လူ့အခွင့်အရေးချိုးဖောက်သူတွေအပေါ် စီးပွားရေးပိတ်ဆို့မှု လုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းတယ်။

    တကယ်တန်း စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ ကဏ္ဍကတော့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး အတည်ပြုပေးရမယ့် အက်ဥပဒေတွေရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ ဒီကိစ္စကို နိုဝင်ဘာလ (၂) ရက်နေ့မှာ လွှတ်တော်နှစ်ရပ်လုံးက ဥပဒေမူကြမ်းတင်သွင်းထားပြီးပြီဖြစ်တယ်။ အထက်လွှတ်တော် က အပိုဒ်ခွဲ (၁၃) ပိုဒ်ပါတဲ့ ‘မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အက်ဥပဒေ’ အဖြစ် S.2060. Burma Human Rights and Freedom Act of 2017၊ အောက်လွှတ်တော်က အပိုဒ်ခွဲ (၁၂) ပိုဒ် ပါတဲ့ ‘မြန်မာနိုင်ငံ အက်ဥပဒေ’ H.R. 4223 Burma Act of 2017 တို့ပဲဖြစ်တယ်။

    လွှတ်တော်နှစ်ရပ်မှာတင်ထားတဲ့ မူကြမ်းတွေဟာ ခပ်ဆင်ဆင်ဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားတွေဦးဆောင် တင်သွင်းထားတာဖြစ်တယ်။ ပါတီနှစ်ရပ်လုံးကလည်း သဘောထား တိုက်ဆိုင်နေတယ်။ အခုအချိန်မှာ ထောက်ခံတဲ့ အမတ်ဦးရေ နည်းနေသေးပေမယ့် အတည်ပြုနိုင်တဲ့ အလားအလာ လွှတ်တော် နှစ်ရပ်လုံးမှာရှိနေတယ်။ လွှတ်တော်နှစ်ရပ်အတွင်းမှာ တင်ထားတဲ့ မူကြမ်းနှစ်ခုအကြား မတူညီတဲ့ အချက်အလက် အနည်းငယ်ရှိပေမယ့် အခြေခံအချက်အလက်တွေကတော့ တူတယ်။ ဒါကြောင့် ဒီလွှတ်တော် နှစ်ရပ်မှာ တင်ထားတဲ့ ဥပဒေမူကြမ်းနှစ်ခုပေါင်းပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ဥပဒေသစ်တရပ် မကြာခင် ထွက်ပေါ်လာနိုင်ဖွယ်ရာရှိတယ်။

    စီးပွားရေး ပိတ်ဆို့မယ်ဆိုတာက ဒီဥပဒေက ပြဌာန်းပေးမှာဖြစ်တယ်။ ဒါဆိုရင် ဒီဥပဒေမူကြမ်းတွေမှာ ဘာတွေရေးထားလဲ၊ ဘယ်ပုံဘယ်နည်းနဲ့ ပိတ်ဆို့မှာလဲ၊ ဘယ်သူတွေကို ပစ်မှတ်ထားသလဲ။ ဒါတွေကို အရင် သုံးသပ်ကြည့်ကြဖို့လိုတယ်။ နိုင်ငံတနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဥပဒေတရပ် ပြဌာန်းမှာဖြစ်တဲ့အတွက် ဥပဒေမူကြမ်းဟာလည်း တနိုင်ငံလုံးသက်ဆိုင်တဲ့ အချက်အလက်တွေ ပါတယ်။

    ဒါကြောင့် ဒီဥပဒေမူကြမ်းတွေမှာ ရခိုင်ပြည်နယ်အရေးကိစ္စအပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ၂၁ ရာစုပင်လုံညီလာခံ ကိစ္စ၊ ကချင်နဲ့ ရှမ်း ပြည်နယ်တွေမှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေကိစ္စ၊ ကချင်းနဲ့ ရှမ်း ဒုက္ခသည်ကိစ္စ၊ လွှတ်တော်ထဲက စစ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေဥပဒေပြင်ဆင်ရေးကိစ္စ၊ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနဲ့ ဝ ခေါင်းဆောင် Wei Hsueh Kang တို့ အမြတ်ထုတ်နေတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကိစ္စ တွေလည်း တွင်တွင်ကျယ်ကျယ် ထည့်သွင်းထားတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကိစ္စကြောင့် မြန်မာနိုင်ငံကို အာရုံစူးစိုက်မှုများလာတာမှန်ပေမယ့် မြန်မာနိုင်ငံတဝှမ်းမှာဖြစ်ပျက်နေတဲ့ ပြဿနာအရပ်ရပ်ကို ခြုံကြည့်တဲ့အခါ စစ်အာဏာရှင် အကြွင်းအကျန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်က ယူဆတယ်။ ဒါကြောင့် နိုင်ငံရေး၊ စီးပွားရေးမှာ ချယ်လှယ်နေတဲ့ စစ်အရာရှိ တချို့ကို စီးပွားရေးပိတ်ဆို့မှုလုပ်မယ်ဆိုတဲ့ ကဏ္ဍတွေထည့်သွင်းလာတာဖြစ်တယ်။

    မြန်မာစစ်တပ်ကို စစ်ရေးအရ အကူအညီမပေးဘူး၊ အကာအကွယ်မပေးဘူး၊ ပူးတွဲစစ်လေးကျင့်မှုတွေ မပြုလုပ်ဘူးဆိုတဲ့ အချက်ရယ်၊ မြန်မာနိုင်ငံက ကျောက်စိမ်း နဲ့ ပတ္တမြား တင်သွင်းတာကို ပိတ်ပင်မယ်ဆိုတဲ့အချက်ရယ်၊ ဥပဒေအတည်ပြုပြီး ရက်ပေါင်း (၉၀) အတွင်း ကော်မတီတရပ်ဖွဲ့စည်းပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို စာရင်းပြုစုမယ်၊ စာရင်းထဲမှာ ပါလာတဲ့သူတွေကို ပြည်ဝင်ခွင့်ပိတ်မယ်၊ စီးပွားရေး ပူးတွဲ လုပ်ဆောင်ခွင့်ပိတ်မယ်၊ ဘဏ္ဍာရေးအကူအညီတွေကို ဒီစာရင်းဝင်သူတွေနဲ့ ပူးတွဲမလုပ်ဆောင်ဘူး ဆိုတဲ့အချက်တွေဟာ ဒီဥပဒေမူကြမ်းထဲမှာပါတဲ့ စီးပွားရေးပိတ်ဆို့မယ်ဆိုတဲ့ ကဏ္ဍပဲဖြစ်ပါတယ်။ လက်ရှိ မူကြမ်းထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ် မောင်မောင်စိုး၊ ဗိုလ်ချုပ် ခင်မောင်စိုး တို့ သုံးဦးကိုတော့ နာမည်စာရင်းနဲ့ တကွဖော်ပြထားပြီး အသေးစိတ်ကိုတော့ ဥပဒေ အတည်ပြုပြီးမှသာ စာရင်းပြုစုမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မြန်မာခရီးစဉ်မှာ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့မဟုတ်ပဲ တဦးချင်းစီအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေလုပ်နိုင်ဖွယ်ရှိတယ်လို့ ပြောသွားတာပါ။

    စီးပွားရေးပိတ်ဆို့မယ်လို့ အပေါ်ယံသာ လူသိများတဲ့ ဒီဥပဒေမူကြမ်းတွေရဲ့ ထူးခြားချက်ကတော့ လက်ရှိမြန်မာအစိုးရကို စီးပွားရေးအရ အကူအညီပေးမယ်ဆိုတဲ့ အချက်ပါပဲ။ မြန်မာ့စီးပွားရေး ကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်အရာရှိတွေနဲ့ ခရိုနီအသိုင်းအဝိုင်း တို့ကို ရင်ဘောင်တန်းနိုင်မယ့် အရပ်သား သာမာန် စီးပွားရေးသမားတွေကို မြေတောင်မြှောက်ပေးဖို့ စီးပွားရေး ပေါ်လစီရေးဆွဲရာမှာ အကူအညီပေးမယ်၊ နည်းပညာတွေကူညီမယ်၊ ပူးပေါင်းဆောင်ရွက်ပေးမယ် ဆိုတာလည်း ပါရှိပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်စားနေတဲ့ စစ်အရာရှိတွေရဲ့ အသိုင်းအဝိုင်းက အဓိက အထိနာမှာဖြစ်ပြီး ဒီဂယက်က အရပ်သား အစိုးရကို အတိုင်းအတာ တခုအထိပဲ ထိခိုက်မှာဖြစ်ပါတယ်။ ရေရှည်မှာတော့ သာမန်ပြည်သူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အကူအညီတွေ ရရှိပြီး ခရိုနီတွေနဲ့ ယှဉ်ပြိုင်လာနိုင်မှာ ဖြစ်ပါတယ်။

    ဒါဟာ မြန်မာ့အရေး ကိုင်တွယ်ရာမှာ ဒေါ်စု ဦးဆောင်တဲ့ အစိုးရကို ထိခိုက်နစ်နာစေမယ့် မူဝါဒတွေကို ရှောင်ကြဉ်ကြဖို့ မားမားမတ်မတ်ရပ်တည်နေတဲ့ အမေရိကန်လွှတ်တော်အမတ်တွေ ရှိနေလိုပဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ထိပ်ဆုံးက ရီပါပလစ်ကန် ပါတီ ခေါင်းဆောင် မခ်ျမက္ကောနီ (Mitch McConnell) ပါပဲ။

    သူရဲ့ ရပ်တည်ချက်က ရှင်းတယ်။ ဒေါ်စုကို ဆွဲချရင်၊ ဒေါ်စုဂုဏ်ကျရင်၊ သိက္ခာကျရင်၊ အာဏာမဲ့ရင်၊ လူထုထောက်ခံမှုကျရင် စစ်တပ်ကို ယှဉ်နှိုင်မှာမဟုတ်တော့ဘူး လို့ သူက အခိုင်အမာယုံကြည်ထားတယ်။ ဒါကြောင့် ဒေါ်စု အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ အကျပ်အတည်းထဲ ထပ်ထိုးထည့်ပေးတဲ့ မူဝါဒမှန်သမျှကို ဆန့်ကျင်ကန်ကွက်မယ်လို့ အတည့်အလင်းကြေညာထားပါတယ်။ ဒေါ်စုမှာ စစ်တပ်ကို မလွန်ဆန်နိုင်တဲ့ အတားအဆီးတွေရှိနေရင် ဝိုင်းဖယ်ရှားပေးရမယ်၊ ဒေါ်စုဟာ စစ်တပ်ထက် ခြေတလှမ်းသာနေဖို့လိုတယ် လို့ သူယုံကြည်တယ်။ ကူညီဖို့ အမြဲအဆင်သင့်ရှိတဲ့သူဖြစ်တယ်။ သူဟာ ဝါရင့်နိုင်ငံရေးသမား၊ ရီပါပလစ်ကန် အမတ်ခေါင်းဆောင် ဖြစ်တဲ့အတွက် တခြားအမတ်တွေကိုလည်း လွှမ်းမိုးနိုင်တယ်၊ စည်းရုံးနိုင်တယ်။ သူလို့ ဒေါ်စုကို အထိမခံတဲ့ အမတ်တွေလည်း အမေရိကန် လွှတ်တော်ထဲမှာ အထိုက်အသင့်ရှိတယ်။

    သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့ဖူးတဲ့ မာကိုရုဘီယို၊ ဘာနီဆန်ဒါ၊ ဂျွန်မကိန်း တို့ကလည်း မခ်ျမက္ကောနီ လောက် ဒေါ်စုကို စွဲစွဲလန်းလန်းမဟုတ်ပေမယ့်၊ စီးပွားရေးပိတ်ဆို့တဲ့အထဲ ဒေါ်စုကို ဆွဲထည့်ဖို့မလိုဘူးလို့ လက်ခံထားကြတယ်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတ အိုဘားမားကို မဲရှုံးခဲ့တဲ့ ရီပါပလစ်ကန် ဝါရင့်အမတ် ဂျွန်မတ်ကိန်း ကိုယ်နှိုက် အထက်လွှတ်တော်က ဥပဒေမူကြမ်းကို တင်သွင်းခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေကို စီးပွားပိတ်ဆို့မယ်၊ ဒေါ်စုအစိုးရကိုကူညီမယ် ဆိုတဲ့ မူကို အခြေခံထားတာဖြစ်ပါတယ်။

    ဒါကြောင့် စီးပွားရေးပိတ်ဆို့တယ်ဆိုတဲ့ ကဏ္ဍတခုတည်းကို ကွက်ကွင်းကြည့်မနေပဲ တခုလုံးကိုခြုံကြည့်တဲ့အခါ မြန်မာ့နိုင်ငံရေး၊ စီးပွားရေးမှာ အပြုသဘောဆောင်တဲ့ မူဝါဒတွေအပေါ် အခြေခံထားတာကို တွေ့ရမှာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်ကိစ္စတခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးကို အားပေးတဲ့ မူဝါဒကို အခြေခံတာဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

    ** ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။

  • ပါလက်စတိုင်းအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ဂါဇာနယ်ခြား ပြန်ဖွင့်

    ပါလက်စတိုင်းအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ဂါဇာနယ်ခြား ပြန်ဖွင့်

    နိုဝင်ဘာ ၁၈၊ ၂၀၁၇
    M-Media

     နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနသည့် ပါလက်စတိုင်းပြည်သူများ

    – နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ဂါဇာကမ်းမြှောင်ရှိ အီဂျစ်-ဂါဇာနယ်ခြားကို ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အစ္စရေး၏ ဖိနှိပ်ပိတ်ဆို့မှုများကြောင့် အတိဒုက္ခရောက်နေကြသည့် ပါလက်စတိုင်းပြည်သူများအတွက် မျှော်လင့်ချက်များ ရှင်သန်လာခဲ့သည်။

    ၂၀၀၇ ခုနှစ်တွင် ကမ်းမြှောင်အား ဟားမက်စ်အဖွဲ့က ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်ခြားကို အီဂျစ်က အမြဲလိုလို ပိတ်ထားခဲ့ပြီး တစ်ခါတစ်ရံမှသာ ဖွင့်ပေးခဲ့သည်။

    ပြီးခဲ့သည့်လ အီဂျစ်ကြားဝင်သည့် ဟားမက်စ်နှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့၏ ရင်ကြားစေ့ရေး ကြိုးပမ်းမှု အောင်မြင်ခဲ့ပြီးနောက် ဟားမက်စ်မှာ အီဂျစ်၊ အစ္စရေးတို့နှင့် နယ်စပ်ဖြတ်ကျော်မှု စီမံခန့်ခွဲရေးကို သမ္မတ မဟ်မူးဒ်အဘတ်စ် ဦးဆောင်သည့် အစိုးရအဖွဲ့အား လွှဲအပ်ခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားမှု အီဂျစ်က နယ်စပ်ပိတ်ထားမှုတို့ကြောင့် ဂါဇာပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ယခုကဲ့သို့ နယ်စပ်ပြန်ဖွင့်နိုင်မှုက ၎င်းတို့၏ ဒုက္ခသုက္ခများကို ပြေလည်စေနိုင်မည်ဟု ပြည်သူ
    များက မျှော်လင့်နေကြသည်။

    Ref: Alarabiya

     

  • အစ္စလာမ့်တပ်ပေါင်းစု၏ ပထမအကြိမ်အစည်းအဝေးကို လာမည့်သီတင်းပတ်တွင် ပြုလုပ်မည်

    အစ္စလာမ့်တပ်ပေါင်းစု၏ ပထမအကြိမ်အစည်းအဝေးကို လာမည့်သီတင်းပတ်တွင် ပြုလုပ်မည်

    နိုဝင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အစ္စလာမ့်တပ်ပေါင်းစု (IMCTC) ရဲ့ ပထမဆုံး အစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

    နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ သံတမန်အဖွဲ့တွေ တက်ရောက်မှာဖြစ်ပါတယ်။

    ဒီအစည်းအဝေးဟာ အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒကို ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်ရေး၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေအတွက် IMCTC ရဲ့ စတင်ကြိုးပမ်းမှုတွေ ထိထိရောက်ရောက်ဖြစ်စေဖို့နဲ့ မဟာမိတ်အဖွဲ့ဝင် ၄၁ နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု၊ စုစည်းမှုတွေ အားကောင်းစေဖို့ ရည်ရွယ်တာဖြ
    စ်တယ်လို့ ဆော်ဒီကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    IMCTC အဖွဲ့ဟာ စစ်ရေး၊ ပညာရေး၊ မီဒီယာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်ဝါနဲ့ အဲဒီဝါဒအပေါ် ဘဏ္ဍာရေးထောက်ပံ့မှုကို တိုက်ဖျက်ရေးဆိုတဲ့ မူဘောင်အောက်မှာ အဖွဲ့ဝင်နိုင်ငံတွေအကြား ညှိနှိုင်းဆောင်ရွက် ဆွေးနွေးတာတွေ၊ အတည်ပြုတာတွေလုပ်ကာ အဖွဲ့ရဲ့ ရည်ရွယ်ချက် အောင်မြင်အောင် ဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

    Ref: Alarabiya

  • ဆော်ဒီကဖမ်းထားသည်ဟု သတင်းထွက်သည့် လက်ဘနွန်ဝန်ကြီးချုပ် ပြည်တော်ပြန်မည်

    ဆော်ဒီကဖမ်းထားသည်ဟု သတင်းထွက်သည့် လက်ဘနွန်ဝန်ကြီးချုပ် ပြည်တော်ပြန်မည်

    နိုဝင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    ပြင်သစ်သမ္မတနှင့်တွေ့ရသည့် ဟာရီရီ (၀ဲ)

    – ဆော်ဒီသို့ ရောက်ရှိပြီးနောက်ပိုင်း ရာထူးမှ နှုတ်ထွက်သည်ဟု ကြေငြာခဲ့သည့် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း စအဒ် ဟာရီရီမှာ လာမည့်သီတင်းပတ်အတွင်း ပြည်တော်ပြန်မည်ဟု သိရသည်။

    နိုဝင်ဘာ ၂၂ ရက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ရန်အတွက် ပြန်လာမည်ဖြစ်ပြီး လက်ဘနွန်သမ္မတ မီခေးလ် အေအွန်နှင့် လွှတ်တော်ဥက္ကဌ နဘီ ဘာရီတို့က ထိုကိစ္စအတွက် ယနေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။

    ဆော်ဒီမြို့တော် ရီယာ့ဒ်သို နိုဝင်ဘာ ၄ ရက်နေ့က ဆိုက်ရောက်ပြီး မကြာခင်မှာပင် ဟာရီရီမှာ လက်ဘနွန်ဝန်ကြီးချုပ်အဖြစ်မှ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ပြီး ထိုအချိန်မှစ၍ လက်ဘနွန်သို့ ပြန်လာခြင်း မပြုခဲ့ပေ။ ရာထူးမှ နှုတ်ထွက်ခြင်းမှာ ၎င်းတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဟစ်ဇ်ဘိုလာနှင့် အီရန်တို့က ချယ်လှယ်နေခြင်းကြောင့်ဖြစ်သည်ဟု ဟာရီရီက ဆိုသည်။

    ထိုကိစ္စတွင် ဆော်ဒီ၏ ကြိုးကိုင်မှု ရှိနေပြီး ဆော်ဒီက ဟာရီရီအား အကျယ်ချုပ်ချထားသည်ဟု သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။

    ဟာရီရီ၏ပါတီမှ ပါတီဝင်များနှင့် အတိုက်အခံများက ၎င်းအနေဖြင့် တိုင်းပြည်သို့ပြန်လာကာ တရားဝင် နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။

    ဟာရီရီမှာ ယနေ့တွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေပြီး နိုဝင်ဘာ ၄ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီ၏ အပြင်ဘက်သို ထွက်ခွာခြင်းဖြစ်သည်။

    လက်ဘနွန်သမ္မတ မီခေးလ်အေအွန်က ၀န်ကြီးချုပ်မှာ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်မည်ဟု ၎င်းအား ဖုန်းဆက်ပြောကြားခဲ့ကြောင်း ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • ကမ္ဘာပေါ်က အချမ်းသာဆုံးနိုင်ငံများ

    ကမ္ဘာပေါ်က အချမ်းသာဆုံးနိုင်ငံများ

    နိုဝင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    – ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ နီးပါးရှိပြီး အဲဒီအထဲက လူတော်တော်များများဟာ တစ်နှစ်ကို ဒေါ်လာ ဘီလီယံနဲ့ချီ၊ တစ်ချို့ဆို ထရီလီယံနဲ့ချီ ၀င်ငွေရှိကြပါတယ်။

    နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ ချမ်းသာမှုကိုလိုက်ပြီး ကမ္ဘာ့နိုင်ငံတွေကို အမှတ်စဉ် စီခဲ့ပါတယ်။ ဒီလိုစီရာမှာ နိုင်ငံတစ်ခုအတွင်း ငွေကြေးတန်ဖိုးနဲ့ ကုန်ပစ္စည်းတန်ဖိုးကို နှိုင်းယှဉ်တဲ့ ငွေကြေးသုံးနိုင်အား (purchasing power parity) ကိုအခြေခံတဲ့ တစ်ဦးချင်း GDP အဆင့်၊ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတွေနဲ့ စီးပွားရေးကူးသန်းမှု စတာတွေနဲ့ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

    အဲဒီစာရင်းက ကမ္ဘာ့အချမ်းသာဆုံး ၁၅ နိုင်ငံကို ဖော်ပြလိုက်ပါတယ်။

    ၁၅။ အိုက်စလန် (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၅၂၁၅၀)

    အိုက်စလန်ရဲ့ ဂျီဒီပီကို အဓိကမောင်းနှင်ပေးတာက ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန်တွေပဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းဟာ နိုင်ငံရဲ့ စီးပွားရေးကို တော်တော်ကြာကြာ အထောက်အကူပေးလိမ့်မယ်လို့လည်း IMF က ခန့်မှန်းပါတယ်။

    ၁၄။ နယ်သာလန် (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၅၃၅၈၀)

    ဥရောပကနေ ဗြိတိန်ထွက်မယ့် Brexit ကိစ္စဟာ နယ်သာလန်အတွက် မကောင်းနိုင်ပေမယ့် ၂၀၁၆ အစီရင်ခံစာမှာ IMF က နယ်သာလန်ဟာ စီးပွားရေး ပြန်လည်ဦးမော့လာတယ်လို့ ဖော်ပြထားပါတယ်။ နယ်သာလန်ဘုရင့်နိုင်ငံဟာ လူဦးရေ ၁၇ သန်းကျော်သာရှိတဲ့ နိုင်ငံလေးဖြစ်ပါတယ်။

    ၁၃။ ဆော်ဒီအာရေဗျ (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၅၅၂၆၀)

    ဆော်ဒီဂျီဒီပီအတွက် အဓိကမောင်းနှင်အားဟာ ရေနံဖြစ်ပါတယ်။ ဒါပေမယ့် ရေနံမဟုတ်တဲ့ စီးပွားရေးကဏ္ဍက တိုးတက်မှုဟာ တိုင်းပြည်ကို ဆွဲတင်လာနိုင်တယ်လို့လည်း IMF က ဆိုပါတယ်။ လူဦးရေ ၃၂ သန်းရှိတဲ့ ဒီနိုင်ငံဟာ စီးပွားရေးပြုပြင်ပြောင်းလဲရေးစီမံကိန်း Vision 2030 ကို ချမှတ်ထားပြီး စီးပွားရေးမှာ ရေနံအပေါ်မှီခိုရမှုကို လျှော့ချသွားမှာ ဖြစ်ပါတယ်။

    ၁၂။ အမေရိကန်ပြည်ထောင်စု (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၅၉၅၀၀)

    လူဦးရေ ၂၃၅ သန်းရှိတဲ့ အမေရိကန်ဟာ ၁၈၅၀ ပြည့်နှစ်က စတင်ခဲ့တဲ့ စီးပွားရေးတိုးချဲ့မှုစီမံကိန်းထဲမှာ ဆက်ရှိနေတုန်းပဲလို့ IMF က ဆိုပါတယ်။ ၂၀၁၆ အစီရင်ခံစာမှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့နှုန်းဟာ တော်တော်လေးကို ကျဆင်းနေပြီး၊ တိုင်းပြည်ရဲ့ စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူတွေရဲ့ သုံးစွဲမှုတွေက မောင်းန
ှင်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။

    ၁၁။ ဆန်မာရီနို (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၆၀၃၆၀)

    ဆန်မာရီနိုဟာ လူဦးရေ ၉ သန်းနီးပါးလောက်သာရှိတဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်ပြီး အလုပ်အကိုင်ပေးနိုင်မှု မြင့်တက်လာတာ၊ ပြည်တွင်းနဲ့ ပြည်ပက ၀ယ်လိုအား မြင့်တက်လာတာကြောင့် စီးပွားရေး ပြန်လည်ဦးမော့လာတယ်လို့ အခုနှစ် IMF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ၁၀။ ဟောင်ကောင် (တစ်ဦးချင်းဂျီဒီပီ ကန်ဒေါ်လာ ၆၁၀၂၀)

    ၂၀၁၆ ခုနှစ်မှာ ဟောင်ကောင်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ကျဆင်းခဲ့ပေမယ့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံစာရင်းထဲမှာ ဆက်လက်ပါဝင်နေဆဲပါ။ တရုတ်ပြည်မကြီးက ခရီးသွားလာမှု၊ ကမ္ဘာနဲ့ ကုန်သွယ်မှုတွေ လျော့သွားတာကြောင့် ဟောင်ကောင်ရဲ့ စီးပွားရေးဟာ မနှစ်က ထိခိုက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းသုံးစွဲမှုက
    ဟောင်ကောင်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၁၇ ခုနှစ်မှာ ဆွဲတင်ခဲ့ပါတယ်။ ဟောင်ကောင်ဟာ လူဦးရေ ၇ သန်းသာရှိတဲ့ နိုင်ငံလေးပါ။

    ၉။ ဆွစ်ဇာလန် (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၆၁၃၆၀)

    လူဦးရေ ၈ သန်းသာရှိတဲ့ ဒီနိုင်ငံလေးဟာ ၂၀၁၆ ခုနှစ် ဗဟိုဘဏ်က ကန်ဒေါ်လာ ၅၂ ဘီလီယံ ဆုံးရှုံးပြီးခဲ့တဲ့နောက်ပိုင်း စီးပွားရေး ပြန်လည်ဦးမော့လာခဲ့ပါတယ်။ ၂၀၁၆ မှာ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၁.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာစေမယ့် ပေါ်လစီတွေကို ချမှတ်နေတယ်လို့ IMF က
    ဆိုပါတယ်။

    ၈။ အာရပ်စော်ဘွားများပြည်ထောင်စု (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၆၈၂၅၀)

    စီးပွားရေးမှာ ရေနံကို အဓိကအားထားတဲ့ ယူအေအီးဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲမှာ အမြဲတမ်းပါဝင်ပြီး လတ်တလောနှစ်တွေမှာ ရေနံဈေးကျဆင်းခဲ့ပေမယ့် ယူအေအီးရဲ့ ရေနံမဟုတ်တဲ့ စီးပွားရေးကဏ္ဍတွေက အားကောင်းနေတယ်လို့ IMF က ဆိုပါတယ်။ လက်ရှိ လူဦးရေ ၁၀ သန်းကျော်ရှိပြီး ၂၀၁၇ ခုနှစ်မှာ ထပ်တိုးမယ့်အလားအလာ ရှိနေပါတယ်။

    ၇။ ကူဝိတ် (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၆၉၆၇၀)

    လူဦးရေ ၄ သန်းကျော်သာရှိတဲ့ ကူဝိတ်ဟာ ရေနံကို မှီခိုနေရတဲ့ နိုင်ငံတစ်ခုပါ။ ၂၀၁၆ ခုနှစ်မှာ ရေနံဈေးကွက်ကမောက်ကမကြောင့် စီးပွားရေးကျဆင်းခဲ့ပေမယ့် ရေနံမဟုတ်တဲ့ စီးပွားရေးကဏ္ဍတွေမှာ တိုးတက်အောင် ကူဝိတ်က ဆောင်ရွက်နိုင်ခဲ့ပါတယ်။ IMF က ကူဝိတ်ရဲ့ ရေနံမဟုတ်တဲ့ စီးပွားရေး ကဏ္ဍတွေဟာ တို
းတက်နေတယ်လို့ ဆိုပါတယ်။

    ၆။ နော်ဝေ (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၇၀၅၉၀)

    လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရေနံဈေးကွက် ကျဆင်းတာကြောင့် နော်ဝေရဲ့ စီးပွားရေးကို ထိခိုက်ခဲ့ပြီး ၂၀၀၈၊ ၂၀၀၉ ခုနှစ်မှာ စီးပွားရေးကပ်နောက်ပိုင်း အဆိုးဝါးဆုံး စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အလုပ်လက်မဲ့နှုန်းကလည်း ပြီးခဲ့တဲ့ နွေရာသီမှာ အမြင့်ဆုံးအထိ ရောက်ခဲ့ပေမယ့် နော်ဝေဟာ ကမ္ဘာ့အချမ်းသာဆုံးစာရ
    င်းမှာ ထိပ်တန်းနေရာက ပါဝင်နေဆဲပါ။

    ၅။ အိုင်ယာလန် (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၇၂၆၃၀)

    ဥရောပမှာ စီးပွားရေးတိုးတက်မှုအမြင့်ဆုံးနိုင်ငံတွေထဲက တစ်ခုပါ။ တစ်ဦးချင်းသုံးစွဲမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်ရေးလုပ်ငန်းတွေက တိုင်းပြည်ရဲ့ GDP မောင်းနှင်ပေးနေပါတယ်။

    ၄။ ဘရူးနိုင်း (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၇၆၇၄၀)

    ၂၀၁၆ မှာ တိုးတက်မှု ကျဆင်းခဲ့ပေမယ့် လူဦးရေ ၄ သိန်းကျော်လောက်ရှိတဲ့ ဒီနိုင်ငံဟာ စီးပွားရေးကို ထိန်းထားနိုင်တယ်လို့ IMF က ဆိုပါတယ်။ ရေနံဟာ ဘရူးနိုင်းရဲ့ အထိကပို့ကုန်ဖြစ်ပြီး ၀င်ငွေ ၉၀ ရာခိုင်နှုန်းနီးပါးဟာ ရေနံနဲ့ ဓာတ်ငွေ့တွေကနေ ရရှိတာဖြစ်ပါတယ်။

    ၃။ စင်ကာပူ (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၉၀၅၃၀)

    ၂၀၁၇ ခုနှစ် ပထမ ၃ လပတ်ရဲ့ တစ်နှစ်တာ စီးပွားရေးတိုးတက်မှုဟာ ၂.၇ ရာခိုင်နှုန်း ရှိခဲ့ပြီး လူဦးရေ ၅.၆ သန်းရှိတဲ့ ဒီကျွန်းနိုင်ငံလေးဟာ ပြီးခဲ့တဲ့နှစ်ကစလို့ စီးပွားရေး ပိုမိုတိုးတက်လာပါတယ်။ စင်ကာပူရဲ့ အဓိက စီးပွားရေးမောင်းနှင်အားဟာ ကျွမ်းကျင်မှုနယ်ပယ်ဖြစ်ပါတယ်။

    ၂။ လူဇင်ဘတ် (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၁၀၉၁၉၀)

    လူ ၆ သိန်းလောက်သာရှိတဲ့ လူဇင်ဘတ်ဟာ ကမ္ဘာ့ ဒုတိအချမ်းသာဆုံးနိုင်ငံတစ်ခုပါ။ စွမ်းအားမြင့် လုပ်သားအင်အားကို ပိုင်ဆိုင်ထားပြီး ၂၀၁၆ ခုနှစ် လူဇင်ဘတ်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ဥရောပသမဂ္ဂ ပျမ်းမျှ တိုးတက်မှုနှုန်းထက်ကို ကျော်လွန်ခဲ့ပါတယ်။ ဒါပေမယ့် Brexit ကိစ္စ၊ အမေရိကန်ရဲ့ စီးပွားရေးပေါ်လစီ အပြောင်
းအလဲတွေက လူဇင်ဘတ်ရဲ့ စီးပွားရေးကို မတည်မငြိမ်ဖြစ်စေလိမ့်မယ်လို့ IMF က ပြောကြားခဲ့ပါတယ်။

    ၁။ ကာတာ (တစ်ဦးချင်း ဂျီဒီပီ ကန်ဒေါ်လာ ၁၂၄၉၃၀)

    အရှေ့အလယ်ပိုင်းက ဒီနိုင်ငံငယ်လေးဟာ ၂၀၁၇ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုပါ။ လူဦးရေ ၂.၂၇ သန်းနီးပါးရှိပြီး တစ်ဦးချင်း ဂျီဒီပီဟာ ကန်ဒေါ်လာ ၁၂၄၉၃၀ ရှိပါတယ်။ နိုင်ငံရဲ့ အဓိက ၀င်ငွေရကုန်စည်ဖြစ်တဲ့ ဟိုက်ဒရိုကာဘွန်ဈေးတွေ ကျဆင်းခဲ့ပေမယ့် ဂျီဒီပီဟ ဆက်လက်တိုးတက်ဖို့ ရှိတယ်လို့ IMF က ခန့်မှန်းထားပါတယ်။

    Ref: Fortune