News @ M-Media

Blog

  • ငွေကြေးလိမ်လည်မှုအတွက် ဗီယက်နမ်လွှတ်တော်အမတ်ဟောင်း ထောင်တစ်သက်ကျ

    ငွေကြေးလိမ်လည်မှုအတွက် ဗီယက်နမ်လွှတ်တော်အမတ်ဟောင်း ထောင်တစ်သက်ကျ

    အောက်တိုဘာ ၁၈၊ ၂၀၁၇
    M-Media

    Chau Thi Thu Nga တရားရင်ဆိုင်နေစဉ်

    – အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်စဉ်က ၀ယ်သူများ စပေါ်ပေးထားသည့် ငွေကြေး ကန်ဒေါ်လာ ၁၆ သန်းကို လိမ်လည်ယူဆောင်ခဲ့သည့်အတွက် ဗီယက်နမ် လွှတ်တော်အမတ်ဟောင်းတစ်ဦးမှာ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    Chau Thi Thu Nga ဆိုသူ အမျိုးသမီးဖြစ်ပြီး အစိုးရတွင် လက်ရှိတာဝန်ထမ်းဆောင်နေသူများ၊ ၀န်ထမ်းဟောင်းများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် အမှုဆောင်အကြီးအကဲများကို ပစ်မှတ်ထားကာ ဗီယက်နမ်အစိုးရက လုပ်ဆောင်နေသည့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စီမံချက်ကြောင့် အရေးယူခံရသူများထဲတွင် တစ်ဦးအပါအ၀င် ဖြစ်လာခဲ့သည်။

    Housing Group အိမ်ခြံမြေကုမ္ပဏီ၏ ဥက္ကဌအဖြစ် တာဝန်ယူထားသူ အသက် ၅၂ နှစ်အရွယ် သူမမှာ လိုင်စင်မရှိဘဲ၊ အမှန်တကယ် အိမ်ယာဆောက်လုပ်ခြင်းမရှိဘဲ ပြည်သူများကို အခန်းပေါင်း ရာနှင့်ချီ ရောင်းချခဲ့သူဖြစ်သည်။

    ထိုသို့လိမ်လည်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံစေရန် တရားရုံးက တနင်္လာနေ့တွင် အမိန့်ချမှတ်ခဲ့ပြီး Nga နှင့် ပါဝင်ပတ်သက်သူ ၉ ဦးကို ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ်မှ ထောင်ဒဏ် ၇ နှစ်အထိ အသီးသီး ချမှတ်ခဲ့သည်။

    ငွေကြေးဆုံးရှုံးသွားသူများကို ပြန်လည်ပေးလျော်ရန်လည်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

    Ref: CNA

  • ရှာဒီယာ ဘစီဆို (သို့မဟုတ်) အာရပ်အားကစားလောကတွင် သမိုင်းသစ်ထိုးသူ

    ရှာဒီယာ ဘစီဆို (သို့မဟုတ်) အာရပ်အားကစားလောကတွင် သမိုင်းသစ်ထိုးသူ

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်နွယ်ဖွားဖြစ်ပြီး လက်ရှိ ဒူဘိုင်းမှာနေထိုင်တဲ့ အာရပ်အမျိုးသမီး ရှာဒီယာ ဘစီဆိုဟာ အာရပ်ကမ္ဘာရဲ့ အားကစားလောကမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

    ဒါကတော့ နိုင်ငံတကာ နပန်းအားကစားလောက နာမည်ကြီး ကုမ္ပဏီ WWE နဲ့ စာချုပ်ချုပ်နိုင်ခဲ့တာဖြစ်ကာ နပန်းလောကထဲဝင်ရောက်လာတဲ့ ပထမဆုံး အာရပ်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ရှာဒီယာဟာ အားကစားလောကထဲကို ၀င်တာ သိပ်မကြာသေးပါဘူး။ ၂၀၁၃ ခုနှစ်မှာ ဂျူဂျစ်ဆု စတင်ကစားခဲ့ပြီး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုကြောင့် အချိန်တိုတိုအတွင်းမှာ အောင်မြင်မှု ရခဲ့ပါတယ်။

    “ခါးပတ်အဖြူရပြီး ၃ လအကြာမှာ ဒူဘိုင်းက ပြိုင်ပွဲတစ်ခုမှာ ဆုရခဲ့ပါတယ်။ ကြေးတံဆိပ်ရတာပါ။ အဲဒီပြိုင်ပွဲကို ကျွန်မ ဘယ်တော့မှ မမေ့နိုင်ပါဘူး” လို့ ပထမဆုံးအောင်ပွဲအတွက် ရှာဒီယာက ပြန်ပြောင်းပြောကြားခဲ့ပါတယ်။

    ယူအေအီးက နောက်ပိုင်း ဂျူဂျစ်ဆုပြိုင်ပွဲတွေမှာ ဆုတွေ ဆက်တိုက်ယူနိုင်ခဲ့တဲ့ သူမဟာ လော့စ်အိန်ဂျလိစ်၊ နယူးယောက်တို့က နိုင်ငံတကာပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

    “ဒီပြိုင်ပွဲတွေက WWE မှာ ၀င်စမ်းကြည့်ဖို့ ယုံကြည်မှုတွေ ရခဲ့ပါတယ်။ CrossFit ပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ တစ်နေ့ကို ၃ ကြိမ် ၄ ရက်လေ့ကျင့်ခဲ့ရပြီး တကယ့် အားကစားသမားတစ်ယောက်ရဲ့စိတ်ဓာတ်ကို ရရှိစေခဲ့ပါတယ်။ တော်တော်လေးကို ကောင်းမွန်တဲ့ အတွေ့အကြုံပါ”

    WWE ကို စိတ်ဝင်စားလာတဲ့ ရှာဒီယာဟာ ဒူဘိုင်းမှာ လေ့လာသင်ယူမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် WWE က လူသစ်ရှာဖွေရေးအဖွဲ့ အကြီးအကဲ ၀ီလီယံ ရီဂဲလ်နဲ့ တွေ့ဆုံခဲ့ကာ အော်လန်ဒိုက WWE ရဲ့ Performance Center ကို ဖိတ်ခေါ်ခဲ့ရပါတယ်။

    “WWE က ခေါ်ယူစာချုပ်ချုပ်တဲ့ ပထမဆုံး အာရပ်အမျိုးသမီး ဖြစ်ရတဲ့အတွက် ကျွန်မ တကယ်ကို ဂုဏ်ယူမိပါတယ်။ ဒါဟာ ဂုဏ်ယူစရာနဲ့ အခွင့်အထူးဖြစ်သလို ကြီးမားတဲ့ တာဝန်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မပေါ်မှာ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားကြမယ်ဆိုတာ ကျွန်မ သိသလို၊ အပြင်းအထန်ကြိုးစားကာ
    အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ WWE ကြိုးဝိုင်းထဲမှာ အရှေ့အလယ်ပိုင်းကို ကိုယ်စားပြုပြီး သူတို့ ဂုဏ်ယူနိုင်စေဖို့ပေါ့ရှင်” လို့ ရှာဒီယာက သူ့ရဲ့ခံစားရမှုကို ပြောကြားသွားခဲ့ပါတယ်။

    WWE နပန်းပွဲကို အမျိုးသမီးအားကစားသမားတွေ စိတ်ဝင်စားမှုဟာ ဒီနှစ်ပိုင်းမှာ မြင့်တက်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက အမျိုးသမီး လူငယ်ကစားသမားတွေ လက်စွမ်းပြနိုင်ဖို့အတွက် အမျိုးသမီးသီးသန့် Mae Young Classic နပန်းပြိုင်ပွဲကို WWE က ဒီနှစ်နွေရာသီမှာ စီစဉ်ပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ရှာဒီယာလည်း သွားရာက်ြ
    ကည့်ရှုခွင့်ရခဲ့ပါတယ်။

    WWE ပြိုင်ပွဲတွေအတွက် လေ့ကျင့်ဖို့ ရှာဒီယာဟာ ဇန်န၀ါရီမှာ အမေရိကန်ပြည်ထောင်စု အော်လန်ဒိုမြို့ကို သွားရောက်ရမှာ ဖြစ်ပါတယ်။

    “ကျွန်မရဲ့ ကိုယ်ပိုင်ဟန်ပန်ပဲ ဖြစ်ချင်ပါတယ်။ ကျွန်မ အရှေ့အလယ်ပိုင်းမှာ ကြီးပြင်းတယ်။ ကျွန်မ ဂျော်ဒန်ကပါ။ ဒါ့ကြောင့် ကိုယ်ပိုင်ဟန်မှာ ဒါတွေ ပါဝင်မှာပါ။ ကျွန်မ ကြိုးဝိုင်းထဲဝင်တဲ့ ဂီတကို အာရပ်ဂီတဖြစ်ချင်တယ်။ ဒါဟာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုပါ။ အဲတာတွေကို ကိုယ်စားပြုရတာ နှစ်သက်ပါတယ်”

    ပြီးတော့ သူမဟာ အရှေ့အလယ်ပိုင်းက အမျိုးသမီးငယ်တွေ အားကျရသူတစ်ဦးလည်း ဖြစ်ချင်နေပါတယ်။

    “လုပ်သာလုပ်ပါ။ ဘယ်လိုရည်မှန်းချက်တွေကို ချမှတ်ထားသည်ဖြစ်စေ အဲဒီရည်မှန်းချက်အပေါ်မှာ အရူးအမူး လုပ်ဆောင်ပါ။ WWE က စူပါစတားပဲဖြစ်ဖြစ်၊ တီဗီ စူပါစတားပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ချစ်ဖြစ်ချင် အဲဒီရည်မှန်းချက်အပေါ် အရူးအမူးသာ လျှောက်လှမ်းပါ”

    Ref: Alarabiya

  • ဆီးရီးယားရှိ မဟာဗျူဟာမြောက် ရက်ကာမြို့ IS လက်မှ လွတ်မြောက်

    ဆီးရီးယားရှိ မဟာဗျူဟာမြောက် ရက်ကာမြို့ IS လက်မှ လွတ်မြောက်

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    အောင်ပွဲခံနေသည့် ကာ့ဒ်တပ်ဖွဲ့ဝင် တစ်ဦး

    – IS အကြမ်းဖက်အဖွဲ့က ၎င်းတို့မြို့တော်အဖြစ် သတ်မှတ်ခဲ့သည့် မဟာဗျူဟာမြောက် ရက်ကာမြို့ကို အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့နှင့် အာရပ်တပ်ဖွဲ့များက ယနေ့တွင် အပြည့်အ၀ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    ၅ လကြာ တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး IS အကြမ်းဖက်သမား တစ်ယောက်ချင်းကို လိုက်လံသုတ်သင်နေကာ မြေမြှုပ်မိုင်းများကို ဖယ်ရှားနေသည်ဟု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) မှ ပြောရေးဆိုခွင့်ရှိသူ တာလာလ် ဆဲလ်လိုက ပြောကြားခဲ့သည်။

    ရက်ကာမြို့အား IS က ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ၎င်းတို့၏ ခါလီဖိတ်မြို့တော်အဖြစ် ကြေငြာခဲ့သည်။

    SDF မှာ ဇွန်လ ၆ ရက်နေ့မှစ၍ ရက်ကာမြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်စတင်ခဲ့ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်။

    အဆိုပါ စစ်ဆင်ရေးအတွင်း အရပ်သား ၉၀၀ ကျော် သေဆုံးခဲ့ပြီး မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၇၀ အထိ သေဆုံးခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးကွန်ယက်က ပြောကြားခဲ့သည်။

    အမေရိကန်နှင့် SDF တို့က ရက်ကာမြို့အား အရပ်သားအုပ်ချုပ်ရေးဖက်သို့ လွှဲပြောင်းပေးသွားမည်ဟု ပြောကြားထားသော်လည်း လူမျိုးစုံရှိနေပြီး ပထ၀ီအနေအထားအရ အရေးပါမှုက လွှဲပြောင်းရေးကိစ္စကို ကြန့်ကြာစေမည့်အခြေအနေမျိုး ရှိနေသည်။

    Ref: Aljazeera

     

  • မာရာဝီမြို့ အကြမ်းဖက်လက်မှ လွတ်မြောက်ကြောင်း ဖိလစ်ပိုင်ကြေငြာ

    မာရာဝီမြို့ အကြမ်းဖက်လက်မှ လွတ်မြောက်ကြောင်း ဖိလစ်ပိုင်ကြေငြာ

    အောက်တိုဘာ ၁၇၊ ၂၀၁၇
    M-Media

    မာရာဝီမြို့ မြင်ကွင်း

    – နိုင်ငံတောင်ပိုင်းရှိ မာရာဝီမြို့မှာ အကြမ်းဖက်သမားများလက်မှ လွတ်မြောက်သွားပြီဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ယနေ့ နေ့လည်ပိုင်းတွင် ကြေငြာလိုက်သည်။

    IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံသည့် စစ်သွေးကြွများမှာ အဆိုပါမြို့အား မေလကတည်းက သိမ်းပိုက်ထားခြင်းဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်နှင့် အပြန်အလှန်တိုက်ပွဲများအတွင်း လူတစ်ထောင်ကျော် သေဆုံးကာ ၄ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    “လူကြီးမင်းများခင်ဗျာ၊ မာရာဝီမြို့ဟာ အကြမ်းဖက်သမားတွေရဲ့လက်ကနေ လွတ်မြောက်သွားပြီလို့ ကျွန်တော် ဒီနေရာကနေ ကြေငြာလိုက်ပါတယ်” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်စစ်တပ်က မာရာဝီမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်သွေးကြွ ၃၀ ခန့်နှင့် ဓာစားခံ ၂၀ ခန့် ကျန်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ၎င်းတို့၏ နောက်ဆုံးထိုးစစ်အတွင်း ဖိလစ်ပိုင်စစ်တပ်မှာ အမေရိကန်မှ အလိုရှိနေသည့် စစ်သွေးကြွခေါင်းဆောင် အစ္စနီလွန် ဟာပီလွန်ကို တနင်္လာနေ့က သုတ်သင်နိုင်ခဲ့သည်။

    သို့သော်လည်း မလေးရှားမှ စစ်သွေးကြွခေါင်းဆောင်တစ်ဦးဖြစ်သည့် မဟ်မူဒ် အဟ်မဒ်မှာ မြို့တွင်း ရှိနေလားဆိုသည်ကို အတိအကျမသိရသေဘဲ ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသည်။

    Ref: CNA