News @ M-Media

Blog

  • ယူနက်စကိုမှ အမေရိကန်နှင့် အစ္စရေးတို့ နှုတ်ထွက်မည်

    ယူနက်စကိုမှ အမေရိကန်နှင့် အစ္စရေးတို့ နှုတ်ထွက်မည်

    အောက်တိုဘာ ၁၃၊ ၂၀၁၇
    M-Media

    – ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) မှာ အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်သည့်အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့မှ ထွက်တော့မည်ဟု အမေရိကန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Heather Nauert က အမေရိကန်အနေဖြင့် ‘စောင့်ကြည့်အဖွဲ့တစ်ခု’ ဖွဲ့စည်းကာ ယူနက်စကို ကိုယ်စားလှယ်အဖွဲ့နေရာတွင် အစားထိုးသွားမည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်ရုံးကလည်း မနေ့က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ကာ ၎င်းတို့အနေဖြင့် ယူနက်စကိုမှ အမေရိကန်နှင့်အတူ ထွက်တော့မည်ဖြစ်ကြောင်း၊ အမေရိကန်၏ ယခုဆုံးဖြတ်ချက်မှာ ‘ရဲရင့်ပြီး သမာသမတ်ကြ’ ကာ ယူနက်စကိုမှာ ‘အသုံးမ၀င်သည့်’ အဖွဲ့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ယူနက်စကို အကြီးအကဲအဖြစ်မှ မကြာမီ အနားယူတော့မည့် အိုက်ရီနာ ဘိုကိုဗာက အမေရိကန်အနေဖြင့် ယခုကဲ့သို့ ထွက်ခွာမှုမှာ ဗဟုဝါဒကို ဆုံးရှုံးသွားခြင်းဖြစ်ပြီး ‘အမေရိကန်အတွက် ယူနက်စကိုမှာ အရေးမကြီးသကဲ့သို့၊ ယူနက်စကိုအတွက်လည်း အမေရိကန်က အရေးမပါ’ ဟု ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အချိန်တွင် ငြိမ်ချမ်းရေး၊ ပညာရေးတို့ကို မြှင့်တင်ပေးနေသော၊ ယဉ်ကျေးမှုများကို ကာကွယ်ပေးနေသော မိမိတို့အဖွဲ့မှ အမေရိကန်ထွက်ခြင်းမှာ လွန်စွာ ၀မ်းနည်းဖွယ်ကောင်းသည်ဟုလည်း သူမက ဆိုသည်။

    အစ္စရေး၏ ဆန့်ကျင်မှုများရှိသော်လည်း ၂၀၁၁ ခုနှစ်တွင် ယူနက်စကိုက ပါလက်စတိုင်းဟာ တင်းပြည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့မှုကို အမေရိကန်က မကျေနပ်ဘဲ အဖွဲ့ဝင် ၁၉၅ နိုင်ငံ ပါဝင်သည့် အဆိုပါအဖွဲ့အား ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။

    ကုလလက်အောက်ခံအဖွဲ့အစည်းများက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုမှုကို အမေရိကန်က ဆန့်ကျင်ပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို စောင့်ဆိုင်းရမည်ဟု ပြောကြားထားသည်။

    ယူနက်စကိုမှာ ကမ္ဘာ့အမွေအနှစ်များကို ထိန်းသိမ်းရေးလုပ်ငန်းကြောင့် ထင်ရှားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာရေး အကူအညီများကို ပေးအပ်နေသည့် အဖွဲ့လည်းဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်း နိုင်ငံရေးပါတီကြီးနှစ်ခု ရင်ကြားစေ့ရေး သဘောတူညီချက် ရရှိ

    ပါလက်စတိုင်း နိုင်ငံရေးပါတီကြီးနှစ်ခု ရင်ကြားစေ့ရေး သဘောတူညီချက် ရရှိ

    အောက်တိုဘာ ၁၃၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်း၏ အဓိကနိုင်ငံရေးပါတီကြီး နှစ်ခုဖြစ်သော ဖာတာနှင့် ဟားမက်စ်တို့မှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး သဘောတူညီချက်ကို ကိုင်ရို၌ ယမန်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၀ စုနှစ်တစ်ခုကြာ သဘောထားကွဲလွဲမှုကို အဆုံးသတ်ရန် အားထုတ်မှုဖြစ်သည်။

    ပါတီနှစ်ခုမှ ကိုယ်စားလှယ်များမှာ အင်္ဂါနေ့မှစ၍ ကိုင်ရိုတွင် ဆွေးနွေးခဲ့ကြပြီး ၂၀၁၁ ခုနှစ်က ရရှိခဲ့သော်လည်း အကောင်အထည် မဖော်နိုင်ခဲ့သည့် သဘောတူညီချက်ကိစ္စအတွက် အဓိကထားခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် ဖာတာပါတီ ဦးဆောင်သည့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အဇမ် အလ်-အဟ်မဒ်က ဂါဇာနှင့် အီဂျစ် နယ်စပ်ဖြတ်ကျော်မှုကိစ္စကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်အဘတ်စ်၏ အစောင့်တပ်မှ တာဝန်ယူ စီမံသွားရန် နှစ်ဖက် သဘောတူခဲ့သည်ဟု ပြောကြားခဲ့သည်။

    အခြား သဘောတူညီချက်များတွင် လွှတ်တော်၊ သမ္မတနှင့် အမျိုးသားကောင်စီ ရွေးကောက်ပွဲများကို တစ်နှစ်အတွင်း ကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲမတိုင်ခင် ဖာတာနှင့် ဟားမက်စ်အဖွဲ့ပေါင်းကာ ကြားဖြတ်အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းရေးတို့လည်း ပါဝင်သည်။

    သို့သော် သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

    ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲတွင် အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်၌ ဖာတာပါတီအား ဟားမက်စ်က အပြတ်အသတ်အနိုင်ရပြီးနောက်ပိုင်း ပါတီနှစ်ခုအကြား သဘောထားတင်းမာမှုများ မြင့်တက်ခဲ့သည်။

    ယခင်က ပြန်လည်ရင်ကြားစေ့ရေး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မအောင်မြင်ခဲ့ပေ။

    ယခုဆွေးနွေးမှုကို အီဂျစ်က စီစဉ်ပေးခြင်းဖြစ်ပြီး သဘောတူညီချက် အကောင်အထည်ဖော်နိုင်ပါက ဂါဇာပြည်သူများ ကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ လျော့ပါးဖွယ် ရှိနေသည်။

    Ref: Aljazeera

  • ဗိုက်ကင်းခေတ်ဝတ်စုံတွင် ‘အလ္လာဟ်အရှင်မြတ်’ ဆိုသည့် နာမတော် ရေးသားထားမှုကို တွေ့ရှိ

    ဗိုက်ကင်းခေတ်ဝတ်စုံတွင် ‘အလ္လာဟ်အရှင်မြတ်’ ဆိုသည့် နာမတော် ရေးသားထားမှုကို တွေ့ရှိ

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    ဗိုက်ကင်းခေတ်မှ အ၀တ်အပိုင်းအစတစ်ခု

    – ဆွီဒင်နိုင်ငံက သုတေသနပညရှင်တွေဟာ ဗိုက်ကင်းခေတ် သင်္ချီုင်းတွေက အသုဘ၀တ်စုံတွေမှာ အာရဘီစကားလုံးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီတွေ့ရှိမှုဟာ စကင်ဒီနေးဗီးယားဒေသမှာ အစ္စလာမ်သာသာနာရဲ့လွှမ်းမိုးမှု ဘယ်လောက်ရှိခဲ့လဲဆိုတဲ့ မေးခွန်းတွေကို မြင့်တက်လာစေတယ်လို့ ဂျာနယ်လစ် တာရစ် ဟူစိန်က ရေးသားခဲ့ပါတယ်။

    အဲဒီဝတ်စုံတွေဟာ ဗိုက်ကင်းခေတ်က သာမန် အသုဘ၀တ်စုံလို့ သတ်မှတ်ကာ နှစ်ပေါင်း ၁၀၀ ကျော်လောက် ဒီအတိုင်း သိမ်းထားခဲ့တာပါ။

    ဒါပေမယ့် ၉ ရာစု၊ ၁၀ ရာစုလောက်က သင်္ချီုင်းတွေမှာ တွေ့ရတဲ့ အဲဒီ အ၀တ်စတွေကို လေ့လာမှုအသစ်တွေအရ ဗိုက်ကင်းနဲ့ မွတ်စလင်ကမ္ဘာအကြား ထိတွေ့ဆက်ဆံမှုကို သဲလွန်စကို တစ်အံ့တစ်သြ မြင်လာခဲ့ရပါတယ်။

    ပိုး၊ ငွေချည်တွေနဲ့ ထိုးထားတဲ့ အကွက်တွေမှာ ‘အလ္လာဟ်အရှင်မြတ်’ ‘အလီ’ ဆိုတဲ့ အာရဘီစကားလုံးတွေကို တွေ့ခဲ့ရတာပါ။

    Uppsala တက္ကသိုလ်က ရှေးဟောင်း ချည်ထည်ဗေဒပညာရှင် အန်နီကာ လာဆန်က ဆွီဒင်နိုင်ငံ ဘီရ်ကာနဲ့ ဂမ်လာ အပ်ဆာလာဒေသမှာ ၁၉ ရာစုနဲ့ ၂၀ ရာစုအလယ်ပိုင်းလောက်မှာ တူးဖော်ခဲ့တဲ့ ဗိုက်ကင်း အမျိုးသားမြေပုံနဲ့ အမျိုးသမီးမြေပုံတွေမှာ တွေ့ရှိရတဲ့ အပိုင်းအစတွေကို ပြန်လည်လေ့လာရာကနေ ဒီလို တွေ့ရှိလာတာဖြစ်ပါတယ်။

    အဲဒီအ၀တ်တွေဟာ အာရှအလယ်ပိုင်း၊ ပါရှားနဲ့ တရုတ်နိုင်ငံကလာတဲ့ အ၀တ်တွေဖြစ်တယ်ဆိုတာကို သိရှိပြီးတဲ့နောက် ဒါတွေကို လေ့လာဖို့အတွက် သူမ စိတ်ဝင်စားလာခဲ့ပါတယ်။

    “မှန်ထောင်ပြီးကြည့်လိုက်တဲ့အခါ ‘အလ္လာဟ်အရှင်မြတ်’ ဆိုတဲ့စကားလုံးကို အမှတ်တမဲ့ တွေ့လိုက်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    အမြင့် ၀.၆ လက်မထက်မပိုတဲ့ ဂျီသြမေတြီဒီဇိုင်းသေးသေးလေးတွေဟာ စင်ဒီနေးဗီးယား ဒေသတစ်ဝှမ်းမှာ သူမ တွေ့ရှိခဲ့တဲ့ အရာတွေနဲ့ လုံးဝ မတူဘူးလို့လည်း လာဆန်က ဆိုပါတယ်။

    “ဒါကိုတွေ့တော့ ကျွန်မ သိပ်ပြီး မအံ့သြပါဘူး။ အဲဒီနောက်မှာ စပိန်က မူးရစ်ရှ်တွေရဲ့ ချည်ထည်တွေမှာ ဒီလိုဒီဇိုင်းတွေ တွေ့တာကို သွားပြီး သတိရလာပါတယ်”

    ပဟေဠိကိုဖော်နိုင်

    အဲဒီနောက်မှာတော့ လာဆန်က သူမြင်တွေ့နေရတာဟာ ဗိုက်ကင်းဒီဇိုင်းမဟုတ်ဘဲ အာရဘီကူဖစ်ရေးဟန် ဒီဇိုင်း ဖြစ်တယ်ဆိုတာကို သိရှိလာခဲ့ပါတယ်။

    အ၀တ်စပေါ်က စာနှစ်လုံးမှာ တစ်လုံးကို အီရန်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ အကူအညီနဲ့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ‘အလီ’ လို့ ရေးသားထားတာဖြစ်ပြီး အစ္စလာမ့်သမိုင်းမှာ စတုတ္ထမြောက် ခလီဖာရဲ့ နာမည်ဖြစ်ပါတယ်။

    ဒါပေမယ့် နောက်တစ်လုံးက သူ့ကို ခေါင်းရှုပ်စေခဲ့ပါတယ်။

    ဒီစာလုံးကိုဖော်ဖို့အတွက် လာဆန်ဟာ စကားလုံးကို ချဲ့ခဲ့ပြီး ပြောင်းပြန်အပါအ၀င် ရှုထောင့်ပေါင်းစုံကနေ ကြည့်ရှုခဲ့ပါတယ်။

    “မှန်ထောင်ပြီးကြည့်လိုက်တဲ့အခါ ‘အလ္လာဟ်အရှင်မြတ်’ ဆိုတဲ့စကားလုံးကို အမှတ်တမဲ့ တွေ့လိုက်ပါတယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

    သူမ လေ့လာစူးစမ်းနေတဲ့ အ၀တ်အပိုင်းအစ ၁၀၀ နီးပါးလောက်မှာ ဒီနာမည်တွေကို အနည်းဆုံး ၁၀ နေရာလောက်မှာ တွေ့ရှိခဲ့ရပြီး အမြဲတမ်း ဒီအမည်တွေဟာ ၂ လုံးတွဲလျက် ရှိနေတယ်လို့ ဆိုပါတယ်။

    ဒီလို တွေ့ရှိချက်သစ်တွေက သင်္ချီုင်းတွေနဲ့ သက်ဆိုင်သူတွေအကြောင်း မေးစရာတွေ၊ တွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

    “ဒီမြေပုံတွေထဲ မြှုပ်နှံခံထားရသူတွေဟာ မွတ်စလင်တွေဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို ငြင်းပယ်လို့ မရပါဘူး။ ဗိုက်ကင်းခေတ်က အခြားဂူတွေကိုဖော်ပြီး DNA စစ်ဆေးရာမှာ မြှုပ်နှံထားသူတစ်ချို့ဟာ အစ္စလာမ်သာသနာ ထွန်ကားတဲ့ ပါရှားလိုနေရာမျိုးက လာတယ်ဆိုတာ ကျွန်မတို့ သိရှိထားပါတယ်။ ဒါပေမယ့် ဒီတွေ့ရှိချက်အရ ဗိုက်ကင်းခေတ် လူသေမြှုပ်နှံမှုဓလေ့ဟာ သေပြီးနောက် ကောင်းကင်ဘုံမှာ ထာဝရအသက်ရမယ်ဆိုတဲ့ အစ္စလာမ့်အယူအဆတွေ လွှမ်းမိုးခဲ့တယ်ဆိုတာကို ပြသတာနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ လာဆန်က ပြောကြားခဲ့ပါတယ်။

    သူမနဲ့အဖွဲ့ဟာ လက်ရှိမှာ တက္ကသိုလ်ရဲ့ ရောဂါဗေဒ၊ မျိုးရိုဗီဇဗေဒ ဌာနတွေနဲ့အတူ ပူးပေါင်းပြီး အသုဘ၀တ်စုံတွေ ၀တ်ထားကြတဲ့သူတွေရဲ့ မူရင်းဇာတိတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေကြပါတယ်။

    သမိုင်းကြာင်း

    ‘အလ္လာဟ်အရှင်မြတ်’ ဆိုသည့် စကားလုံး ရေးထိုထားသည့် ဗိုက်ကင်းခေတ် လက်စွပ်

    ဗိုက်ကင်းခေတ် လူ့အဖွဲ့အစည်းနဲ့ မွတ်စလင်ကမ္ဘာ ထိတွေဆက်ဆံမှုကို သမိုင်းဆိုင်ရာ အထောက်အထားတွေ၊ ကမ္ဘာ့မြောက်ခြမ်းမှာ အစ္စလာမ့်ငွေကြေးတွေကို တွေ့ရှိမှုတွေနဲ့အတူ အချိန်အတော်ကြာကတည်းက အတည်ပြုထားနိုင်ပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်တုန်းကစပြီး သုတေသန ပညာရှင်တွေဟာ ဘီရ်ကာက အမျိုးသမီးအုတ်ဂူမှာ တွေ့ရတဲ့ ငွေလက်စွပ်ကို ပြန်လည် ဆန်းစစ်ခဲ့ပြီး၊ လက်စွပ်ကကျောက်မှာ ‘အလ္လာဟ်အရှင်မြတ်’ ဆိုတဲ့ အာရဘီစကားလုံး ထွင်းထုထားတာကို တွေ့ခဲ့ရပါတယ်။

    အဲဒီစာလုံးဟာ ၇ ရာစု အီရတ်နိုင်ငံ ကူဖာမြို့မှာ ထွန်းကားခဲ့တဲ့ ‘ကူဖစ်’ အရေးအသားနဲ့ ရေးထားတာဖြစ်ပါတယ်။

    လာဆန်ရဲ့ ဖော်ထုတ်တွေရှိမှုမှာ သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့အချက်က စကင်ဒီနေဗီးယားဒေသမှာ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ သမိုင်းဆိုင်ရာ ပစ္စည်းတွေထဲမှာ အလီဆိုတဲ့အမည်ကို ပထမဆုံး တွေ့ရတာပါ။

    “အလ္လာဟ်အရှင်မြတ်ဆိုတဲ့ စာလုံးရဲ့ဘေးမှာ အလီဆိုတဲ့စာလုံးကို ထပ်တလဲလဲ ရေးထားပါတယ်။ အလီသခင်ကို မွတ်စလင်တွေထဲမှာ အကြီးဆုံး လူနည်းစုအုပ်စုဖြစ်တဲ့ ရှီအာတွေက အလွန် လေးစားကြည်ညိုတယ် ဆိုတာကိုလည်း ကျွန်မ သိထားပြီး ဆက်သွယ်မှုတစ်ခုများ ရှိလိမ့်မလားဆိုပြီး စဉ်းစားခဲ့ပါတယ်” လို့ လာဆန်က ပြောကြားခဲ့ပါတယ်။

    အလီသခင်ဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ သမီးတော် ဖွာတီမာသခင်မနဲ့ လက်ထပ်ခဲ့သူဖြစ်ပြီး တမန်တော် ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် မွတ်စလင်လူ့အဖွဲ့အစည်းရဲ့ စတုတ္ထမြောက် ခေါင်းဆောင် ဖြစ်လာသူပါ။

    လာဆန်ကတော့ သူမရဲ့တွေ့ရှိချက်ဟာ အနာဂတ်အတွက် လုပ်ဆောင်ဆရာတွေ အများကြီးကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

    “အခု ကျွန်မဟာ ဗိုက်ကင်းခေတ်က မတူညီတဲ့ပုံစံတွေကို တွေ့နေရပြီ။ တူးဖော်ထားတာတွေထဲက ကျန်ရှိနေတဲ့ အပိုင်းအစတွေနဲ့ ဗိုက်ကင်းခေတ်က ချည်ထည်တွေထဲမှာ အစ္စလာမ့်မစ် ရေးသားဖော်ပြချက်တွေကို ထပ်ပြီး ရှာတွေ့မယ်လို့ ကျွန်မ ယုံကြညပါတယ်။ ချည်ထည်မဟုတ်တဲ့ အခြား လက်ရာတွေမှာလည်း ဒါမျိုးရှိနို
    င်တယ်ဆိုတာ ဘယ်သူ သိနိုင်မလဲ”

    Ref: BBC

    (BBC သတင်းဌာနတွင် ဖော်ပြထားသည့် Why did Vikings have ‘Allah’ embroidered into funeral clothes? ကို လေးမောင်က ကောက်နှုတ်ကာ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • နာဆာ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေးစနစ် ပထမဆုံးအကြိမ် စမ်းသပ်မည်

    နာဆာ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေးစနစ် ပထမဆုံးအကြိမ် စမ်းသပ်မည်

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာဂြိုဟ်ကြီးကို ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ တိုက်မိမယ့် အန္တရာယ်ကနေ ကာကွယ်ပေးမယ့် ‘ဂြိုဟ်ကာကွယ်ရေးစနစ်’ ကို နာဆာက စမ်းသပ်ဖို့ရှိနေပြီး ဒီစနစ်ဟာ အင်္ဂါဂြိုဟ်ကို လူသားတွေ ရောက်ရှိနိုင်ရေး အတွေ့အကြုံနဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုတွေကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

    ARM လို့ အမည်ပေးထားတဲ့ အဲဒီစနစ်ကို အောက်တိုဘာ ၁၂ ရက်နေ့ (ဒီနေ့) မှာ ကမ္ဘာနဲ့ အနီးကပ်ပျံသန်းသွားမယ့် ဂြိုဟ်သိမ် 2012TC4 မှာ စမ်းသပ်မှာပါ။

    အောင်မြင်မယ်ဆိုရင် ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် အရေးပါတဲ့ တိုးတက်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွေမှာ အင်္ဂါဂြိုဟ်ပေါ် လူတွသွားနိုင်ရေးအတွက် အရေးပါတဲ့ အတွေ့အကြုံကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

    နာဆာရဲ့ ဂြိုဟ်ကာကွယ်ရေးစနစ်ဟာ ဂြိုဟ်သိမ်တွေအပေါ်မှာ အာကာသယာဉ်တစ်ခု ဆင်းသက်စေကာ လပတ်ဝန်းကျင်မှာရှိတဲ့ ပိုမိုတည်ငြိမ်တဲ့ ပတ်လမ်းဆီကို လမ်းကြောင်းပြောင်းပေးတာ ဖြစ်ပါတယ်။ ဒီစနစ်ကို ၂၀၂၀ ခုနှစ်မှာ တရားဝင် အသုံးပြုဖို့ရှိနေပါတယ်။

    နာဆာရဲ့ Near Earth Object Studies စင်တာက ပေါလ် ချိုဒက်စ်က 2012TC4 ရဲ့ ပတ်လမ်းကို မိမိတို့က သိရှိနေတဲ့အတွက် ဒီဂြိုဟ်သိမ်ပေါ်မှာ စမ်းသပ်မှုဟာ ပြည့်စုံတဲ့စမ်းသပ်မှု ဖြစ်လာမှာဖြစ်ပြီး ကမ္ဘာကြီးကို ထိခိုက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

    2012TC4 ဂြိုဟ်သိမ်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီတုန်းက ကမ္ဘာကနေ လအကွာအဝေးရဲ့ ၄ ပုံတစ်ပုံအကွာနဲ့ ကမ္ဘာရဲ့အနောက်မှာ ရှိနေတာပါ။ အရွယ်အစားဟာ ၁၀ မီတာကနေ မီတာ ၃၀ အကြား ရှိတာကြောင့် သေးငယ်တယ်လို့ ပြောလို့ရပြီး ကမ္ဘာကြီးကိုလည်း ထိဖို့ မရှိပါဘူး။

    Ref: interestingengineering.com