News @ M-Media
Blog
  • ၀ါဆောမြို့တွင် အမျိုးသားရေးဝါဒီများနှင့် ဖက်ဆစ်ဝါဒီများ ချီတက်ဆန္ဒပြ
    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media
    – “We Want Go” ဟူသော ခေါင်းစဉ်ဖြင့် နှစ်စဉ်ကျင်းပလေ့ရှိသော “လွတ်လပ်လပ်ရေးလူထုချီတက်ပွဲ” သို့ တက်ရောက်ရန်အတွက် အမျိုးသားရေးဝါဒီများနှင့် ဖက်ဆစ်ဝါဒီထောင်ပေါင်းများစွာတို့မှာ စနေနေ့က ၀ါဆောမြို့၌ စုဝေးခဲ့ကြသည်။
    ဒေသစံတော်ချိန် ညနေ ၃ နာရီ ၌ ပြုလုပ်ခဲ့သော အဆိုပါချီတက်မှုသည် နိုဝင်ဘာ ၁၁ ရက်တွင်ကျရောက်သည့် ပိုလန်နိုင်ငံ လွတ်လပ်ရေးနေ့နှင့် တိုက်ဆိုင်နေသည်။
    Independence March ချီတက်ပွဲ စီစဉ်သူများက အဆိုပါချီတက်ပွဲသည် ဥရောပတစ်ခွင်၌ အကြီးမားဆုံးသော မျိုးချစ်များစုဝေးပွဲကြီးဖြစ်သည်ဟု ဆိုသည်။
    ချီတက်ပွဲအစပိုင်းတွင် ပိုလန်နိုင်ငံနှင့် သက်ဆိုင်သည့် ကြွေးကျော်မှုများကိုသာ ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒုက္ခသည်များ လက်ဝဲသမားများ၊ လစ်ဘယ်မီဒီယာများနှင် အမေရိကန်တို့ကို ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။
    ချီတက်ပွဲသို့ လူသောင်းချီ တင်ရောက်ခဲ့ပြီး တန်ပြန်ဖက်စစ်ဆန့်ကျင်ရေး ချီတက်ပွဲတစ်ခုလည်း ဝါဆောမြို့တွင် ဖြစ်ပွားခဲ့ကာ လူ ၅၀၀၀ ခန့် ပါဝင်ခဲ့သည်။
    အဆိုပါ ချီတက်မှုမှာ ၂၀၀၉ ခုနှစ်က သေးငယ်သော စုဝေးပွဲမျိုးသာ ရှိခဲ့သော်လည်း လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများအပါအ၀င် ထောက်ခံသူ သောင်းပေါင်းများစွာ ပါဝင်လာခဲ့သည်။
    အဆိုပါချီတက်ပွဲကို လူကြိုက်များလာခြင်းမှာ ပိုလန်၏ မတူကွဲပြားသော လူ့အဖွဲ့အစည်းတွင် စိတ်ဝမ်းကွဲမှုများ နက်ရှိုင်းလာကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။
    Ref: Aljazeera
  • TPP ကုန်သွယ်ရေးသဘောတူညီချက် အမေရိကန်မပါဘဲ ရှေ့ဆက်
    TPP ကုန်သွယ်ရေးသဘောတူညီချက် အမေရိကန်မပါဘဲ ရှေ့ဆက်
    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media
    – Trans Pacific Partnership (TPP) အဖွဲ့ဝင်နိုင်ငံများမှာ ကုန်သွယ်မှုသဘောတူညီချက်၏ အဓိကကျအချက်များအပေါ် သဘောတူညီခဲ့ပြီး အမေရိကန်မပါဝင်သော်လည်း ရှေ့ဆက် ဆောင်ရွက်သွားမည်ဟု တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‘အမေရိကန်သာ ပထမ’ မူဝါဒသည်သာ အမရိကန်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရမည်ဟု ယုံကြည်ကြောင်းပြောဆိုကာ TPP ကို စွန့်ပယ်ခဲ့ပြီးနောက် ပေါ်ထွက်လာသည့် ယခုသဘောတူညီချက်မှာ နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးလုပ်ငန်းကို တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။
    TPP ၏ အဓိကအချက်များအတွက် ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် အာရှ ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး အသေးစိတ်အချက်များ ဆွေးနွေးရန် လိုအပ်သည့် အဆိုပါ သဘောတူညီချက်ကို CPTPP ဟု ခေါ်ဆိုသွားမည်ဖြစ်သည်။
    ဂျပန်စီးပွားရေးဝန်ကြီး Toshimitsu Motegi က ထိုသဘောတူညီချက်ကို ရှေ့ဆက်ဆောင်ရွက်ပါက အမေရိကန်ကို ပြန်လည်ဆွဲခေါ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
    Ref: CNA
  • တပ်သားသစ်များကို ညှင်းပမ်းသည့် မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ကျ
    တပ်သားသစ်များကို ညှင်းပမ်းသည့် မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ကျ
    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media
    – မွတ်စလင် တပ်သားသစ် ၁၂ ယောက်ကျော်ကို ညှင်းပမ်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တပ်သားတစ်ယောက် သေဆုံးသည်အထိ ဖြစ်ခဲ့သည့် အမေရိကန်မရိန်းတပ်ဖွဲ့ နည်းပြဆရာတစ်ဦးမှာ သောကြာနေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။
    တပ်ကြပ် ဂျိုးဆက်ပ် ဖလစ်ဆိုသူဖြစ်ပြီး တောင်ကာရိုလိုင်းနား စစ်စခန်းရှိ ပဲရစ်ကျွန်း လေ့ကျင့်မှုတွင် ထိုကဲ့သို့ မတော်မတရား ဆောင်ရွက်ခဲ့မှုအတွက် အပြစ်ရှိကြောင်း ကြာသာပတေးနေ့တွင် တရားရုံးက ဆုံးဖြတ်ခဲ့သည်။
    စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ခုံရုံးက အီရန်စစ်ပြန် ဖလစ်မှာ တပ်သားသစ်များကို အလွန်အမင်းကျဆင်းနေသော မြူနှင်းများတွင် လေ့ကျင့်စေပြီး အကြမ်းဖက်သမားများဟု ကဲ့ရဲ့ခဲ့သည့် နည်းပြ ၆ ဦးအနက် အပြစ်အရှိဆုံးဟု ဆုံးဖြတ်ခဲ့သည်။
    တပ်သားသစ်များမှ နှစ်ဦးကို ဖလစ်တို့အဖွဲ့က စက်ရုံးသုံး အင်္ကျီအခြောက်ခံစက်ထဲသို့ အတင်းအကြပ်ဝင်ရောက်စေပြီး ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုကို မစွန့်လွှတ်သည့်အတွက် အခြောက်ခံစက်ဖြင့် အပူတိုက်ခဲ့သည်။
    အောက်တိုဘာလက သေဆုံးခဲ့သည့် တပ်သားတစ်ဦးဖြစ်သူ ဆစ်ဒစ်၏ မိသားစုက ယင်းနည်းပြဆရာများထံမှ နစ်နာကြေး ဒေါ်လာ သန်း ၁၀၀ ရလိုကြောင်း တရားစွဲဆိုခဲ့သည်။
    ၎င်း၏သားမှာ ၀ရံတာ၌ ရပ်နေစဉ် အထက်အရာရှိတစ်ဦး တံခါးတွန်းဖွင့်ဝင်လာပြီး တွန်းချခဲ့သောကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး နည်းပြဆရာများက ထိုသေဆုံးမှုမှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဟု ချေပပြောဆိုခဲ့သည်။
    ထောင်ဒဏ် ၁၀ နှစ် ချမှတ်မှုမှာ တရားလိုရှေ့နေများ တောင်းဆိုသည့် ၇ နှစ်ထက် ပိုမို များပြားနေပြီး စစ်တပ် လုပ်ထုံးလုပ်နည်းများအရ အယူခံဝင်နိုင်မည်ဖြစ်သည်။
    Ref: alarbiya
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို U2 ပြစ်တင်ဝေဖန်
    ကမ္ဘာကျော် အိုင်ယာလန်အဆိုတော် Bono ဘိုနို ဦးဆောင်တဲ့ U2 ယူတူး တေးဂီတအဖွဲ့က ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာ မွတ်စလင်တွေ အရေးနဲ့ပတ်သက်ပြီး နှုတ်ပိတ်နေမှုအတွက် ဝေဖန်ရင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တိုက်ရိုက်တာဝန်ရှိသူအဖြစ် ပြစ်တင်လိုက်ပါတယ်။
    သူတို့ ယူတူးအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ကြောင်း၊ သူမလွတ်မြောက်လာတဲ့နေ့ကဆိုရင် လေကို မိမိတို့ လက်သီးနဲ့ ထိုးခဲ့ကြကြောင်း၊ အဲဒီနောက် ဒပ်ဗလင်မြို့ကို ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်ကဆိုရင် မိမိတို့ အိုင်ယာလန်နိုင်ငံသားတွေအတွက် ဂုဏ်ယူစရာအကောင်းဆုံး အချိန်ဖြစ်ခဲ့ကြောင်း၊ ဒါ့အပြင် ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတော့လည်း သူမရဲ့ ရည်မှန်းချက်တွေ အံသြဖွယ်ရာ ရရှိတော့မယ်လို့ မျှော်တွေးရင်း မိမိတို့အနေနဲ့ သူမကိုယ်စား အသက်တောင် မရှုရဲခဲ့ကြကြောင်း၊ သူမဟာ ယုံကြည်မှုကို ဘယ်အရာနဲ့မှ အလဲအထပ်မလုပ်ပဲ ကိုယ်ရေးကိုယ်တာ စွန့်လွတ်စတေးမှုတွေနဲ့ ဂုဏ်သတင်း အစဉ်အလာကို စိုက်ထူခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ဒါပေမဲ့ အခုလို လူမဆန်ရက်စက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ကိစ္စမှာ သူမအနေနဲ့ ရေငုံနှုတ်ဆိတ်နေလိမ့်မယ်လို့ သူတို့အဖွဲ့အနေနဲ့ တစ်ခါတရံမှ မတွေးခဲ့ဖူးကြောင်း ဖေါ်ပြထားပါတယ်။
    ဒါ့အပြင် ယူတူးအဖွဲ့ရဲ့ကြေညာချက်မှာ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခုအပတ်အတွင်း တိုက်ရိုက်ပြောကြားခွင့်ရဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူ မာတင် လူသာကင်းက “ကြေကွဲစရာအကောင်းဆုံးဟာ လူဆိုးတွေရဲ့ ရက်စက်ဆိုးဝါးမှုမဟုတ်ဘဲ အဲဒီဆိုးဝါးမှုတွေကို လူကောင်းတွေက ရေငုံနှုတ်ပိတ်နေခြင်းပါပဲ” လို့ ပြောကြားခဲ့ကြောင်း၊ အခု ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်ညဉ်းပမ်းမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်က တလုံးတပါဒမျှ ထုတ်ဖေါ်ဝေဖန်ခြင်း မရှိတဲ့အတွက် သဘောတူရာကျနေကြောင်း ရေးသားထားပါတယ်။
    ဆက်လက်ပြီး အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြင်ပကမ္ဘာက နားမလည်နိုင်တဲ့ ပြဿနာ အရှုပ်အထွေးတွေနဲ့ ပြည်တွင်းမှာ ရင်ဆိုင်နေရမယ်ဆိုတာ မိမိတို့သိပါတယ်။ ဒါပေမဲ့ အဲဒီ ပြဿနာတွေကြောင့် နှစ်ပေါင်းများစွာခံယူခဲ့တဲ့ ရပ်တည်ချက်ကိုတော့ မစွန့်လွတ်သင့်ပါဘူးလို့ ဆိုပါတယ်။
    တဆက်တည်းမှာပဲ မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုကို ခွင့်လွတ်နိုင်စရာ မရှိပေမယ့် ဒီကိစ္စမှာ သူမ တယောက်တည်းကို ဝေဖန်ပြစ်တင်လို့ မရကြောင်း၊ မြန်မာပြည်ကို အကြမ်းဖက်မှုက ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရိုဟင်ဂျာတွေကို အကြမ်းဖက်ဖိနှိပ်ဖို့ အမိန့်ပေးကြီးကြပ်ခဲ့သူက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖြစ်တယ်ဆိုတာကို ကမ္ဘာကသိသင့်ကြောင်း၊ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်မှူးကြီးကို ကွပ်ကဲညွန်ကြားနိုင်ခြင်း မရှိကြောင်း၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အပြစ်တင်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လျစ်လျူရှုမယ်ဆိုရင် မှားယွင်းကြောင်း စသဖြင့် အဆိုတော် ဘိုနို အပါအဝင် ယူတူး အဖွဲ့ဝင်လေးဦးက သူတို့အဖွဲ့ရဲ့ အင်တာနက်ဝက်ဆိုဒ်မှာ ရေးသားထားပါတယ်။
    RFA မှ ကူးယူဖော်ပြပါသည်။
  • မိသားစုအာဏာရှင် စနစ်ကနေ တစ်ဦးကောင်း အာဏာရှစ်စနစ်ကို ဆော်ဒီဦးတည်နေပြီလား
    မိသားစုအာဏာရှင် စနစ်ကနေ တစ်ဦးကောင်း အာဏာရှစ်စနစ်ကို ဆော်ဒီဦးတည်နေပြီလား
    နိုဝင်ဘာ ၁၁၊ ၂၀၁၇
    M-Media
    – ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ဆော်ဒီတော်ဝင်မိသားစု အများသဘောတူ အုပ်ချုပ်မှုစနစ်ကို ပယ်ဖျက်ခြင်းအားဖြင့် နိုင်ငံအတွင်းနဲ့ ဒေသတွင်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ်ကို မီးခွက်ထွန်းရှာနေတယ်လို့ အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေအပါအ၀င် ထိပ်တန်း ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။
    ဆော်ဒီထီးနန်းကို ဆက်ခံမယ့် အိမ်ရှေ့မင်းသား ၀မ်းကွဲညီအစ်ကို မိုဟာမက် ဘင် နာယက်ဖ် နေရာကို အစားထိုးရယူခဲ့တဲ့ ဇွန်လကတည်းက အသက် ၃၂ နှစ်အရွယ် မင်းသား မိုဟာမက်ဟာ ဆော်ဒီတော်ဝင်မိသားစုက ပြိုင်ဘက်တွေနဲ့ ဘာသာရေးတက်ကြွလှုပ်ရှားသူတွေကိုကျော်ကာ အာဏာစုစည်းဖို့ ကြိုးစားလာတာပါ။
    စက်တင်ဘာလအတွင်းမှာ ဆော်ဒီရဲတပ်ဖွဲ့ဟာ ဆလ်မန် အလ်-အောင်ဒါဟ်၊ အ၀ဒ် အလ်-ကာရ်နီတို့လို အစ္စလာမ့် ဓမ္မပညာရှင်တွေအပါအ၀င် ဘာသာရေးအထင်ကရပုဂ္ဂိုလ်တွေကို ဒါဇင်နဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။
    ဒါပေမယ့် အိမ်ရှေ့မင်းသားရဲ့ ရည်မှန်းချက်ကြီးတဲ့ ရွှေ့ကွက်က ပြီးခဲ့တဲ့စနေနေ့မှာ ပေါ်ထွက်လာခဲ့ပြီး အကြီးတန်းဝန်ကြီးတွေကို ရာထူးကနေထုတ်ပယ်တာ၊ တိုင်းပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် တော်တော်များများကို ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်လာတာပါ။ ခြစားမှုတိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်။
    ဖမ်းဆီးခံရသူတွေထဲမှာ သူ့ရဲ့ ၀မ်းကွဲညီအစ်ကို ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အလ်ဝါလိဒ် ဘင် တာလာလ်နဲ့ အခြား မင်းသား ၁၁ ဦး၊ ၀န်ကြီး ၄ ဦး၊ ၀န်ကြီးဟောင်း တော်တော်များများ ပါဝင်ပါတယ်။
    ဒေသအတွင်း အကြီးဆုံး မီဒီယာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ အရှေ့အလယ်ပိုင်း အသံလွှင့်စင်တာ (MBC) ရဲ့ ဥက္ကဌ၊ ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ၀ါလိဒ် အလ်-အီဘရာဟင်လည်း ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်ပါတယ်။
    အိမ်ရှေ့မင်းသားဟောင်း နာယက်ဖ် ဘယ်ရောက်နေလဲဆိုတဲ့ ကိစ္စမှာလည်း မရှင်းမရှင်းတွေ ဖြစ်နေပြီး အရိုက်အရာကနေ ဖယ်ရှားခံရပြီးတဲ့နောက်ပိုင်းမှာ သူ့ကို မတွေ့ရတော့ပါဘူး။ နေအိမ်အကျယ်ချုပ် ချခံထားရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။
    တစ်ဦးတည်းအာဏာရှင် လုပ်ချင်တာလား
    ———————-
    Durham တက္ကသိုလ်က ပညာရှင် ခရစ္စတိုဖာ ဒေဗစ်ဆန်က မင်းသား မိုဟာမက်အနေနဲ့ သူ့ထက် ၀ါရင့် သဘာရင့်တွေကို ပစ်မှတ်ထားပြီး ဒီလိုလုပ်လာတာဟာ မိသားစု စုပေါင်းအုပ်စိုးတဲ့ ဘုရင်စနစ်ကနေ တစ်ဦးကောင်း အာဏာရှင်စနစ်ကို ဦးတည်တဲ့ အရွေ့တစ်ခုကို ဖော်ညွှန်းနေတယ်လို့ ဆိုပါတယ်။
    “မင်းသားနဲ့ အဘူဒါဘီက သူ့အပေါင်းအပါတွေက ခေါင်တွေကို ဖြိုဖို့ရည်ရွယ်တဲ့ ဒီလုပ်ဆောင်မှုမျိုးဟာ မင်းသားအနေနဲ့ ဧကရာဇ်ပုံစံ အာဏာတည်ဆောက်မှု အနေအထားဖြစ်ပါတယ်” လို့ ဒေဗစ်ဆန်က ပြောပါတယ်။
    “ထားစရာမရှိသူတွေ၊ တော်ဝင်မင်းသားတွေ၊ မီဒီယာဗိုလ်တွေ၊ ဆောက်လုပ်ရေး ဂုရုတွေကို ထိန်းသိမ်းခြင်းအားဖြင့် သူ့ရဲ့ ထိန်းချုပ်မှုနဲ့ ဘယ်သူမှ မလွတ်ဘဲ၊ ပြီးခဲ့တဲ့ရာစုတစ်လျှောက် မိသားစု စုပေါင်းအုပ်ချုပ်တဲ့ ဘုရင်စနစ်ဟာ ဒီနှစ်အစောပိုင်းမှာ နိတ္ထိတံသွားပြီး သူကသာ အားလုံးရဲ့အထက်မှာရှိတဲ့ ‘ဧကရာဇ်’ ဖြစ်ကြောင်း မင်းသားက ပြနေတာပါ”
    လေ့လာဆန်းစစ်သူတွေကတော့ အခုတစ်ပတ်အတွင်း အိမ်ရှေ့မင်းသား ဆလ်မန်ရဲ့ ဒီဆောင်ရွက်ချက်ဟာ ရေနံဈေး ကျဆင်းမှုကြောင့် တိုင်းပြည်ရဲ့စီးပွားရေး ရုန်းကန်နေရတဲ့အချိန် အလ်-ဆာအွဒ်မိသားစုအတွင်း ခွာပြဲမှု ဖြစ်လာစေနိုင်တယ်လို့ ဆိုပါတယ်။
    စီအိုင်အေမှာ နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဘရွတ်ကလင်းထောက်လှမ်းရေးစီမံကိန်းရဲ့ ဒါရိုက်တာလည်းဖြစ်သူ ဘရုစ် ရီဒဲလ်က ဒေဗစ်ဆန်ရဲ့ သုံးသပ်ချက်နဲ့ တူညီတဲ့အမြင်ကို ပြောကြားခဲ့ပြီး ဒီလို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုဟာ မကြုံစဖူးဖြစ်တယ်လို့ ဆိုပါတ်ယ။
    “တော်ဝင်အသိုင်းအ၀ိုင်းရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေဟာ ပုံမှန်အားဖြင့် သိမ်မွေ့ပြီး ဂုဏ်သိက္ခာကိုထိန်းဖို့ အထူးအလေးထား ဆောင်ရွက်လေ့ရှိပါတယ်။ အခုကိစ္စမှာ တော်ဝိုင်းအ၀ိုင်းအ၀ိုင်းအတွင်း မကျေနပ်တာမျိုးတွေ တော်တော်များများ ရှိလာမှာဖြစ်ပြီး တိုင်းပြည်ဟာ မတည်ငြိမ်မှုဆီ ဦးတည်နေပါတယ်” လို့ ရီဒဲလ်က ပြောကြားခဲ့ပါတယ်။
    အီရန်ဖက် မြှားဦးလှည့်မလား
    ————-
    တော်ဝင်မိသားစုရဲ့ သဘောတူညီမှုနဲ့ အုပ်ချုပ်တဲ့စနစ် ပျက်သုဉ်းသွားတာဟာ ဆော်ဒီနိုင်ငံအတွင်းမှာရော ပြည်ပမှာပါ ရိုက်ခတ်မှုတွေ ရှိလာနိုင်ပြီး အထူးသဖြင့် ဒေသတွင်းပြိုင်ဘက် အီရန်နဲ့ဖြစ်တယ်လို့ အမေရိကန်ထောက်လှမ်းရေးဟောင်းတွေက ပြောပါတယ်။
    မိုဟာမက် ဘင် ဆလ်မန်ဟာ ၂၀၁၅ မှာ ကာကွယ်ရေးဝန်ကြီးနဲ့ ဒုတိယအိမ်ရှေ့မင်းသား အဲဒီကနေတစ်ဆင့် အိမ်ရှေ့မင်းသား ဖြစ်လာကတည်းက ဆော်ဒီဟာ အီရန်အပေါ် ပိုပြီးရန်လိုတဲ့ နိုင်ငံခြားရေးပေါ်လစီမျိုး ကျင့်သုံးလာပါတယ်။
    ၂၀၁၅ ခုနှစ် မတ်လမှာ ဆော်ဒီက ယီမင်မှာ အီရန်ကျောထောက်နောက်ခံပြုထားတယ်လို့ ယုံကြည်ရတဲ့ ဟူသီသူပုန်တွေအပေါ် စစ်တိုက်ခဲ့ပြီး ၂၀၁၆ ခုနှစ် အစောပိုင်းမှာတော့ အီရန်နဲ့ သံတမန်ဆက်ဆံရေး ဆိုးရွားနေတယ်လို့ ကြေငြာခဲ့ပါတယ်။
    ဒီလို ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာတဲ့အချိန်မှာ စနေနေ့က ဟူသီသူပုန်တွေ ရီယာ့ဒ်ကို ဒုံးကျည်ပစ်တာနဲ့ပတ်သက်ပြီး မိုဟာမက် ဘင် ဆလ်မန်က အီရန်ဟာ ဟူသီတွေကို ဒုံးကျည်တွေ ထောက်ပံ့နေပြီး ဒီလိုတိုက်ခိုက်မှုဟာ အီရန်က စစ်ကြေငြာတာပဲလို့ မှတ်ယူကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
    အီရန်က ဒီကိစ္စကို ငြင်းဆိုခဲ့ပြီး ဆော်ဒီရဲ့ ဒီပြောကြားမှုဟာ ‘ရန်ညှိုးထားတဲ့၊ တာဝန်မဲ့တဲ့ အဖျက်သဘောဆောင်တဲ့၊ ရန်လိုတဲ့’ စွပ်စွဲပြောကြားမှုသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။
    အိမ်ရှေ့မင်းသားဟာ ပြည်တွင်းမှာ လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လျင်လျင်မြန်မြန် ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံပိုင် ရေနံကုမ္ပဏီ Aramco ရဲ့ တစ်ချို့တစ်ဝက်ကို အများပိုင်လုပ်တာ၊ အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ပိတ်ပင်မှု ပယ်ဖျက်တာတွေလည်း ပါဝင်ပါတယ်။
    နိုင်ငံရဲ့စီးပွားရေး ရေနံအပေါ် မှီခိုလွန်းမှုကို လျှော့ချကာ တိုင်းပြည်ရဲ့ ခရီးသွားကဏ္ဍ၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေကို ဖွံ့ဖြိုးအောင်လုပ်မယ့် Vision 2030 စီမံကိန်းကိုလည်း မင်းသားက ချပြခဲ့ပါတယ်။
    CIA စစ်ဆင်ရေးတွေမှာ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် အရင်က တာဝန်ထမ်းဆောင်ဖူးခဲ့တဲ့ ရောဘတ် ရစ်ချာက ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဆော်ဒီမှာ ဖြစ်ပျက်ခဲ့တာတွေဟာ သမရိုးကျ ဆုံးဖြတ်ချက်ချမှတ်တဲ့ နည်းလမ်းတွေကို သိသိသာသာ ချိုးဖောက်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
    မင်းသားရဲ့ ခေတ်မီအောင်ပြုလုပ်မယ့်အစီအစဉ်ကို ချီးကျူးခဲ့ပေမယ့်၊ သူ့ရဲ့ ဓားထက်လာမှုက အီရန်နဲ့ စစ်တိုက်တာမျိုးအထိ ဖြစ်လာနိုင်ပြီး စိုးရိမ်စရာအခြေအနေမျိုးဖြစ်တယ်လို့ ရစ်ချာက ပြောကြားခဲ့ပါတယ်။ ရစ်ချာဟာ အရှေ့အလယ်ပိုင်း နိုင်ငံတော်တော်များများမှာ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ဖူးသူပါ။
    အာဏာစုစည်လာမှုနဲ့ သူ့နားမှာ အလယ်အလတ်ကျတဲ့ လွှမ်းမိုးနိုင်သူ မရှိတာက ဆော်ဒီရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ တင်းမာမှုတွေ ရှိလာနိုင်ပြီး မင်းသားဟာ အီရန်နဲ့ ကျောင်းတော်ကရန်စကို အပြတ်ရှင်းဖို့အထိ လုပ်လာနိုင်တယ်လို့လည်း ရစ်ချာက သုံးသပ်ပါတယ်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လတ်တလော ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ပတ်သက်ပြီး အိမ်ရှေ့မင်းသားနဲ့ သူ့အဖေ ဘုရင်ဆလ်မန်တို့ကို ချီးကျူးခဲ့ပြီး အီရန်ဟာ အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးကာ၊ အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှုနဲ့ ပြဿနာတွေကို အရှေ့အလယ်ပိုင်းတစ်ဝှမ်း တင်ပို့နေတယ်လို့လည်း ဆိုပါတယ်။
    ဆော်ဒီတည်ငြိမ်ဖို့ လိုအပ်
    —————–
    ၁၉၇၉ ခုနှစ် အီရန်မှာ အစ္စလာမ့်မစ်တော်လှန်ရေး ပေါ်ပေါက်လာပြီးကတည်းက အီရန်နဲ့ ဆော်ဒီအကြား တင်းမာမှုဟာ အခုဆိုရင် ဆယ်စုနှစ်ချီ ရှိနေပါပြီ။
    ဆော်ဒီနဲ့ အခြားအာရပ်နိုင်ငံတွေက အီရန်ဟာ သူတို့နိုင်ငံတွေက အစိုးရတွေကို ဖြုတ်ချကာ သူတို့လို တော်လှန်ရေးမျိုး ဖြစ်စေချင်တယ်လို့ စွပ်စွဲထားပါတယ်။
    CIA အရာရှိအောင်း ဘော့ဘ် ဘဲရ်က ဆော်ဒီတော်ဝင်အသိုင်းအ၀ိုင်းရဲ့ ဒူးတိုက်ဆွေးနွေး အုပ်ချုပ်မှုစနစ်ဟာ အခုအချိန်အထိ အီရန်နဲ့ စစ်ပွဲမဖြစ်အောင် တားဆီးပေးထားနိုင်ပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကြောင့် နိုင်ငံရဲ့အနာဂတ် တည်ငြိမ်မှုဟာ မသေချာတော့ဘူးလို့ ဆိုပါတယ်။
    “အလ်-ဆာအွဒ်မိသားစုဟာ သူတို့ရဲ့ အဆင့်တိုင်းမှာ ဒူးတိုက်ဆွေးနွေး ညှိနှိုင်းပြီး အီရန်နဲ့ စစ်ပွဲကိုရှောင်ကာ အုပ်ချုပ်ခဲ့တဲ့ စနစ်ကြောင့် ဆော်ဒီဟာ ဒီနှစ်တွေမှာ လူလူသူသူဖြစ်လာတာ ဖြစ်ပါတယ်။ အထူးသဖြင့် အီရန်ဟာ အင်အားမသေးဘဲ စီးပွားရေးကောင်းကာ၊ အဆင့်တစ်ခုရှိပြီး လူထုကလည်း ထောက်ခံနေတာကြောင့် ဒေသတွင်းမှာ နောက်ထပ်စစ်ပွဲမျိုး ဘယ်သူကမှ မမြင်ချင်တော့ပါဘူး။ ကမ္ဘာကြီးဟာ တည်ငြိမ်ပြီး ယုံကြည်လို့ရတဲ့ ဆော်ဒီအာရေဗျကိုပဲ လိုချင်နေတာပါ” လို့ ဘဲရ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    Ref: Aljazeera
    (Aljazeera သတင်းဌာနတွင် ဖော်ပြထားသည့် Bin Salman and the end of Saudi’s consensus rule ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
    (Photo- ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်)