News @ M-Media

Blog

  • ဘင်္ဂလားဒေ့ရှ် မဒ်ရာဆာ ပြန်ဌာန်းစာအုပ်သစ်များတွင် ဂျေဟာ့ဒ်အကြောင်း မပါဝင်တော့

    ဘင်္ဂလားဒေ့ရှ် မဒ်ရာဆာ ပြန်ဌာန်းစာအုပ်သစ်များတွင် ဂျေဟာ့ဒ်အကြောင်း မပါဝင်တော့

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    စစ်တကောင်းရှိ မဒ်ရာဆာတစ်ခု၏ ပုံရိပ်

    – ဘင်္ဂလားဒေ့ရှ် မဒ်ရာဆာပညာရေးဘုတ်အဖွဲ့ (Bangladesh Madrasa Education Board) က လာမယ့်နှစ်အတွက် ထုတ်ဝေမယ့် ပြဌာန်းစာအုပ်တွေမှာ ဂျေဟာ့ဒ်အကြောင်း သင်ခန်းစာတွေ ပါဝင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

    ဘုတ်အဖွဲ့ကို စတင်ဖွဲကစည်းခဲ့တဲ့ ၁၉၇၉ ခုနှစ်ကတည်းက ၈ တန်းကနေ တက္ကသိုလ်အဆင့်အထိ မဒ်ရာဆာ သင်ရိုးစာအုပ်တွေမှာ ဂျေဟာ့ဒ်အကြောင်း သင်ခန်းစာတွေ ပါဝင်ခဲ့တာပါ။

    “မဒ်ရာဆာ ပညာရေးစနစ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကို ရပ်တန့်ဖို့အတွက် ဂျေဟာ့ဒ်နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို ဖယ်ရှားပေးဖို့ အစိုးရက ညွှန်ကြားခဲ့တာဖြစ်ပါတယ်” လို့ ဘုတ်အဖွဲ့က အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒီပြဌာန်းစာအုပ်တွေမှာ ဂျေဟာ့ဒ်ကို ‘အစ္စလာမ့်ရန်သူများအား တိုက်ခိုက်မှု’ လို့ အဓိပ္ပါယ်ဖွင့်ထားတာပါ။

    လာမယ့် ၂၀၁၈ ခုနှစ်မှာ ကျောင်းသားတွေကို ဖြန့်ဝေပေးမယ့် ပြဌာန်းစာအုပ်တွေမှာ ဒီလိုရည်ညွှန်းတဲ့ သင်ခန်းစာတွေအားလုံး ပါဝင်တော့မှာ မဟုတ်ပါဘူး။

    စစ်သွေးကြွမှု ထိန်းချုပ်ရေးနှင့် တားဆီးရေး အမျိုးသားကော်မတီက မဒ်ရာဆာပြဌာန်းစာအုပ်တွေမှာ ပါဝင်တဲ့ ဂျေဟာ့ဒ်အကြောင်း သင်ခန်းစာဟာ ကျောင်းသားတွေကို စစ်သွေးကြွလှုပ်ရှားမှုတွေမှာ ပါဝင်စေဖို့ လှုံ့ဆော်ပေးသလိုဖြစ်နေတယ်လို့ ရှုမြင်ကြောင်း အစိုးရနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

    အဲဒီသင်ခန်းစာတွေကို ဖယ်ရှားပေးဖို့အတွက် ၂၀၁၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက မဒ်ရာဆာဘုတ်အဖွဲ့ကို စာပို့အကြောင်းကြားခဲ့ပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်၊ တမန်တော် မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တွေ၊ အခြေခံဥပဒေ၊ တိုင်းပြည်ရဲ့ အခြေခံမှု စတာတွေနဲ့ ဆန့်ကျင်တဲ့ ဘယ်လို သင်ခန်းစာမျိုးကိုမှ ထည့်သွင်းသင်ကြားခြင်းမပြုဖို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ဘုတ်အဖွဲ့ကို ညွှန်ကြားထားပါတယ်။

    အစ္စလာမ်ကပြောတဲ့ ဂျေဟာ့ဒ်ရဲ့ အဓိပ္ပါယ်ဟာ မကောင်းမှု၊ မတရားမှုတွေကို လူတစ်ဦးချင်းစီက တတ်နိုင်တဲ့ အနေအထားကနေ ဆန့်ကျင်တာ၊ တွန်းလှန်တာမျိုးဖြစ်ပြိး လွတ်လပ်စွာ ကိုးကွယ်ခွင့်လို လူသားတိုင်းရဲ့ မွေးရာပါ လွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက်ရုံမျှမက အသက်ကိုပါ ရန်ရှာတဲ့အထိ လုပ်လာတဲ့ အခြေအနေမျိုးမှာ စည်းနဲ့ကမ်းနဲ့ တုန့်ပြန်မှုကိုလည်း ရည်ညွှန်းပါတယ်။

    ‘အကောင်းဆုံးသောဂျေဟာ့ဒ်ဟာ မိမိရဲ့ မကောင်းမှုပြုချင်တဲ့ စိတ်မနောကို ပယ်သတ်တာ ဖြစ်တယ်’ ဆိုတဲ့ တမန်တော်မုဟမ္မဒ်သခင်ရဲ့ မိန့်မှာချက်တစ်ခုလည်း ရှိနေပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ စုနှစ် ၂၀ ခုလောက်အတွင်းမှာ မွတ်စလင်တစ်ချို့ဟာ သူတို့ရဲ့ တစ်ကိုယ်ရည် အာဏာအတွက်၊ နာကျည်းချက်တွေကြောင့် ဒီသွန်သင်မှုကို အလွဲသုံးစားလုပ်လာခဲ့ပြီး မွတ်စလင်မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ဂျေဟာ့ဒ်နဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားတာတွေ မြင့်တက်လာခဲ့ပါတယ်။

    Ref: Dhakatribune

  • အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ကားမတော်တဆမှုကြောင့် ကွယ်လွန်

    အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ကားမတော်တဆမှုကြောင့် ကွယ်လွန်

    အောက်တိုင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    မတော်တဆဖြစ်ခဲ့သည့်ကား

    – အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်မှာ Jharkhand ပြည်နယ် Giridih ခရိုင်တွင် ယနေ့တွင်ဖြစ်ပွားခဲ့သည် ကားမတော်တဆမှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    ဦးပြည်စိုးဖြစ်ပြီး ဗုဒ္ဓဂါယာမှ ကိုလ်ကာတားသို့အပြန်တွင် ၎င်းစီးနင်းလာသောကားမှာ ဆိုင်ကယ်စီးလာသူတစ်ဦးကို ရှောင်တိမ်းရင်း လော်ရီကားတစ်စီးကို ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။

    ဖြစ်စဉ်အတွင်း ၎င်း၏ ဇနီး၊ အတွင်းရေးမှူးနှင့် ကားဒရိုင်ဘာတို့ ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတွင် ကုသမှု ခံယူနေသည်။ ဦးပြည်စိုးမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကမှ ကိုလ်ကာတားတွင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားပြီးနောက် ကိုလ်ကာတားရှိ မြန်မာကောင်စစ်ရုံးမှ တာဝန်ရှိသူများမှာ Jharkhand ပြည်နယ်သို့ လာရောက်ခဲ့ကြသည်။

    Ref : Tribuneindia

  • ရခိုင်မြောက်ပိုင်းတွင် WFP က အကူအညီပြန်ပေးခွင့်ရ

    ရခိုင်မြောက်ပိုင်းတွင် WFP က အကူအညီပြန်ပေးခွင့်ရ

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    မောင်တောတွင် အကူအညီပေးရေးအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမှုတစ်ခု

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လိုအပ်နေသူတွေအတွက် အစားအသောက်တွေ ဖြန့်ဖြူးရေး ပြန်လည်လုပ်ဆောင်ဖို့အတွက် မြန်မာအစိုးရက ခွင့်ပြုလိုက်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    WFP ဟာ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ စုစုပေါင်း ၁၁၀၀၀၀ လောက်ကို စားနပ်ရိက္ခာတွေ ဖြန့်ဖြူးပေးနေတာဖြစ်ပြီး သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရဲကင်းတွေကို ၀င်တိုက်ခဲ့ပြီးတဲ့နောက် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် အကူအညီပေးရေးလုပ်ငန်းတွေကို ၂ လလောက် ရပ်ဆိုင်းခဲ့ရတာပါ။

    “ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စားနပ်ရိက္ခာအကူအညီပေးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ဖို့ WFP ကို ခွင့်ပြုလိုက်ပါပြီ။ အသေးစိတ်ကိစ္စတွေအတွက် ကျွန်မတို့ဟာ အစိုးရနဲ့ ဆောင်ရွက်နေပါတယ်” လို့ WFP ပြောရေးဆိုခွင့်ရှိသူ Bettina Luescher က ဂျီနီဗာမှာ ဂျာနယ်လစ်တွေကို ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခုအချိန်အထိ နေထိုင်နေတဲ့ ရိုဟင်ဂျာမွတ်စလင်လူ့အဖွဲ့အစည်းကို အစားအသောက်တွေ ဖြန့်ဖြူးဖို့ကိစ္စကို သူမက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

    “မြေပြင်မှာ အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ ကျွန်မတို့ ကြည့်ရပါမယ်။ ဒါတွေမသိဘဲနဲ့ ဒီကိစ္စတွေကို ပြောဖို့ခက်ပါတယ်”

    Ref: CNA

  • ကာတာလိုနီယာဒေသ စပိန်နိုင်ငံမှ ခွဲထွက်ကြောင်း ကြေငြာ

    ကာတာလိုနီယာဒေသ စပိန်နိုင်ငံမှ ခွဲထွက်ကြောင်း ကြေငြာ

    အောက်တိုဘာ ၂၇။ ၂၀၁၇
    M-Media

    ဘာစီလိုနာရှိ ကာတာလိုနီယာလွှတ်တော်

    – ကာတာလိုနီယာဒေသ လွှတ်တော်မှာ စပိန်နိုင်ငံမှ ခွဲထွက်ကာ သီးခြားနိုင်ငံအဖြစ် ထူထောင်ရေးအတွက် ယနေ့တွင် မဲခွဲအတည်ပြုလိုက်သည်ဟု သိရသည်။

    လွှတ်တော်ကိုယ်စားလှယ်များ မဲပေးမှုအတွင်း ထောက်ခံမဲ ၇၀၊ ကန့်ကွက်မဲ ၁၀ မဲဖြင့် အတည်ပြုခဲ့ခြင်းသည်။ စပိန် ရှေ့နေချုပ်က ခွဲထွက်ရေးအတွက် မဲပေးသူများကို တရားစွဲဆိုသွားမည်ဟု သတိပေးထားသောကြောင့် ယခုကဲ့သို့ လျှို့ဝှက် မဲပေးခဲ့ခြင်းဖြစ်သည်။

    ကာတာလိုနီယာဒေသ ခွဲထွက်မှုကို တားဆီးရန်အတွက် ဗဟိုအစိုးရက ဒေသအား တိုက်ရိုက်ကွပ်ကဲနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅ ကို အသုံးပြုရန် စပိန်အစိုးရက စီစဉ်နေစဉ် ယခုလွတ်လပ်ရေးကြေငြာမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    လွတ်လပ်ရေးအတွက် မဲပေးမှုကို ဆန့်ကျင်သည့်အနေဖြင့် လက်ယာပါတီနှစ်ခုဖြစ်သော Citizens (Cs) နှင့် People’s Party (PP)၊ ဆိုရှယ်လစ်ပါတီ Socialist Party of Catalonia (PSC) မှ အမတ်များမှာ မဲခွဲမှုမပြုခင် ကာတာလိုနီယာလွှတ်တော်မှ ထွက်ခွာသွားခဲ့သည်။

    ကာတာလိုနီယာဒေသခွဲထွက်ရေးအတွက် ယခုလအစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲကို တရားမ၀င်ဟု စပိန်အစိုးရက ကြေငြာကာ နှိမ်နင်းမှု ပြုလုပ်ခဲ့သော်လည်း ကာတာလိုနီယာပြည်သူ အများစုက ခွဲထွက်ရေးအတွက် ထောက်ခံမဲပေးခဲ့ကြသည်။

    Ref: Aljazeera

  • ခရစ်ယာန်ဘာသာကူးပြောင်းမှုကို ရာဇ၀တ်မှုအဖြစ် နီပေါသတ်မှတ်

    ခရစ်ယာန်ဘာသာကူးပြောင်းမှုကို ရာဇ၀တ်မှုအဖြစ် နီပေါသတ်မှတ်

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    – ခရစ်ယာန်ဘာသာ ကူးပြောင်းမှုကို ရာဇ၀တ်မှုတစ်ခုအဖြစ် သတ်မှတ်တဲ့ ဥပဒေတစ်ခုကို နီပေါနိုင်ငံက အခုတစ်ပတ်အစောပိုင်းမှာ အတည်ပြုလိုက်ပြီး နိုင်ငံအတွင်း ခရစ်ယာန်သာသနာထွန်းကားလာမှုကို တားဆီးဖို့ ဆောင်ရွက်မှု ဖြစ်ပါတယ်။

    နိုင်ငံလူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကို ကိုးကွယ်တဲ့ ဟိန္ဒူဘာသာကို ကာကွယ်တားဆီးရေး ရည်ရွယ်တဲ့ ရာဇ၀တ်မှုဥပဒေ ပြင်ဆင်ချက် မူကြမ်းကို ပြီးခဲ့တဲ့သြဂုတ်လအတွင်း လွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပြီး တနင်္လာနေ့မှာ သမ္မတ ဘစ်ဒ်ယာဒေ၀ီက လက်မှတ်ရေးထိုးလိုက်တာပါ။

    အဲဒီဥပဒေမှာ ခရစ်ယာန်ဘာသာကူးပြောင်းမှုနဲ့ ဟိန္ဒူဘာသာအပေါ် ထိခိုက်စေတဲ့အပြုအမူတွေ တားဆီး ကန့်သတ်မှု ပါဝင်ပါတယ်။ ယခင် ဟိန္ဒူဘုရင့်နိုင်ငံဖြစ်ခဲ့တဲ့ နီပေါမှာ ခရစ်ယာန်ဘာသာဝင် ၃၇၅၀၀၀ လောက်ရှိနေတာပါ။

    အမျိုးသားလွတ်လပ်ခွင့်ဖိုရမ် အကြီးအကဲ တန်ကာ ဆူဘီဒီက ဒါဟာ နီပေါအစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဘာသာတရားနဲ့ ယုံကြည်မှုကို လွတ်လပ်စွာရွေးချယ်ခွင့် စတာတွေကို ဆိုးဆိုးဝါးဝါး ကန့်သတ်လိုက်တာဖြစ်တယ်လို့ Christian Solidarity Worldwide (CSW) အဖွဲ့ကို ပြောကြားခဲ့ပါတယ်။

    ဒီဥပဒေသစ်မှာ လူတစ်ယောက်ရဲ့ ဘာသာတရားပြောင်းလဲမှုမှာ ဘယ်သူမှ ပါဝင်တာ၊ တိုက်တွန်းတာ မလုပ်ရဘူးလို့ တားမြစ်ထားပြီး အပြစ်ရှိကြောင်းတွေ့ရမယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်၊ ဒါမှမဟုတ် ဒဏ်ငွေ ရူပီး ၅ သောင်း (ကန်ဒေါ်လာ ၇၇၀ နီးပါး) ချမှတ်ခံရမယ်လို့ သတ်မှတ်ထားပါတယ်။

    နိုင်ငံခြားသားတစ်ယောက် အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင်တော့ ထောင်ဒဏ်ကျခဲ့ပြီး ပြန်လွတ်လာရင် ၇ ရက်အတွင်း ပြည်နှင်ဒဏ်ပေးရမယ်လို့ ဆိုပါတယ်။

    ဟိန္ဒူဘုရင်အုပ်စိုးတဲ့ နီပေါနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အရင်က ဘာသာရေးမစွက်တဲ့ နိုင်ငံတစ်ခုအဖြစ် ကြေငြာခဲ့ပြီး ပြီးခဲ့တဲ့ ၂ နှစ်ကမှ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာသာပြောင်းမှုကို တားဆီးတဲ့အချက် ပါဝင်ပါတယ်။

    ခတ္တာမန်ဒူမှာ ငလျင်ဆိုးဆိုးဝါးဝါးလှုပ်ပြီးတဲ့နောက် ခရစ်ယာန်တွေအနေနဲ့ ကျောင်းသားတွေကို ခရစ်ယာန်ဘာသာထဲ သိမ်းသွင်းတယ်လို့ စွပ်စွဲကာ တရားစွဲမှုတစ်ခု မကြာသေးခင်က ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ဒီတရားစွဲဆိုမှုကို ရုပ်သိမ်းခဲ့ပါတယ်။

    Ref : christianitytoday.com