News @ M-Media
Blog
  • အီရန်၏ နျူစာချုပ်အတိုင်း ဂျာမနီနှင့် ဗြိတိန်တို့ ဆက်လက်ရပ်တည်မည်
    အီရန်၏ နျူစာချုပ်အတိုင်း ဂျာမနီနှင့် ဗြိတိန်တို့ ဆက်လက်ရပ်တည်မည်
    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media
    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်
    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ နျူသဘောတူညီချက်အပေါ် အမေရိကန်က အတည်ပြုရန် ငြင်းဆန်သော်လည်း မိမိတို့အနေဖြင့် သဘောတူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ဗြိတိန်နှင့် ဂျာမနီတို့က ပြောကြားလိုက်သည်။
    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာ မာကယ်တို့ ယမန်နေ့တွင် ဖုန်းဖြင့် ဆွေးနွေးပြီး နောက်ပိုင်း ယခုကဲ့သို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
    “ယူကေနဲ့ ဂျာမနီတို့အနေနဲ့ အဲ့ဒီစာချုပ်အတိုင်း ခိုင်မာစွာဆက်လက်ရပ်တည်သွားမယ်လို့ သဘောတူခဲ့ကြပါတယ်။ သူတို့ (နှစ်နိုင်ငံ)အနေနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေမှာ အီရန်ပါဝင်နေမှုကို ဖိအားပေးဖို့၊ ဒုံးကျည်စီမံကိန်းနဲ့ပက်သက်ပြီး စိုးရိမ်မှုတွေကို ဖြေရှင်းရေး နည်းလမ်းရှာဖွေပေးဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သဘောတူခဲ့ကြပါတယ်” ဟု ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးမှုနှင့်ပတ်သက်​၍ ဗြိတိန်ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောကြားခဲ့သည်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်မှာ ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ချက်ကို ချိုးဖောက်သည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောဆိုခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုပြုလုပ်ရန်နှင့် စာချုပ်ဖျက်သိမ်းရန် ကြိုးစားလာခဲ့သည်။
    စာချုပ်တွင် ပါဝင်ထားသည့် ဥရောပသမဂ္ဂက ထရမ့်အနေဖြင့် ထိုစာချုပ်ကို ဖျက်သိမ်းနိုင်သည့် ပါဝါမျိုးမရှိဟု တုန့်ပြန်ထားသည်။
    Ref : Reuters
  • ထူးချွန်သည့် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုပွဲ ပဲခူးမှာပြုလုပ်
    ထူးချွန်သည့် မွတ်စလင်မ် ကျောင်းသား/သူများကို ဂုဏ်ပြုပွဲ ပဲခူးမှာပြုလုပ်
    အောက်တိုဘာ ၁၆၊ ၂၀၁၇
    M-Media
    မိုးစက်
    ပဲခူးမြို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးစီးပြီး ၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်သူများနှင့် ဂုဏ်ထူး ထူးချွန်ဆု ရရှိသည့် မွတ်စလင်မ် ကျောင်းသား/ကျောင်းသူများ ကို ပဲခူးမြို့မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဂုဏ်ပြုခဲ့ကြပါတယ်။
    “ကျွန်တော်တို့ ဒီ ဂုဏ်ပြုချီးမြှင့်တဲ့ပွဲမှာ လူငယ်တွေကိုပဲ နေရာပေးပြီး နောက်မျိုးဆက်သစ်တွေ စွမ်းဆောင်ရည် တိုးမြှင့်စေဖို့အတွက် စင်ပေါ်မှာလည်း လူငယ်တွေကိုပဲ ချီးကျုးဂုဏ်ပြုစကားတွေပြောခိုင်းပြီးတော့ ခုလို ထူးချွန်ကျောင်းသားတွေကို ဂုဏ်ပြုရတာပဲ ဖြစ်ပါတယ်” လို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုညီညီဇော်က ဆိုပါတယ်။
    တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၄၆ ဦးအနက် ရိုးရိုးအောင်မြင်သူများကို ဆုတံဆိပ်၊ ဂုဏ်ပြုလတ်မှတ်နှင့် ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ငွေသားပါ ထပ်မံ ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။
    အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးမြို့ မြန်မာမွတ်စလင် ပညာရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ယခု ၂၀၁၇ ခုနှစ်တွင် (၉) ကြိမ်မြောက် ဦးစီးကျင်းပခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့က လူမှုရေးလုပ်ငန်းများအဖြစ် သဘာဝဘေးအန္တရယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုများ နှင့် သွေးလှူဒါန်းခြင်း လုပ်ငန်းများကို လုပ်ကိုင်လျှက် ရှိကြောင်း သိရှိရပါတယ်။
  • အကျိုးအမြတ်မယူသည့် ပညာရေးအဖွဲ့များကို ဂူးဂဲလ်က ဒေါ်လာ ၁ ဘီလီယံလှူမည်
    အကျိုးအမြတ်မယူသည့် ပညာရေးအဖွဲ့များကို ဂူးဂဲလ်က ဒေါ်လာ ၁ ဘီလီယံလှူမည်
    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media
    – ကမ္ဘာတစ်ဝှမ်း ပညာရေးအဆင့်အတန်းကို မြှင့်တင်ရန် ကူညီသည့်အနေဖြင့် အကျိုးအမြတ်မယူသည့် ပညာရေးအဖွဲ့အစည်းများကို လာမည့်ငါးနှစ်အတွင်း ဒေါ်လာ သန်းတစ်ထောင် လှူဒါန်းမည်ဟု Google က ပြောကြားလိုက်ပြီး ၎င်း၏၀န်ထမ်းများကိုလည်း စေတနာ့ဝန်ထမ်းအဖြစ် နာရီတစ်သန်း အသုံးပြုခွင့်ပေးမည်ဟု ဆိုသည်။
    ဂူဂဲလ်အမှုဆောင်ချုပ် စန်ဒါ ပီချိုင်က ပစ်တ်ဘာ့ဂ်မြို့၌ ကြာသပတေးနေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး အမေရိကန်များ အလုပ်ရရှိရေးနှင့် စီးပွားရေးထူထောင်ရေး လေ့ကျင့်ပေးမည့် Grow with Google အစီအစဉ်ကိုလည်း ထုတ်ပြန်ကြေငြာခဲ့သည်။
    အဆိုပါအစီအစဉ်မှာ လူငယ်များအား ကွန်ပျူတာနှင့် စွန့်ဦးစီးပွားရေးလုပ်ငန်း တည်ထောင်ရေးဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
    Google သည် အွန်လိုင်းပညာရေးအသင်းအဖွဲ့များဖြစ်သည့် Udacity နှင့် Coursera စသည်တို့နှင့်လည်းကောင်း၊ ပရဟိတအဖွဲ့အစည်းများဖြစ်သည့် Goodwill နှင့် 4-H တို့နှင့် လည်းကောင်း ချိတ်ဆက်ကာ ကူညီပံ့ပိုးပေးလျက် ရှိနေသည်။
    Ref; english.alarabiya.net
  • ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဆင်ရိုင်းများတိုက်ခိုက်၍ ၃ ဦးသေဆုံး
    ရိုဟင်ဂျာဒုက္ခသည်စခန်းကို ဆင်ရိုင်းများတိုက်ခိုက်၍ ၃ ဦးသေဆုံး
    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media
    – ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းသစ်တစ်ခုကို ဆင်ရိုင်းတွေ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
    အူခီယာမြို့က ဘာလူခါလီဒုက္ခသည်စခန်းမှာ စနေနေ့မနက်အစောပိုင်း ဒုက္ခသည်တွေ အိပ်နေတဲ့အချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ ၄ ဦးရှိတယ်လို့ ခရိုင်သစ်တောအရာရှိ မိုဟာမက် အလီ ကာဘီရ်က ပြောကြားခဲ့ပါတယ်။ ဆင်ရိုင်းတွေတိုက်ခိုက်မှုကြောင့် ဒုက္ခသည်တစ်ချို့လည်း ထွက်ပြေးခဲ့ရပါတယ်။
    ကော့စ်ဘဇားခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ ဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှုကိုခံရတာ ဒီတစ်ကြိမ်ပါနဲ့ဆို ၃ ကြိမ်မြောက်ရှိသွားပြီဖြစ်ပြီး အရင်နှစ်ကြိမ်မှာ အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။
    မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် များပြားလာတာကြောင့် စီမံခန့်ခွဲဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက အခက်အခဲရှိနေတဲ့အချိန် ဒီလို ဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှုက ပတ်ဝန်းကျင်းမှာ စိုးရိမ်မှုတွေကို ပိုပြီး တိုးလာစေခဲ့ပါတယ်။
    သြဂုတ်လနှောင်းပိုင်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်မှာရှိတဲ့ ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်ကျာ့ပြန်ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရိုဟင်ဂျာ ၅၃၀,၀၀၀ ကျော်လောက် ထွက်ပြေးခဲ့ရတယ်လို့ ကုလကဆိုပြီး လူမျိုးစုလိုက် သုတ်သင်မှုလို့လည်း သုံးနှုန်းခဲ့ပါတယ်။
    Ref: Aljazeera
  • ၀န်ကြီးချုပ်နှုတ်ထွက်ရေး မလေးပြည်သူသောင်းချီ ဆန္ဒပြ
    အောက်တိုဘာ ၁၅၊ ၂၀၁၇
    M-Media
    – နိုင်ငံပိုင်လုပ်ငန်းမှ ဒေါ်လာ ဘီလီယံနှင့်ချီ အလွဲသုံးစားလုပ်မှုအပေါ် ၀န်ကြီးချုပ်နာဂျစ်ရာဇတ်အား အရေးယူရန်အတွက် ထောင်သောင်းချီသော မလေးရှားနိုင်ငံသားများမှာ ယမန်နေ့က ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    နာဂျစ်မှာ 1Malaysia Development Berhad (1MDB) လုပ်ငန်းမှ ငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဆိုသော စွပ်စွဲမှုကို ပြီးခဲ့သည့်နှစ်ကတည်းက ခံခဲ့ရပြီး ၎င်းကမူ မည်သည့်အမှားမှ လုပ်ထားခြင်းမရှိဟု ပြောကြားခဲ့သည်။
    ထိုကိစ္စဖြစ်ပွားပြီးနောက် နာဂျစ်မျာ ၎င်းနှင့် သဘောထားကွဲလွဲသူများ၊ မီဒီယာနှင့် တက်ကြွက်လှုပ်ရှားသူများအား နှိပ်ကွပ်မှုကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။
    ထို့ပြင် လူနေမှုစားရိတ်များ ကြီးမြင့်လာခြင်း၊ အခွန်များ များပြားလာခြင်းတို့ကလည်း နာဂျစ်အပေါ် လူထုထောက်ခံမှုကျဆင်းလာပြီး အတိုက်အခံများ၏ ဆော်သြမှုဖြင့် ပြည်သူလူထုက နာဂျစ်နှုတ်ထွက်ပေးရန် တောင်းဆိုလာခဲ့သည်။
    ယမန်နေ့ဆန္ဒပြမှုမှာ အတိုက်အခံမဟာမိတ်အဖွဲ့ Pakatan Harapan (PH) က နာဂျစ်၏ အလွဲသုံးစားပြုမှုကို လူများစု မလေးလူမျိုးများ သိရှိရန် ရည်ရွယ်၍ ပြုလုပ်ခဲ့သည့် ၂ လတာ ချီတက်ဆန္ဒပြမှု၏ နောက်ဆုံးတစ်ခု ဖြစ်ပြီး ပြည်သူ ထောင်သောင်းချီ ပါဝင်ခဲ့သည်။
    “အရင်ကမရှိခဲ့တဲ့ သူခိုးဝန်ကြီးချုပ်တစ်ယောက် ကျွန်တော်မှာ ရှိလာပြီ။ သူကတော့ ခိုးခိုးပြီး သာသာယာယာနေနိုင်တယ်။ ငါ့မင်းငါ့ချင်းဝါဒကို တိုင်းပြည်ကနေ ဖယ်ရှားဖို့ လိုလာပါပြီ။ နာဂျစ်ရဲ့ ကံကြမ္မာဟာ ကျွန်တော်တို့ရဲ့ လက်မှာ ရှိပါတယ်။ PH ကို မဲပေးပြီး သူ့ကို ဖြုတ်ချလို့ ရပါတယ်”
    Ref: CNA