News @ M-Media
Blog
  • ဝေဖန်မှုများကြောင့် မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုကို အစ္စရေးရပ်ဆိုင်း
    ဝေဖန်မှုများကြောင့် မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုကို အစ္စရေးရပ်ဆိုင်း
    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media
    ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးသို့ သွားရောက်ခဲ့စဉ်က
    – မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု လိုင်စင်တွေကို ရပ်ဆိုင်းထားဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အဗစ်ဂ်ဒို လီဘာမန်က ဆုံးဖြတ်ခဲ့ပြီး စစ်ရာဇ၀တ်မှုတွေ ကျူးလွန်တဲ့ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုနဲ့ အစ္စရေးကို နိုင်ငံတကာက ဝေဖန်နေချိန်မှာ ဒီလို ဆောင်ရွက်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    နိုင်ငံတကာ ထောက်လှမ်းရေးသတင်းတွေကို အစဉ်တစ်စိုက် ဖော်ပြနေတဲ့ French Intelligence Online မဂ္ဂဇင်းက အစ္စရေး စစ်တပ်ရဲ့ အမည်မဖော်လိုတဲ့ ရင်းမြစ်တွေကို ကိုးကားပြီး ဒီသတင်းကို မနေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
    ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကျေနပ်စေဖို့အတွက် ဆောင်ရွက်တာဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြခဲ့ပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီးရုံးကတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးသေးပါဘူး။
    အစ္စရေးဟာ တောင်အာဖရိက လူမျိုးရေးပြဿနာ၊ ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှု အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်တဲ့၊ စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ အစိုးရတွေကို လက်နက်ရောင်းချတဲ့ သမိုင်းမျိုး ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း တက်ကြွလှုပ်ရှားသူတွေရဲ့ ရှုတ်ချမှုကို ခံခဲ့ရတာပါ။
    မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် မင်းမူပြီး တိုင်းရင်းသားတွေနဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ပြုနေတဲ့အချိန် စစ်အာဏာရှင်တွေကို လက်နက်ရောင်းတဲ့ နိုင်ငံတစ်ချို့မှာ အစ္စရေးလည်း ပါဝင်ခဲ့ပါတယ်။
    ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ရပ်ဆိုင်းဖို့အတွက် အစ္စရေးကို နိုင်ငံတကာက ဖိအားတွေ ပေးလာကြပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ ဂျူးဘုန်းကြီးတွေအပါအ၀င် အမေရိကန်က ဘာသာရေးခေါင်းဆောင် ၁၀၀ ကျော်က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့အတွက် တိုက်တွန်းတဲ့ စာတစ်စောင်ကို အစ္စရေးအစိုးရထံ ပေးပို့ခဲ့ပါတယ်။
    တနင်္လာနေ့ကလည်း အစ္စရေး လက်ဝဲနဲ့ လက်ယာ တက်ကြွလှုပ်ရှားသူတွေက အစ္စရေးလွှတ်တော်အရှေ့မှာ ဆန္ဒပြခဲ့ပြီး မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
    အစ္စရေးကာကွယ်ရေးဝန်ကြီး လီဘာမန်အနေနဲ့ ဒီ လက်နက်ရောင်းချမှု ပိတ်ပင်တဲ့အမိန့်ကို ဘယ်တုန်းက ပေးခဲ့လဲဆိုတာကိုတော့ Intelligence Online က ဖော်ပြခြင်း မရှိပါဘူး။
    Ref: Time of Israel
  • ကျွန်ုပ်သာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပေးဖြစ်လာခဲ့ရင်
    ကျွန်ုပ်သာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပေးဖြစ်လာခဲ့ရင်
    သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့တွင် 2017 ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအခမ်းအနား၌ တွေ့ရသည့် ဆောင်းပါးရှင် ဒေါက်တာသိန်းမိုးဝင်း
    ဆယ်စုနှစ်များစွာ အစစအရာရာ ယိုယွင်းခဲ့ရသည့် အမိတိုင်းပြည် နိုင်ငံတကာစာမျက်နှာမှာ အလျင်အမြန်နေရာယူဖို့ရာ  ရေရှည်၊ရေတို စီမံကိန်းများချမှတ် အကောင်အထည်ဖော်ရန် လိုအပ်သည်ဆိုသည်မှာ ကျွန်ပ်လိုပဲ ပြည်သူတိုင်း နားလည်သဘောပေါက်ပါလိမ့်မည်။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဆိုသည့်ဆိုရိုးနှင့် အညီ မည်သည့်စီမံကိန်းမဆို စဆောင်-လိုပြောင်း လုပ်ရင်း အကောင်းဖက်သို့ ဦးတည်ရန်ကြိုးစားရမည်သာ။
    စာရေးသူ ကျွန်တော် ၈၈၈၈-အရေးတော်ပုံကြီးနှင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအဖြစ် ၁၉၉၆- ကျောင်းသားအရေးတော်ပုံတို့ကို ဖြတ်သန်းခဲ့ဖူးတယ်။ အခြေခံလူတန်းစား ဘ၀သမားမို့ “ငါ့သားကို ပညာအမွေသာပေးနိုင်တယ် ကြိုးစားသား” ဆိုတဲ့ အမေ့စကားရိပ်အောက် စွမ်းစွမ်းတမံကြိုးစားရင်း ဒီကနေ့ နိုင်ငံတကာကျောင်းတော်ကြီးတွေမှ အင်ဂျင်နီယာ ပါရဂူဘွဲ့အထိ စွတ်ခူးခဲ့လေပြီ။ ကျောင်းတော်ကြီးတွေပိတ်၊ ပညာရေးစနစ်တွေယိုင်၊ လူမှုဘ၀တွေကျဆင်းလာရင်း တိုင်းပြည်အရာရာ ချွတ်ခြုံကြသွားနေသည့်အတွက် မိမိတို့ ပညာရေး၊ စားဝတ်နေရေး၊ ဘ၀တိုးတက်ရေးတွေအတွက် နိုင်ငံတကာသို့ထွက် ဘ၀တိုးတက်အောင် ကြိုးစားနေကြရသည့် မြန်မာတွေ သိန်းဂဏန်းခံ့ရှိနိုင်သည်။ မိမိတို့ရောက်ရှိရာ နိုင်ငံရပ်ခြားတွင် နေထိုင်ကြိုးစားနေခြင်းကြောင့် ထိုတိုင်းပြည်များ ဖွံ့ဖြိုးတိုးတက်ရေး တစ်ခမ်းတစ်ကဏ္ဍ အကျိုးသက်ရောက်မှု ရှိနေပေမယ့် မြန်မာပြည်အတွက်တော့ ထိုပညာရှင်မျိုးစုံ လက်လွတ်ဆုံးရှုံးရသည့် (Brain Drain) အတွက် လွန်စွာ နစ်နာလှပေသည်။
    ပြည်ပရောက်မြန်မာတွေ အမိမြေကို ချစ်ကြသည်မှာမလွှဲ။ အမိတိုင်းပြည်ကို တိုးတက်စေချင်ကြသလို မိမိတတ်ကျွမ်းရာ နိုင်ငံရပ်ခြား ပညာ-လုပ်ငန်းအတွေ့အကြုံများ တစ်ပွေတစ်ပိုက်နှင့် လာရောက် အကျိုးပြုလိုကြသည် မှာလဲ အသေအချာ။ သို့သော် ဒေသတွင်း တည်ငြိမ်မှုလျော့ပါးခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ သာတူညီမျှပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ နည်းနေသေးခြင်း၊ ခွဲခြားဆက်ဆံမှုတွေ အလျင်းမပျောက်သေးခြင်း စသည်တို့သည် နိုင်ငံ့ပညာရှင်များအတွက် များစွာအဟန့်အတား ဖြစ်နေသေးသည်။ “တရုတ်ပြည် ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံခြားရောက် တရုတ်ပညာရှင်များ၏ အရေးပါပုံ” သည် လေ့လာအပ်သော သမိုင်းဥပမာတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲအဆင့်ကိုရောက်ရန် ကြိုးစားဖြတ်သန်းနေရသည့် အမိမြန်မာပြည်ကြီး နိုင်ငံတကာ့အလယ်မှာ ရင်ကော့ခေါင်းမော့ရင်း “တို့မြန်မာ” ဆိုသည့် ဂုဏ်ကို အမြန်ဆုံး ရစေချင်လှပြီ။ ဒီ့အတွက် စဉ်းစားမိသည့် အတွေးတစ်ခုက- အကယ်၍များ ကျွန်ုပ်သာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အကြံပေးဖြစ်လာရလျှင်….တိုင်းပြည်အတွက် ဘာအကြံကောင်းများ ပေးနိုင်မည်နည်း….ပေါ့။ အကြံကောင်းဆိုသည့်အပိုင်းမှာ ၃-ပိုင်း ဆွေးနွေးပါမည်။
    ၁) ၀န်ထမ်း အခန်းကဏ္ဍ
    သို့ပါ၍ ၀န်ထမ်းများ (အုပ်ချူပ်ရေး၊ တရားစီရင်ရေး၊ နယ်မြေအေးချမ်းသာယာရေး၊ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး၊ ကာကွယ်ရေး) ၀န်ဆောင်မှုပြုရာတွင် ပြည်သူအပေါ် ချိုသာလေးစားစွာဆက်ဆံရေး၊ ဒုက္ခ၀န်ထုပ် မဖြစ်စေရေး၊ ဘက်လိုက်-ခွဲခြားဆက်ဆံမှု ရှောင်ရှားရေး၊ ၀န်ထမ်းကျင့်ဝတ် ထိမ်းသိမ်းရေး၊ သမာသမတ်ရှိပြီး တရားမျှတရေး၊ ဥပဒေဘောင်အတွင်း နေထိုင်ကျင့်ကြံ ဆောင်ရွက်ရေး၊ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုး မျှော်ကိုးဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် ပြည်သူ့ပေါ် သစ္စာစောင့်သိရေး၊ ၀န်ဆောင်မှုများအား မှန်ကန်စွာဖော်ဆောင်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ချစား ၀န်ထမ်းများအား ထိရောက်စွာဖော်ထုတ်နိုင်မည့် (Anti-Corruption Agency) ဖြင့် ပြန်လည်ထိမ်းချူပ်ရေး အစရှိသည်တို့ကို ဆောင်ရွက်ရမည်။ စင်ကာပူနိုင်ငံ၏၀န်ထမ်းများ ၀န်ဆောင်ပေးမှုသည် လေ့လာအပ်သော သာဓကတစ်ခုဖြစ်သည်။
    ၂) ပြည်သူ့ အခန်းကဏ္ဍ
    သမိုင်းကြောင်းအရ စစ်အာဏာရှင်အောက် တိုင်းပြည်ပြန်ရောက်သွားခဲ့စဉ်က- တစ်ခါးပိတ်စီးပွားရေးဝါဒ၊ ကိုလိုနီပညာရေးစနစ်ဟု မှတ်ယူဆန့်ကျင်၊ ဓနသဟာရနိုင်ငံများ အုပ်စုမှခွဲထွက် စသည့်စီမံကိန်းများကိုသုံး တစ်သံ-တစ်မိန့်အောက် ဆယ်စုနှစ်အချို့ကြာ အုပ်ချူပ်ခံဘ၀ ဖြစ်လာခဲ့ရသည့်အတွက် အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးဆဲအဆင့်သို့ တိုးတက်သွားနေချိန်  မြန်မာပြည်သူတွေ၏ စိတ်ဓာတ်အတွေးခေါ်-စီးပွား-ပညာ-လူနေမှုဘ၀အစုံ ချွတ်ခြုံကျနေခဲ့ရသည်။ တိုးတက်သောနိုင်ငံများအဖို့ အယူအဆ-ဓလေ့-ကိုးကွယ်မှု-အသားအရောင် မတူကွဲပြားသည့် ဘက်ပေါင်းစုံ (rich cultural strength) ကို အင်အားစုအဖြစ် ဖန်တီးနေချိန် အမိမြန်မာပြည်အတွက်တော့ ထိုအခြေအနေရောက်ရန် အလွန်တရာ အလှမ်းဝေးနေသေးသည်။ ၂-နှစ်သားဝန်းကျင်သာ ရှိသေးသည့် လက်ရှိအစိုးရအတွက် “ဟတ်ချလောင်း”ဆိုပြီး အရာရာ မပြောင်းလဲနိုင်သေးသည်မှာ မှန်ပေမယ့် ၀န်ထမ်းဆိုင်ရာ၊ ပြည်သူဆိုင်ရာ၊ ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာများဟူ၍ စီမံကိန်းများချမှတ် အကောင်အထည် ဖော်ရပေတော့မည်။
    ၃)အစိုးရ-ပြည်သူ ပူးပေါင်းလုပ်ဆောင်ရမည့် အခန်းကဏ္ဍ
    နိုင်ငံတစ်နိုင်ငံကို ပမာဆိုရလျင်- တိုင်းပြည်တိုးတက်စေမည့် “ပြည်သူတို့၏လုပ်အားသည် ပဋိပက္ခကင်း ညီညွတ်ခြင်းအပေါ်တည်” အဖြစ်စံနှုန်းမှတ်ယူကာ ပြည်သူတို့၏ စိတ်ဓာတ်-ပညာ-သဟဇာတ အစဉ်ရှိနေစေဖို့ ပညာသင်ကျောင်းများမှ လူမှုအသိုင်းအ၀န်းအားလုံးထိ အသိ-သတိ (educate, motivate, brainstorm) မြှင့်တင်ပေးသလို တစ်ဖက်မှာလည်းပဲ သာတူညီမျှ အခွင့်အရေးရရှိစေဖို့ ဥပဒေရေးရာ ထိမ်းကျောင်းမှုများ (Anti-Racism Law, Multiculturalism, Anti-Discrimination) ဖြင့် ဘောင်ခတ်ထိမ်းချူပ်ထားသည်ကို တွေ့နိုင်သည်။
    မြန်မာအချို့ မှတ်ယူနေသည့် ဓလေ့တစ်ခုက- မိမိ၏ကိုယ်နှုတ်အမူအယာဖြင့် လူတစ်ဖက်သားအား ထိခိုက်လိုက်ခြင်းကိုပင် တစ်ဖက်သောသူ နစ်နာသွားသည်ဟု မမှတ်ယူခြင်းပင်။ ဥပမာ- ငမဲ၊ တောသား၊ ဂျပု၊ အိမ်စေ၊ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထား ခေါ်ဝေါ်သမုတ်မှုများ၊ မရှိဆင်းရဲသားများအား မတူမတန် ဆက်ဆံမှုများ၊ အမူအယာဖြင့် နှိမ်ချစော်ကားမှုများ၊ ဘ၀ပေးကုသိုလ်ကံကြောင့် ကိုယ်လက်အင်္ဂါချွတ်ယွင်းသူများအား ခွဲခြားဆက်ဆံအခေါ်အဝေါ်များ စသည်တို့ကို ဓလေ့တစ်ခုသဖွယ် မှတ်ယူနေခြင်းကို စိတ်မကောင်းဖွယ်ရာ တွေ့ရသည်။ သို့ဖြစ်လေရာ  ပြည်သူတို့၏ စိတ်ဓာတ်-ပညာ-သဟဇာတမြှင့်တင်ခြင်း၊ ဥပဒေရေးရာ ထိမ်းချူပ်ကြိုးညှိမှုများ ပြုလုပ်ရင်း ကွာဟနေသည့် လူမှုအသိုင်းအ၀ိုင်းကို စွမ်းအင်အဖြစ်ပြောင်းလဲရန် ကြိုးစားဖို့လိုသည်။ ဤကိစ္စများတွင် ပြည်သူနှင့် နေ့တစ်ဓူဝ ထိစပ်နေသည့် သတင်းမီဒီယာ၊ အနုပညာနယ်ပယ်၊ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်း၊ လူမှုရေး ငြိမ်းချမ်းရေး ပရဟိတအဖွဲ့စုံ၊ အစိုးရယန္တယား အစရှိသည်တို့၏ ပူးပေါင်းဆောင်ရွက်မှု လွန်စွာအရေးကြီးသည်။
    တစ်ဆက်တည်းမှာပဲ “ပညာလို အိုသည်မရှိ” ဟုဆိုရာနှင့်အညီ ပြည်သူတွေကိုယ်စီ ပညာတတ်ဖို့လိုပြီ။ ဗဟုသုတပေးသည့် စာတွေဖတ်ဖို့လိုပြီ။ မိမိတို့၏ သားသမီးများအား ခေတ်ပညာအမွေ ပေးကိုပေးရမည်။ ကျောင်းပညာ မဖြစ်မနေသင်ကြားရမည့် ဥပဒေပြဌာန်းရမည်။ ပညာသင်ကြားပေးခြင်းကြောင့် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် လိုအပ်သည့် ပညာရေးစရိတ်ဘတ်ဂျက်များ တိုးမြှင့်   သုံးစွဲရမည်။ မိဘပြည်သူများ အရေးပေးအားကိုးရလောက်မည့် ပညာသင်ကြားခြင်းစနစ်၊ ကျက်ဖြေစနစ်မဟုတ်ဘဲ တွေးခေါ်ဆင်ခြင်လေ့လာသုံးသပ်နိုင်သည့် နိုင်ငံကြီးသုံး ပညာရေးစနစ်မျိုးကို မြှင့်တင်ရမည်။ သို့မှသာ အမှန်တရားအပေါ် ရဲရဲဝံ့ဝံ့ ရပ်တည်ဖလှယ်တတ်သော၊ ပြောရဲဆိုရဲသတ္တိခဲစိတ်ရှိသော၊ အချောက်တရားပေါ် မကြောက်တတ်သော၊ နိုင်ငံတကာနှင့် ယှဉ်ပေါင်တန်း တွေးခေါ်ဆင်ခြင် လုပ်ဆောင်တတ်သော နိုင်ငံ့အကျိုးဆောင်များစွာ ပေါ်ထွန်းလာနိုင်ပေမည်။
    ဆိုတော့ကာ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စာရေးသူတို့ နိုင်ငံတကာအခမ်းအနားကြီးတစ်ခုမှာ “သဟဇာတလူ့အဖွဲ့အစည်း (Harmonious Society)မှ တိုးတက်သောနိုင်ငံတော်ကြီးဆီ အရောက်လှမ်းနိုင်ရေး” ဆွေးနွေးခဲ့ဖူးသည့်အတိုင်း အထက်ဖော်ပြပါ အကြံပြုချက်များအား ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဆောင်ရွက်သွားနိုင်မှသာ တိုင်းပြည်တိုးတက်ပြောင်းလဲမှုများ သိသိသာသာပေါ်ထွန်းလာမည်သာမက “ပါတီကိုကြည့် မဲထည့်ပါ” “ပြောင်းလဲချိန်တန်ပြီ” ဆိုခဲ့သည့် စကားအားမာန်များ ၂၀၂၀-ရွေးကောက်ပွဲကာလမတိုင်မီ အကျိုးသက်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း။
    ဒေါက်တာ သိန်းမိုးဝင်း (01-Nov-2017)
    The University of New South Wales, Sydney, Australia, +614 5138 9185
  • ဘဲလ်ဖိုးကြေငြာချက် (သို့မဟုတ်) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အစ
    ဘဲလ်ဖိုးကြေငြာချက် (သို့မဟုတ်) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အစ
    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media
    ပါလက်စတိုင်းများ နိုင်ငံပျောက်ဆုံးမှု အဆင့်ဆင့်
    – ၁၉၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဘဲလ်ဖိုးကြေငြာချက် နှစ် ၁၀၀ ပြည့်ကို ကမ္ဘာတစ်ဝှမ်းက ပါလက်စတိုင်းလူမျိုးတွေဟာ ၀မ်းနည်းကြေကွဲစွာ အောက်မေ့သတိရကြမှာ ဖြစ်ပါတယ်။
    ပါလက်စတိုင်းမှာ ‘ဂျူးလူမျိုးတွေအတွက် အမျိုးသားနိုင်ငံတစ်ခု’ ထူထောင်ပေးမယ်လို့ ဗြိတိန်က ကတိပေးခဲ့တဲ့ အဲဒီကြေငြာချက်ဟာ ပါလက်စတိုင်းပိုင်နက်အတွင်း ဂျူးနိုင်ငံထူထောင်ရေး ဇိုင်ယွန်ဝါဒီတွေရဲ့ ရည်ရွယ်ချက်ကို လက်တွေ့ဖြစ်ပေါ်လာစေတဲ့ စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ်။
    ဒီကတိက၀တ်ဟာ နက္ကဘာ (Nakba) လို့ခေါ်တဲ့ ၁၉၄၈ ခုနှစ် ပါလက်စတိုင်းတွေ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းခံရမှုအတွက်၊ အစ္စရေးနိုင်ငံ တည်ထောင်မှုနဲ့အတူ ပဋိပက္ခတစ်ခုအတွက် အဓိက မီးထိုးပေးခဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။
    ဘဲလ်ဖိုးကြေငြာချက်ဆိုတာ ဘာလဲ
    ဘဲလ်ဖိုးကြေငြာချက်ဆိုတာ ပါလက်စတိုင်းနိုင်ငံအတွင်း ‘ဂျူးတွေအတွက် အမျိုးသားနိုင်ငံတစ်ခု’ တည်ထောင်ရေး ရည်ရွယ်ကာ ၁၉၁၇ ခုနှစ်မှာ ဗြိတိန်က လူသိရှင်ကြား ကတိပြုခဲ့မှု ဖြစ်ပါတယ်။
    ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အာသာ ဘဲလ်ဖိုးက ဗြိတိန်ဂျူးလူ့အဖွဲ့အစည်းခေါင်းဆောင် လီယွန်နဲလ် ဝေါလ်တာ ရော့သ်ချိုင်းလ်ကို ပေးစာမှာ ဒီကတိက၀တ် ပါဝင်ခဲ့တာပါ။
    ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အတွင်းမှာ ပေးခဲ့တဲ့ ဒီကတိက၀တ်မှာ အော်တိုမန်အင်ပါယာ ပြိုကွဲသွားပြီးနောက် ‘ပါလက်စတိုင်းကို ဗြိတိန်က အုပ်စိုးပိုင်ခွင့်’ (British Mandate for Palestine) ဆိုတဲ့ အသုံးအနှုန်းလည်း ပါဝင်ပါတယ်။
    အဲဒီ အုပ်စိုးပိုင်ခွင့်ဆိုတာ မဟာမိတ်နိုင်ငံတွေက ကိုလိုနီဝါဒ၊ ကျူးကျော်သိမ်းပိုက်ရေးဝါဒအတွက် လူကြားကောင်းအောင် အသုံးပြုတဲ့ စကားလုံးဖြစ်ပါတယ်။
    အဲဒီစနစ်အရ စစ်ပွဲမှာ ရှုံးခဲ့တဲ့ ဂျာမနီ၊ သြစတြီးယား-ဟန်ဂေရီ၊ အော်တိုမန်အင်ပါယာနဲ့ ဘူလ်ဂေးရီးယားတို့က သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်အောင်နိုင်သူတွေကို လွှဲပေးခဲ့ရပါတယ်။
    ဒီ အုပ်စိုးပိုင်ခွင့်စနစ်ဟာ နောင်ပေါ်ထွက်လာမယ့် နိုင်ငံတွေ လွပ်လပ်ရေးမရခင်အထိ ဒီဒေသတွေကို စစ်နိုင်သူတွေကို စိုးမိုးအုပ်ချုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
    ဒါပေမယ့် ပါလက်စတိုင်းဒေသအတွက်တော့ ဒီစနစ်ဟာ ထူးခြားပါတယ်။ စစ်အပြီး အခြားသော အုပ်စိုးပိုင်ခွင့်တွေနဲ့ မတူတာက ပါလက်စတိုင်းကို ဗြိတိသျှရဲ့အုပ်စိုးမှုဟာ အဲဒီအချိန်တုန်းက ပါလက်စတိုင်းလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာရှိတဲ့ ဂျူးတွေကို ‘ဂျူးအမျိုးသားနိုင်ငံ’ ထူထောင်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။
    ပါလက်စတိုင်းဒေသကို ဗြိတိသျှက တာဝန်ယူတဲ့အချိန်ကစပြီး ဥရောပက ဂျူးတွေကို ဗြိတိသျှက အစုလိုက်အပြုံလိုက် ခေါ်သွင်းလာခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်နဲ့ ၁၉၃၅ ခုနှစ်အတွင်းမှာ ပါလက်စတိုင်းဒေသက ဂျူးအရေအတွက်ဟာ ၉ ရာခိုင်နှုန်းကနေ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
    ‘ပါလက်စတိုင်းရှိ ဂျူးမဟုတ်သော လူ့အဖွဲ့အစည်းများ၏ နိုင်ငံသား အခွင့်အရေးနှင့် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ထိခိုက်စေနိုင်သည့် မည်သည့်ကိစ္စကိုမှ မပြုလုပ်ရ’ ဆိုတဲ့ သတိပေးချက်မျိုး ဘဲလ်ဖိုးကြေငြာချက်မှာ ပါဝင်ပမယ့် ပါလက်စတိုင်းအာရပ်တွေ ကန့်ကွက်နေတဲ့ကြားထဲက ဂျူးတွေ ကိုယ်ပိုင်အုပ်ချုပ်နိုင်မယ့် အစီအစဉ်
    တွေအားလုံးကို ဗြိတိသျှက ဖန်တီးပေးခဲ့ပါတယ်။
    ဘာ့ကြောင့် ဒီကြေငြာချက်က အငြင်းပွားဖွယ်ဖြစ်ရတာလဲ
    ဒီကြေငြာချက်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်အကြောင်းအရင်း တော်တော်များများ ရှိပါတယ်။
    ပထမဆုံးအချက်က – ပါလက်စတိုင်း-အမေရိကန် ပညာရှင် အက်ဒ၀ပ် စအီးဒ်ရဲ့ စကားနဲ့ပြောရရင် ဒီကြေငြာချက်ဟာ ‘ဥရောပမှာမဟုတ်တဲ့ ပိုင်နက်တစ်ခုကို အဲဒီဒေသက ရှိရင်းစွဲ ဌာနေလူမျိုးစုရဲ့ တည်ရှိမှု၊ သဘောဆန္ဒတွေကို လုံးဝ လစ်လျူရှုတဲ့ ဥရောပအင်အားကြီးနိုင်ငံတစ်ခုရဲ့ ဆောင်ရွက်ချက်’ ဆိုတာပါပဲ။
    အနှစ်ချုပ်ရရင် ဘဲလ်ဖိုးကြေငြာချက်ဟာ ဂျူးမဟုတ်တဲ့ ဌာနေ ၉၀ ရာခိုင်နှုန်းကျော်လောက်ရှိတဲ့ဒေသမှာ ဂျူးနိုင်ငံတစ်ခု တည်ထောင်ဖို့ ကတိပေးလိုက်တာ ဖြစ်ပါတယ်။
    ဒုတိယအချက်က – ဒီကြေငြာချက်ဟာ စစ်အတွင်းမှာ ဗြိတိသျှရဲ့ ရှေ့နောက်မညီတဲ့ ကတိက၀တ်တွေထဲက တစ်ခုဖြစ်နေပါတယ်။
    ဒီကြေငြာချက် ထွက်လာတဲ့အချိန်ဟာ အော်မန်အင်ပါယာကနေ အာရပ်နယ်မြေတွေ လွပ်လပ်စေရမယ်လို့ ၁၉၁၅ ခုနှစ် Hussein-McMahon အပြန်အလှန်ပေးစာနဲ့ ဗြိတိသျှက အာရပ်တွေကို ကတိပေးထားပြီးတဲ့ အချိန်ပါ။
    ပါလက်စတိုင်းက ဌာနေလူများစုတွေကို နိုင်ငံတကာရဲ့ စီမံခန့်ခွဲမှုအောက်မှာထားပြီး ကျန်တဲ့ ဒေသတွင်းအစိတ်အပိုင်းတွေကို စစ်ပြီးရင် ကိုလိုနီအင်အားကြီးနိုင်ငံတွေ ခွဲဝေယူစေမယ်လို့ ၁၉၁၆ ခုနှစ်မှာ Sykes-Picot သဘောတူညီချက်နဲ့ ဗြိတိသျှဟာ ပြင်သစ်ကိုလည်း ကတိပေးထားပါတယ်။
    ဒါပေမယ့် ဒီကြေငြာချက်က ပါလက်စတိုင်းကို ဗြိတိသျှက သိမ်းပိုက်မယ့်အနေအထားကို ရောက်စေခဲ့ပြီး အဲဒီမှာနေထိုင်တဲ့ အာရပ်တွေကလည်း လွတ်လပ်ရေး မရတော့ပါဘူး။
    နောက်ဆုံးတစ်ခုက – ဒီကြေငြာချက်ဟာ နိုင်ငံတကာဥပဒေမှာ မရှိတဲ့ ‘အမျိုးသားနိုင်ငံ’ (National Home) ဆိုတဲ့ အယူအဆ၊ အသုံးအနှုန်းကို ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။
    ဂျူးလူမျိုးတွေအတွက် ‘အမျိုးသားနိုင်ငံ’ ဆိုတဲ့ ဒီစကားလုံးဟာ ‘နိုင်ငံ’ (State) ဆိုတဲ့ စကားလုံးနဲ့ ဆန့်ကျင်တဲ့ မပြတ်မသား စကားလုံးဖြစ်ပြီး အဓိပ္ပါယ်ကို လိုသလိုဖွင့်လိုရတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။
    စောစောပိုင်းက ကြေငြာချက်မူကြမ်းတွေမှာ ‘ပါလက်စတိုင်းကို ဂျူးနိုင်ငံအဖြစ် ပြန်လည်ဖန်တီးခြင်း’ လို့ သုံးနှုန်းခဲ့ပြီး နောက်ပိုင်းမှာ ဒီစကားလုံးကို ပြောင်းလဲခဲ့ပါတယ်။
    ၁၉၂၂ ခုနှစ်မှာ အာသာ ဘဲလ်ဖိုးနဲ့ အဲဒီတုန်းက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် လွိုက် ဂျော့တို့ ဇိုင်ယွန်ခေါင်းဆောင်ချာအင် ၀ိုက်ဇမန်းနဲ့တွေ့ဆုံစဉ်မှာ ဂျော့က ဘဲလ်ဖိုးကြေငြာချက်ဟာ ‘နောက်ဆုံးမှာ ဂျူးနိုင်ငံဖြစ်လာဖို့ ရည်ရွယ်တာဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။
    ဘာ့ကြောင့် ဒီကြေငြာချက်ထွက်လာလဲ
    ဘဲလ်ဖိုးကြေငြာချက် ဘာ့ကြောင့်ထွက်လာလဲဆိုတဲ့ ကိစ္စဟာ ဆယ်စုနှစ်များစွာ ငြင်းခုံခဲ့ရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး သမိုင်းပညာရှင်တွေကလည်း ရင်းမြစ်အမျိုးမျိုးကို အသုံးပြုကာ အမျိုးမျိုး ရှင်းပြကြပါတယ်။
    အဲဒီအချိန်တုန်းက ဗြိတိန်အစိုးရမှာ တော်တော်များများက ဇိုင်ယွန်ဝါဒီတွေဖြစ်တယ်လို့ တစ်ချို့တွေက ဆိုကြပြီး၊ တစ်ချို့ကတော့ ဂျူးဆန့်ကျင်ရေးကိစ္စတွေကြောင့် ဥရောပဂျူးတွေကို ပါလက်စတိုင်းကို ပို့ပစ်လိုက်မှ ‘ဂျူးပြဿနာ’ တစ်တောရှင်းမယ်ဆိုတဲ့ သဘောထားကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
    ပညာရပ်ဆိုင်ရာနယ်ပယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အများသဘောတူထားတဲ့ အချက်တွေ ရှိနေပါတယ်။
    – ပါလက်စတိုင်းကို ထိန်းချုပ်ထားနိုင်ခြင်းဟာ အီဂျစ်နဲ့ ဆူးအက်တူးမြောင်းကို ဗြိတိန်ရဲ့ သြဇာအတွင်း ရောက်ရှိစေပြီး ဗြိတိသျှအင်ပါယာရဲ့ အကျိုးစီးပွားအတွက် မဟာဗျူဟာကျတယ်ဆိုတဲ့ အချက်
    – အမေရိကန်နဲ့ ရုရှားတို့ ကမ္ဘာစစ် နိုင်ပြီးတဲ့အချိန်အထိ စစ်ပွဲထဲမှာ ပါဝင်ရေး တွန်းအားပေးဖို့အတွက် အဲဒီနိုင်ငံတွေက ဂျူးတွေအကြား ထောက်ခံမှုရအောင် ဗြိတိန်က ဇိုင်ယွန်ဝါဒဘက် ရပ်တည်ရမယ်ဆိုတဲ့အချက်
    – ဇိုင်ယွန်ဝါဒအတွက် အပြင်းအထန်လော်ဘီလုပ်လာကြပြီး ဗြိတိန်က ဇိုင်ယွန်လူ့အဖွဲ့အစည်းနဲ့ ဗြိတိသျှအစိုးရတို့အကြား ခိုင်မာတဲ့ဆက်ဆံရေး ရှိနေတယ်ဆိုတဲ့အချက်၊ ဗြိတိသျှအစိုးရထဲမှာ တစ်ချို့တွေဟာ ဇိုင်ယွန်ဝါဒီတွေဖြစ်တယ်ဆိုတဲ့ အချက်
    – ဥရောပမှာ ထိခိုက်ခံစားနေရတဲ့ ဂျူးတွေကို ဗြိတိန်အစိုးရက စာနာတယ်ဆိုတဲ့အချက် – စတာတွေ ဖြစ်ပါတယ်။
    ပါလက်စတိုင်းများနှင့် အာရပ်များ၏ တုန့်ပြန်မှု
    ၁၉၁၉ ခုနှစ်မှာ အဲဒီတုန်းကသမ္မတ ၀ုဒ်ရိုး ၀ီလ်ဆင်ဟာ ဆီးရီးယားနဲ့ ပါလက်စတိုင်းမှာ စစ်နိုင်သူတွေကို အုပ်ချုပ်စေတဲ့ စနစ်အတွက် လူထုဆန္ဒကောက်ယူဖို့ ကော်မရှင်တစ်ခုကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။
    အဲဒီ King-Crane ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုအတွင်းမှာ ပါလက်စတိုင်းအများစုဟာ ဇိုင်ယွန်ဝါဒကို ဆန့်ကျင်တယ်ဆိုတာ တွေ့ခဲ့ပြီး စုံစမ်းစစ်ဆေးသူတွေက တာဝန်ပေးအုပ်ချုပ်စေမှု (Mandate) ရဲ့ ရည်ရွယ်ချက်ကို ပြင်ဆင်ဖို့အတွက် အကြံပြုခဲ့ပါတယ်။
    ထင်ရှားတဲ့ ပါလက်စတိုင်းနိုင်ငံရေးသမားဖြစ်သူ အောင်နီ အဘ် ဒဲလ်-ဟာဒီက ဘဲလ်ဖိုးကြငြာချက်ကို ရှုတ်ချကြောင်း သူ့ရဲ့ မှတ်စုထဲမှာ ရေးသားခဲ့ပြီး ပါလက်စတိုင်းနဲ့ ဘာမှမဆိုင်တဲ့ နိုင်ငံခြားသား အင်္ဂလိပ်တွေက ပါလက်စတိုင်းမှာ ဘာအခွင့်အရေးမှမရှိတဲ့ နိုင်ငံခြားသားဂျူးတွေကို ပေးတဲ့ ကတိက၀တ်လို့ ဆိုပါတယ်။
    ၁၉၂၀ ဟိုင်ဖာမှာပြလုပ်တဲ့ တတိယအကြိမ်မြောက် ပါလက်စတိုင်း ကွန်ဂရက်မှာ ဇိုင်ယွန်ဝါဒီတွေရဲ့ စီမံကိန်းကို ပံ့ပိုးပေးတဲ့ ဗြိတိသျှအစိုးရကို ရှုတ်ချခဲ့ပြီး ဘဲလ်ဖိုးကြေငြာချက်ဟာ နိုင်ငံတကာဥပဒေနဲ့ မညီကြောင်း၊ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ကြောင်း ပြောကြားကာ ကြေငြာချက်ကို ပယ်ချခဲ့ပါတယ်။
    ဒါပေမယ့် ကြေငြာချက်အပေါ် ပါလက်စတိုင်းတွေရဲ့ အမြင်နဲ့ပတ်သက်ပြီး နောက်ထပ် အရေးပါတဲ့ ရင်းမြစ်တစ်ခုက ၁၉၁၄ ခုနှစ် စစ်ပွဲစတင်တဲ့အချိန် အော်တိုမန်တွေက ပိတ်ပစ်ခဲ့ပြီး ၁၉၁၉ ခု ဗြိတိန်သျှစစ်တပ်ရဲ့ ဆင်ဆာအောက်မှာ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တဲ့ အလ်-အစ္စတစ်က်လာ အလ်-အာရဘီ (အာရပ်လွတ်မြောက်ရေး)
    သတင်းစာ ဖြစ်ပါတယ်။
    ၁၉၁၉ ခုနှစ်မှာ အဲဒီသတင်းစာရုံးကို ဒမတ်စကတ်မှာ ပြန်ဖွင့်ခဲ့ပြီး ဘဲလ်ဖိုးကြေငြာချက် ဒုတိယနှစ်ပတ်လည်အဖြစ် လန်ဒန်မှာ ဂျူးလူမျိုး အစိုးရ၀န်ကြီး ဟားဘတ် ဆမ်မြူယဲလ်ရဲ့ မိန့်ခွန်းကို တုန့်ပြန်ထားတဲ့ ဆောင်းပါးတစ်ခု ပါဝင်လာခဲ့ပါတယ်။
    ‘ငါတို့တိုင်းပြည်ဟာ အာရပ်တိုင်းပြည်။ ပါလက်စတိုင်းဟာ အရပ်ဖြစ်တယ်။ ပါလက်စတိုင်းဟာ ဆက်ပြီး အာရပ်ပဲဖြစ်ရမယ်’ ဆိုပြီး အဲဒီဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။
    ဘဲလ်ဖိုးကြေငြာချက် မထွက်လာမီနဲ့ ဗြိတိသျှက ပါလက်စတိုင်းကို မအုပ်ချုပ်မီအချိန်မှာ အာရပ်ဒေသ သတင်းစာတွေက ဇိုင်ယွန်ဝါဒရဲ့ လှုပ်ရှားမှု နောက်ကွယ်က လှုံ့ဆော်မှုတွေကို သတိပေးခဲ့ပြီး၊ အဲဒီလှုပ်ရှားမှုတွေရဲ့ ရလဒ်ဟာ ပါလက်စတိုင်းတွေကို နိုင်ငံကနေ ဖယ်ရှားရေးဖြစ်တယ်လို့ ဆိုပါတယ်။
    စစ်ပွဲပြီးပြီးချင်းမှာ ဂျေရုစလင်က စာရေးဆရာနဲ့ ကျောင်းဆရာဖြစ်သူ ခါလီလ် ဆာကာကီနီက ပါလက်စတိုင်းနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။
    “ကာလအတော်ကြာ အိပ်မောကျနေတဲ့ နိုင်ငံတစ်ခုဟာ ပြဿနာတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်ခတ်ခံရမှ နိုးထလာတယ်။ ဒါဟာလည်း နည်းနည်းချင်းစီ နိုးထလာတာပါ။ ဒါဟာ ပါလက်စတိုင်းရဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ စစ်ပွဲကြီးရဲ့ ရိုက်ခတ်မှု၊ ဇိုင်ယွန်လှုပ်ရှားမှုရဲ့ ကြောက်စရာကောင်းမှု၊ (ဗြိတိသျှရဲ့) တရားမ၀င်ပေါ်လစီရဲ့ ချိုးဖောက်မှုတွေ မတိုင်ခင်အထိ ရာစုနှစ် တော်တော်ကြာကြာ အိပ်မောကျနေခဲ့တာပါ”
    ဗြိတိသျှအုပ်စိုးမှုအတွင်း ပါလက်စတိုင်းထဲကို ဂျူးတွေ စိမ့်ဝင်လာတာက အာရပ်တွေနဲ့ ဥရောပဂျူးတွေအကြား တင်းမာတွေ၊ ပဋိပက္ခတွေ ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှရဲ့လုပ်ရပ်ကို တုန့်ပြန်ရာမှာ လူကြိုက်များတာတွေထဲက တစ်ခုဟာ ၁၉၂၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ‘နဘီမူဆာ’ တော်လှန်မှုဖြစ်ပြီး ပါလက်စတိုင်း ၄ ဦးနဲ့ ဥရောပက ၀င်ရောက်လာသူ ဂျူး ၅ ဦး သေဆုံးခဲ့ပါတယ်။
    ကြေငြာချက်ရဲ့နောက်မှာ ဘယ်သူရှိလဲ
    ဘဲလ်ဖိုးကြေငြာချက်အတွက် ယေဘူယျအားဖြင့် ဗြိတိန်မှာ တာဝန်ရှိတာ မှန်ပေမယ့် ပထမကမ္ဘာစစ်အတွင်းမှာ မဟာမိတ် အင်အားကြီးနိုင်ငံတွေရဲ့ ကနဦး သဘောတူညီချက်မရှိရင် ဒီကြေငြာချက် ထွက်လာမှာမဟုတ်ဘူးဆိုတဲ့ အချက်က အရေးကြီးပါတယ်။
    ၁၉၁၇ ခုနှစ် စက်တင်ဘာမှာပြုလုပ်တဲ့ စစ်ရေးကက်ဘိနတ်အစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးတွေဟာ ‘ကြေငြာချက်မထုတ်ခင် အမေရိကန်သမ္မတ ၀ီလ်ဆင်ရဲ့ အမြင်ကို ရယူရမယ်’ လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အောက်တိုဘာ ၄ ရက်နေ့ အစည်းအဝေးမှတ်တမ်းမှာ ‘သမ္မတ ၀ီလ်ဆင်ဟာ ဒီလှုပ်ရှားမှုကို လိုလိုလားလားလက်ခံတယ်’ လို့ ဘဲလ်ဖိုးရဲ့ အတည်ပြုမှုကို ၀န်ကြီးတွေက ကိုးကားထားကြောင်း တွေ့ရပါတယ်။
    ဘဲလ်ဖိုးကြေငြာချက် ထွက်မလာခင်မှာ ပြင်သစ်ကလည်း ဒီကိစ္စမှာ ပါဝင်ပြီး ကြေငြာချက်ကိုထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
    ၁၉၁၇ ခုနှစ် မေလက ပြင်သစ်သံတမန် ဂျူလက်စ် ကမ်ဘွန်က ပိုလန်ဇိုင်ယွန်ဝါဒီ နာဟွမ် ဆိုကိုလိုးကို ပေးပို့တဲ့စာမှာ ‘ပါလက်စတိုင်းကို ဂျူးတွေ ကိုလိုနီပြု သိမ်းပိုက်ရေး’ အတွက် ပြင်သစ်အစိုးရက လက်ခံလိုတဲ့ အမြင်မျိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။
    “ရာစုနှစ်ပေါင်းများစွာက အစ္စရေးလူမျိုးတွေ ထွက်ခွားသွားခဲ့တဲ့ အဲဒီမြေမှာ ဂျူးနိုင်ငံတစ်ခု ပြန်လည်ထွန်းကားလာရေး မဟာမိတ်အဖွဲ့တွေရဲ့ ကာကွယ်ပေးမှုဟာ တရားမျှတတဲ့လုပ်ရပ်၊ ၀ိုင်းဝန်းကူညီပေးရမယ့်လုပ်ရပ် ဖြစ်ပါတယ်” လို့ ဘဲလ်ဖိုးကြေငြာချက်အတွက် ရှေ့ပြေးဖြစ်တဲ့ ဒီစာမှာ တွေ့ခဲ့ရပါတယ်။
    ပါလက်စတိုင်းတွေအပေါ် ဘယ်လိုသက်ရောက်ခဲ့သလဲ
    ဘဲလ်ဖိုးကြေငြာချက်ဟာ ဗြိတိသျှက လေ့ကျင့်ပေးထားတဲ့ ဇိုင်ယွန်လက်နက်ကိုင်အဖွဲ့တွေ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းပြည်သူ ၇ သိန်း ၅ သောင်းလောက်ကို သူတို့ရဲ့ ဇာတိမြေကနေ နှင်ထုတ်ခဲ့တဲ့ နက္ကဘာအဖြစ်အပျက်ရဲ့ ရှေ့ပြေးဖြစ်ပါတယ်။
    ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာနိုင်တယ်လို့ ဗြိတိသျှ ကက်ဘိတ်ရဲ့ စစ်ရေးဆွေးနွေးပွဲမှာ အတိုက်အခံတစ်ချို့က ပြောကြားခဲ့ပေမယ့် ဗြိတိသျှအစိုးရဟာ ဒီကြေငြာချက်ကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
    ပါလက်စတိုင်းက လက်ရှိအဖြစ်အပျက်တွေရဲ့ ဇစ်မြစ်ဟာ ဘဲလ်ဖိုးကြေငြာချက်ကြောင့်လို့ ပြောဖို့ခက်ပေမယ့် ပါလက်စတိုင်းမှာ ဂျူးလူနည်းစုတွေ စိုးမိုးအုပ်ချုပ်နိုင်ရေး၊ ပါလက်စတိုင်းအာရပ်တွေ ကန့်ကွက်နေတဲ့အကြားက သူတို့ နိုင်ငံတစ်ခု ထူထောင်လာနိုင်ရေး အခြေအနေတွေကို ဗြိတိသျှအုပ်စိုးမှုက ဖန်တီးပေးလို
    က်တယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။
    ၁၉၄၇ ခုနှစ်မှာ ပါလက်စတိုင်းက ထွက်ခွာပြီး ဒီကိစ္စကို ကုလလက်ထဲ လွှဲပေးမယ်လို့ ဗြိတိသျှက ဆုံးဖြတ်တဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့အတွက် ဗြိတိန်က လေ့ကျင့် ဖွဲ့စည်းပေးထားတဲ့ လက်နက်ကိုင်အုပ်စုတွေ စုပေါင်းကာ ဂျူးတွေမှာ စစ်တပ်တစ်တပ် ရှိနေပြီ ဖြစ်ပါတယ်။
    ပိုပြီးအရေးကြီးတာ ဗြိတိသျှဟာ ‘ဂျူးအေဂျင်စီ’ လို ကိုယ်ပိုင်အုပ်ချုပ်နိုင်တဲ့ အသင်းအဖွဲ့တွေကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အခွင့်အရေးရတဲ့အခါ နိုင်ငံတစ်ခု တည်ထောင်နိုင်ဖို့ ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကိုတော့ ဒီလိုဖွဲ့စည်းခွင့် မပြုခဲ့ပါဘူး။ ဒီဆောင်ရွက်မှုဟာ ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းတွေ လူမျိုးစုလိုက် ရှင်းလင်းခံရဖို့ လမ်ခင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။
    Ref: Aljazeera
    (Aljazeera သတင်းဌာနမှ 100 years on: The Balfour Declaration explained ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ရိုဟင်ဂျာများနေရပ်ပြန်ရေး နှောင့်နှေးမှုအတွက် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်
    ရိုဟင်ဂျာများနေရပ်ပြန်ရေး နှောင့်နှေးမှုအတွက် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်
    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media
    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ
    – ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး နှောင့်နှေးနေတာတွေနဲ့ပတ်သက်လို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို အပြစ်တင်လိုက်ပြီး နိုင်ငံတကာက ငွေကြေးအကူအညီ သန်းပေါင်းများစွာ ရရှိတဲ့အထိ ဆိုင်းငံ့နေတာလားဆိုတာ စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး နိုင်ငံတကာက ဖိအားတွေ မြင့်တက်လာပြီးတဲ့နောက် ဒီလူတွေကို ပြန်ခေါ်မယ်လို့ မြန်မာအစိုးရက လူသိရှင်ကြား ပြောကြားထားတာပါ။
    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ၁၉၉၀ ပြည့်နှစ်တွေက ၂ နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ပါ အချက်တွေကို အခြေခံကာ ပြန်လည်လက်ခံရေးလုပ်ငန်းကို ဘယ်အချိန်မဆို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီး၊ ဘင်္ဂလားဒေ့ရှ်က ဒီသဘောတူညီချက်ကို လက်မခံသေးဘူးလို့ ပြောပါတယ်။
    “ကျွန်တော်တို့က စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တစ်ဖက်က လက်မခံသေးတာပါ။ လုပ်ငန်းစဉ်က နှောင့်နှေးနေပါတယ်။ ဒါဟာ နံပါတ်တစ် တစ်ချက်ပါ” လို့ ဦးဇော်ဌေးက ဂျာနယ်လစ်တွေကို ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကိစ္စတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့တစ်ပတ် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်း မြန်မာနိုင်ငံကို လာရောက်စဉ်မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပေမယ့်၊ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး သဘောတူညီချက်ဟောင်းကို ပြန်လည်ကျင့်သုံးရေးမှာ တိုးတက်မှု မရှိပါဘူး။
    ဦးဇော်ဌေးကတော့ ဘင်္ဂလားဒေ့ရှ်ဖက်က နှောင့်နှေးကြန့်ကြာမှုကို နိုင်ငံတကာကူအညီတွေ ရယူလိုမှုနဲ့ ဆက်စပ်ပြောကြားခဲ့ပါတယ်။
    “လတ်တလော သူတို့ဟာ ကန်ဒေါ်လာ သန်း ၄၀၀ လောက် ရရှိနေပါတယ်။ ဒီလောက်များများ ရတဲ့အပေါ်မှာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး အစီအစဉ်ကို ဆိုင်းနေတာလားဆိုတာ ကျွန်တော်တို့ စိုးရိမ်တာပေါ့လေ။ နိုင်ငံတကာက ထောက်ပံ့ငွေတွေ သူတို့ရနေတယ်။ နေရပ်ပြန်ပို့ရေးနဲ့ပတ်သက်ပြီး သူတို့မှာ အခြားတွေးတာတွေများ ရှိလားဆိုတာ ကျွန်တော်တို့ စိုးရိမ်ပါတယ်”
    ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဘင်္ဂလားဒေ့ရှ်ဖက်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြီးခဲ့တဲ့တစ်ပတ် ပြည်ထဲရေးဝန်ကြီးရဲ့ ဆွေးနွေးမှုအတွင်း ကိုဖီအန်နန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အ၀ အကောင်အထည်ဖော်ရေးအပါအ၀င် အချက် ၁၀ ချက် တင်ပြခဲ့ပေမယ့် မြန်မာဖက်က လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။
    ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကို သောကြာနေ့က ပြောကြားရာမှာ ခန်းက သူ့ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို နှစ်ဖက် မဖွဲ့စည်းနိုင်ခဲ့ပေမယ့် နိုဝင်ဘာ ၃၀ ရက်နေ့ နိုင်ငံခြားရးဝန်ကြီး အဘူလ် ဟာဆန် မဟ်မွဒ် အလီ မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
    ရိုဟင်ဂျာတွေအနေနဲ့ သူတို့ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထားပြနိုင်ရင် ပြန်လက်ခံမယ်လို့ မြန်မာအစိုးရက ပြောကြားထားတာပါ။
    ဦးဇော်ဌေးက သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာဒုက္ခသည်အရေအတွက်စာရင်းကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
    Ref: CNA
  • ဒရုန်းလွှတ်၍ ဖမ်းခံရသည့်ဂျာနယ်လစ်များ ၎င်းတို့၏အစီအစဉ်ကို အစိုးရသို့ ကြိုတင်အကြောင်းကြားခဲ့
    ဒရုန်းလွှတ်၍ ဖမ်းခံရသည့်ဂျာနယ်လစ်များ ၎င်းတို့၏အစီအစဉ်ကို အစိုးရသို့ ကြိုတင်အကြောင်းကြားခဲ့
    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media
    ဖမ်းဆီးခံရသူများတွင် ပါဝင်ခဲ့သည့် အောင်နိုင်စိုး
    – ပြီးခဲ့တဲ့တစ်ပတ်က နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တွေဟာ သူတို့ရဲ့အစီအစဉ်ဖြစ်တဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမယ့်အကြောင်းကို အစိုးရအာဏာပိုင်တွေထံ အသိပေးထားပြီးဖြစ်တယ်လို့ တူရကီနိုင်ငံပိုင်သတင်းဌာန TRT က ပြောကြားလိုက်ပါတယ်။
    TRT သတင်းဌာနအတွက် အလုပ်လုပ်ပေးနေတဲ့ မလေးရှားနိုင်ငံက Mok Choy Lin၊ စင်ကာပူနိုင်ငံက Lau Hon Meng၊ မြန်မာစကားပြန် အောင်နိုင်စိုး၊ ကားဆရာလှတင်တို့ကို ရိုက်ကူးရေးအတွက် ဒရုန်းလွှတ်တင်နေစဉ် သောကြာနေ့မှာ ရဲတွေက ဖမ်းဆီးခဲ့တာပါ။
    ရဲတပ်ဖွဲ့ကတော့ သူတို့ ၄ ယောက်ဟာ မြန်မာနိုင်ငံအတွင်းကို ဒရုန်းယူဆောင်လာခဲ့တဲ့အတွက် သွင်းကုန်-ထုတ်ကုန်ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အဲဒီစွဲချက်ဟာ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။
    အောက်တိုဘာ ၂၁ ရက်နေ့ မြန်မာနိုင်ငံထဲမ၀င်ရောက်ခင်မှာ နိုင်ငံခြားဂျာနယ်လစ်နှစ်ဦးဟာ တရားဝင်ဂျာနယ်လစ်ဗီဇာကို ရယူထားသူတွေဖြစ်တယ်လို့ တူရကီ နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြား ကော်ပိုရေးရှင်းရဲ့ အင်္ဂလိပ်ပိုင်းဌာန TRT World က မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    “အောက်တိုဘာ ၂၇ ရက်နေ့အထိ နေရာတော်တော်များများကို သာမန် ကင်မရာ၊ ဒရုန်းကင်မရာတွေနဲ့ သူတို့ရိုက်ကူးခဲ့တာပါ။ ရိုက်မယ့်အစီအစဉ်အားလုံးနဲ့ ဘယ်နေ့ဘယ်သွားမယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးဌာနကို အရင်ကတည်းက အကြောင်းကြားပြီးသားပါ” လို့ ရုပ်သံဌာနက ပြောပါတယ်။
    လွှတ်တော်အဆောက်အဦးနားမှာ ဒရုန်းလွှတ်တင်မယ်ဆိုရင် သီးခြားခွင့်ပြုချက် ယူရမယ်လို့ ရုပ်သံဌာနက သတင်းထောက်တွေကို မပြောထားဘဲ၊ လွှတ်တော်အမတ်တစ်ယောက်ကို အင်တာဗျူးခဲ့ပြီးတဲ့နောက် လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးမယ့်အချိန်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ကြေငြာချက်က ဆိုပါတယ်။
    ဂျာနယ်လစ်တွေကို ဗီဇာထုတ်ပေးရေး တာဝန်ယူထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ ဦးမြင့်ကျော်က TRT World ဟာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်မှာ ရိုက်ကူရေးလုပ်မယ်ဆိုတဲ့ တောင်းဆိုမှုသာလုပ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
    “သူတို့ပို့တဲ့ စာဟာ သူတို့ရဲ့အစီအစဉ်တွေကို ဖော်ပြထားတဲ့စာ မဟုတ်ပါဘူး။ နေပြည်တော်ကို သွားမယ်လို့တောင် သူတို့ စာထဲမှာ မဖော်ပြထားပါဘူး” လို့ ဦးမြင့်ကျော်ကဆိုပြီး ဒရုန်းပါမယ်လို့လည်း မရေးထားဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ဖမ်းဆီးခံထားရတဲ့ လေးယောက်ထဲက မြန်မာနိုင်ငံသား ၂ ဦးရဲ့ မိသားစုတွေ၊ သူတို့ရဲ့ရှေ့နေကို ဖမ်းဆီးထားသူတွေနဲ့ တွေ့ခွင့်မပေးဘူးလို့ မိသားစုဝင်တွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။
    အောက်တိုဘာ ၂၅ ရက်နေ့မှာ ဘာသာပြန် အောင်နိုင်စိုးရဲ့ ရန်ကုန်ကနေအိမ်ကို ရဲတပ်ဖွဲ့ဝင် ၂၅ ဦးက ၀င်ရောက်စီးနင်းခဲ့ပြီး မမ်မိုရီစတစ်တွေကို သိမ်းဆည်းကာ စာရွက်စာတမ်းတွေကိုလည်း ရှာဖွေခဲ့ပါတယ်။
    နယူးယောက်အခြေစိုက် ဂျာနယ်လစ်ကာကွယ်ရေးကော်မတီ (CPJ) က ဒီ ၄ ဦးစလုံးကို ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
    “ဖမ်းဆီးမှုနဲ့ အောင်နိုင်စိုးအိမ်ကို ၀င်ရောက်စီးနင်းမှုဟာ မြန်မာနိုင်ငံမှာ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေ ဆက်လက်ပြီး ဆိုးရွားနေတယ်ဆိုတာ ပြောလိုက်တာပါပဲ” လို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောင် ခရစ္စပင်က တနင်္လာနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။
    Ref: Reuters