News @ M-Media

Blog

  • နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်တော့မယ့် ဆော်ဒီနှင့် အီရန်

    နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်တော့မယ့် ဆော်ဒီနှင့် အီရန်

    ဇွန် ၃၊ ၂၀၂၃

    M-Media 


    -ဆော်ဒီအာရေဗျနဲ့ အီရန် နိုင်ငံခြားရေး၀န်ကြီးတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ မနေ့က တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ 

    နှစ်ဖွဲ့စလုံးဟာ တောင်အာဖရိကမှာ ကျင်းပပြုလုပ်နေတဲ့ BRICS အစည်းအ၀ေးကို တက်ရောက်နေကြတာ ဖြစ်ပြီး ကိပ်တောင်းမြို့မှာပဲ တွေ့ဆုံခဲ့ကြတာပါ။ 

    အစည်းအ၀ေးမှာ နှစ်နိုင်ငံ နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့၊ တရုတ်က ကြား၀င်ပေးမှုနဲ့ ရရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်တည်ဆောက်မှု သဘောတူညီချက်ပါ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

    အရှေ့အလယ်ပိုင်းက အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ အီရန်နဲ့ ဆော်ဒီတိုဟာ အရင်က ရန်ဖက်တွေဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆက်ဆံရေးကောင်းအောင် နှစ်နိုင်ငံစလုံးက ကြိုးစားလာကြပြီး အခုနှစ်အစောပိုင်းမှာတော့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။ 

    Ref: Arab News 

  • မိုခါမုန်တိုင်းဒဏ်ခံပြည်သူများ အကူအညီ အလွန်လိုအပ်နေ

    မိုခါမုန်တိုင်းဒဏ်ခံပြည်သူများ အကူအညီ အလွန်လိုအပ်နေ

    ဇွန် ၃၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံမှာ မိုခါမုန်တိုင်းကြောင့် ထိခိုက်ခံစားရမှုဟာ အလွန်အမင်း ကြီးမားတာကြောင့် အကူအညီတွေ ပိုလိုအပ်နေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) တာ၀န်ရှိသူက ပြောကြားလိုက်ပါတယ်။ 

    မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ အဲဒီမုန်တိုင်းကို ရခိုင်ပြည်နယ်က အဓိက ခံစားခဲ့ရတာပါ။ မုန်တိုင်းကြောင့် မြန်မာနိုင်ငံတစ်၀ှမ်း နေအိမ်ပေါင်း ၇ သိန်းလောက် ပျက်ဆီးခဲ့တဲ့လို့ UNDP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တီတွန် မီထရာက မနေ့က ပြုလုပ်တဲ့ ကုလအစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။ 

    စစ်တွေမြို့က အဆောက်အဦးတွေရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက် ပျက်ဆီးသွားပါတယ်။ 

    ပျက်ဆီးဆုံးရှုံးမှုနဲ့ နှိုင်းယှဥ်ရင် အကူအညီပေးအပ်မှုတွေဟာ မလုံလောက်သေးဘဲ လူပေါင်း ၁.၆ သန်းလောက် အကူအညီတွေ လိုအပ်မယ်လို့လည်း မီထရာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    မုန်တိုင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ဘေးရှာင်တွေရဲ့ ယာယီတဲတွေ ပျက်ဆီးသွားကြောင်း၊ မိုးတွင်းကာလ ရောက်တော့မှာ ဖြစ်တာကြောင့် ရေကြီး မြေပြိုမယ့် အန္တရာယ်တွေလည်း ရှိနေကြောင်း ဌာနေကိုယ်စားလှယ်က ထည့်သွင်း သတိပေးခဲ့ပါတယ်။ 

    Ref: UN News 

  • ဖလားသုံးလုံးအောင်ပွဲ မရနိုင်စရာ မရှိပါဘူး။

    ဖလားသုံးလုံးအောင်ပွဲ မရနိုင်စရာ မရှိပါဘူး။

    သမိုင်းရေးဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ။

    ဒီလိုလုပ်နိုင်ဖို့ ကျွန်တော့်ကို အသင်းက ခေါ်ယူထားတယ်ဆိုတာ ဖုံးကွယ်ထားစရာ မလိုပါဘူး။ ဒီအောင်ပွဲဟာ အားလုံးအတွက် အဓိပ္ပါယ်ရှိလိမ့်မယ်။ ဒီလိုဖြစ်လာဖို့လည်း ကျွန်တော်တတ်နိုင်သလောက် အစွမ်းကုန် ပေးဆပ်သွားမှာပါ။ 

    အသင်းကောင်းနှစ်သင်းနဲ့ ဖိုင်နယ်နှစ်ပွဲ ကစားရမယ့်အတွက် လွယ်တော့ မလွယ်ပါဘူး။ သူတို့ကလည်း ကျွန်တော်တို့ကို ချေမှုန်းဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြလိမ့်မယ်။ 

    သူတို့အတွက် ဒါက တွန်းအားဖြစ်လိမ့်မယ်။ ပြင်လည်း ပြင်ဆင်ထားကြလိမ့်မယ်။ ကျွန်တော်တို့ဖက်ကတော့ အကောင်းဆုံးပုံစံနဲ့ကစားရင် ဒီအောင်ပွဲ မရနိုင်စရာ မရှိပါဘူး။  

    (အာလင် ဟာလန်း – မန်စီးတီးတိုက်စစ်မှူး)

  • ရာစုနှစ်အတွင်း အဆိုးရွားဆုံး ရထားတိုက်မှု အိန္ဒိယတွင် ဖြစ်ပွား

    ရာစုနှစ်အတွင်း အဆိုးရွားဆုံး ရထားတိုက်မှု အိန္ဒိယတွင် ဖြစ်ပွား

    ဇွန် ၃၊ ၂၀၂၃
    M-Media

    အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာပြည်နယ်မှာ မနေ့က ရထားချင်း တိုက်မိမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၃၃ ဦး သေဆုံးခဲ့ပါတယ်။

    ခရီးသည်တင် ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ရာကနေ နောက်ရထားတွေက ထပ်ဆင့် တိုက်မိကြတာ ဖြစ်ပါတယ်။ ဒဏ်ရာရသူ အရေအတွက်က ၉၀၀ လောက် ရှိပါတယ်။

    ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး သေဆုံးဒဏ်ရာရသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ပြည်နယ်တာ၀န်ရှိသူတွေက ပြောပါတယ်။

    အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရထားလိုင်းကွန်ယက်ရှိတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ အစိုးရက ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားပေးမယ့်လည်း ရထားစနစ်ဟာ အားနည်းနေသေးပြီး မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

    သမိုင်းတစ်လျှောက် အဆိုးရွားဆုံး မတော်တဆမှုဟာ ၁၉၈၁ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဘီဟာပြည်နယ်က ခရီးသည်တင်ရထားတစ်စီးဟာ မုန်တိုင်းအတွင်း ခုတ်မောင်းနေစဥ် ရထားလမ်းကျိုးကာ မြစ်ထဲကျသွားခဲ့ပြီး အနည်းဆုံး လူ ၈၀၀ လောက် သေဆုံးခဲ့ပါတယ်။

    Ref: BBC

  • ရုရှားမှာ ပြည်တွင်းလက်နက်ကိုင်ပုန်ကန်မှု မြင်ရတော့မှာလား

    ရုရှားမှာ ပြည်တွင်းလက်နက်ကိုင်ပုန်ကန်မှု မြင်ရတော့မှာလား

    မေ ၂၉၊ ၂၀၂၃

    M-Media 


    – “ကျွန်တော်တို့ရဲ့ အနာဂတ်အစီအစဥ်ဟာ ရုရှားက ပစ်မှတ်သစ်တွေကို တိုက်ခိုက်သွားဖို့ဖြစ်ပါတယ်။ ရုရှားထဲကို ကျွန်တော်တို့ အသေအချာ၀င်မယ်။ စိတ်ရှည်ရှည်ထားပြီး ရက်နည်းနည်းလောက်သာ စောင့်ကြည့်လိုက်ပါ”

    ရုရှားအပျော်တမ်းတပ်ဖွဲ့ (RVC) ရဲ့ တပ်မှူး ဒန်းနစ် ကာပူစတင်ရဲ့ မီဒီယာတွေကို ပြောကြားချက်ဖြစ်ပါတယ်။ 

    RVC နဲ့ Freedom of Russia Legion တပ်ဖွဲ့တို့ပေါင်းကာ ယူကရိန်းနယ်စပ်ကနေ ရုရှားဖက် ဘဲလ်ဂိုရော့ဒ် ဒေသထဲ၀င်ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

    ၂၄ နာရီကြာမြင့်တဲ့ ဒီတိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ပြီး တိုက်ခိုက်မှုအတွက် ယူကရိန်းကို စွပ်စွဲခဲ့ပါတယ်။ 

    ယူကရိန်းကတော့ ပူတင်ကိုဆန့်ကျင်တဲ့ ရုရှားလူမျိုးတွေ စုစည်းကာ တိုက်ခိုက်တာဖြစ်ပြီး သူတို့မပါဘူးလို့ ဆိုပါတယ်။ 

    ကာပူစတင်ဟာ မော်စကိုမှာမွေးဖွားတဲ့ ရုရှားလူမျိုးပါ။ ပူတင်လက်ထက် မတရားမှုတွေ၊ ဖိနှိပ်မှုတွေကို တွန်းလှန်ဖို့ RVC ကို ဖွဲ့စည်းထားတာလို့ သူက ပြောပါတယ်။ 

    “အာဏာရှင်ကို တိုက်ထုတ်လို့ရတယ်။ ပူတင်ရဲ့အာဏာ အမြဲမတည်နိုင်ဘူးဆိုတာ ရုရှားပြည်သူတွေကို ကျွန်တော် သက်သေပြချင်ပါတယ်”

    ယူကရိန်းအာဏာပိုင်တွေက သူတို့ကို တိုက်တွန်းအားပေးပေမယ့် လက်နက်ထောက်ပံ့တာ၊ စီမံကွပ်ကဲတာမျိုး မရှိဘူးလို့လည်း ကာပူစတင်က ပြောပါတယ်။ 

    RVC အဖွဲ့ဟာ ရှေ့ဆက်ပြီး ရုရှားနယ်မြေထဲ ၀င်ရောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့လည်း စီစဥ်ထားပါတယ်။ 

    ကာပူစတင်ဟာ တစ်ကယ်တော့ နာဇီ၀ါဒထောက်ခံသူ ရုရှားအစွန်းရောက်တစ်ဦးပါ။ သူကလည်း သူ့အဖွဲ့ဟာ လက်ယာစွန်းအဖွဲ့ဆိုတာ ၀န်ခံပါတယ်။ 

    နာဇီအလံလွှင့်တာမျိုး၊ နာဇီလို အလေးပြုတာမျိုး မရှိတဲ့အတွက် သူ့ကို နာဇီလို့ခေါ်တာ မကြိုက်ဘူးလို့ ကာပူစတင်က ပြောပါတယ်။ 

    ဘဲလ်ဂိုရော့ဒ်က တိုက်ခိုက်မှုမှာ အမေရိကန်စစ်လက်နက်ပစ္စည်းတွေ အသုံးပြုခဲ့တယ်လို့ ရုရှားဖက်က ထုတ်ပြန်ပြီး၊ အမေရိကန်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။ 

    ကာပူစတင်က ဒီကိစ္စကို တိတိကျကျ အဖြေမပေးခဲ့ပါဘူး။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ အမေရိကန် စစ်လက်နက်ပစ္စည်း အမြောက်အများ သိမ်းယူရရှိခဲ့ပြီး ဒါတွေကို မှောင်ခိုစျေးကွက်ကနေ ပြန်၀ယ်သုံးနိုင်တယ်လို့သာ ထောက်ပြပြောဆိုခဲ့ပါတယ်။ 

    RVC မှာ အင်အားဘယ်လောက်ရှိလဲ ဆိုတာကို ကာပူစတင်က မပြောပါဘူး။ 

    ယူကရိန်းက ရုရှားဖက်ကို တန်ပြန်ထိုးစစ်စဖို့ ပြင်ဆင်နေတဲ့အချိန်၊ RVC နဲ့ ပူတင်ကိုဆန့်ကျင်တဲ့ အဖွဲ့တွေက ရုရှားနယ်မြေထဲအထိ ၀င်ရောက်တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာပါ။ 

    ကျွမ်းကျင်သူတွေကတော့ ယူကရိန်းစစ်ပွဲရဲ့နောက်ဆက်တွဲ ရုရှားမှာ ပြည်တွင်းလက်နက်ကိုင်ပုန်ကန်မှု ပေါ်လာမယ့် အခြေအနေတွေ ရှိနေပြီလို့ သုံးသပ်နေကြပါတယ်။ 

    Ref: Reuters