News @ M-Media

Blog

  • ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာ ၄၀၀၀ အစ္စရေး ထပ်ဆောက်မည်

    ပါလက်စတိုင်းပိုင်နက်တွင် ကျူးကျော်အိမ်ယာ ၄၀၀၀ အစ္စရေး ထပ်ဆောက်မည်

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများ

    – နိုင်ငံတကာအသိုင်းအ၀ိုင်းက ဆန့်ကျင်မှုများ ရှိသော်လည်း အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းတွင် ကျူးကျော်အိမ်ယာ ၄၀၀၀ ခန့် ထပ်မံတည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။

    ထိုကဲ့သို့ တရားမ၀င်အိမ်ယာများ ထပ်မံဆောက်လုပ်မည့် အစီအစဉ်ကို ယခုတစ်ပတ်အတွင်း အစ္စရေးအစိုးရ အတည်ပြုရန် ရှိနေသည်ဟု တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ အစ္စရေးနေ့စဉ်သတင်းစာ Jerusalem Post က မနေ့တွင် ဖော်ပြခဲ့သည်။

    ယင်းစီမံကိန်း၌ ပါဝင်သောနေရာများမှာ ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ Negohot၊ Rehalim၊ Har Bracha၊ Kochav Ya’acov၊ Ma’aleh Michmash၊ Kfar Etzion, Beit El၊ Tekoa၊ Avnei Hefetz နှင့် Nofim ဒေသများဖြစ်သည်။

    ၁၉၆၇ ခုနှစ်တွင် ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ပြီးကတည်းက အစ္စရေမှာ တရားမ၀င် အခြေချအိမ်ယာ ၂၃၀ ကို ဆောက်လုပ်ခဲ့ပြီး အစ္စရေး ၆ သိန်းကျော် နေထိုင်နေသည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ထိုကဲ့သို့ အခြေချအိမ်ယာများ ဆက်လက် ဆောက်လုပ်နေမှုက အရှေ့အလယ်ပိုင် တည်ငြိမ်ရေးအတွက် အဟန့်အတား ဖြစ်နေသည်။

    Ref : Presstv

  • ချီကာဂိုတက္ကသိုလ်ပါမောက္ခ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရရှိ

    ချီကာဂိုတက္ကသိုလ်ပါမောက္ခ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရရှိ

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    – အမေရိကန်စီးပွားရေးပညာရှင် ရစ်ချတ် တေလာသည် စီးပွားရေးနှင့် စိတ်ပညာအကြား လစ်လပ်နေသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့် ၎င်း၏လုပ်ဆောင်မှုအတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ကြောင်း ရွေးချယ်ရေးအဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း အကန့်အသတ်၊ လူမှုရေးဆိုင်ရာ အလေးထားမှုနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့မှုတွေရဲ့ အကျိုးဆက်တွေကို ရှာဖွေဖော်ထုတ်နိုင်ခြင်းအားဖြင့် ဒီအချက်တွေက လူတစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်တွေနဲ့ စီးပွားရေးရလဒ်အပေါ် ဘယ်လိုသက်ရောက်နိုင်လဲဆိုတာကို သူက ပြသခဲ့ပါတယ်” ဟု အဖွဲ့မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် လက်တွေ့ကျသည့် ထိုတွေ့ရှိချက်များ၊ သီအိုရီပိုင်းဆိုင်ရာ အယူအဆများက စီးပွားရေးနယ်ပယ်ကို ကျယ်ပြောလာစေခဲ့ပြီး သုတေသနနှင့် ပေါ်လစီဆိုင်ရာများတွင် သိသိသာသာ ရိုက်ခတ်မှုများ ရှိခဲ့သည်ဟုလည်း ဆိုသည်။

    တေလာက နိုဘယ်ဆုရရှိခဲ့သည့်အတွက် ၀မ်းသာပီတိ ဖြစ်ရသည်ဟု ဗီဒီယိုမှတစ်ဆင့် နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီကို ပြောကြားခဲ့သည်။

    အသက် ၇၂ နှစ်အရွယ်ရှိ တေလာသည် ဆုငွေအဖြစ် ခရိုနာ ၉ သန်း (ကန်ဒေါ်လာ ၁.၁ သန်း) ကို ရရှိမည် ဖြစ်သည်။

    တေလာမှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုအရများသည့် ချီကာဂိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်းဖြစ်သည်။ လက်ရှိအချိန်အထိ နိုဘယ်ဆုရှင် စုစုပေါင်း ၇၉ ဦးတွင် ၃ ပုံ ၁ ပုံကျော်မှာ ချီကာဂိုတက္ကသိုလ် စီးပွားရေးဌာနနှင့် ဆက်နွယ်နေသည်။

    Source: AFP

  • ရင်သားကင်ဆာအကြောင်းအသိပညာပေးရေး ဆော်ဒီက သမိုင်းဝင်နေရာတစ်ခုကို ပန်းရောင်မီးထွန်း

    ရင်သားကင်ဆာအကြောင်းအသိပညာပေးရေး ဆော်ဒီက သမိုင်းဝင်နေရာတစ်ခုကို ပန်းရောင်မီးထွန်း

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    – ရင်သားကင်ဆာရောဂါအကြောင်း အသိပေးလှုံ့ဆော်မှုကာလကို အားပေးထောက်ခံသည့်အနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ အလ်မဒီနာပြည်နယ် မာဒါအင် ဆွာလေ ရှေးဟောင်းသမိုင်းဝင် နေရာတစ်ခုအား ပန်းရောင်မီးအလှ ထွန်းညှိခဲ့ကြောင်း သိရသည်။

    ရင်သားကင်ဆာအန္တရာယ်ကို စောစီးစွာ သတိထားမိကာ ကုသနိုင်စေရန် ရည်ရွယ်၍ “သင်၏တိုက်ပွဲများကို ပြီးဆုံးအောင်တိုက်ပါ” ဟူသော ခေါင်းစဉ်ဖြင့် မာဒါအင်သမိုင်းဝင်နေရာ တည်ရှိရာ အလ်အူလာခရိုင်အတွင်းရှိ ကျန်းမာရေးဌာနများတွင် အခမ်းအနားအမျိုးမျိုးကိုလည်း ကျင်းပခဲ့ကြသည်။

    ယင်းလှုပ်ရှားမှုသည် ရင်သားကင်ဆာအန္တရာယ်ကို သတိပြုရန်နှင့် ကြိုတင်ကာကွယ်ထားရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။

    နိုင်ငံတကာ လေ့လာတွေ့ရှိချက်များအရ အမျိုးသမီး ရှစ်ဦးအနက် တစ်ဦးမှာ ရင်သားကင်ဆာရောဂါကို ခံစားနေရပြီး ၎င်းဝေဒနာ၏ ၉၅ ရာခိုင်နှုန်းမှာ စောစီးစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည်။

    Ref : Alarabiya

  • ပါကစ္စတန်မှ အသက် ၁၇ နှစ်အရွယ်လူငယ် ရူပဗေဒနယ်ပယ်တွင် သမိုင်းသစ်ရေးထိုး

    ပါကစ္စတန်မှ အသက် ၁၇ နှစ်အရွယ်လူငယ် ရူပဗေဒနယ်ပယ်တွင် သမိုင်းသစ်ရေးထိုး

    အောက်တိုဘာ ၉၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်က အသက် ၁၇ နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ ရူပဗေဒနယ်ပယ်က ‘လျှပ်စစ်ပျားသလပ်’ (electric honeycomb) အယူအဆကို ပထမဆုံး လက်တွေ့ဖော်ထုတ်ပြသနိုင်ခဲ့ပြီး သိပ္ပံပညာရှင်တစ်ဦးအဖြစ် စာရင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

    မိုဟာမက် ရှာဟီရ် နီယာဇီဆိုတဲ့ အဲဒီလူငယ်လေးဟာ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့က အထက်တန်းကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။

    အဆီလွှာထဲမှာ တစ်ဖက်က electrode အချွန်၊ နောက်တစ်ဖက် electrode အပြားကို ထည့်ပြီး လျှပ်စစ်လွှတ်မယ်ဆိုရင် ဆီမျက်နှာပြင်မှာ မတည်မငြိမ်ဖြစ်ပြီး ပျားသလပ်လို လှပတဲ့ အကွက်လေးတွေ ဖြစ်လာတယ်ဆိုတဲ့ အယူအဆဟာ ရူပဗေဒနယ်ပယ်မှာ ဆယ်စုနှစ်နဲ့ချီ ရှိခဲ့တာပါ။

    ရှာဟီရ်ဟာ ဒီလို လျှပ်စစ်ပျားသလပ်ဖြစ်စေတဲ့ အိုင်းယွန်းတွေလှုပ်ရှားမှုကို လက်တွေ့ ဖော်ထုတ်ကာ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး၊ ဆီမျက်နှာပြင်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ အပူတွေကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုမျိုးကို ရူပဗေဒနယ်ပယ်မှာ သူက ပထမဆုံး လုပ်နိုင်တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ‘နိုင်ငံတကာ လူငယ် ရူပဗေဒရှင်များ ပြိုင်ပွဲ’ မှာ သူငယ်ချင်း ၄ ယောက်နဲ့အတူ ပါကစ္စတန်ကိုယ်စားပြု ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်စဉ် ‘လျှပ်စစ်ပျားသလပ်’ (electric honeycomb) အယူအဆပေါ် စိတ်ဝင်စားခဲ့တာ ဖြစ်တယ်လို့ ရှာဟီရ်က ဆိုပါတယ်။

    တစ်နှစ်ကြာ သုတေသနပြုလုပ်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ ဖော်ထုတ်နိုင်မှုကို ရှာဟီက သြဇာကြီးတဲ့ Royal Society Open Science သိပ္ပံဂျာနယ်ကို ပေးပို့ခဲ့ပြီး ၁၇ နှစ်မပြည့်ခင် ရက်ပိုင်းအလို ပြီးခဲ့တဲ့လမှာ သူ့ရဲ့ သုတေသနကို လက်ခံကြောင်း အကြောင်းပြန်စာ ရရှိခဲ့ပါတယ်။

    ရှာဟီရ်ရဲ့ ဒီတွေ့ရှိမှုကနေ ဇီဝဆေးဝါးနဲ့ ပုံနှိပ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် နည်းပညာတွေ ပေါ်ထွက်လာဖို့အတွက် အင်ဂျင်နီယာတွေက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    ရှာဟီရ်ဟာ ငယ်ငယ်ကတည်းက စူးစမ်းလေ့လာမှုကို ၀ါသနာထုံခဲ့ပြီး အသက် ၁၁ နှစ်အရွယ်မှာပဲ အွန်လိုင်းက ရူပဗေဒ သင်ကြားပို့ချမှုတွေကိုလေ့လာခဲ့ကာ ရည်မှန်းချက် မြင့်မြင့်မားမားထားသူလည်း ဖြစ်ပါတယ်။

    “ပါကစ္စတန်အတွက် နောက်ထပ် နိုင်ဘယ်ဆုရှင်တစ်ဦး ကျွန်တော် ဖြစ်ချင်ပါတယ်။ အိုက်ဇက် နယူတန်ဟာ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး စာတမ်းကို ပုံနှိပ်ခဲ့ပါတယ်။ ကျွန်တော်က အသက် ၁၆ နှစ်မှာ သိပ္ပံဆိုရာ အသိအမှတ်ပြုစာ ရရှိခဲ့ပါတယ်” လို့ ရှာဟီရ်က ပြောကြားခဲ့ပါတယ်။

    Ref: BBC