News @ M-Media

Blog

  • နာဆာ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေးစနစ် ပထမဆုံးအကြိမ် စမ်းသပ်မည်

    နာဆာ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေးစနစ် ပထမဆုံးအကြိမ် စမ်းသပ်မည်

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာဂြိုဟ်ကြီးကို ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ တိုက်မိမယ့် အန္တရာယ်ကနေ ကာကွယ်ပေးမယ့် ‘ဂြိုဟ်ကာကွယ်ရေးစနစ်’ ကို နာဆာက စမ်းသပ်ဖို့ရှိနေပြီး ဒီစနစ်ဟာ အင်္ဂါဂြိုဟ်ကို လူသားတွေ ရောက်ရှိနိုင်ရေး အတွေ့အကြုံနဲ့ နည်းပညာဆိုင်ရာ တိုးတက်မှုတွေကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

    ARM လို့ အမည်ပေးထားတဲ့ အဲဒီစနစ်ကို အောက်တိုဘာ ၁၂ ရက်နေ့ (ဒီနေ့) မှာ ကမ္ဘာနဲ့ အနီးကပ်ပျံသန်းသွားမယ့် ဂြိုဟ်သိမ် 2012TC4 မှာ စမ်းသပ်မှာပါ။

    အောင်မြင်မယ်ဆိုရင် ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် အရေးပါတဲ့ တိုးတက်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွေမှာ အင်္ဂါဂြိုဟ်ပေါ် လူတွသွားနိုင်ရေးအတွက် အရေးပါတဲ့ အတွေ့အကြုံကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

    နာဆာရဲ့ ဂြိုဟ်ကာကွယ်ရေးစနစ်ဟာ ဂြိုဟ်သိမ်တွေအပေါ်မှာ အာကာသယာဉ်တစ်ခု ဆင်းသက်စေကာ လပတ်ဝန်းကျင်မှာရှိတဲ့ ပိုမိုတည်ငြိမ်တဲ့ ပတ်လမ်းဆီကို လမ်းကြောင်းပြောင်းပေးတာ ဖြစ်ပါတယ်။ ဒီစနစ်ကို ၂၀၂၀ ခုနှစ်မှာ တရားဝင် အသုံးပြုဖို့ရှိနေပါတယ်။

    နာဆာရဲ့ Near Earth Object Studies စင်တာက ပေါလ် ချိုဒက်စ်က 2012TC4 ရဲ့ ပတ်လမ်းကို မိမိတို့က သိရှိနေတဲ့အတွက် ဒီဂြိုဟ်သိမ်ပေါ်မှာ စမ်းသပ်မှုဟာ ပြည့်စုံတဲ့စမ်းသပ်မှု ဖြစ်လာမှာဖြစ်ပြီး ကမ္ဘာကြီးကို ထိခိုက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

    2012TC4 ဂြိုဟ်သိမ်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီတုန်းက ကမ္ဘာကနေ လအကွာအဝေးရဲ့ ၄ ပုံတစ်ပုံအကွာနဲ့ ကမ္ဘာရဲ့အနောက်မှာ ရှိနေတာပါ။ အရွယ်အစားဟာ ၁၀ မီတာကနေ မီတာ ၃၀ အကြား ရှိတာကြောင့် သေးငယ်တယ်လို့ ပြောလို့ရပြီး ကမ္ဘာကြီးကိုလည်း ထိဖို့ မရှိပါဘူး။

    Ref: interestingengineering.com

  • ကိုဖီအန်နန်ပါဝင်မည့် ရခိုင်အရေး ကုလတံခါးပိတ်အစည်းအဝေး မနက်ဖြန်ကျင်းပမည်

    ကိုဖီအန်နန်ပါဝင်မည့် ရခိုင်အရေး ကုလတံခါးပိတ်အစည်းအဝေး မနက်ဖြန်ကျင်းပမည်

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – မြန်မာအရေးနဲ့ပတ်သက်ပြီး သောကြာနေ့မှာ လုံခြုံရေးကောင်စီက ကြားဖြတ် တံခါးပိတ်အစည်းအဝေးတစ်ခုလုပ်ဖို့ ရှိနေပြီး ရခိုင်အကြံပေးကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူကာ အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့တဲ့ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်တက်ရောက်ရှင်းလင်းဖို့ ရှိတယ်လို့ သံတမန်အသိုင်းအ၀ိုင်းက ပြော
    ကြားလိုက်ပါတယ်။

    ကုလရဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ရှိသူ ဂျက်ဖရီ ဖဲလ်တ်မန်ဟာလည်း သောကြာနေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပြီး ၄ ရက်တာခရီးစဉ်မှာ ရခိုင်ပြည်နယ်က ကိစ္စတွေအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။

    “ဒီ လတ်တလောပြဿနာကို ဖြေရှင်းဖို့အတွက် မစ္စတာ ဖဲလ်တ်မန်ဟာ မြန်မာနိုင်ငံမှာ ဆွေးနွေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်” လို့ ကုလ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့၊ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ အကူအညီတွေ ၀င်ရောက်ခွင့်ပေးဖို့၊ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေကို လုံခြုံစွာ နေရပ်ပြန်ခွင့်ပေးဖို့တွက် မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

    ကိုဖီအန်နန်ဟာ သြဂုတ်လနှောင်းပိုင်းက ရခိုင်ကော်မရှင် နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး အဲဒီအထဲမှာ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေကို ဖြေရှင်းရေး အလျင်အမြန်ဆောင်ရွက်ဖို့အတွက် မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    ကိုဖီအန်နန်ပါဝင်မယ့် မနက်ဖြန် ကြားဖြတ် အစည်းအဝေးကို ပြင်သစ်နဲ့ ဗြိတိန်တို့က တောင်းဆိုခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ကိစ္စကို တုန့်ပြန်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့ကထွက်လာတဲ့ ကုလလူ့အခွင့်အရေးရုံးရဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်စလင်တွေ ထွက်ပြေးသွားပြီး ပြန်မလာနိုင်အောင် စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် ဗြိတိန်ဟာ လုံခြုံရေးကောင်စီနဲ့ ပူးတွဲလုပ်ဆောင်နေပေမယ့် မြန်မာနိုင်ငံမှာ အကျိုးစီးပွားတွေရှိနေတဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းနေရတာကြောင့် နှေးကွေးနေတယ်လို့ သံတမန်တွေက ပြောကြားခဲ့ပါတယ်။

    မနက်ဖြန်ပြုလုပ်မယ့် လုံခြုံရေးကောင်စီအစည်းအဝေးဟာ တံခါးပိတ်အစည်းအဝေးဖြစ်ပြီး အဖွဲ့ဝင်အားလုံးနဲ့၊ ဒေသတွင်းနိုင်ငံတစ်ချို့၊ အဖွဲ့အစည်းတစ်ချို့ကို ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

    Ref: AFP

  • ထရမ့်မှာ လူမျိုးရေးခွဲခြားသူဟု နာမည်ကြီးရက်ပါ ဝေဖန်

    ထရမ့်မှာ လူမျိုးရေးခွဲခြားသူဟု နာမည်ကြီးရက်ပါ ဝေဖန်

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – ရက်ပ်အဆိုတော် အီမီနမ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လူမျိုးရေးခွဲခြားသူဟုလည်းကောင်း၊ အသုံးမကျသည့် ခေါင်းဆောင်တစ်ဦးဟု သီချင်းစာသားတွင် ထည့်သွင်းဝေဖန်လိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က BET ဟစ်ဟော့ဆုပေးပွဲတွင် ထုတ်လွှင့်ခဲ့သည့် ရက်ပ်ဗီဒီယိုတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပရိတ်သတ်များအနေဖြင့် ထရမ့်နှင့် မိမိ မည်သူ့ကို ထောက်ခံမည်လဲဟု မေးခွန်းထုတ်ခဲ့သည်။

    “သူအရမ်းတော်တဲ့နေရာကတော့ လူမျိုးရေးခွဲခြားတဲ့ နေရာပါ” ဟု အီမီနမ်က သီချင်းစာသားတွင် ထည့်ဆိုသွားခဲ့သည်။

    လူမျိုးခွဲခြားရေးသမားဟု စွပ်စွဲခံရမှုများကို ထရမ့်က ယခင်ကတည်းက ငြင်းဆိုထားပြီး၊ ၎င်းမှာ အောက်ဆုံး လူမျိုးရေးခွဲခြားရေးသမားဟု ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

    အိမ်ဖြူတော်တာဝန်ရှိသူများက အီမီနမ်၏ အဆိုပါ ရက်ပ်သီချင်းနှင့်ပက်သက်၍ တုန့်ပြန်ခြင်း မရှိသေးပေ။ ယင်းဗီဒီယိုသည် Youtube တွင် လူကြည့်အများဆုံး ဗီဒီယိုတစ်ခု ဖြစ်ခဲ့သည်။

    ယင်းရက်ပ်သီချင်း၌ သမ္မတဟောင်း ဘားရက်အိုဘားမား၊ ဟီလာရီကလင်တန်တို့ကိုလည်း ထည့်သွင်းသီဆိုခဲ့သည်။

    National Football League ကစားသမားများ ပွဲမတိုင်ခင် နိုင်ငံတော်သီချင်း မသီဆိုဘဲ ဒူးထောက်မှုအတွက် ထရမ့်၏ ဝေဖန်ပြောကြားမှုကိုလည်း အီမီနမ်က သရော်ခဲ့သည်။ ထိုဒူးထောက်မှုမှာ လူမည်းများကို အကြမ်းဖက်ခဲ့သည့် ရဲများအား ဆန့်ကျင်ကြောင်း အသံတိတ်ဖော်ပြမှုဖြစ်သည်။

    Ref : CNA