News @ M-Media

Blog

  • အီရန် နျူသဘောတူညီချက်တွင် ဒုံးကျည်ကိစ္စမပါဟု အီးယူအကြီးအကဲပြော

    အီရန် နျူသဘောတူညီချက်တွင် ဒုံးကျည်ကိစ္စမပါဟု အီးယူအကြီးအကဲပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ဥရောပသမ္မဂ၏ နိုင်ငံခြားရေးရာအကြီးအကဲ Federica Mogherini က အီရန်နှင့် အင်အားကြီး ၆ နိုင်ငံအကြား ရေးထိုးထားသည့် နျူကလီးယားသဘောတူညီချက်သည် အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်နှင့် ပက်သက်မှုမရှိကြောင်း၊ ယင်းစာချုပ်အတိုင်း အတိအကျလိုက်နာရန် အရေးပါကြောင်းပြောကြားလိုက်သည်။

    ဗုဒ္ဓဟူးနေ့တွင် Brussels မြို့၌ နေတိုးကာကွယ်ရေးဝန်ကြီးများကိုေ တွေ့ဆုံမှုမတိုင်မီ သတင်းထောက်များကို ဖြေကြားရာ၌ Mogherini က အီရန်၏ ဒုံးကျည်အစီအစဉ်များသည် အဆိုပါစာချုပ်နှင့် မသက်ဆိုင်ကြောင်း၊ သီးခြားဖြစ်ရပ်နှစ်ခုအဖြစ် ရှူမြင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထို့နောက် Mogherini က အီရန်၏ နိုင်ငံတကာနျူစွမ်းအင် အေဂျင်စီနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုအပေါ် ချီးမွမ်းခဲ့သည်။

    အေဂျင်စီမှာ ၂၀၁၅ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ အီရန်၏ဆောင်ရွက်မှုများကို စောင့်ကြည့်အကဲဖြတ်နေပြီး အီရန်မှာ သဘောတူညီချက်ကို လိုက်နာလျက်ရှိသည်ဟု အကြိမ်ကြိမ်ပြောကြားထားသည်။

    အမေရိကန်က အီရန်၏ ဒုံးကျည်အစီအစဉ်မှာ နျူသဘောတူညီချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲထားပြီး အီရန်က မိမိတို့မှာ မည်သည့် ကုလဆုံးဖြတ်ချက်များကို မချိုးဖောက်ကြောင်း၊ ဒုံးကျည်များမှာ ကာကွယ်ရေးကိစ္စအတွက်သာဖြစ်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်ရန် ပြုလုပ်စီမံထားခြင်း မရှိကြောင်း ထားသည်။

    Ref: Press TV

    (Photo- ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေးရာအကြီးအကဲ )

  • ကင်ဆာဆဲလ်များကို ၃ ရက်အတွင်း သတ်နိုင်မည့် နည်းလမ်းသစ်တစ်ခု တွေ့ရှိ

    ကင်ဆာဆဲလ်များကို ၃ ရက်အတွင်း သတ်နိုင်မည့် နည်းလမ်းသစ်တစ်ခု တွေ့ရှိ

    နိုဝင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုအရ ကင်ဆာဆဲလ်တွေကို ၃ ရက်အတွင်း သတ်နိုင်မယ့် နည်းလမ်းကို အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ်က တက္ကသိုလ်တစ်ခုရဲ့ သုတေသနမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    ကင်ဆာဆဲလ်အတွင်းမှာရှိတဲ့ ခရိုမက်တင် (Chromatin) တည်ဆောက်မှုကို ပြောင်းလဲပြီး ဆဲလ်တွေကို သတ်ပစ်တဲ့နည်းဖြစ်ပြီး သုတေသနရလဒ်ကို Nature Bimedical ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

    ခရိုမက်တင်ဆိုတာ DNA နဲ့ ဟစ္စတုန်း (histones) လို့ခေါ်တဲ့ ပရိုတိန်းကို ပေါင်းထားတာဖြစ်ပြီး ကင်ဆာဆဲလ်တွေ ကြီးထွားဖို့အတွက် ခရိုမက်တင်က အထောက်အကူပေးပါတယ်။

    “မျိုးရိုးဗီဇကို hardware လို့ ခေါ်မယ်ဆိုရင် ခရိုမက်တင်က software ပါ။ ကင်ဆာလို ရှုပ်ထွေးတဲ့ ရောဂါမျိုးတွေဟာ တစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇပေါ်မှာ အခြေမခံပါဘူး။ ထောင်နဲ့ချီတဲ့ မျိုးရိုးဗီဇတွေ အပြန်အလှန် ထိခိုက်ပွတ်တိုက်မှုအပေါ်မှာ အခြေခံတာဖြစ်ပါတယ်” လို့ လေ့လာမှုမှာ ပါဝင်သူ ဗာဒင် ဘက်ခ်မန်းက ပြောကြားခဲ့ပါတယ်။

    ဘက်ခ်မန်းတို့အဖွဲ့ဟာ သက်ရှိဆဲလ်တွေအတွင်းမှာ ခရိုမက်တင်ကို အချိန်မလပ် စောင့်ကြည့်နိုင်မယ့် Partial Wave Spectroscopic (PWS) နည်းလမ်းသစ်တစ်ခုကို တီထွင်ခဲ့ပြီး ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်စေတဲ့ ခရိုမက်တင်ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။

    နောက်ပိုင်းမှာတော့ ကင်ဆာဆဲလ်ရဲ့ နျူကလီးယက်စ်မှာ လျှပ်စစ်ဓာတ်တို့ကာ ခရိုမက်တင်ရဲ့ တည်ဆောက်ပုံ ပြောင်းလဲပြီး ကင်ဆာဆဲလ်တွေကို သေသွားအောင် FDA အသိအမှတ်ပြု ဆေးနှစ်မျိုးနဲ့ စမ်းသပ်နိုင်ခဲ့ပါတယ်။

    သုတေသနပညာရှင်တွေက လက်ရှိမှာ ကင်ဆာဆဲလ် ၇ မျိုးလောက်ကို စမ်းသပ်အောင်မြင်ထားကြောင်း သူတို့ရဲ့ အခုတွေ့ရှိချက်တွေကို တရိစ္ဆာန်နဲ့ လူတွေမှာ စမ်းသပ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

    ဒီကုသမှုနည်းလမ်းသာ အောင်မြင်မယ်ဆိုရင်တော့ ကင်ဆာဆဲလ်တွေကို ၃ ရက်အတွင်း သတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: Medical News Today

  • နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကနေဒါဝန်ကြီးချုပ် ရခိုင်အရေးဆွေးနွေး

    နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကနေဒါဝန်ကြီးချုပ် ရခိုင်အရေးဆွေးနွေး

    အာဆီယံနဲ့ ဆက်စပ် ထိပ်သီးညီလာခံတွေ တက်ရောက်ဖို့ ဗီယက်နမ်နိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ သီးသန့်တွေ့ဆုံပြီး၊ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပါတယ်။ အာရှ-ပဖိစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးညီလာခံ ကျင်းပမယ့် Da Nang မြို့က ဒီကနေ့ သီးသန့်တွေ့ဆုံမှုအတွင်း၊ ရခိုင်ပြည်နယ် အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကို ဖလှယ်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

    ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး၊ နေရာချထားရေး၊ နိုင်ငံသား စိစစ်ရေးနဲ့ ကျန်းမာရေး၊ ပညာရေး အပါအ၀င် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တကျော့ပြန် အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် ထွက်ပြေးရတဲ့အထိ ပြဿနာပေါ်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက ဖိအားတွေ ဆက်လက် ထွက်ပေါ်နေချိန်မှာပဲ နိုင်ငံတကာ ခေါင်းဆောင်တွေပါ ရောက်ရှိနေတဲ့ ထိပ်သီး ညီလာခံတွေ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့တာပါ။

    အမေရိကန် သမ္မတ Donald Trump အပါအ၀င် နိုင်ငံတကာနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေပါ ရောက်နေကြတဲ့ ညီလာခံတွေမှာ နိုင်ငံတကာ အသိုင်းအ၀န်းက အာရုံစိုက်နေတဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးဖြစ်လိမ့်မယ်လို့ မျှော်လင့်နေချိန်မှာပဲ ကနေဒါဝန်ကြီးချုပ်နဲ့ သီးခြားတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

    ဒီကနေ့ ဗီယက်နမ်နိုင်ငံက တွေ့ဆုံမှုအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ အပါအ၀င် မြန်မာအစိုးရ အဆင့်မြင့် တာဝန်ရှိသူတွေ ပါဝင်ခဲ့ကြသလို၊ ကနေဒါနိုင်ငံဘက်ကတော့ ၀န်ကြီးချုပ် Trudeau အပြင်၊ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Bob Rae အပါအ၀င် တာဝန်ရှိသူတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

  • သားကိုသတ်သူကို ခွင့်လွှတ်ကျေအေးပေးတဲ့ ကန်တာတီက မွတ်စလင်ဖခင် (မြန်မာစာတမ်းထိုး)

    သားကိုသတ်သူကို ခွင့်လွှတ်ကျေအေးပေးတဲ့ ကန်တာတီက မွတ်စလင်ဖခင် (မြန်မာစာတမ်းထိုး)

    နိုဝင်ဘာ ၉၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ကန်တာကီမြို့က မွတ်စလင်ဖခင်တစ်ဦးဟာ သူ့ရဲ့သားကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို ခွင့်လွှတ်ကျေအေးကြောင်း တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ်မှာ အသက် ၂၂ နှစ်အရွယ် တက္ကဆီယာဉ်မောင်း ဆလာဟွဒ်ဒင် ဂျစ်တ်မူဒ် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ်အရွယ် ထရေး အလက်ဇန်းဒါး ရဲလ်ဖို့ဒ်က ကျူးလွန်ကြောင်း ပြီးခဲ့တဲ့လမှာ ၀န်ခံခဲ့ပြီးတဲ့နောက် တရားရုံးက အခုတစ်ပတ်မှာ ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခဲ့ပါတယ်။

    တရားလိုကြေငြာချက်ထုတ်ပြန်တဲ့အခါမှာ ဆလာဟွဒ်ဒင်ရဲ့ ဖခင် အဘ်ဒူလ်-မုအ်မင်က သားဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ ထရေးကို ခွင့်လွှတ်ကြောင်း၊ ဒီလိုဖြစ်အောင် တွန်းအားပေးခဲ့တဲ့ စိတ်ရိုင်းကိုသာ အပြစ်တင်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ခွင့်လွှတ်ကြေအေးပေးတယ်ဆိုတာ အကြီးမားဆုံးလက်ဆောင်ဖြစ်ပြီး။ ဒါဟာ ဒါနပြုမှုတစ်ခုဖြစ်တယ်လို့ အစ္စလာမ်က သွန်သင်ပါတယ်” လို့ အဘ်ဒူလ်-မုအ်မင်က ဆိုပါတယ်။

    သူ့ရဲ့ ဒီလိုတုန့်ပြန်မှုကို တရားရုံးတစ်ခုလုံးက အံ့သြမှင်သက်ခဲ့ကြပြီး ကြေငြာချက်အဆုံးမှာတော့ အားလုံးက ငိုကြွေးခဲ့ကြပါတယ်။

    အလ်ဒူလ်-မုအ်မင်ဟာ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းတစ်ခုရဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်ပါတယ်။

    Ref : ilmfeed

  • မိုးပျံတက္ကဆီ စီမံကိန်းအတွက် Uber နှင့် နာဆာ စာချုပ်ချုပ်

    မိုးပျံတက္ကဆီ စီမံကိန်းအတွက် Uber နှင့် နာဆာ စာချုပ်ချုပ်

    နိုဝင်ဘာ ၈၊ ၂၀၁၇
    M-Media

    – ကမ္ဘာကျော် အငှားကားကုမ္ပဏီ Uber ရဲ့ အနာဂတ် မိုးပျံတက္ကဆီစီမံကိန်းအတွက် လိုအပ်တဲ့ဆော့ဖ်ဝဲတွေ ရေးဆွဲပေးရေး နာဆာနဲ့ သဘောတူညီချက် ရရှိသွားပြီလို့ Uber က ယမန်နေ့မှာ ကြေငြာလိုက်ပါတယ်။

    ကမ္ဘာ့လေထုအနိမ့်ပိုင်းမှာ လမ်းကြောင်းတွေ ဖော်ထုတ်ပေးဖို့အတွက် နာဆာက ဆော့ဖ်ဝဲရေးပေးရမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်ရောက်ရင် မိမိတို့အနေနဲ့ တစ်နာရီကို မိုင် ၂၀၀ လောက်သွားနိုင်မယ့် လူ ၄ ဦးထိုင် တက္ကဆီပျံကို လော့စ်အိန်ဂျလိစ်မြို့မှာ စမ်းသပ်မှာဖြစ်တယ်လို့ Uber ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဂျက်ဖက် ဟိုလ်ဒန်က ပြောကြားခဲ့ပါတယ်။

    ဒီတစ်ပတ်အတွင်း ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ပြုလုပ်မယ့် အင်တာနက်ညီလာခံ Wbe Summit မှာ Uber က သူတို့ရဲ့ ဒီစီမံကိန်းကို ရှင်းလင်းပြသမှာ ဖြစ်ပါတယ်။

    Uber ဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုအတွင်းမှာ ride-hailing ၀န်ဆောင်မှုကို စတင်ခဲ့ပြီး နိုင်ငံတော်တော်များများမှာ ဥပဒေကြောင်းအရ ဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မကြာသေးခင်ကပဲ လန်ဒန်က ဘေးအန္တရာယ်ကင်းရှင်းရေး စိုးရိမ်ရတဲ့အတွက် Uber ကို လိုင်စင်ရုပ်သိမ်းလိုက်ပါတယ်။

    လက်ရှိမှာတော့ ဒီကုမ္ပဏီဟာ မိုးပျံတက္ကဆီ ဆောင်ရွက်ဖို့အတွက် အားထုတ်ကြိုးပမ်းနေပြီး ကားတက္ကဆီလိုပဲ မိုဘိုင်းဖုန်းကနေတစ်ဆင့် မှာယူအသုံးပြုနိုင်မယ့် အဲဒီ မိုးပျံတက္ကဆီဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ်မှာ စတင်သွားဖို့ ရည်ရွယ်ထားပါတယ်။

    စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ လက်ခံနိုင်ဖို့အတွက်လည်း Uber ဟာ အမေရိကန်ရဲ့ ဥရောပတို့က တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    Ref: Indian Express