News @ M-Media

Blog

  • ပါကစ္စတန်ရှိ ဖိုင်ဆယ်ဗလီတွင် ကင်ဆာအသိပညာပေးလှုပ်ရှားမှုတစ်ခု ပြုလုပ်

    ပါကစ္စတန်ရှိ ဖိုင်ဆယ်ဗလီတွင် ကင်ဆာအသိပညာပေးလှုပ်ရှားမှုတစ်ခု ပြုလုပ်

    အောက်တိုဘာ ၂၄၊ ၂၀၁၇
    M-Media

    အစ္စလာမ်မာဘတ်ရှိ ဖိုင်ဆယ်ဗလီတွင် ပန်းရောင်မီးထွန်းထားစဉ်

    – ရင်သားကင်ဆာခံစားနေရတဲ့ လူနာတွေကို အားပေးပြီး၊ ပြည်သူလူထုအကြားမှာ ဒီရောဂါအကြောင်း အသိပညာပေးဖို့ ရည်ရွယ်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့က ‘ဖိုင်ဆယ် ဗလီဝတ်ကျောင်းတော်’ ဟာ ပန်းရောင်းမီထွန်းကာ ရင်သားကင်ဆာ အသိပညာပေးလကို ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

    နှစ်စဉ် အောက်တိုဘာ ၁ ရက်နေ့က ၃၁ ရက်နေ့အထိ သတ်မှတ်ထားတဲ့ ရင်သားကင်ဆာ အသိပညာပေးလမှာ ကမ္ဘာတစ်ဝှမ်း ရင်သားကင်ဆာနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေ၊ လှုပ်ရှားမှုတွေ၊ အခမဲ့စမ်းသပ်ပေးမှုတွေ၊ အထိမ်းအမှတ်အဆောက်အဦးတွေမှာ ပန်းရောင်မီးထွန်းမှုတွေ လုပ်လေ့ရှိပါတယ်။

    ပါကစ္စတန်နိုင်ငံမှာတော့ ဒီအသိပညာပေးလအတွင်း Pink Ribbon နဲ့ CDA အဖွဲ့တို့ ပူးပေါင်းကာ လှုပ်ရှားမှုတော်တော်များများကို ပြုလုပ်ခဲ့ကြပြီး မနေ့မှာ ဖိုင်ဆယ်ဗလီကို ပန်းရောင်မီးထွန်းညှိကာ ဗလီပရ၀ုဏ်က မြက်ခင်းပြင်မှာ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။

    အခမ်းအနားကို စီစဉ်တဲ့ အိုမာရ် အက်ဖ်တဘ်က ကင်ဆာအသိပညာပေးအခမ်းအနားကို ဗလီဝတ်ကျောင်းတော်မှာ ပြုလုပ်ရခြင်းဟာ အစ္စလာမ်က အမျိုးသမီးတွေအပေါ် ကာကွယ်ဖို့ သွန်သင်မှု၊ ကျန်းမာရေးကို အလေးထားမှု စတဲ့ သတင်းစကားကို ကမ္ဘာက သိစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကင်ဆာရောဂါဟာ စောစောသိမယ်ဆိုရင် ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးဖြစ်ပြီး ပါကစ္စတန်လူ့အဖွဲ့အစည်းမှာ ဒီရောဂါနဲ့ပတ်သက်ပြီး အစွဲအလမ်းကြီးလွန်းကြောင်း၊ ဗလီဝတ်ကျောင်းတော်မှာ ဒီလို ကင်ဆာပညာပေး အခမ်းအနား ကျင်းပခြင်းအားဖြင့် ဒီအစွဲအလမ်းတွေကို ပျောက်စေဖို့ ရည်ရွယ်ကြောင်း၊ အမျိုးသ
    မီးတွေအနေနဲ့ သူတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်သင့်ပြီး အမျိုးသားတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုကြောင်း အိုမာရ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ရင်သားကင်ဆာရောဂါဟာ စောစောသိမယ်ဆိုရင် ပျောက်ကင်းတဲ့အထိ ကုသနိုင်ပေမယ့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်မလုပ်ရင်တော့ ရောဂါရင့်မှ သိရှိလေ့ရှိပြီး အသက်ဆုံးရှုံးရလေ့ရှိပါတယ်။

    Ref: The Nation

  • ရိုဟင်ဂျာဒုက္ခသည်အရေး ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်ရှိ

    ရိုဟင်ဂျာဒုက္ခသည်အရေး ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်ရှိ

    အောက်တိုဘာ ၂၄၊ ၂၀၁၇
    M-Media

    အောက်တိုဘာ ၂ ရက်နေ့က မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ်

    – ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဆွေးနွေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ မနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့အကြီးအကဲတွေ၊ အခြား အကြီးတန်းတာဝန်ရှိသူတွေနဲ့ အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ ဒီအဖွဲ့ကို ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းက ဦးဆောင်တာဖြစ်ပါတယ်။

    အခုလာရောက်မှုမှာ ‘အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေကို အလျင်အမြန် နေရပ်ပြန်ပို့နိုင်ရေးဟာ အဓိက ကိစ္စဖြစ်တယ်’ လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက စောစောပိုင်းမှာ ပြောကြားထားပါတယ်။

    သြဂုတ်လနှောင်းပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မတည်မငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတယ်လို့ ကုလက ထုတ်ပြန်ထားပြီး ဘင်္ဂလားဒေ့ရှ်က ဒီဒုက္ခသည်တွေကို အမြန်ဆုံး ပြန်ပို့ချင်နေတာပါ။

    ရိုဟင်ဂျာတွေကို အကြမ်းဖက်တံဆိပ်ကပ်ပြီး မောင်းထုပ်တဲ့ အစီအစဉ်တစ်ခုကို မြန်မာနိုင်ငံက လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဖက်က စွပ်စွဲထားပါတယ်။

    ပြီးခဲ့တဲ့လ မြန်မာနိုင်ငံက အကြီးတန်းကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ဆွေးနွေးစဉ်မှာ မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့ လာရောက်ဖို့ သဘောတူခဲ့ပြီးတဲ့နောက် ပြည်ထဲရေးဝန်ကြီး အဆာဒူဇာမန်ခန်းဦးဆောင်တဲ့ အခု ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

    Ref: News Indian express

  • ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုအတွက် မြန်မာကိုအရေးယူရန် ကန်စဉ်းစားနေ

    ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုအတွက် မြန်မာကိုအရေးယူရန် ကန်စဉ်းစားနေ

    အောက်တိုဘာ ၂၄၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွင် ကျမ်းစာသင်ယူနေသည့် ရိုဟင်ဂျာကလေးများ

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်လင်တွေအပေါ် ညှင်းပမ်းနှိပ်စက်မှုအတွက် Global Magnitsky ဥပဒေအရ ပြုလုပ်တဲ့ အရေးယူမှုအပါအ၀င် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေလုပ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လတ်တလောအဖြစ်အပျက်တွေ၊ ရိုဟင်ဂျာတွေနဲ့ အခြားလူ့အဖွဲ့အစည်းတွေ ခံစားနေရတဲ့ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် ကျွန်တော်တို့အနေနဲ့ အလွန်အမင်းစိုးရိမ်မိတယ်” လို့ အမေရိကန်အစိုးရကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစိုးရမဟုတ်တဲ့လူတွေ၊ လက်နက်ကိုင်ပြီး ရာဇ၀တ်မှုကျူးလွန်တဲ့ အရပ်သားတွေအပါအ၀င် ဒီလို ရက်စက်ကြမ်းကြုမှုတွေကို ပြုလုပ်တဲ့ တစ်ဦးချင်းတစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်းစီတိုင်း သူတို့ရဲ့ လုပ်ရပ်အတွက် မလွှဲမသွေ တာဝန်ယူရလိမ့်မယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က စီးနင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ အပြစ်မဲ့ ရိုဟင်ဂျာအရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ အမျိုးသမီးကို အဓမ္မကျင့်တာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

    အဲဒီသတင်းတွေအတွက် မြန်မာအစိုးရနဲ့ စစ်တပ်က ငြင်းဆိုထားပါတယ်။ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းနီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ဖိနှိပ်မှုအတွက် စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ အမေရိကန်ကရှုမြင်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

    လာမယ့်လအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အာရှကိုလာဖို့ရှိတဲ့အချိန် အမေရိကန်အစိုးရရဲ့ အခုကြေငြာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ထရမ့်ဟာ အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို တက်ဖို့ ရှိနေပါတယ်။

    ဒီကြေငြာချက်ဟာ ကာလရှည်ဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာအတွက် အမေရိကန်အစိုးရရဲ့ အပြင်းထန်ဆုံး တုန့်ပြန်မှုတစ်ခုဖြစ်ပြီး Global Magnitsky ဥပဒေအပါအ၀င် အမေရိကန်ဥပဒေအရ အရေးယူနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့လည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    မြန်မာနိုင်ငံအပေါ် အမေရိကန်ကပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေထဲမှာ လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ အရင် စစ်အာဏာရှင်အဖွဲ့ဝင်ဟောင်းတွေကို အမေရိကန်လာခွင့် ရပ်ဆိုင်းထားတာ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေကို အမေရိကန်ရဲ့ အကူအညီ ရယူသုံးစွဲခွင့်မပေးတာတွေ ပါဝင်တယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းမှုအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အမေရိကန်က မဟာမိတ်တွေ၊ မိတ်ဖက်နိုင်တွေ၊ ကုလ၊ လူ့အခွင့်အရေးကောင်စီ၊ အခြား သင့်လျော်သူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

    Ref: Reuters

  • ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာက ပြန်လက်ခံရမည်ဟု အိန္ဒိယပြော

    ရိုဟင်ဂျာဒုက္ခသည်များကို မြန်မာက ပြန်လက်ခံရမည်ဟု အိန္ဒိယပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း

    – ဆယ်စုနှစ်ချီ ကြာမြင့်နေတဲ့ အာရှရဲ့ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို မဖြစ်မနေ ပြန်လည် လက်ခံရလိမ့်မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြောကြားလိုက်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ ယမန်နေ့က တွေ့ဆုံစဉ်မှာ ၀န်ကြီး ဆူရှ်မာ ဆွာရက်ဂ်ျက အခုလိုပြောကြားလိုက်တာဖြစ်ပြီး ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ဆိုပါတယ်။

    “မြန်မာနိုင်ငံဟာ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ရမှာပါ။ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်အတွက် တော်တော်လေးကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ဒီဝန်ထုပ်ဝန်ပိုးကို ဘယ်လောက်ကြာကြာ ထမ်းထားရမှာလဲ။ ဒီပြဿနာနဲ့ပတ်သက်ပြီး အမြဲတမ်းအတွက် အဖြေတစ်ခု ရှိသင့်ပါတယ်”

    ရှိခ်ဟာဆီနာဟာ မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးထားပြီး ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံခွင့် ပြုထားပါတယ်။

    သြဂုတ်လနှောင်းပိုင်းကပြီး ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က မငြိမ်မသက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းနီးပါးလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ဆွာရက်ဂ်ျဟာ စောစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မဟ်မူဒ်အလီနဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွက် အိန္ဒိယက စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုပြီး အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့အတွက် ကျွန်မတို့ တိုက်တွန်းပါတယ်” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

    ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက အသိအမှတ်ပြုဖို့ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေးကို အိန္ဒိယက ထောက်ခံကြောင်း၊ ရခိုင်ပြည်နယ်မှာ စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်ပေးတာဟာ ပြဿနာ ပြေလည်စေရေး အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ဆွာရက်ဂ်ျက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာပြဿနာအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခု ရှာဖွေရေး မြန်မာအစိုးရကို ဆက်လက်ဖိအားပေးတဲ့နေရာမှာ အိန္ဒိယကလည်း ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Washingtonpost

  • ဝေဖန်မှုများရှိသောကြောင့် မူဂါဘီအား သံအမတ်အဖြစ် ခန့်အပ်ထားမှုကို WHO ရုပ်သိမ်း

    ဝေဖန်မှုများရှိသောကြောင့် မူဂါဘီအား သံအမတ်အဖြစ် ခန့်အပ်ထားမှုကို WHO ရုပ်သိမ်း

    အောက်တိုဘာ ၂၃၊ ၂၀၁၇
    M-Media

    – ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့ပြီးနာက် ဇင်ဘာဘွေအာဏာရှင် ရောဘတ်မူဂါဘီအား goodwill ambassador အဖြစ် ခန့်အပ်ထားမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြန်လည်ရုပ်သိမ်းလိုက်သည်ဟု သိရသည်။

    “စိုးရိမ်ကြောင်း ပြောဆိုမှုတွေအားလုံးကို ကျွန်တော်တို့ သေချာဂရုစိုက် နားထောင်ခဲ့ပါတယ်” ဟု WHO ဥက္ကဌ Tedros Adhanom Ghebreyesus က ယမန်နေ့ကထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    ပြည်သူလူထု ကျန်းမာရေးကဏ္ဍအတွက် ဇင်ဘာဘွေနိုင်ငံ၏ ဆောင်ရွက်မှုမှာ ချီးကျူးစရာကောင်းသည်ဟု good will ambassador အဖြစ် မူဂါဘီအား ပြီးခဲ့သည့်ရက်ပိုင်းက ခန့်အပ်မှုတွင် Tedros က ပြောကြားခဲ့သည်။

    သို့သော်လည်း ဝေဖန်စောင့်ကြည့်သူများက ဇင်ဘာဘွေနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ်မှာ မူဘာဘီ၏ နှစ် ၃၀ အုပ်ချုပ်မှုအောက်တွင် လုံးဝ ပြိုလဲခဲ့ပြီး ၀န်ထမ်းများ လခမရခြင်း၊ ဆေးဝါးများပြတ်လပ်ခြင်းတို့ ကြုံတွေ့ခဲ့ရသည်ဟု ထောက်ပြခဲ့သည်။

    နိုင်ငံ၏ ပျမ်းမျှသက်ထမ်းထက် နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်စွာ အသက်ရှင်သန်နေသည့် မစ္စတာမူဂါဘီ ကိုယ်တိုင်လည်း ၎င်း၏ ကျန်းမာရေးအတွက် နိုင်ငံရပ်ခြားသို့သွားရောက်ကာ ဆေးကုသမှု ခံယူခဲ့ရသည်။

    မစ္စတာ Tedros က ၎င်းမှာ ဇင်ဘာဘွေအစိုးရနှင့် တိုင်ပင်ဆွေးနွေးကာ ‘WHO ၏ အကျိုးအတွက်’ သံအမတ်ရာထူးကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှာက်မှုစနစ် ထူထောင်ရန်အတွက် ကမ္ဘာ့နိုင်ငံအားလုံး၊ ခေါင်းဆောင်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုသည့် ကတိက၀တ်တွင် ဆက်လက်ရပ်တည်သွားမည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : BBC