News @ M-Media

Blog

  • နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားနှင့် အပေးအယူမလုပ်ဟု အီရန်အဓိပတိပြော

    နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားနှင့် အပေးအယူမလုပ်ဟု အီရန်အဓိပတိပြော

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    ဗိုလ်လောင်းသင်တန်းဆင်းအခမ်းအနားတွင် တွေ့ရသည့် ခါမေနီ

    – အီရန်နိုင်ငံ၏ ကာကွယ်ရေးအင်အားမှာ ညှိနှိုင်းဆွေးနွေးရန်မဟုတ်ဘဲ ရန်သူများက အီရန်ကို အင်အားနည်းအောင် ကြိုးပမ်းနေသော်လည်း နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို တောင့်တင်းခိုင်မာအောင် ပြုလုပ်သွားမည်ဟု အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်သည်။

    ယမန်နေ့ အီရန်ဗိုလ်လောင်များ သင်တန်းဆင်းအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်၏ ဒေသတွင်း လွှမ်းမိုးမှုအပေါ် အင်အားကြီးနိုင်ငံများက မနှစ်မြို့ကြောင်း ထောက်ပြခဲ့ကာ၊ ရန်သူနိုင်ငံများက အီရန်၏ အင်အားကို အနှောင့်အယှက်တစ်ခုအဖြစ် မြင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “တိုင်းပြည်ရဲ့ ကာကွယ်ရေးကိစ္စတွေနဲ့ စွမ်းအားတွေဟာ ဆွေးနွေးညှိနှိုင်းဖို့နဲ့ အပေးအယူလုပ်ဖို့ မဟုတ်ဘူးဆိုတာကို ကျွန်တော့်အနေနဲ့ ထပ်ပြီး ကြေငြာလိုပါတယ်။ ကာကွယ်ရေးပစ္စည်းတွေ၊ တိုင်းပြည်ရဲ့စွမ်းအားကို အထောက်အကူပေးထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ဟာ ရန်သူတွေနဲ့ ဘယ်လိုအပေးအယူမျိုးမှ လုပ်မှာမဟုတ်သလို အရင်ကထက်ပိုပြီး တောင့်တင်းတဲ့ စွမ်းအားမျိုး ရရှိနိုင်တဲ့ လမ်းကြောင်းကို ဆက်သွားမှာဖြစ်ပါတယ်”

    ထို့ပြင် ရန်သူများမှာ ဒေသတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံများအကြား အီရန်၏ သြဇာကို ဆန့်ကျင်နေကြကြောင်း၊ ထိုအရာများကို တွန်းလှန်ရန်အတွက် တိုင်းပြည်၏ အင်အားအပေါ် အားကိုးရန်လိုကြောင်း ခါမေနီက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်က အင်အားကြီး ၆ နိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် အီရန်၏ နျူသဘောတူစာချုပ်ကို ဖျက်သိမ်းနိုင်ရန် ဒေါ်နယ်ထရမ့်က ကြိုးစားလာမှုကြောင့် အီရန်နှင့် အမေရိကန်အကြား တင်းမာမှုများ ထပ်မံမြင့်တက်လာခဲ့သည်။ ဥရောပသမဂ္ဂအပါအ၀င် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့် အခြားအင်အားကြီးနိုင်ငံများက မိမိတို့အနေဖြင့် စာချုပ်ကတိက၀တ်အတိုင်း ဆက်ရှိသွားမည်ဟု ပြောကြားထားသည်။

    Ref : Press TV

  • ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လက်ခံရေး ပြည်ထဲရေးဝန်ကြီးက သဘောတူလက်မှတ်ရေးထိုး

    ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လက်ခံရေး ပြည်ထဲရေးဝန်ကြီးက သဘောတူလက်မှတ်ရေးထိုး

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန် ဦးတင်မြင့် နှင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန် မိုစတာဖာ ကမာလ် အူဒင်တို့ကို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

    – ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ နယ်စပ်ဒေသလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ ယမန်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံကို ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေ၀န်ကြီး အဆာဒူဇာမန်ခန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဦးဆောင်တဲ့အဖွဲ့တို့ မနေ့က နေပြည်တော်မှာတွ့ဆုံစဉ် သဘောတူစာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    စာချုပ်တွေမှာ ‘မြန်မာနိုင်ငံမှာနေထိုင်သူတွေ ဘင်္ဂလားဒေ့ရှ်ဖက်ကို အစုလိုက်ဝင်ရောက်လာမှု ရပ်တန့်ရေး’၊ ‘နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းရေး’ တွေကို နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားခဲ့ပါတယ်။

    “ပူးတွဲလုပ်ငန်းအဖွဲ့၊ စီစစ်ရေးလုပ်ငန်း ပြီးတဲ့နောက်မှာ ဒီလူတွေ သူတို့ရဲ့ ဇာတိမြေကို ဘေးအန္တရာယ်ကင်းကင်း၊ သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံ ပြန်လာနိုင်ရေး အခြားကိစ္စရပ်တွေကို စီစဉ်ဖို့အတွက် နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် မိုစတာဖာ ကမာလ် အူဒင်က ဆိုပါတယ်။

    ဒါပေမယ့် ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်လည်ပို့ဆောင်ရေး အသေးစိတ်အချက်အလက်တွေကိုတော့ တာဝန်ရှိသူတွေက မပြောခဲ့ပါဘူး။

    အစည်းအဝေးမှာ နယ်စပ်ဒေသလုံခြုံရေးအတွက် ရေရှည်ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေအကြောင်းလည်း ဆွေးနွေးခဲ့ကြပါတယ်။

    ဦးတင်မြင့်က ‘ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ မြန်မာနိုင်ငံမှာနေထိုင်သူတွေ အမြန်ဆုံး ပြန်လာနိုင်ရေးအတွက် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ရေး’ နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားတဲ့ သံသယရှိသူတွေစာရင်းကို မြန်မာဖက်က ပေးခဲ့ပြီး စုံစမ်းစစ်ဆေးကာ မြန်မာနိုင်ငံဖက်ကို ပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၆ သိန်းလောက်ရှိတယ်လို့ ကုလက ထုတ်ပြန်ထားပါတယ်။

    Ref: Reuters

  • အိုင်းစတိုင်း၏ လက်ရေးမူမှတ်ချက်တစ်ခု ဒေါ်လာ ၁.၅၆ သန်းဖြင့် ရောင်းထွက်

    အိုင်းစတိုင်း၏ လက်ရေးမူမှတ်ချက်တစ်ခု ဒေါ်လာ ၁.၅၆ သန်းဖြင့် ရောင်းထွက်

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    – ကမ္ဘာကျော်သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်းစတိုင်းရဲ့ လက်ရေးမူ စာတိုတစ်စောင်ကို မနေ့က လေလံတင် ရောင်းချရာမှာ ကန်ဒေါ်လာ ၁.၅၆ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

    ‘ပျော်ရွှင်တဲ့ ဘ၀နေထိုင်မှု’ ဆိုတာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံ Imperial Hotel က မှတ်ချက်တောင်းရာမှာ အိုင်းစတိုင်းက ရေးပေးခဲ့တဲ့ စာတိုလေးဖြစ်ပြီး ဂျေရုစလင်မှာ လေလံတင်ခဲ့တာပါ။

    ကန်ဒေါ်လာ ၅၀၀၀ ကနေ ၈၀၀၀ ကြားလောက်သာရမယ်ဆိုတဲ့ ခန့်မှန်းမှုတွေရှိခဲ့ပေမယ့် ဥရောပက အမည်မဖော်လိုသူ တစ်ယောက်က ကန်ဒေါ်လာ ၁.၅၆ သန်းပေးပြီး ၀ယ်သွားတာဖြစ်တယ်လို့ လေလံတင်တဲ့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    “အလျင်အမြန် တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ သိပ္ပံ၊ သမိုင်း၊ အချိန်နဲ့အမျှ ပြောင်းလဲနေမှုကို ဒီလို စိတ်ဝင်စားတဲ့လူတွေ ရှိနေတဲ့အတွက် ကျွန်တော် တကယ့်ကို ပျော်ရွှင်ကျေနပ်မိပါတယ်” လို့ လေလံကုမ္ပဏီက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ၁၉၂၂ ခုနှစ် နိုဝင်ဘာမှာ အိုင်းစတိုင်းက ဂျာမန်ဘာသာစကားနဲ့ ရေးသားခဲ့တဲ့ ဒီမှတ်ချက်ဟာ ‘အေးအေးချမ်းချမ်းနဲ့ ရိုးရိုးသားသား နေထိုင်ခြင်းဟာ အောင်မြင်မှုရပြီး ပူလောင်နေရတဲ့ဘ၀ထက် ပိုပြီး ပျော်ရွှင်စရာကောင်းပါတယ်’ လို့ အဓိပ္ပါယ်ရပါတယ်။

    အဲဒီနှစ်မှာပဲ ရေးသားခဲ့တဲ့ အိုင်းစတိုင်းရဲ့ နောက်မှတ်ချက်တစ်ခုဖြစ်တဲ့ ‘ဆန္ဒသာရှိရင် နည်းလမ်းရှိပါတယ်’ ဆိုတဲ့ မှတ်ချက်ကိုလည်း ဒီလေလံပွဲမှာ ကန်ဒေါ်လာ ၂၄၀၀၀၀ နဲ့ရောင်းချခဲ့ရပါတယ်။

    Ref: Alarabiya

  • မြေပုံမြို့တွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ကို ရခိုင်လူအုပ်က ဟန့်တားပြန်

    မြေပုံမြို့တွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ကို ရခိုင်လူအုပ်က ဟန့်တားပြန်

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    ဓာတ်ပုံ – စက်တင်ဘာလအတွင်းက ICRC ၏ အကူအညီပေးရေး ထရပ်ကားတစ်စီး စစ်တွေတွင် ဟန့်တား ဖျက်ဆီးခံရမှု

    – ရခိုင်ပြည်နယ်အလယ်ပိုင်းက မွတ်စလင်ဒုက္ခသည်စခန်းကို အစားအသောက်တွေ သွားပေးမယ့် အကူအညီပေးရေးအဖွဲ့ကို ဒီကနေ့မှာ ရခိုင်ဗုဒ္ဓဘာသာလူအုပ်က တားဆီးဟန့်တားခဲ့တယ်လို့ သိရပါတယ်။

    မြေပုံမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် Relief International (R.I.) အကူအညီပေးရေးအဖွဲ့က မြန်မာနိုင်ငံသား ၀န်ထမ်း ၁၀ ဦးကို ဒေသခံ ရခိုင်တွေက ဆန္ဒပြခဲ့တာကြောင့် ပြန်လှည့်သွားခဲ့ရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အဲဒီမြို့က လူတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ခွဲခြားဖို့အတွက် တိုးမြှင်လုပ်ဆာင်လာကြပြီး စစ်သွေးကြွမှာကို စိုးရိမ်တဲ့အတွက် မွတ်စလင်တွေနဲ့ ကုန်သွယ်မှုမလုပ်ဖို့လည်း ရခိုင်တွေကို ညွှန်ကြားထားတယ်လို့ Reuters သတင်းဌာနက အခုလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။

    ဒီလို ဆန္ဒပြမှုကြောင့် မြေပုံက မွတ်စလင်ဒုက္ခသည်တွေအတွက် အစားအသောက်တွေ ပေးပို့ရေး နှောင့်နှေးခဲ့ရပြီး ရခိုင်လူ့အဖွဲ့အစည်းက စစ်ဆေးပြီးမှ ပို့ခွင့်ပေးမယ်လို့ ဆိုပါတယ်။

    “R.I အဖွဲ့ဟာ ဒုက္ခသည်စခန်းကိုသွားဖို့ ကြိုးစားခဲ့ပြီး ဒေသခံတွေက ပိတ်ဆို့ခဲ့ပါတယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေက ဆိုပြီး အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့ ရုံးခန်းကို ပြန်သွားကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ Relief International က ဒါရိုက်တာ ဆာမီရ် မာလေဟ်က မှတ်ချက်ပးဖို့ ငြင်းဆိုပါတယ်။

    ရခိုင်ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဟာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ၊ NGO တွေကို အမြင်ကြည်တာ ကြာမြင့်နေပြီဖြစ်ပြီး မွတ်စလင်တွေကိုသာ အသားပေးကူညီနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

    အကူအညီပေးရေးလုပ်သားတွေနဲ့ ကုလက ဒီလို ခွဲခြားဖယ်ကျဉ်မှုမျိုးဟာ ရခိုင်ပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ နောက်ထပ် ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

    အကြိမ်ကြိမ်ဖြစ်နေ

    ကုလ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ OCHA က ပြောရေးဆိုခွင့်ရှိသူ ပီယာရီ ပီရွန်က ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေးအဖွဲ့တွေဟာ အရင်လည်း အကြိမ်များစွာ နှောက်ယှက်ခံရတယ်လို့ ပြောပါတယ်။

    “ဘယ်လိုအဖွဲ့မျိုးမဆို သူတို့ရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ကျွန်တော်တို့ လေးစားပါတယ်။ ဒါပေမယ့် ဒီမှာဖြစ်နေတဲ့ကိစ္စက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအ၀င် အကူအညီတွေ အလွန်အမင်းလိုအပ်နေတဲ့ အားအင်ချိနဲ့သူတွေ အသက်ဆက်နိုင်ဖို့ ပေးပို့မယ့် အကူအညီတွေကို တားဆီးဟန်
့တားခံနေရတာပါ”

    ၂၀၁၂ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြေပုံမြို့မှာ ရိုဟင်ဂျာတွေနဲ့ နိုင်ငံသားဖြစ်ပြီးသူတွေအပါအ၀င် မွတ်စလင်ပေါင်း ၃၀၀၀ လောက်ဟာ ဒုက္ခသည်စခန်းမှာ ပိတ်မိနေပါတယ်။

    မွတ်စလင်တွေကို လိင်အခြေပြုအကြမ်းဖက်မှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးအကြောင်း NGO တစ်ခုက အသိပညာပေးမှု ပြုလုပ်မယ်လို့ အာဏာပိုင်တွေက ရခိုင်လူ့အဖွဲ့အစည်းကို အသိပေးခဲ့ပြီးတဲ့နောက် ဒီ ဆန့်ကျင်ဆန္ဒပြမှုမှာ ပါဝင်ခဲ့တယ်လို့ ရခိုင်အမျိုးသမီးကွန်ယက်ခေါင်းဆောင် ဒေါ်ခင်သိန်းက ပြောကြားခဲ့ပါတယ်။

    “သူတို့မှာ စားစရာလည်းရှိတယ်။ နေစရာလည်းရှိတယ်။ သူတို့အတွက် ဒီလို အပိုလုပ်ပေးတာမျိုး ကျွန်မတို့ လက်မခံနိုင်ပါဘူး။ သူတို့ကို ကျွန်မတို့ မြို့ထဲကို ဖြတ်သွားခွင့်မပြုနိုင်ဘူး။ အရင်ကလည်း အကြိမ်များစွာ ဆန္ဒပြခဲ့တယ်။ သူတို့ကို ကျွန်မတို့ သံသယရှိပါတယ်။ နိုင်ငံခြားသားတွေ၊ နိုင်ငံတကာကလူတွေကို ကျွန်မတို့ မယုံပါဘူး” လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref : Reuters

  • ဒေသတည်ငြိမ်ရန် ခွဲထွက်ရေးကြိုးပမ်းမှု ရပ်တန့်မည်ဟု ကာ့ဒ်ခေါင်းဆောင်များပြော

    ဒေသတည်ငြိမ်ရန် ခွဲထွက်ရေးကြိုးပမ်းမှု ရပ်တန့်မည်ဟု ကာ့ဒ်ခေါင်းဆောင်များပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    ပြည်သူ့ဆန္ဒခံယူပွဲအပြီး ကာ့ဒ်ပြည်သူများ အောင်ပွဲခံမှု

    – အီရတ်နိုင်ငံမှ ခွဲထွက်ရေး မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်သူဆန္ဒခံယူပွဲရလဒ်ကို ရပ်ဆိုင်းရန် အသင့်ရှိနေသည်ဟု ကာ့ဒ်ဒေသအစိုးရ KRG က ယမန်နေ့တွင် ပြောကြားလိုက်ပြီး ဗဟိုအစိုးရနှင့် ဖြစ်နေသည့် ပြဿနာကို လျော့ချရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။

    နိုဝင်ဘာ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ကာ့ဒ်ပြည်သူများမှာ အီရတ်နိုင်ငံမှ ခွဲထွက်ရေးအတွက် ထောက်ခံမဲပေးခဲ့ပြီးနောက် ဗဟိုအစိုးရနှင့် ကာ့ဒ်ဒေသ အစိုးရတို့အကြား တင်းမာမှုများမှတစ်ဆင့် အပြန်အလှန် တိုက်ခိုက်မှုများအထိ ဖြစ်လာခဲ့သည်။

    ကြေငြာချက်တွင် ကာ့ဒ်ခေါင်းဆောင်များက မိမိတို့အနေဖြင့် ချက်ခြင်း အပစ်အခတ်ရပ်ဆဲရန်နှင့် စစ်ဆင်ရေးများ ရပ်တန့်ရန် ပြင်ဆင်ထားသည်ဟု ဖော်ပြထားသည်။

    အမေရိကန်နှင့် အီရတ်၏ မဟာမိတ်နိုင်ငံများက ဆန္ဒခံယူပွဲရလဒ်ကို ရပ်ဆိုင်းထားရန် သို့မဟုတ် ပယ်ဖျက်ရန် ကာ့ဒ်ဒေသအစိုးရ ခေါင်းဆောင် မာဆူဒ် ဘာရ်ဇာနီအား တိုက်တွန်းခဲ့ပြီး၊ အခြားနိုင်ငံများကလည်း ထိုပြည်သူ့ဆန္ဒခံယူပွဲမှာ အီရတ်နိုင်ငံတွင် IS အကြမ်းဖက်အဖွဲ့အား တိုက်ဖျက်ရေးမှ လမ်းလွဲသွားစေကာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို ပိုမိုဆိုးရွားသွားစေမည်ဟု သတိပေးခဲ့သည်။

    KRG ၏ ကြေငြာချက်တွင် မိမိတို့နှင့် ဗဟိုအစိုးရအကြား ဆွေးနွေးညှိနှိုင်းမှု ဖြစ်လာရေး ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။

    Ref: Aljazeera