News @ M-Media

Blog

  • ဂုဏ်ပြုပြီးတော့ ကျွန်တော့်ကို ၀ိုင်းသမလိုက်ကြတာဗျာ

    ဂုဏ်ပြုပြီးတော့ ကျွန်တော့်ကို ၀ိုင်းသမလိုက်ကြတာဗျာ

    မေ ၄၊ ၂၀၂၃

    M-Media

    ထူးခြားတဲ့ည၊ ထူးခြားတဲ့ အခိုက်အတန့်ပါ။ တော်တော်ပျော်သလို၊ ဂုဏ်လည်း ယူပါတယ်။ အသင်းက ၃ မှတ်ရတဲ့အတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ 

    ဒီလို(အသင်းကဂုဏ်ပြုတပ်ဖွဲ့) လုပ်တာမျိုး အရင်က မမြင်ဖူးဘူးဗျ။ စံချိန်ချိုးဂိုး သွင်းနိုင်တဲ့ ခံစားချက်က ပြောမပြတတ်အောင်ပါပဲ။ ဂုဏ်ပြုတပ်ဖွဲ့လုပ်ပြီးတော့ အားလုံး ကျွန်တော့်ကို ၀ိုင်းရိုက်ကြတာ၊ နာလိုက်တာ ပြောမနေနဲ့တော့။ 

    -အာလင် ဟာလန်း (မန်စီးတီးတိုက်စစ်မှူး) 

    ဟာလန်းဟာ မနေ့က ၀က်စ်ဟမ်းနဲ့ပွဲမှာ ၁ ဂိုး သွင်းယူပြီး စုစုပေါင်း ၃၅ ဂိုးနဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ 

    ပွဲအပြီးမှာ နည်းပြနဲ့ အသင်းဖော်တွေက ဂုဏ်ပြုတပ်ဖွဲ့ပုံစံလုပ်ကာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ပါတယ်။ 

    Ref: BBC

  • ခိုးရိုက်၊ ချောင်းရိုက်တွေကို ထောင်ချတော့မယ့် ဂျပန်

    ခိုးရိုက်၊ ချောင်းရိုက်တွေကို ထောင်ချတော့မယ့် ဂျပန်

    မေ ၄၊ ၂၀၂၃

    M-Media


    -လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ချောင်းရိုက်၊ ခိုးရိုက်မှုကို ပြင်းပြင်းထန်ထန် အရေးယူမယ့် ပထမဆုံး ဥပဒေသစ်တစ်ရပ်ကို ဂျပန်လွှတ်တော်မှာ အခုတစ်ပတ်အတွင်း ဆွေးနွေးခဲ့ပါတယ်။ 

    ဒီဥပဒေဟာ နိုင်ငံတစ်၀ှမ်း ပိုပိုဆိုးလာနေတဲ့ လိင်အမြတ်ထုတ်မှုပြဿနာကို တိတိကျကျ ကိုင်တွယ်မယ့် ပထမဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။ 

    လက်ရှိမှာ ချောင်းရိုက်၊ ခိုးရိုက်ကိစ္စတွေကို ပြည်နယ်တွေရဲ့ ဒေသဆိုင်ရာဥပဒေတွေနဲ့သာ လျော့တိလျော့ရဲ အရေးယူနေတာ ဖြစ်ပါတယ်။ 

    ဥပဒေသစ်အရ တစ်ပါးသူရဲ့ လိင်အင်္ဂါ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ကာယကံရှင် မသိရှိဘဲ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူတာ၊ ဒီပုံတွေကို သိမ်းဆည်းထားတာ၊ ပြန်လည်ဖြန့်ဖြူးတာတွေဟာ ရာဇ၀တ်မှု မြောက်မှာဖြစ်ပါတယ်။ 

    ကာယကံရှင်မသိဘဲ လိင်မှု ကိုယ်နေဟန်ထားဖြစ်အောင် ဖန်တီးပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူတာ၊ အရွယ်မရောက်သေးသူတွေကို လိင်အသားပေး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေကိုလည်း ဥပဒေသစ်မှာ တားမြစ်ထားပါတယ်။ 

    ဂျပန်မှာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးမော်ဒယ်တွေကို လိင်အသားပေး ရိုက်ကူးမှု အလွန်များပြားပြီး အခုဥပဒေကြောင့် ဒီလုပ်ရပ်တွေ ပပျောက်မယ်လို့ လွှတ်တော်အမတ်တွေက မျှော်လင့်နေပါတယ်။ 

    ဥပဒေချိုးဖောက်သူဟာ ထောင်ဒဏ် အမြင့်ဆုံး ၃ နှစ်၊ ငွေဒဏ် ယန်း ၃ သန်းအထိ ချမှတ်အရေးယူခံရမှာဖြစ်ပါတယ်။ ဥပဒေကို လာမယ့် ဇွန်လမှာ စတင်ကျင့်သုံးနိုင်မှာပါ။

    ဂျပန်မှာ ချောင်းရိုက်၊ ခိုးရိုက်ကိစ္စတွေ အလွန်များပြားပြီး ဒါကို တားဆီးဖို့အတွက် ပြည်တွင်းသုံး ဖုန်းတွေမှာ ကင်မရာအသံကို ပိတ်လို့မရအောင် ဖုန်းကုမ္ပဏီတွေက ဖန်တီးပေးထားရပါတယ်။ 

    Ref: BBC

  • ဆော်ဒီနဲ့ အမေရိကန် မက်ဆီဘယ်ကိုသွားမလဲ

    ဆော်ဒီနဲ့ အမေရိကန် မက်ဆီဘယ်ကိုသွားမလဲ

    မေ ၄၊ ၂၀၂၃

    M-Media 


    ဆော်ဒီရောက်မက်ဆီ

    -အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အခုနှစ် ဘောလုံးရာသီအပြီးမှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ 

    ဘဏ္ဏာရေးညီမျှမှု စည်းမျဥ်းတွေအရ လစာမြင့်ကစားမသားတစ်ချို့ကို ပီအက်စ်ဂျီက လျှော့ချဖို့ ရှိနေချိန် မက်ဆီရဲ့ ပီအက်စ်ဂျီအနာဂတ်ကလည်း မရေမရာ ဖြစ်နေတာပါ။ 

    ဆော်ဒီကို ခွင့်ပြုချက်မရဘဲ သွားရောက်ခဲ့တဲ့အတွက် မက်ဆီကို အသင်းက ၂ ပတ်တာ ဘောလုံးကစားခွင့် ပိတ်ပင်ကာ ဒဏ်ငွေရိုက်လိုက်တဲ့ အခုရက်ပိုင်း အဖြစ်အပျက်နောက်ပိုင်း ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်း ခိုင်ခိုင်လုံလုံ ထွက်လာတာ ဖြစ်ပါတယ်။ 

    လက်ရှိမှာ မက်ဆီကို ဆော်ဒီ၊ အမေရိကန်နဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ချို့က ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။ 

    ရော်နယ်ဒိုကစားနေတဲ့ အလ် နဆာရ်အသင်းရဲ့ ပြိုင်ဘက် ဆော်ဒီကလပ် အလ် ဟီလာအသင်းဟာ ပေါင် သန်း ၃၂၀ နဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ 

    အင်္ဂလန်ဂန္တ၀င်ကစားသမား ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန်ကလပ် အင်တာမိုင်ယာမီကလည်း မက်ဆီကို စိတ်၀င်စားနေပါတယ်။ 

    အစောပိုင်းက မက်ဆီကို ပြန်ခေါ်ဖို့ စဥ်းစားနေတယ်ဆိုတဲ့ အသင်းဟောင်း ဘာစီလိုနာက အပြောင်းအရွှေ့ မဖြစ်ဖို့များတယ်လို့ မနေ့က ထုတ်ပြောထားပါတယ်။ 

    လစာနည်းပါးနိုင်တဲ့ ပရီးမီးယားလိဂ်ကို မက်ဆီက လာဖို့ ဆန္ဒသိပ်မရှိဘဲ ငွေထုတ်ပိုက်ကာ ကစားသမားဘ၀ကို အဆုံးသတ်နိုင်တဲ့အတွက် ဆော်ဒီနဲ့ အမေရိကန် ဘယ်ကိုသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

    Ref: Goal 

  • တရုတ်-မြန်မာ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် တရုတ်က အဆင်သင့်ရှိနေ

    တရုတ်-မြန်မာ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ရန် တရုတ်က အဆင်သင့်ရှိနေ

    မေ ၃၊ ၂၀၂၃

    M-Media 


    -မြန်မာစစ်ကောင်စီနဲ့ ပြည့်၀တဲ့ မဟာဗျူဟာဆက်ဆံရေး တိုးမြှင့်သွားဖို့ သဘောတူညီမှု ရခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး၀န်ကြီး ကျင်ဂန်းက ပြောပါတယ်။ 

    ကျင်ဂန်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ 

    တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို အလေးထားပြီး တရုတ်-မြန်မာ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ကျင်ဂန်းက ဆိုပါတယ်။ 

    မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဖို့ တရုတ်က စိတ်ရင်းမှန်နဲ့ မျှော်လင့်ပြီး၊ မြန်မာ့အမျိုးသားရေးလက္ခဏာနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းတစ်ခု ရှာဖွေဖို့ ထောက်ခံအားပေးတယ်လို့လည်း တရုတ်နိုင်ငံခြားရေး၀န်ကြီးက ဆိုပါတယ်။ 

    စစ်ကောင်စီရဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုလုပ်ငန်း၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေကို တရုတ်က ထောက်ခံကြောင်း ကျင်ဂန်းက ထည့်သွင်းပြောကြားခဲ့ပါတဘ်။ 

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အလေးထားဖို့၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်ရာမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမျိုးကနေ ပါ၀င်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို သူက တိုက်တွန်းခဲ့ပါတယ်။ 

    စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးတိုးတက်လာကာ ဆက်စပ်ကိစ္စတွေကို ညှိနှိုင်းမှုကနေတစ်ဆင့် ဖြေရှင်းတာကို တရုတ်က ထောက်ခံပြီး၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တည်လာရေးအတွက် တိုးချဲ့ဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း ကျင်ဂန်းက မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ပြောကြားခဲ့ပါတယ်။ 

    Ref: CGTN

  • ဆော်ဒီခရီးကြောင့် ပြဿနာတက်နေတဲ့ မက်ဆီ

    ဆော်ဒီခရီးကြောင့် ပြဿနာတက်နေတဲ့ မက်ဆီ

    မေ ၃၊ ၂၀၂၃

    M-Media


    -အသင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဆော်ဒီကို သွားရောက်ခဲ့တဲ့ မက်ဆီကို ပီအက်စ်ဂျီအသင်းက ၂ ပတ် ကစားခွင့် ပိတ်ပင်လိုက်ပါတယ်။ 

    တနင်္ဂနွေနေ့က အိမ်ကွင်းရှုံးပွဲအပြီးမှာ မက်ဆီက ဆော်ဒီသွားခဲ့တာပါ။ ဒီခရီးစဥ်ကို ပီအက်စ်ဂျီက ခွင့်မပြုခဲ့ပါဘူး။ ကစားခွင့်ပိတ်တဲ့အပြင် ဒဏ်ငွေပါဆောင်ရမှာ ဖြစ်ပါတယ်။ 

    မက်ဆီရဲ့ ပီအက်စ်ဂျီနဲ့ ၂ နှစ်စာချုပ်ဟာ အခုနှစ်နွေရာသီမှာ ကုန်မှာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ်။ 

    မက်ဆီဟာ ဆော်ဒီမှာ သွားကစားမယ်လို့ သတင်းထွက်နေသလို၊ ဘာစီလိုနာကို ပြန်မယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ဘာစီလိုနာအသင်း ဒုတိယ ဥက္ကဌက မက်ဆီကိုပြန်ခေါ်ဖို့ ဆက်သွယ်နေကြောင်း ပြီးခဲ့တဲ့လအတွင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

    မက်ဆီဟာ ဆော်ဒီအာရေဗျ ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး အခုခရီးစဥ်ဟာ ဒီတာ၀န်နဲ့ သက်ဆိုင်လားဆိုတာ တိတိကျကျ မသိရပါဘူး။ 

    Ref: BBC