News @ M-Media

Blog

  • ဆော်ဒီအင်ဂျင်နီယာတစ်ဦး နာဆာတွင် တာဝန်ထမ်းဆောင်သည့် ပထမဆုံး ဆော်ဒီနိုင်ငံသား ဖြစ်လာ

    ဆော်ဒီအင်ဂျင်နီယာတစ်ဦး နာဆာတွင် တာဝန်ထမ်းဆောင်သည့် ပထမဆုံး ဆော်ဒီနိုင်ငံသား ဖြစ်လာ

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    ဆော်ဒီအင်ဂျင်နီယာ မီရှဲလ် စအီးဒ် အလ်-ရှာရာနီ

    – ဆော်ဒီက အင်ဂျင်နီယာတစ်ဦးဟာ နာဆာရဲ့ စီမံကိန်းတစ်ခုအတွက် ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် နာဆာမှာ အလုပ်လုပ်ခွင့်ရတဲ့ ပထမဆုံး ဆော်ဒီအင်ဂျင်နီယာအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

    မီရှဲလ် စအီးဒ် အလ်-ရှာရာနီဆိုသူဖြစ်ပြီး မိုက်ခရိုဂရဗတီ နယ်ပယ်မှာ သုတေသနလုပ်ငန်းတွေကို လုပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့အဖွဲ့ဟာ နာဆာရဲ့ မိုက်ခရိုဂရဗတီစီမံကိန်းအတွက် ရွေးချယ်ခံရသူတွေထဲမှာ အကောင်းဆုံး စွမ်းဆောင်နေတဲ့သူတွေလည်း ဖြစ်ပါတယ်။

    ရှာရာနီက သူတို့အနေနဲ့ ကမ္ဘာ့ဆွဲအားကို ၂၁ ရက်လောက်အထိ ရပ်တန့်ထားနိုင်မယ့် ကိရိယာတစ်ခုကို တီထွင်ဖန်တီးနေတယ်လို့ Okaz သတင်းစာကို ပြောကြားခဲ့ပါတယ်။

    ဒီကိရိယာဟာ ကမ္ဘာ့ဆွဲအား နည်းသွားတဲ့ အနေအထားမျိုးမှာ အော်ဂဲနစ်တွေရဲ့ တုန့်ပြန်မှုနဲ့ပတ်သက်ပြီး လေ့လာနေတဲ့ ဇီဝအင်ဂျင်နီယာနယ်ပယ်က အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေအတွက် အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

    အဲဒီကိရိယာကို ကမ္ဘာမြေမှာတင်မက အာကာသမှာပါ လွှတ်တင်စမ်းသပ်မှာဖြစ်ပြီး ရလဒ်တွေကို နှိုင်းယှဉ်သွားမယ်လို့ သူက ဆိုပါတယ်။ ရလဒ်တွေကို အခုနှစ်နှောင်းပိုင်းမှာ နာဆာက ထုတ်ပြန်သွားဖို့ ရှိပါတယ်။

    နာဆာမှာ တာဝန်မထမ်းဆောင်ခင် ရှာရာနီဟာ Saudi Aramco မှာ အလုပ်လုပ်နေတဲ့ စက်မှုအင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အင်ဂျင်နီယာလောကမှာ အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ San Jose State တက္ကသိုလ်မှာ ပညာသင်ယူခဲ့သူပါ။

    Ref: Alarabiya

     

  • ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အိမ်ယာများဆောက်လုပ်မှုကို အစ္စရေး အရှိန်မြှင့်

    ပါလက်စတိုင်းပိုင်နက်တွင် တရားမ၀င်အိမ်ယာများဆောက်လုပ်မှုကို အစ္စရေး အရှိန်မြှင့်

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများ

    – ပါလက်စတိုင်းပိုင်နက်ဖြစ်ပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ဂျေရုစလင် အလ်ကွဒ်စ် မြောက်ပိုင်း အစ္စရေး၏ တရားမ၀င်ရပ်ကွက် Maale Adumim တွင် နောက်ထပ်အဆောက်အအုံ ၅၈၁ ခု ထပ်မံဆောက်လုပ်မည်ဟု သိရသည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အဆိုပါ တရားမ၀င်အခြေချအိမ်ယာသို့ သွားရောက်ခဲ့ပြီးနောက် Civil Administration’s High Planning Committee ဆိုသည့်အဖွဲ့က အိမ်ယာသစ်များဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပါလက်စတိုင်း သတင်းအချက်အလက်စင်တာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်မှုကို ၎င်း၏ မဟာမိတ်များအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်နေသော်လည်း အစ္စရေးမှာ ဂရုမစိုက်ဘဲ အိမ်ယာများ တိုးချဲ့ ဆောက်လုပ်လျက် ရှိနေသည်။

    ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၃၃၄ တွင် အစ္စရေးအနေဖြင့် အရှေ့ဂျေရုစလင်အပါအ၀င် ပါလက်စတိုင်းပိုင်နက်များ၌ တရားမ၀င်အိမ်ယာ ဆောက်လုပ်မှုများကို ချက်ခြင်းရပ်တန့်ရန်အတွက် တိုက်တွန်းထားသည်။

    ဗုဒ္ဓဟူးနေ့က အစ္စရေးအာဏာပိုင်များ၏ တွေ့ဆုံမှုအတွင်း နေတန်ယာဟုက Maale Adumim ရပ်ကွက်တွင် အိမ်ယာများ ထပ်မံဆောက်လုပ်ရန်အတွက် ရှက်ကဲလ် သန်း ၈၀၀ (ကန်ဒေါ်လာ သန်း ၂၃၀) ထုတ်ပေးမည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းများနေထိုင်သည့် ဂျာဘာလ် မူကာဘာရ်ခရိုင်ရှိ အစ္စရေး၏ တရားမ၀င်ခြေချရပ်ကွက်တွင် အိမ်ယာ ၁၇၆ ခု ထပ်မံဆောက်လုပ်ရန်အတွက် အစ္စရေးအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

    ၁၉၆၇ ခုနှစ်မှစ၍ ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာ ရပ်ကွက်ပေါင်း ၂၃၀ ကို ဆောက်လုပ်ခဲ့ပြီး အစ္စရေးသန်းဝက်ကျော် နေထိုင်နေသည်။

    Ref : Presstv

  • လူဖြူအစွန်းရောက်များမှာ ခရစ်ယာန်နာမည်ကို အသုံးချနေသည်ဟု ကန်ဘာသာရေးခေါင်းဆောင်များ ထုတ်ပြန်

    လူဖြူအစွန်းရောက်များမှာ ခရစ်ယာန်နာမည်ကို အသုံးချနေသည်ဟု ကန်ဘာသာရေးခေါင်းဆောင်များ ထုတ်ပြန်

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    – ယခုတစ်ပတ်နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် လူဖြူအစွန်းရောက်များ၏ ချီတက်လမ်းလျှောက်ပွဲအား ဆန့်ကျင်ရှုတ်ချသည့် အဖွဲ့များနှင့် ပူးပေါင်းသွားမည်ဟု အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်ရှိ ဘာသာပေါင်းစုံမှ ခေါင်းဆောင် ၁၀၀ ကျော်က ကြေငြာလိုက်သည်။

    ပြည်နယ်အတွင်းရှိ မြို့များတွင် ‘White Lives Matter’ ခေါင်းစဉ်ဖြင့် ဆန္ဒပြမှုများ ပြုလုပ်ရန် ရှိနေချိန်တွင် ဘာသာရေးခေါးဆောင်ပါင်း ၁၇၂ ဦး ပါဝင်လက်မှတ်ရေးထိုးထားသည့် အဆိုပါကြငြာချက်တွင် လူဖြူအစွန်းရောက်များမှာ ၎င်းတို့၏ လှုပ်ရှားမှုကို ‘ခရစ်ယာန်သာသနာဆိုသည့် ခေါင်းစဉ်ဖြင့် ကာကွယ်ထားသည်’ ဟု ဖော်ပြထားသည်။

    “ဒီအုပ်စုတွေဟာ လူဖြူအစွန်းရောက်ဝါဒ စည်းမျဉ်းတွေအပေါ်မှာ တည်ထောင်ထားကြတာပါ။ လူမျိုးရေးနဲ့ ဘာသာရေး မတူမှုတွေကြားထဲမှာ တံတိုင်းမကာဘဲ တံတားထိုးကြဖို့ ကျွန်တော်တို့ ဘာသာတရားအားလုံးက တိုက်တွန်းလိုက်ပါတယ်” ဟု ကြေငြာချက်ကဆိုပြီး လူဖြူအစွန်းရောက်များ၏ ဆန္ဒပြမှုမှာ ‘လူမျိုးရေးအစွန်းရောက် အမျိုးသားရေးဝါဒကို မြှင့်တင်သည်မှလွဲ၍ အခြားနိဂုံးမရှိ’ ဟုလည်း ထည့်သွင်းရေးသားခဲ့သည်။

    ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမြို့တွင် သြဂုတ်လအတွင်းက လူဖြူအစွန်းရောက်များနှင့် ၎င်းတို့အား တန်ပြန်ဆန္ဒပြသူများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး၊ တန်နက်ဆီမှ ဘာသာရေးခေါင်းဆောင်များက ထိုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မဖြစ်ရန်အတွက် တိုက်တွန်းခဲ့သည်။

    ပြည်နယ်အာဏာပိုင်များက လူဖြူအစွန်းရောက်များ၏ ဆန္ဒပြမှုအတွင်း တိုက်ခိုက်မှုများ ဖြစ်လာနိုင်ပြီး ဆန္ဒပြမည့်နေရာ အနီးတစ်ဝိုက်တွင် နေထိုင်၊ အလုပ်လုပ်သူများအနေဖြင့် သတိထားရန်နှင့် ထိုနေရာများသို့ မသွားရန် သတိပေးထားသည်။

    မကြာသေးမီက ကောက်ယူခဲ့သည့် စစ်တမ်းများအရ သမ္မတ ဒေါ်နယ်ထရမ့်မှာ တိုင်းပြည်ကို ပိုမိုစိတ်ဝမ်းကွဲအောင် ပြုလုပ်နေပြီး ၎င်းရွေးကောက်ခံခဲ့ချိန်မှစ၍ အမုန်းရာဇ၀တ်မှုများ သိသိသာသာ မြင့်တက်လာသည်ဟု အမေရိကန်အများစုက ယူဆခဲ့ကြသည်။

    Ref : Press TV

  • မြောက်ကိုရီးယားက နျူလက်နက်ပိုင်သည်ကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော

    မြောက်ကိုရီးယားက နျူလက်နက်ပိုင်သည်ကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံ နျူလက်နက်ပိုင်ဆိုင်သည်ကို အမေရိကန်က မည်သည့်အခါမှ လက်ခံမည်မဟုတ်ဘဲ၊ ပြုံးယမ်အနေဖြင့် နျူလက်နက်ဖြင့် တိုက်ခိုက်လာပါက စစ်ရေးဖြင့် ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က သတိပေးလိုက်သည်။

    ဆိုးလ်မြို့၌ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆောင်ယွန်းမူနှင့် စနေနေ့က ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် မာတစ်မှာ သောကြာနေ့က ၁၉၅၀-၅၃ ခုနှစ် ကျွန်းဆွယ်စစ်ပွဲမှစတင်၍ ကိုရီးယားကို နှစ်ခြမ်းကွဲစေခဲ့သည့် စ
    စ်ရပ်စဲရေးဇုန်သို့ သွားရောက်ခဲ့သည်။

    “အမှားတော့မလုပ်မိပါစေနဲ့။ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ဘယ်လို တိုက်ခိုက်မှုတွေပဲလုပ်လုပ် ပြန်လည် ချေမှုန်းသွားမှာပါ။ ဘယ်နျူကလီးယားလက်နက်ကိုမဆို အသုံးပြုတာနဲ့ စစ်ရေးအရ ပြင်းပြင်းထန်ထန်တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု မာတစ်က ဆိုသည်။

    ထို့ပြင် မြောက်ကိုရီးယားအား နျူလက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်က မည်သည့်အခြေအနေမျိုးတွင်မှ လက်ခံသွားမည်မဟုတ်ဘဲ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးပေါင်းကြိုးပမ်းမှုမှာ ခြိမ်းခြောက်မှုများကို တားဆီးရန်နှင့် လိုအပ်ပါက စစ်ရေးနည်းလမ်းများဖြင့် တုန့်ပြန်သွားရန် ဖြစ်သည်ဟုလည်း မာတစ်က ထည့်သွင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယားသတင်းစာ Sinmun က အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ ‘ထိပ်တိုက်တွေ့ဆုံရေး အနေအထားကို ရူးနှမ်းစွာ ဖန်တီးနေကြသည်’ ဟု စနေနေ့တွင် ရေးသားခဲ့သည်။

    Ref : Aljazeera

     

  • စစ်တပ်၏လုပ်ရပ်အား မီဒီယာကိုဖွင့်ချသည့် ကချင်ခရစ်ယာန်ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

    စစ်တပ်၏လုပ်ရပ်အား မီဒီယာကိုဖွင့်ချသည့် ကချင်ခရစ်ယာန်ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    – ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ခရစ်ယာန် နှစ်ချင်းအသင်းတော်က အကြီးအကဲနှစ်ဦးကို သူပုန်အဖွဲ့ကူညီမှုနဲ့ သောကြောနေ့မှာ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    အသက် ၆၇ နှစ်အရွယ် Dumdaw Nawng Lat နဲ့ ၃၅ နှစ်အရွယ် Langjaw Gam Seng တို့ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးကြဲခံလိုက်ရတယ်လို့ဆိုတဲ့ ခရစ်ယာန်ဘုရားကျောင်းကိစ္စကို ဂျာနယ်လစ် တွေဆီ သတင်းပေးခဲ့ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြ စ်ပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေက ဒီအဖြစ်အပျက်ကို ရှုတ်ချခဲ့ပြီး အစိုးရစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဖုံးဖိလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီနှစ်ယောက်ဟာ ကချင်လွတ်မြောက်ရေးတပ်အတွက် ‘လူသစ်စုဆောင်းသူတွေ၊ သတင်းပေးသူတွေနဲ့ ၀ါဒဖြန့်သူတွေ’ ဖြစ်တယ်လို့ စစ်တပ်က စွပ်စွဲခဲ့ပြီး သောကြာနေ့မှာတော့ လာရှိုးတရားရုံးက လက်ထောင်သင်း အုပ်ဆရာ Dumdaw Nawng Lat ကို ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ၊ နှစ်ခြင်းအသင်းတော် လူငယ်အဖွဲ့ခေါင်း ဆောင် Langjaw Gam Seng ကို ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လ အသီးသီး ချမှတ်ခဲ့တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

    စစ်အစိုးရလက်ထက် ညှင်းပမ်းနှိပ်စက်မှုတွေ၊ ကျူးလွန်မှုတွေကို ဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေ၊ တက်ကြွ လှုပ်ရှားသူတွေကို နှိပ်ကွပ်ရေးမှာ ပုံမှန်လိုလို အသုံးပြုခဲ့တဲ့ တရားမ၀င်အဖွဲ့အစည်းများ အက်ဥပဒေနဲ့ သူတို့နှစ်ယောက်ကို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    အစိုးရစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း မီဒီယာတွေကို ဖြေကြားခဲ့တဲ့ Dumdaw Nawng Lat ကို ထောင်ချမှုမှာ အသရေဖျက်မှုဆိုတဲ့ စွဲချက်လည်း ပါဝင်ပါတယ်။

    Human Rights Watch အဖွဲ့ကတော့ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုအပေါ် ညှမ်းပမ်းနှိပ်စက်မှုတွေရှိ ခဲ့တဲ့ သမိုင်းမကောင်းတဲ့ စစ်တပ်အပေါ် တရားစွဲဆိုနိုင်ရေး အစိုးရအနေနဲ့ အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းတုန်းကလည်း ရှမ်းပြည်နယ်က တစ်ခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုအကြောင်း ရေးသားခဲ့တဲ့ သတင်းထောက် ၃ ဦးဟာ သူပုန်တွေကို ကူညီမှုနဲ့ တရားစွဲခံခဲ့ရပါတယ်။

    Ref: Coconuts Yangon