News @ M-Media
Blog
  • နယူးယောက်တွင် လမ်းသွားလမ်းလာများအား ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွား
    နယူးယောက်တွင် လမ်းသွားလမ်းလာများအား ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွား
    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media
    – အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့လယ်ကောင်တွင် အမျိုးသားတစ်ဦးက လမ်းသွားလမ်းလာများကို ပစ်မှတ်ထား၍ ပစ်ကပ်ကားဖြင့် ၀င်တိုက်ခဲ့မှုကြောင့် အနည်းဆုံး ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
    ယမန်နေ့ နေ့လည်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လိုးဝါးမန်ဟက်တန်ရပ်ကွက်တွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ လူရှုပ်နေသည့် စက်ဘီးလမ်းရှိ စက်ဘီးစီးသူများ၊ လမ်းသွားလမ်းလာများကို ကားဖြင့် ၀င်တိုက်ခဲ့ပြီး နောက်ပိုင်းတွင် ကျောင်းကားတစ်စီးအား ၀င်တိုက်မိခဲ့ကြောင်း၊ ထို့နောက် ကားသမားမှာ သေန
    တ်အတုနှစ်လက်ဖြင့် ကားထဲမှ ချိန်ရွယ်ဝှေ့ယမ်းနေစဉ် တပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    ဒဏ်ရာရရှိသူများတွင် ကျောင်းသား ၂ ဦး ပါဝင်ပြီး ဒဏ်ရာဆိုးရွားသော်လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် အခြေအနေမဟုတ်ဟု ဆိုသည်။
    တိုက်ခိုက်သူမှာ ၀မ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။ ၎င်းထံမှ ပင်ပေါင်သေနတ် တစ်လက်နှင့် ကစားစရာသေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး တိုက်ခိုက်မှု အကြောင်းအရင်းကို မသိရသေးပေ။
    အခင်းဖြစ်ပွားသည့်နေရာမှာ ၂၀၀၁ ခုနှစ်က ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာနှင့် ဘလောက်အနည်းငယ်သာ ဝေးသည်။
    နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက အဆိုပါတိုက်ခိုက်မှုမှာ အပြစ်မဲ့အရပ်သားများကို ရည်ရွယ်သည့် သရဲဘောကြောင်သော အကြမ်းဖက်လုပ်ရပ်ဟု ပြောကြားခဲ့သည်။
    အမေရိကန်အစိုးရ၏ ပြည်ထဲရေးဌာနက ထိုအဖြစ်အပျက်ကို ‘အကြမ်းဖက်လုပ်ရပ်’ အဖြစ် စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ၀န်ကြီးချုပ်ဟောင်း ယင်းလပ်၏ နိုင်ငံကူးလက်မှတ်များကို ထိုင်း ပယ်ဖျက်
    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media
    – ပြည်ပသို့ တိမ်းရှောင်နေသည်ဟု ယူဆရသည့် ၀န်ကြီးချုပ်ဟောင်း ယင်းလပ်၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်လိုက်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
    ၂၀၁၄ ခုနှစ်တွင် စစ်တပ်၏ အာဏာသိမ်းမှုကို ခံခဲ့ရပြီးနောက် ယင်းလပ်မှာ ၎င်းအစိုးရ၏ ဆန်စပါးမူဝါဒနှင့် ပတ်သက်၍ တရားရင်ဆိုင်ခဲ့ရပြီး သြဂုတ်လနှောင်းပိုင်း အမိန့်ချမှတ်မည့်အချိန်တွင် တိုင်းပြည်မှ ပျောက်သွားခဲ့သည်။
    ထိုင်းတရားရုံးချုပ်ကမူ ယင်းလပ်ကို ထိုအမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
    နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမူဒင်နိုင်က ယင်းလပ်၏ နိုင်ငံကူးလက်မှတ်များအားလုံးကို ပယ်ဖျက်လိုက်သည်ဟု ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ယင်းလပ်တွင် တစ်ကိုယ်ရည် နိုင်ငံကူးလက်မှတ် နှစ်ခုနှင့် သံတမန်နိုင်ငံကူးလက်မှတ် ၂ ခု စုစုပေါင်း ၄ ခု ရှိသည်ဟု အာဏာပိုင်များက ဆိုသည်။
    ယင်းလပ်၏ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ ၂၀၀၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ခြစားမှုစွဲချက်ကို ရှောင်ရှားရန် နိုင်ငံရပ်ခြားတွင် နေထိုင်နေသည်။ သက်ဆင်မှာ ဒူဘိုင်းတွင် အိမ်တစ်လုံး ပိုင်ဆိုင်ထားသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက စက်တင်ဘာလနှောင်းပိုင်းတွင် ပြောကြားခဲ့
    သည်။
    ယင်းလပ်မှာ ထိုအိမ်တွင် နေထိုင်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မည်သည့်နေရာတွင်ရှိကြောင်း အတိအကျ မသိရှိရပေ။ ဗြိတိန်တွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
    Ref : CNA
  • ဒုံးခွင်းစနစ်ကြောင့် တရုတ်နှင့် တောင်ကိုရီးယားတို့၏တင်းမာမှု ပြေလည်
    ဒုံးခွင်းစနစ်ကြောင့် တရုတ်နှင့် တောင်ကိုရီးယားတို့၏တင်းမာမှု ပြေလည်
    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media
    – အမေရိကန်၏ ဒုံးခွင်းစနစ် THAAD ကြောင့် တစ်နှစ်တာကြာမြင့်ခဲ့သည့် တောင်ကိုရီးယားနှင့် တရုတ်တို့၏ မကျေလည်မှုများကို အဆုံးသတ်ရန် အင်္ဂါနေ့တွင် နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြသည်ဟု သိရသည်။
    မြောက်ကိုရီးယားရန်ကြောင့် တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းစနစ် ချထားမှုကို တရုတ်က ဒေါသထွက်ခဲ့ပြီး၊ ခရီးသွားလုပ်ငန်း၊ အလှကုန်၊ ဖျော်ဖြေရေးတို့ အပါအ၀င် တရုတ်နိုင်ငံကို မှီခိုနေရသည့် တောင်ကိုရီးယား၏ စီးပွားရေးလုပ်ငန်းများအားလုံး တရုတ်က သပိတ်မှောက်ခဲ့သည်။
    “ကိုရီးယားနဲ့ တရုတ်နိုင်ငံအကြား ဆက်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းဟာ အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းစေတယ်ဆိုတဲ့ အမြင်မျိုး နှစ်ဖက်စလုံးမှာရှိပြီး၊ ဒီလို ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကို နဂိုဖြစ်ထွန်းထားတဲ့ လမ်းကြောင်းအတိုင်း အလျင်အမြန် ပြန်လည်ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်” ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ လာရောက်ရန် ရက်ပိုင်းသာလိုတော့သည့်အချိန်တွင် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား ယခုကဲ့သို့ ပြေလည်မှု ရရှိခဲ့ခြင်းလည်းဖြစ်သည်။
    တရုတ်နှင့် မြောက်ကိုရီးယားက တစ်ဖက်၊ တောင်ကိုရီးယားနှင့် အမေရိကန်က တစ်ဖက် နီးကပ်သော ဆက်ဆံရေးများ ရှိသော်လည်း ဒုံးခွင်းစနစ် ချထားမှု မတိုင်ခင်က တရုတ်နှင့် တောင်ကိုရီးယားတို့မှာ ဆက်ဆံရေး ချောမွေ့ခဲ့ကြပြီး၊ တရုတ်သည် တောင်ကိုရီးယား၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်လည်း ဖြစ်သည်။
    THHAD ဒုံးခွင်းစနစ်၏ အားကောင်းသော ရေဒါစနစ်က တရုတ်နိုင်ငံ၏ အချုပ်အခြာကို ထိပါးသည်ဟု တရုတ်ဖက်က မှတ်ယူထားသည်။
    Ref : CNA
  • အရှေ့အလယ်ပိုင်း ခရီးသွားဆုများကို ယူအေအီးက သိမ်းကြုံးဆွတ်ခူး
    အရှေ့အလယ်ပိုင်း ခရီးသွားဆုများကို ယူအေအီးက သိမ်းကြုံးဆွတ်ခူး
    နိုဝင်ဘာ ၁၊ ၂၀၁၇
    M-Media
    ဒူဘိုင်းမှ မြင်ကွင်းတစ်ခု
    – ကမ္ဘာ့ခရီးသွားလာမှုဆိုင်ရာဆု World Travel Awards ၏ အရှေ့အလယ်ပိုင်းဒေသအတွက် ရွေးချယ်မှုတွင် အီမရိတ်လေကြောင်းလိုင်းက ထိပ်တန်းလေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံရပြီး ဒူဘိုင်းမှာ ဒေသအတွင်း ခရီးသွားများ အကြိုက်နှစ်သက်ဆုံးနေရာအဖြစ် ရွေးချယ်ခံခဲ့ရသည်။
    ခရီးသွားလာမှုဆိုင်ရာ ကျွမ်းကျင်သူများ၊ ခရီးသွားနယ်ပယ်မှ တာဝန်ရှိသူများနှင့် ခရီးသွားများ၏ မဲပေးမှုကို အခြေခံ၍ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့က ဒူဘိုင်းရှိ Armani ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ လူပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့သည်။
    တော်ဝင်အာရပ်လက်ရာဖြင့် တည်ဆောက်ထားသည့် Jumeirah Al Qasr ဟိုတယ်မှာ အာရပ်ဒေသတွင်ဗိသုကာဆိုင်ရာ အကောင်းဆုံးအဆောက်အဦးအဖြစ်လည်းကောင်း၊ ကမ္ဘာ့အမြင့်ဆုံး Burj Khalifa တာဝါမှာ ခရီးသွားများ စိတ်ဝင်အစားဆုံး နေရာအဖြစ်လည်ကောင်း ရွေးချယ်ခံခဲ့ရသည်။
    World Travel Awards ဆု အရှေ့အလယ်ပိုင်းအတွက် ဆုရရှိသူများမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
    ယူအေအီးက ရရှိခဲ့သည့် ဆုတံဆိပ်များ
    ၂၀၁၇ ခုနှစ် အရှေ့အလယ်ပိုင်း ထိပ်တန်းဟိုတယ် – Jumeirah Al Qasr at Madinat Jumeirah, Dubai
    ထိပ်တန်း ဇိမ်ခံဟိုတယ် – Emirates Palace, Abu Dhabi, UAE
    ထိပ်တန်းအပန်းဖြေနေရာ – Ferrari World Abu Dhabi, UAE
    ၂၀၁၇ ခုနှစ် အကောင်းဆုံး ကစားကွင်း – One&Only The Palm, Dubai, UAE
    ထိပ်တန်းကမ်းခြေ – Saadiyat Island, Abu Dhabi
    Ref : Khaleejtimes
  • အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အနည်းဆုံး ၇ ဦး သေဆုံး
    အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတွင် အနည်းဆုံး ၇ ဦး သေဆုံး
    အောက်တိုဘာ ၃၁၊ ၂၀၁၇
    M-Media
    သေဆုံးသွားသူများ၏ မိသားစုဝင်များ
    – ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်၌ အစ္စရေးက ယမန်နေ့ညပိုင်းတွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့ရှိ မြေအောက်လှိုင်ခေါင်းတစ်ခုကို အစ္စရေးက ဒုံးကျည် ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းသတင်းဌာန Wafa က ဖော်ပြခဲ့သည်။
    အစ္စရေးအာဏာပိုင်များက နယ်စပ်တံတိုင်းနှင့် ကပ်နေသည့် အဆိုပါ လှိုင်ခေါင်းကို အချိန်တစ်ခုကြာ စောင့်ကြည့်ပြီးနောက် ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
    အစ္စရေး၏ ဆယ်စုနှစ်တစ်ခုနီးပါး ကျူးကျော် ပိတ်ဆို့ထားမှု၊ အီဂျစ်က နယ်စပ်မဖွင့်ပေးမှုကြောင့် ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းပြည်သူများမှာ လူသားချင်း စာနာထောက်ထားမှု အကြပ်အတည်းများကို ဆိုးရွားစွာ ခံစားနေရပြီး ဂါဇာကမ်းမြှောင်နှင့် အီဂျစ်တို့ကို ဆက်သွယ်ထားသည့် မြေအောင်လှိုင်ခေါင်းများမှတစ်ဆင့် အခြေခံ ကုန်ပစ္စည်းများကို တင်သွင်းနေရသည်။
    ယခုတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၉ ဦးရှိခဲ့ပြီး ဂါဇာအား ထိန်းချုပ်ထားသည့် ဟားမက်စ်အဖွဲ့က ထိုတိုက်ခိုက်မှုမှာ ရာဇ၀တ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အခြား ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များကလည်း အစ္စရေး၏ ထိုလုပ်ရပ်ကို တုန့်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။
    ၂၀၀၈ ခုနှစ်မှစ၍ အစ္စရေးမှာ ဂါဇာကမ်းမြှောင်ကို ၃ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ပြီး ၂၀၁၄ ခုနှစ် နောက်ဆုံး တိုက်ခိုက်မှုအတွင်း ကလေးငယ် ၅၀၀ အပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့သည်။
    Ref: Aljazeera