News @ M-Media
Blog
  • မြစ်ရေညစ်ညမ်းစေသည့် စက်ရုံများကို မလေးရှား ပိတ်သိမ်း
    မြစ်ရေညစ်ညမ်းစေသည့် စက်ရုံများကို မလေးရှား ပိတ်သိမ်း
    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media
    ဂျိုဟိုးမြစ်
    – ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှစ၍ ဂျိုဟိုးမြစ်ကို သုံးကြိမ်တိုင် ညစ်ညမ်းစေခဲ့သည့် မွေးမြူရေးခြံတစ်ခုနှင့် ဓာတ်မြေသြဇာစက်ရုံတစ်ခုကို ဂျိုဟိုးအစိုးရက ပိတ်ပစ်လိုက်သည်ဟု သိရသည်။
    ကြက်များ၏ စွန့်ပစ်အညစ်အကြေးများနှင့် ဓာတ်မြေသြဇာတို့မှာ မြစ်အတွင်း အနည်ထိုင်လာကာ မြစ်ရေကို နမိုးနီးယားညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပြီး ညစ်ညမ်းမှုသုံးကြိမ်အနက် နှစ်ကြိမ်မှာ ရေသန့်စင်စက်ရုံများကို ပိတ်ပစ်ရသည်အထိ ဖြစ်စေခဲ့သည်။
    ဂျိုဟိုးအုပ်ချုပ်ရေးကောင်စီဝင် ဟက်စနီ မိုဟာမက်က ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စင်ကာပူ၏ ရေသန့်စင်စက်ရုံမှာ ညစ်ညမ်းမှုဖြစ်ရာနှင့် ဝေးကွာပြီး အကာအကွယ်များ စီမံထားသောကြောင့် ညစ်ညမ်းမှုဒဏ်ကို အနည်းဆုံး ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    ဂျိုဟိုးမြစ် ညစ်ညမ်းမှုကြောင့် စင်ကာပူနှင့် မလေးရှားကို ရေပေးဝေနေသည့် ရေသန့်စင်စက်ရုံ ၃ ခုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပိတ်ပစ်ခဲ့ရသည်။
    Ref : CNA
  • ဂါဇာနယ်စပ် စီမံမှုကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သို့ ဟားမက်စ်က လွှဲပေး
    ဂါဇာနယ်စပ် စီမံမှုကို ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သို့ ဟားမက်စ်က လွှဲပေး
    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media
    ဂါဇာရှိ ရာဖာနယ်ခြား
    – ဂါဇာရှိ နယ်စပ် ၅ ခု ဖြတ်ကျော်မှု စီမံအုပ်ချုပ်ခွင့်ကို ဟားမက်စ်အဖွဲ့က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့က အီဂျစ်တွင် ရရှိခဲ့သည့် နှစ်ပါတီ ညီညွတ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။
    ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် နယ်စပ်များကို ဟားမက်စ်က လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး မည်သည့်အပေးအယူမှ မရှိကြောင်း၊ ၂၀၀၇ ခုနှစ် သဘောထားကွဲလွဲမှုမတိုင်ခင်က ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ထိန်းချုပ်မှုအနေအထားကို ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖာတာ ပြောရေးဆိုခွင့်ရှိသူ အိုစမာ ကာဝက်စ်မီက ပြောကြားခဲ့သည်။
    ယခုလွှဲပြောင်းမှုကြောင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ အီဂျစ်နယ်စပ်ရှိ ကာရမ် အဘူ စလင်း နယ်ခြား၊ ရာဖာနယ်စပ်နှင့် ဘီအစ် ဟာနွန်နယ်စပ်တို့ကို စီမံအုပ်ချုပ်ခွင့်ရရှိမည်ဖြစ်သည်။ ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ ဘီအစ် ဟာနွန်နယ်စပ်ကို လက်ရှိတွင် အစ္စရေးက ထိန်းချုပ်ထားသည်။
    အင်္ဂါနေ့က ထုတ်ပြန်သော ကြေငြာချက်၌ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့၏ မြို့ပြရေးရာဝန်ကြီး ဟူစိန် အလ်ရှိခ်က ညီညွတ်သောအစိုးရအနေဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရာဖာနယ်ခြား ဖြတ်သန်းနိုင်ရေးအတွက် အီဂျစ်အာဏာပိုင်များနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့သည်။
    ဂါဇာကမ်းမြှောင် တောင်ပိုင်းရှိ အဓိကနယ်စပ်ဖြစ်သော ရာဖာကို ဟားမက်စ်က ထိန်းချုပ်ပြီးချိန်မှစ၍ အီဂျစ်က အချိန်တော်တော်ကြာ ပိတ်ထားခဲ့သည်။ ဂါဇာမြောက်ဘက်တွင်ရှိသော ဘီအစ်ဟာနွန် နယ်ခြားကို အစ္စရေးက ထိန်းချုပ်ထားသည်။
    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့မှာ ကာရ်နီ၊ ကရင်မ် ရှာလွမ်နှင့် ဆူဖာ ကုန်စည်ကူးသန်းရေး နယ်ခြားများကိုလည်း တာဝန်ယူ စီမံရမည်ဖြစ်သည်။
    Ref : Aljazeera
  • ရုရှားကျောင်းသားတစ်ဦး ဆရာကိုသတ်ပြီး ဓာတ်ပုံကို အွန်လိုင်းတွင် လွှင့်တင်
    ရုရှားကျောင်းသားတစ်ဦး ဆရာကိုသတ်ပြီး ဓာတ်ပုံကို အွန်လိုင်းတွင် လွှင့်တင်
    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media
    ဆရာကို သတ်ဖြတ်ခဲ့သည့် အန်ဒရေး အီမီလီယန်နီကော့ဗ်
    – ရှရှားနိုင်ငံ မော်စကိုမြို့က အသက်မွေးဝမ်းကြောင်း ကောလိပ်တစ်ခုမှာ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးက ဆရာဖြစ်သူကို ဓားနဲ့ထိုးသတ်ပြီး ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တာကြောင့် ရုရှားနိုင်ငံတစ်ဝှမ်း တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်။
    အန်ဒရေး အီမီလီယန်နီကော့ဗ်ဆိုတဲ့ အဲဒီကျောင်းသားဟာ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတန်းက အသက် ၄၄ နှစ်အရွယ် ဆရာ ဆာဂျီ ဒါနီလော့ဗ်ကို အားလပ်ချိန်မှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး နောက်ပိုင်း အဲဒီကျောင်းသားကိုယ်တိုင်းလည်း မိမိကိုယ်ကို လည်ပင်းလှီးဖြတ် သတ်သေခဲ့ပါတယ်။
    ရဲတပ်ဖွဲ့ကတော့ ၂ ပတ်လောက် ကျောင်းပြေးတဲ့ အီမီလီယန်နီကော့ဗ်ကို ဆရာက ဆူပူကြိမ်းမောင်းမှုအတွင်း စကားများကာ ဒီလိုဖြစ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။
    ဆရာဖြစ်သူကို သတ်ဖြတ်ပြီးတဲ့နောက် လဲကျနေတဲ့အလောင်းကို နောက်ခံထားပြီး ကျေကျေနပ်နပ်ပြုံးနေတဲ့ သူ့ပုံကို အီမီလီယန်နီကော့ဗ်က ရုရှားဆိုရှယ်မီဒီယာ VK ရဲ့ စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။
    ကျောင်းသားတွေက ဆရာ ဒါနီလော့ဗ်ဟာ ဖော်ရွေသဘောကောင်းသူဖြစ်ပြီး၊ စည်းကမ်းလည်း တင်းကျပ်ကြောင်း၊ စစ်တပ်လာသူဖြစ်တဲ့အတွက် ကျောင်းသားတွေကို ကြပ်ကြပ်မတ်မတ် ကိုယ်တွယ်ကြောင်း၊ ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ စွက်ဖက်မှုတွေ၊ ပြောဆိုမှုတွေ မရှိကြောင်း ပြောကြားခဲ့ပါတယ်။
    ဒါနီလော့ဗ်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာမရှိဘူးလို့လည်း အတန်းဖော်တွေက ပြောပါတယ်။
    ရဲတပ်ဖွဲ့ကတော့ ဒါဟာ ကြိုတင်ကြံရွယ်သတ်ဖြတ်မှုလား၊ ဒေါသအလျောက်ဖြစ်ပွားတာလားဆိုတာကို စစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: RT
  • ဝေဖန်မှုများကြောင့် မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုကို အစ္စရေးရပ်ဆိုင်း
    ဝေဖန်မှုများကြောင့် မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုကို အစ္စရေးရပ်ဆိုင်း
    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media
    ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးသို့ သွားရောက်ခဲ့စဉ်က
    – မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှု လိုင်စင်တွေကို ရပ်ဆိုင်းထားဖို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အဗစ်ဂ်ဒို လီဘာမန်က ဆုံးဖြတ်ခဲ့ပြီး စစ်ရာဇ၀တ်မှုတွေ ကျူးလွန်တဲ့ မြန်မာစစ်တပ်အပေါ် လက်နက်ရောင်းချမှုနဲ့ အစ္စရေးကို နိုင်ငံတကာက ဝေဖန်နေချိန်မှာ ဒီလို ဆောင်ရွက်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    နိုင်ငံတကာ ထောက်လှမ်းရေးသတင်းတွေကို အစဉ်တစ်စိုက် ဖော်ပြနေတဲ့ French Intelligence Online မဂ္ဂဇင်းက အစ္စရေး စစ်တပ်ရဲ့ အမည်မဖော်လိုတဲ့ ရင်းမြစ်တွေကို ကိုးကားပြီး ဒီသတင်းကို မနေ့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
    ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကျေနပ်စေဖို့အတွက် ဆောင်ရွက်တာဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြခဲ့ပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီးရုံးကတော့ ဒီကိစ္စအတွက် မှတ်ချက်မပေးသေးပါဘူး။
    အစ္စရေးဟာ တောင်အာဖရိက လူမျိုးရေးပြဿနာ၊ ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှု အပါအ၀င် လူ့အခွင့်အရေးချိုးဖောက်တဲ့၊ စစ်ရာဇ၀တ်မှု ကျူးလွန်တဲ့ အစိုးရတွေကို လက်နက်ရောင်းချတဲ့ သမိုင်းမျိုး ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း တက်ကြွလှုပ်ရှားသူတွေရဲ့ ရှုတ်ချမှုကို ခံခဲ့ရတာပါ။
    မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် မင်းမူပြီး တိုင်းရင်းသားတွေနဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ပြုနေတဲ့အချိန် စစ်အာဏာရှင်တွေကို လက်နက်ရောင်းတဲ့ နိုင်ငံတစ်ချို့မှာ အစ္စရေးလည်း ပါဝင်ခဲ့ပါတယ်။
    ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှု ရပ်ဆိုင်းဖို့အတွက် အစ္စရေးကို နိုင်ငံတကာက ဖိအားတွေ ပေးလာကြပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ်မှာ ဂျူးဘုန်းကြီးတွေအပါအ၀င် အမေရိကန်က ဘာသာရေးခေါင်းဆောင် ၁၀၀ ကျော်က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့အတွက် တိုက်တွန်းတဲ့ စာတစ်စောင်ကို အစ္စရေးအစိုးရထံ ပေးပို့ခဲ့ပါတယ်။
    တနင်္လာနေ့ကလည်း အစ္စရေး လက်ဝဲနဲ့ လက်ယာ တက်ကြွလှုပ်ရှားသူတွေက အစ္စရေးလွှတ်တော်အရှေ့မှာ ဆန္ဒပြခဲ့ပြီး မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။
    အစ္စရေးကာကွယ်ရေးဝန်ကြီး လီဘာမန်အနေနဲ့ ဒီ လက်နက်ရောင်းချမှု ပိတ်ပင်တဲ့အမိန့်ကို ဘယ်တုန်းက ပေးခဲ့လဲဆိုတာကိုတော့ Intelligence Online က ဖော်ပြခြင်း မရှိပါဘူး။
    Ref: Time of Israel
  • ကျွန်ုပ်သာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပေးဖြစ်လာခဲ့ရင်
    ကျွန်ုပ်သာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အကြံပေးဖြစ်လာခဲ့ရင်
    သြစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့တွင် 2017 ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲအခမ်းအနား၌ တွေ့ရသည့် ဆောင်းပါးရှင် ဒေါက်တာသိန်းမိုးဝင်း
    ဆယ်စုနှစ်များစွာ အစစအရာရာ ယိုယွင်းခဲ့ရသည့် အမိတိုင်းပြည် နိုင်ငံတကာစာမျက်နှာမှာ အလျင်အမြန်နေရာယူဖို့ရာ  ရေရှည်၊ရေတို စီမံကိန်းများချမှတ် အကောင်အထည်ဖော်ရန် လိုအပ်သည်ဆိုသည်မှာ ကျွန်ပ်လိုပဲ ပြည်သူတိုင်း နားလည်သဘောပေါက်ပါလိမ့်မည်။ “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဆိုသည့်ဆိုရိုးနှင့် အညီ မည်သည့်စီမံကိန်းမဆို စဆောင်-လိုပြောင်း လုပ်ရင်း အကောင်းဖက်သို့ ဦးတည်ရန်ကြိုးစားရမည်သာ။
    စာရေးသူ ကျွန်တော် ၈၈၈၈-အရေးတော်ပုံကြီးနှင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအဖြစ် ၁၉၉၆- ကျောင်းသားအရေးတော်ပုံတို့ကို ဖြတ်သန်းခဲ့ဖူးတယ်။ အခြေခံလူတန်းစား ဘ၀သမားမို့ “ငါ့သားကို ပညာအမွေသာပေးနိုင်တယ် ကြိုးစားသား” ဆိုတဲ့ အမေ့စကားရိပ်အောက် စွမ်းစွမ်းတမံကြိုးစားရင်း ဒီကနေ့ နိုင်ငံတကာကျောင်းတော်ကြီးတွေမှ အင်ဂျင်နီယာ ပါရဂူဘွဲ့အထိ စွတ်ခူးခဲ့လေပြီ။ ကျောင်းတော်ကြီးတွေပိတ်၊ ပညာရေးစနစ်တွေယိုင်၊ လူမှုဘ၀တွေကျဆင်းလာရင်း တိုင်းပြည်အရာရာ ချွတ်ခြုံကြသွားနေသည့်အတွက် မိမိတို့ ပညာရေး၊ စားဝတ်နေရေး၊ ဘ၀တိုးတက်ရေးတွေအတွက် နိုင်ငံတကာသို့ထွက် ဘ၀တိုးတက်အောင် ကြိုးစားနေကြရသည့် မြန်မာတွေ သိန်းဂဏန်းခံ့ရှိနိုင်သည်။ မိမိတို့ရောက်ရှိရာ နိုင်ငံရပ်ခြားတွင် နေထိုင်ကြိုးစားနေခြင်းကြောင့် ထိုတိုင်းပြည်များ ဖွံ့ဖြိုးတိုးတက်ရေး တစ်ခမ်းတစ်ကဏ္ဍ အကျိုးသက်ရောက်မှု ရှိနေပေမယ့် မြန်မာပြည်အတွက်တော့ ထိုပညာရှင်မျိုးစုံ လက်လွတ်ဆုံးရှုံးရသည့် (Brain Drain) အတွက် လွန်စွာ နစ်နာလှပေသည်။
    ပြည်ပရောက်မြန်မာတွေ အမိမြေကို ချစ်ကြသည်မှာမလွှဲ။ အမိတိုင်းပြည်ကို တိုးတက်စေချင်ကြသလို မိမိတတ်ကျွမ်းရာ နိုင်ငံရပ်ခြား ပညာ-လုပ်ငန်းအတွေ့အကြုံများ တစ်ပွေတစ်ပိုက်နှင့် လာရောက် အကျိုးပြုလိုကြသည် မှာလဲ အသေအချာ။ သို့သော် ဒေသတွင်း တည်ငြိမ်မှုလျော့ပါးခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ သာတူညီမျှပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ နည်းနေသေးခြင်း၊ ခွဲခြားဆက်ဆံမှုတွေ အလျင်းမပျောက်သေးခြင်း စသည်တို့သည် နိုင်ငံ့ပညာရှင်များအတွက် များစွာအဟန့်အတား ဖြစ်နေသေးသည်။ “တရုတ်ပြည် ပြန်လည်ထူထောင်ရေးနှင့် နိုင်ငံခြားရောက် တရုတ်ပညာရှင်များ၏ အရေးပါပုံ” သည် လေ့လာအပ်သော သမိုင်းဥပမာတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးဆဲအဆင့်ကိုရောက်ရန် ကြိုးစားဖြတ်သန်းနေရသည့် အမိမြန်မာပြည်ကြီး နိုင်ငံတကာ့အလယ်မှာ ရင်ကော့ခေါင်းမော့ရင်း “တို့မြန်မာ” ဆိုသည့် ဂုဏ်ကို အမြန်ဆုံး ရစေချင်လှပြီ။ ဒီ့အတွက် စဉ်းစားမိသည့် အတွေးတစ်ခုက- အကယ်၍များ ကျွန်ုပ်သာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အကြံပေးဖြစ်လာရလျှင်….တိုင်းပြည်အတွက် ဘာအကြံကောင်းများ ပေးနိုင်မည်နည်း….ပေါ့။ အကြံကောင်းဆိုသည့်အပိုင်းမှာ ၃-ပိုင်း ဆွေးနွေးပါမည်။
    ၁) ၀န်ထမ်း အခန်းကဏ္ဍ
    သို့ပါ၍ ၀န်ထမ်းများ (အုပ်ချူပ်ရေး၊ တရားစီရင်ရေး၊ နယ်မြေအေးချမ်းသာယာရေး၊ ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး၊ ကာကွယ်ရေး) ၀န်ဆောင်မှုပြုရာတွင် ပြည်သူအပေါ် ချိုသာလေးစားစွာဆက်ဆံရေး၊ ဒုက္ခ၀န်ထုပ် မဖြစ်စေရေး၊ ဘက်လိုက်-ခွဲခြားဆက်ဆံမှု ရှောင်ရှားရေး၊ ၀န်ထမ်းကျင့်ဝတ် ထိမ်းသိမ်းရေး၊ သမာသမတ်ရှိပြီး တရားမျှတရေး၊ ဥပဒေဘောင်အတွင်း နေထိုင်ကျင့်ကြံ ဆောင်ရွက်ရေး၊ မိမိကိုယ်ကျိုးထက် တိုင်းပြည်အကျိုး မျှော်ကိုးဆောင်ရွက်ရေး၊ တိုင်းပြည်နှင့် ပြည်သူ့ပေါ် သစ္စာစောင့်သိရေး၊ ၀န်ဆောင်မှုများအား မှန်ကန်စွာဖော်ဆောင်ရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ချစား ၀န်ထမ်းများအား ထိရောက်စွာဖော်ထုတ်နိုင်မည့် (Anti-Corruption Agency) ဖြင့် ပြန်လည်ထိမ်းချူပ်ရေး အစရှိသည်တို့ကို ဆောင်ရွက်ရမည်။ စင်ကာပူနိုင်ငံ၏၀န်ထမ်းများ ၀န်ဆောင်ပေးမှုသည် လေ့လာအပ်သော သာဓကတစ်ခုဖြစ်သည်။
    ၂) ပြည်သူ့ အခန်းကဏ္ဍ
    သမိုင်းကြောင်းအရ စစ်အာဏာရှင်အောက် တိုင်းပြည်ပြန်ရောက်သွားခဲ့စဉ်က- တစ်ခါးပိတ်စီးပွားရေးဝါဒ၊ ကိုလိုနီပညာရေးစနစ်ဟု မှတ်ယူဆန့်ကျင်၊ ဓနသဟာရနိုင်ငံများ အုပ်စုမှခွဲထွက် စသည့်စီမံကိန်းများကိုသုံး တစ်သံ-တစ်မိန့်အောက် ဆယ်စုနှစ်အချို့ကြာ အုပ်ချူပ်ခံဘ၀ ဖြစ်လာခဲ့ရသည့်အတွက် အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးဆဲအဆင့်သို့ တိုးတက်သွားနေချိန်  မြန်မာပြည်သူတွေ၏ စိတ်ဓာတ်အတွေးခေါ်-စီးပွား-ပညာ-လူနေမှုဘ၀အစုံ ချွတ်ခြုံကျနေခဲ့ရသည်။ တိုးတက်သောနိုင်ငံများအဖို့ အယူအဆ-ဓလေ့-ကိုးကွယ်မှု-အသားအရောင် မတူကွဲပြားသည့် ဘက်ပေါင်းစုံ (rich cultural strength) ကို အင်အားစုအဖြစ် ဖန်တီးနေချိန် အမိမြန်မာပြည်အတွက်တော့ ထိုအခြေအနေရောက်ရန် အလွန်တရာ အလှမ်းဝေးနေသေးသည်။ ၂-နှစ်သားဝန်းကျင်သာ ရှိသေးသည့် လက်ရှိအစိုးရအတွက် “ဟတ်ချလောင်း”ဆိုပြီး အရာရာ မပြောင်းလဲနိုင်သေးသည်မှာ မှန်ပေမယ့် ၀န်ထမ်းဆိုင်ရာ၊ ပြည်သူဆိုင်ရာ၊ ပူးပေါင်းလုပ်ဆောင်မှုဆိုင်ရာများဟူ၍ စီမံကိန်းများချမှတ် အကောင်အထည် ဖော်ရပေတော့မည်။
    ၃)အစိုးရ-ပြည်သူ ပူးပေါင်းလုပ်ဆောင်ရမည့် အခန်းကဏ္ဍ
    နိုင်ငံတစ်နိုင်ငံကို ပမာဆိုရလျင်- တိုင်းပြည်တိုးတက်စေမည့် “ပြည်သူတို့၏လုပ်အားသည် ပဋိပက္ခကင်း ညီညွတ်ခြင်းအပေါ်တည်” အဖြစ်စံနှုန်းမှတ်ယူကာ ပြည်သူတို့၏ စိတ်ဓာတ်-ပညာ-သဟဇာတ အစဉ်ရှိနေစေဖို့ ပညာသင်ကျောင်းများမှ လူမှုအသိုင်းအ၀န်းအားလုံးထိ အသိ-သတိ (educate, motivate, brainstorm) မြှင့်တင်ပေးသလို တစ်ဖက်မှာလည်းပဲ သာတူညီမျှ အခွင့်အရေးရရှိစေဖို့ ဥပဒေရေးရာ ထိမ်းကျောင်းမှုများ (Anti-Racism Law, Multiculturalism, Anti-Discrimination) ဖြင့် ဘောင်ခတ်ထိမ်းချူပ်ထားသည်ကို တွေ့နိုင်သည်။
    မြန်မာအချို့ မှတ်ယူနေသည့် ဓလေ့တစ်ခုက- မိမိ၏ကိုယ်နှုတ်အမူအယာဖြင့် လူတစ်ဖက်သားအား ထိခိုက်လိုက်ခြင်းကိုပင် တစ်ဖက်သောသူ နစ်နာသွားသည်ဟု မမှတ်ယူခြင်းပင်။ ဥပမာ- ငမဲ၊ တောသား၊ ဂျပု၊ အိမ်စေ၊ လူနည်းစုဘာသာဝင်များအပေါ် ပစ်မှတ်ထား ခေါ်ဝေါ်သမုတ်မှုများ၊ မရှိဆင်းရဲသားများအား မတူမတန် ဆက်ဆံမှုများ၊ အမူအယာဖြင့် နှိမ်ချစော်ကားမှုများ၊ ဘ၀ပေးကုသိုလ်ကံကြောင့် ကိုယ်လက်အင်္ဂါချွတ်ယွင်းသူများအား ခွဲခြားဆက်ဆံအခေါ်အဝေါ်များ စသည်တို့ကို ဓလေ့တစ်ခုသဖွယ် မှတ်ယူနေခြင်းကို စိတ်မကောင်းဖွယ်ရာ တွေ့ရသည်။ သို့ဖြစ်လေရာ  ပြည်သူတို့၏ စိတ်ဓာတ်-ပညာ-သဟဇာတမြှင့်တင်ခြင်း၊ ဥပဒေရေးရာ ထိမ်းချူပ်ကြိုးညှိမှုများ ပြုလုပ်ရင်း ကွာဟနေသည့် လူမှုအသိုင်းအ၀ိုင်းကို စွမ်းအင်အဖြစ်ပြောင်းလဲရန် ကြိုးစားဖို့လိုသည်။ ဤကိစ္စများတွင် ပြည်သူနှင့် နေ့တစ်ဓူဝ ထိစပ်နေသည့် သတင်းမီဒီယာ၊ အနုပညာနယ်ပယ်၊ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်း၊ လူမှုရေး ငြိမ်းချမ်းရေး ပရဟိတအဖွဲ့စုံ၊ အစိုးရယန္တယား အစရှိသည်တို့၏ ပူးပေါင်းဆောင်ရွက်မှု လွန်စွာအရေးကြီးသည်။
    တစ်ဆက်တည်းမှာပဲ “ပညာလို အိုသည်မရှိ” ဟုဆိုရာနှင့်အညီ ပြည်သူတွေကိုယ်စီ ပညာတတ်ဖို့လိုပြီ။ ဗဟုသုတပေးသည့် စာတွေဖတ်ဖို့လိုပြီ။ မိမိတို့၏ သားသမီးများအား ခေတ်ပညာအမွေ ပေးကိုပေးရမည်။ ကျောင်းပညာ မဖြစ်မနေသင်ကြားရမည့် ဥပဒေပြဌာန်းရမည်။ ပညာသင်ကြားပေးခြင်းကြောင့် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် လိုအပ်သည့် ပညာရေးစရိတ်ဘတ်ဂျက်များ တိုးမြှင့်   သုံးစွဲရမည်။ မိဘပြည်သူများ အရေးပေးအားကိုးရလောက်မည့် ပညာသင်ကြားခြင်းစနစ်၊ ကျက်ဖြေစနစ်မဟုတ်ဘဲ တွေးခေါ်ဆင်ခြင်လေ့လာသုံးသပ်နိုင်သည့် နိုင်ငံကြီးသုံး ပညာရေးစနစ်မျိုးကို မြှင့်တင်ရမည်။ သို့မှသာ အမှန်တရားအပေါ် ရဲရဲဝံ့ဝံ့ ရပ်တည်ဖလှယ်တတ်သော၊ ပြောရဲဆိုရဲသတ္တိခဲစိတ်ရှိသော၊ အချောက်တရားပေါ် မကြောက်တတ်သော၊ နိုင်ငံတကာနှင့် ယှဉ်ပေါင်တန်း တွေးခေါ်ဆင်ခြင် လုပ်ဆောင်တတ်သော နိုင်ငံ့အကျိုးဆောင်များစွာ ပေါ်ထွန်းလာနိုင်ပေမည်။
    ဆိုတော့ကာ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စာရေးသူတို့ နိုင်ငံတကာအခမ်းအနားကြီးတစ်ခုမှာ “သဟဇာတလူ့အဖွဲ့အစည်း (Harmonious Society)မှ တိုးတက်သောနိုင်ငံတော်ကြီးဆီ အရောက်လှမ်းနိုင်ရေး” ဆွေးနွေးခဲ့ဖူးသည့်အတိုင်း အထက်ဖော်ပြပါ အကြံပြုချက်များအား ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဆောင်ရွက်သွားနိုင်မှသာ တိုင်းပြည်တိုးတက်ပြောင်းလဲမှုများ သိသိသာသာပေါ်ထွန်းလာမည်သာမက “ပါတီကိုကြည့် မဲထည့်ပါ” “ပြောင်းလဲချိန်တန်ပြီ” ဆိုခဲ့သည့် စကားအားမာန်များ ၂၀၂၀-ရွေးကောက်ပွဲကာလမတိုင်မီ အကျိုးသက်ရောက်လာနိုင်မည်ဖြစ်ပါကြောင်း။
    ဒေါက်တာ သိန်းမိုးဝင်း (01-Nov-2017)
    The University of New South Wales, Sydney, Australia, +614 5138 9185