News @ M-Media

Blog

  • သမ္မတဆက်လုပ်ရေး အခြေခံဥပဒေကို မပြင်ဟု အီဂျစ် အာဏာသိမ်းခေါင်းဆောင်ပြော

    သမ္မတဆက်လုပ်ရေး အခြေခံဥပဒေကို မပြင်ဟု အီဂျစ် အာဏာသိမ်းခေါင်းဆောင်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    အီဂျစ်သမ္မတ အလ်-စီစီ

    – မိမိအနေဖြင့် အခြေခံဥပဒေကို လေးစားလိုက်နာသောကြောင့် သမ္မတအဖြစ် တတိယအကြိမ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်သွားမည်မဟုတ်ဟု အီဂျစ်သမ္မတ အာဏာသိမ်းဗိုလ်ချုပ်ဟောင်း အဘ်ဒဲလ် ဖာတာဟ် အလ်-စီစီက ပြောကြားလိုက်သည်။

    “အီဂျစ်ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး သမ္မတအဖြစ် တရက်ပိုနေဖို့ဆိုတာ ကျွန်တော့်အတွက် မသင့်တော်ပါဘူး။ ဒါဟာ ရုပ်သံအတွက် ပြောတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်လက်ခံထားတဲ့၊ ကျွန်တော်လိုက်နာမယ့် စည်းကမ်းပါပဲ။ အခြေခံဥပဒေကို ကျွန်တော်တို့ ၀င်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး” ဟု ယမန်နေ့က CNBC သတင်းဌာနနှင့် အင်တာဗျူးတွင် အလ်-စီစီက ပြောကြားခဲ့သည်။

    ရွေးကောက်ပွဲများကို လာမည့်နှစ် မတ်လ သို့မဟုတ် ဧပြီလတို့တွင် ကျင်းပသွားမည်ဟု အလ်-စီစီက ဆိုပြီး ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ထိုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်လားဆိုသည်ကို ၎င်းက ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိပေ။

    နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြင့် အနိုင်ရလာသူ မွတ်စလင်ညီနောင်များပါတီမှ သမ္မတ မိုဟာမက်မော်စီကို ၂၀၁၄ ခုနှစ်တွင် အလ်-စီစီခေါင်းဆောင်သည့် စစ်တပ်က ဖြုတ်ချခဲ့ပြီး၊ ထိုနောက်ပိုင်းတွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် အလ်-စီစီက အပြတ်အသတ် နိုင်ရခဲ့သည်။

    သမ္မတဖြစ်လာပြီးနောက်ပိုင်း စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများ ကိုင်တွယ်မှု၊ ဆိုင်းနိုင်ဒေသတွင် IS ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့အား တိုက်ခိုက်မှုများတွင် အလ်-စီစီမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။

    သို့သော်လည်း ၎င်းအား ထောက်ခံသူများက ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် တောင်းဆိုနေကြသည်။

    Ref: CNBC

  • ဒူဘိုင်းတွင် အထင်ကရနေရာသစ်နှစ်ခု ယခုလကုန်တွင် ဖွင့်လှစ်မည်

    ဒူဘိုင်းတွင် အထင်ကရနေရာသစ်နှစ်ခု ယခုလကုန်တွင် ဖွင့်လှစ်မည်

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    Dubai Frame

    – ဒူဘိုင်းမှာ နောက်ထပ် အထင်ကရနေရာတွေဖြစ်လာမယ့် ‘ဒူဘိုင်းမှန်ဘောင်’ (Dubai Frame) နဲ့ ဒူဘိုင်း အပန်းဖြေစခန်း (Dubai Safari) တို့ကို မကြာခင်ဖွင့်လှစ်တော့မှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    Dubai Frame အတွက် လက်မှတ်ခဟာ လူကြီးတစ်ယောက်ကို ဒီရ်ဟမ် ၅၀ (ကန်ဒေါ်လာ ၁၄ ဒေါ်လာဝန်းကျင်) နဲ့ ကလေးငယ်တွေအတွက် ဒီရ်ဟမ် ၃၀ (ကန် ၉ ဒေါ်လာဝန်းကျင်) ဖြစ်ပါတယ်။

    ဒူဘိုင်း ဆာဖာရီကတော့ လူကြီးတစ်ယောက်အတွက် ဒီရ်ဟမ် ၅၀-၈၅၊ ကလေးအတွက် ဒီရ်ဟမ် ၂၀-၃၀ ဖြစ်ပြီး သွားချင်တဲ့အပေါ် မူတည်ပြီး ဈေးကွာမှာ ဖြစ်ပါတယ်။

    အသက် ၃ နှစ်အောက် ကလေးတွေနဲ့ မသန်စွမ်းသူတွေကတော့ Dubai Frame ကို အခမဲ့ ၀င်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

    ဒီအဆောက်အဦး ၂ ခုစလုံးကို ဒီလကုန်ပိုင်းမှာ ဖွင့်လှစ်မှာဖြစ်ပြီး ရက်အတိအကျကို ထပ်မံထုတ်ပြန်သွားဖို့ ရှိပါတယ်။ လက်မှတ်တွေကို မိုဘိုင်းဖုန်းကနေတစ်ဆင့် ၀ယ်ယူလို့ရအောင်လည်း ဒူဘိုင်းအစိုးရက စီစဉ်ထားပါတယ်။

    ဒီရ်ဟမ် သန်း ၁၆၀ ကုန်ကျခဲ့တဲ့ Dubai Frame ဟာ ဒူဘိုင်းရဲ့ ဇာအာဘီလ်ပန်းခြံမှာရှိပြီး မီတာ ၁၅၀ မြင့်ကာ ၉၃ မီတာ အကျယ်ရှိပါတယ်။

    ဓာတ်လှေကားနဲ့ တစ်မိနစ်ကြာ တက်ရမှာဖြစ်ပြီး ခေတ်ဟောင်း ဒူဘိုင်းနဲ့ ခေတ်သစ် ဒူဘိုင်းတို့ကို မှန်ဘောင်ရဲ့ တစ်ဖက်တစ်ချက်စီကနေ တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။

    Dubai Safari က တော့ ဒီရ်ဟမ် ၁ ဘီလီယံ ကုန်ကျခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက တိရိစ္ဆာန်မျိုးကွဲပေါင်း ၅၀၀၀ ကျော်ကို ပြသထားက ပညာသေးအစီအစဉ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    Ref: Khaleejtimes

  • ကဘူးလ်ရှိ ရုပ်သံဌာနကို လက်နက်ကိုင်များ ၀င်ရောက်တိုက်ခိုက်

    ကဘူးလ်ရှိ ရုပ်သံဌာနကို လက်နက်ကိုင်များ ၀င်ရောက်တိုက်ခိုက်

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    ပိတ်မိနေသူများကို အာဖဂန် လုံခြုံရေးတပ်ဖွဲ့များက ကယ်ထုတ်နေစဉ်

    – အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ ရုပ်သံဌာနတစ်ခုကို ယနေ့တွင် လက်နက်ကိုင်များက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ရဲဝတ်စုံဝတ်ဆင်ထားသူများမှာ ရုပ်သံဌာန ဂိတ်ပေါက်ဝတွင် ဗုံးခွဲကာ အတွင်းသို့ ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ လုံခြုံရေးအစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးဘဲ ယခင်က ထိုကဲ့သို့ တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ဖူးသည့် တာလီဘန်အဖွဲ့က ၎င်းတို့လက်ချက်မဟုတ်ဟု Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    စီးနင်းတိုက်ခိုက်မှုမှာ တစ်နာရီကြာ ဖြစ်ပွားခဲ့သည်။

    အာဖဂန်တွင် ဂျာနယ်လစ်များအပေါ် ခြိမ်းခြောက်မှုများမှာ မြင့်တက်လာခဲ့ပြီး မေလအတွင်းက နိုင်ငံအရှေ့ပိုင်း ဂျလာလာဘ်မြို့ရှိ တီဗီနှင့် ရေဒီယိုဌာနအား တိုက်ခိုက်မှုအတွင်း အနည်းဆုံး ဂျာနယ်လစ် ၆ ဦး သေဆုံးခဲ့သည်။

    ၂၀၁၆ ခုနှစ်အတွင်း အာဖဂန်တွင် အနည်းဆုံး ဂျာနယ်လစ် ၁၃ ဦး အသတ်ခံခဲ့ရသည်။

    Ref: Aljazeera

  • ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်မှု ပထမအဆင့်သာရှိသေး

    ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေးဆောင်ရွက်မှု ပထမအဆင့်သာရှိသေး

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ဆော်ဒီ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အရေးယူမှုတွေဟာ ရပ်တန့်မသွားသေးဘဲ ပိုမို ကျယ်ပြန့်လာပါတယ်။

    တနင်္ဂနွေနေ့မှာ တိုင်းပြည်ရဲ့ ထိပ်တန်း စီးပွားရေးသမားတွေ၊ တော်ဝင်အသိုင်းအ၀ိုင်းက မင်းသားတွေကို ခြစားမှုစွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်ထားရုံသာမက ဆော်ဒီဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ လေယာဉ်မစီးရစာရင်း ထုတ်ပြန်တာတွေကိုလည်း လုပ်ခဲ့ပါတယ်။

    မနေ့က ဆော်ဒီရဲ့ အကြီးဆုံးခရီးသွားကုမ္ပဏီက ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နာဆာရ် ဘင် အကီလ် အလ်-တေယာကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

    ခြစားမှုစွဲချက်နဲ့ လက်ရှိဖမ်းဆီးထားသူတွေထဲမှာ မင်းသား ၁၁ ဦး၊ ၀န်ကြီး ၄ ဦး၊ ၀န်ကြီးဟောင်းအများအပြားပါဝင်ပြီး ဆော်ဒီရဲ့ မကြုံစဖူး ဆောင်ရွက်ချက်ဖြစ်ပါတယ်။

    မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ကို သားဖြစ်သူ အိမ်ရှေ့မင်းသား မိုဟာမက်က ကြီးကြပ်မယ်လို့ ဆော်ဒီဘုရင် ဆလ်မန်က စနေနေ့မှာ ကြေငြာခဲ့ပြီး ဒီကော်မရှင်ဟာ တိုင်းပြည်အတွင်း ခြစားမှုတိုက်ဖျက်ရေးအတွက်လို့ ဆိုပါတယ်။

    ဆလ်မန်ဟာ ဘုရင်ဖြစ်ပြီးနောက်ပိုင်း တူဖြစ်သူ အိမ်ရှေ့မင်းသားဟောင်း မိုဟာမက် ဘင် နာယက်ဖ်ကို ဖယ်ရှားကာ သူ့သားကို အိမ်ရှေ့မင်းသားနေရာကို ပေးခဲ့တာဖြစ်ပါတယ်။ အိမ်ရှေ့မင်းသားဖြစ်လာတဲ့ မိုဟာမက် ဘင် ဆလ်မန်ဟာ နိုင်ငံအတွင်းမှာရော ပြင်ပမှာပါ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဦးစားပေး ဆောင်ရွက်လာပါတယ်။

    ဆော်ဒီ ရှေ့နေချုပ် ရှိခ် စအွဒ် အလ်-မိုဂျက်ဘ်က လတ်တလော ခြစားမှုအတွက် အရေးယူမှုဟာ ပထမအဆင့်သာ ရှိသေးပြီး ဖမ်းဆီးထားသူတွေကို စစ်ဆေးမေးမြန်းနေကြောင်း၊ ဥပဒေရေးရာ ဘောင်မကျော်ဖို့နဲ့ တရားမျှတမှုကနေ သွေဖည်မသွားဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို ဆင်ဆင်ခြင်ခြင် ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ ဆော်ဒီရဲ့ ထိပ်တန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Kingdom Holding ကို ပိုင်ဆိုင်တဲ့ မင်းသား အလ်ဝါလီဒ် ဘင် တာလာလ်၊ အမျိုးသားအစောင့်တပ်ဖွဲ့အကြီးအကဲ မင်းသား မီသာ့ဘ် ဘင် အဘ်ဒူလာ၊ စီးပွားရေးဝန်ကြီး အဒဲလ် ဖာကီဟ်တို့လည်း ပါဝင်ပါတယ်။

    သံသယရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဏ်အကောင့်တွေကို အစိုးရက ထိန်းချုပ်လိုက်ပြီး လေယာဉ်မစီးရတဲ့ စာရင်းကိုလည်း ထုတ်ပြန်လိုက်ကာ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်လေယာဉ်တွေ မပျံသန်းရဆိုပြီး ဆော်ဒီလေဆိပ်တွေမှာ အမိန့်ထုတ်ထားပါတယ်။

    Ref: Aljazeera

  • ဟူသီသူပုန်အဖွဲ့၏ ဆော်ဒီသို့ ဒုံးကျည်ပစ်မှုတွင် မိမိတို့မပါဝင်ဟု အီရန်ပြော

    ဟူသီသူပုန်အဖွဲ့၏ ဆော်ဒီသို့ ဒုံးကျည်ပစ်မှုတွင် မိမိတို့မပါဝင်ဟု အီရန်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၇
    M-Media

    – ယီမင်ရှိ ဟူသီသူပုန်အဖွဲ့ ဆော်ဒီမြို့တော် ရီယာ့ဒ်ကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတွင် အီရန်နိုင်ငံပါဝင်သည်ဟု ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့၏ စွပ်စွဲပြောကြားမှုကို အီရန်က ပယ်ချလိုက်သည်။

    တနင်္လာနေ့တွင် ထုတ်ပြန်သောကြေညာချက်၌ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရန် ကာစီမီက စနေနေ့နှောင်းပိုင်း ဟူသီများ၏ ဒုံးကျည်ပစ်လွှတ်မှုတွင် အီရန်က တာဝန်ရှိသည်ဟူသော ပြောကြားချက်မှာ အငြိုးထားသော၊ တာဝန်မယူသော၊ ဖျက်လိုဖျက်ဆီးလုပ်လိုသော၊ ရန်မူလိုသောလုပ်ရပ် ဖြ
    စ်သည်ဟု ပြောကြားခဲ့သည်။

    “ယီမင်တွေရဲ့ တုန့်ပြန်မှုဟာ သူ့ဟာသူလုပ်တာဖြစ်ပြီး ဆော်ဒီရဲ့ ကျူးကျော်ရန်စမှု ရလဒ်ဖြစ်ပါတယ်။ ဒါဟာ အခြားနိုင်ငံတစ်နိုင်ငံက လုပ်တာမျိုး မဟုတ်ပါဘူး” ဟု ကာစီမီက ဆိုသည်။

    ဆော်ဒီက အဆိုပါတိုက်ခိုက်မှုတွင် အီရန်ပါဝင်ကြောင်း အထောက်အထားရှိသည်ဟု ဆိုပြီး အီရန်က ထိန်းချုပ်ထားသော ဟူသီစစ်သွေးကြွများ၏ ဆိုးရွားယုတ်မာသော ရန်ပြုမှုဟု ခေါ်ဆိုရှုတ်ချခဲ့ပြီးနောက် ကာစီမီ၏ ယခု တုန့်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

    ဆော်ဒီကထုတ်ပြန်သော ကြေငြာချက်တွင် ထိုပစ်ခတ်မှုမှာ စစ်ကြေငြာမှု ဖြစ်နိုင်သည်ဟုဆိုပြီး အီရန်၏ အခန်းကဏ္ဍနှင့် ဟူသီများ၏ တစ်ဖက်လှည့်ဖြင့် ချုပ်ကိုင်ထားသောကြောင့် ယခုကိစ္စမှာ အီရန်၏ ကျူးကျော်ရန်စမှုဖြစ်သည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ယင်းဒုံးကျည်များ ဟူသီသူပုန်များထံ မည်သို့ခိုးသွင်းလာသည်ကို သိရှိနိုင်ရန် စုံစမ်းမှုပြုလုပ်စဉ် ယီမင်နိုင်ငံ ကုန်းလမ်း၊ လေကြောင်းလမ်း၊ ပင်လယ်ဆိပ်ကမ်းများအားလုံးကို ပိတ်ဆို့ထားမည်ဟုလည်း ဆော်ဒီက ပြောကြားခဲ့သည်။

    Ref : Aljazeera