News @ M-Media

Blog

  • ၂၀၁၇ ခုနှစ် စာပေနိုဘယ်ဆုကို ယူကေစာရေးဆရာ ရရှိ

    ၂၀၁၇ ခုနှစ် စာပေနိုဘယ်ဆုကို ယူကေစာရေးဆရာ ရရှိ

    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media

    ၂၀၁၇ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုရှင် ကာဇူအို အီရီဂူရို

    – ၂၀၁၇ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ဗြိတိသျှ စာရေးဆရာ ကာဇူအို အီရီဂူရိုက ရရှိသွားခဲ့သည်ဟု သိရသည်။

    “ဒီစာရေးဆရာဟာ ကမ္ဘာကြီးနဲ့ ဆက်သွယ်မှုမှာ ကျွန်တော်တို့ရဲ့ အသိအောက်က တိမ်မြှုပ်နေတဲ့ နက်ရှိုင်းမှုကို ခံစားမှုအား ကြီးကြီးမားမား ပါဝင်တဲ့ ၀တ္ထုတွေနဲ့ ဖော်ထုတ်သူပါ” ဟု နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။

    အသက် ၆၂ နှစ်အရွယ် အီရီဂူရိုမှာ ဂျပန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၅ နှစ်အရွယ်တွင် မိသားစုနှင့်အတူ အင်္ဂလန်သို့ ပြောင်းရွှေ့လာခဲ့သည်။ Kent တက္ကသိုလ်မှ အင်္ဂလိပ်နှင့် ဒဿနိကဗေဒ အထူးပြုဖြင့် ဘွဲ့ရခဲ့သည့် အီရှီဂူရိုမှာ နောက်ပိုင်းတွင် ‘ဆန်းသစ်သောရေးဟန်’ ဖြင့် East Anglia တက္ကသိုလ်မှ မဟာဘွဲ့ ရရှိခဲ့သည်။

    ၎င်းရေးသားခဲ့သည့် ၀တ္ထုများတွင် Never Let Me Go နှင့် ၄ ပတ်အတွင်း ပြီးစီးအောင် ရေးခဲ့သည်ဆိုသည့် The Remains of the Day စာအုပ်တို့မှာ ကျော်ကြားသည်။ ၎င်းမှာ ပြဇာတ်များကိုလည်း ရေးသားလေ့ရှိသည်။

    ၎င်း၏ နောက်ဆုံးစာအုပ်မှာ The Bured Giant ဖြစ်တဲ့ ၂၀၁၅ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့သည်။

    Ref: Aljazeera

  • ရက်ပိုင်းအတွင်း လွတ်လပ်ရေးကြေငြာမည်ဟု ကာတာလိုနီယာခေါင်းဆောင်ပြော

    ရက်ပိုင်းအတွင်း လွတ်လပ်ရေးကြေငြာမည်ဟု ကာတာလိုနီယာခေါင်းဆောင်ပြော

    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media

    ကာတာလိုနီယာခေါင်းဆောင် Carles Puigdemont

    – ရက်အနည်းငယ်အတွင်း လွတ်လပ်ရေး ကြေညာတော့မည်ဟု ကာတာလိုနီယာခေါင်းဆောင် Carles Puigdemont က BBC သတင်းဌာနသို့ ပြောကြားလိုက်ပြီး စပိန်ဘုရင် ဖိလစ်ပီ (၆) ၏ အင်္ဂါနေ့ည မိန့်ခွန်းအပေါ် တုံ့ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် ကာတာလိုနီယာဒေသ ခွဲထွက်ရေး ပြည့်သူဆန္ဒခံယူပွဲအား စပိန်ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖြိုခွဲမှုကို ဆန့်ကျင်သောအားဖြင့် ထောင်သောင်းချီသော ကာ့တ်လန်ပြည်သူများမှာ အင်္ဂါနေ့က ဘာစီလိုနာတွင် ဆန္ဒပြခဲ့ကြသည်။

    စပိန်ဘုရင်ကြီးက ကာ့တန်လန်ခေါင်းဆောင်များမှာ တားမြစ်ထားသည့် ပြည်သူ့ဆန္ဒခံယူပွကို ကျင်းပကာ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများကို ဖျက်ဆီး၍၊ ကာ့တ်လန် လူ့အဖွဲ့အစည်းအား သွေးခွဲနေသည်ဟု ပြောကြားခဲ့သည်။

    Puigdemont က ထိုပြောကြားချက်ကို လက်မခံဘဲ ၎င်း၏ ဒေသအစိုးရမှာ ယခုသီတင်းပတ်အဆုံးပိုင်း၊ သို့မဟုတ် လာမည့်တစ်ပတ် အစပိုင်းတွင် လွတ်လပ်ရေး ကြေငြာသွားမည်ဟု ပြာကြားခဲ့သည်။

    ထိုကြေငြာမှုကို စပိန်အစိုးရက ၀င်ရောက်စွက်ဖက်ကာ ကာတာလိုနီယာအစိုးရအား ထိန်းချုပ်ရန် ကြိုးစားပါက မည်ကဲ့သို့ ဖြစ်မည်နည်းဟု BBC သတင်းဌာနက မေးမြန်းသည့်အခါတွင် ၎င်းက ထိုသို့ဆောင်ရွက်မှုမှာ အရာအားလုံးကို ပြောင်းလဲသွားနိုင်မည့် အမှားတစ်ခု ဖြစ်လာမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

    တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ၉၀ ရာခိုင်နှုန်းက ကာတာလိုနီယာဒေသ ခွဲထွက်ရေးအတွက် မဲပေးခဲ့ကြသည်။

    Ref : Alarabiya

  • အမျိုးသမီးများလုံခြုံရေးအတွက် စမတ်လည်ဆွဲတစ်ခုကို အိန္ဒိယကျောင်းသားများ တီထွင်

    အမျိုးသမီးများလုံခြုံရေးအတွက် စမတ်လည်ဆွဲတစ်ခုကို အိန္ဒိယကျောင်းသားများ တီထွင်

    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media

    – မြို့တော်ဒေလီရှိ အမျိုးသမီးများ ပိုမိုလုံခြုံစေရေး အကူအညီဖြစ်စေဖို့အတွက် နည်းပညာဘွဲ့ရ ကျောင်းသားတစ်စုဟာ စမတ်လည်ဆွဲတစ်မျိုးကို တီထွင်ထုတ်လုပ်လိုက်ပါတယ်။

    ဒီလည်ဆွဲကို Safer လို့ အမည်ပေးထားပြီး ၀တ်ဆင်ထားသူမှာ အန္တရာယ်ကျရောက်ပြီဆိုရင် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေကို အမြန်ခေါ်ဆိုကာ အကူအညီရယူနိုင်ဖို့ အရေးပေါ် SOS ခလုပ်တစ်ခု ပါဝင်ပါတယ်။

    အဲဒီခလုပ်လေးကို နှိပ်လိုက်မယ်ဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ ဖုန်းနံပါတ်တွေဆီ ကိုယ်ရောက်နေတဲ့ နေရာအတိအကျကို ပေးပို့မှာဖြစ်ပါတယ်။

    ၂၀၁၂ ခုနှစ်က ဒေလီမြို့ ဘတ်စ်ကားတစ်စီးပေါ်မှာ ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့အဓမ္မကျင့် လူသတ်မှုဖြစ်ပြီးနောက် ဒေလီအခြေစိုက် နည်းပညာရှင်တစ်ဦးဖြစ်သူ ပါရားစ် ဘာထရာက သူတတ်ကျွမ်းတဲ့ နည်းပညာနဲ့ သူငယ်ချင်းမိတ်ဆွေများ ပူးပေါင်းကာ ယင်းပြဿနာကို တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

    ၂၀၁၅ ခုနှစ်တွင် တက္ကသိုလ်ပြီးဆုံးပြီးတဲ့နောက် ပါရားစ် ဘာထရာနဲ့ သူ့သူငယ်ချင်းတွေဟာ သူတို့ရဲ့ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ကာ ဒီ Safer လည်ဆွဲကို တီထွင်ခဲ့ကြပါတယ်။

    Safer လည်ဆွဲဟာ ပြန်လည်အားသွင်းနိုင်တဲ့ ဘထ္တရီအမျိုးအစားကို တပ်ဆင်ထားပြီး စွမ်းအင်အသုံးပြုမှု အလွန်နည်းပါးပါတယ်။ စမတ်ဖုန်းအားလုံးနီးပါးနဲ့ တွဲဖက်အသုံးပြုနိုင်ပြီး ဖုန်းတွင် ထည့်သွင်းထားသော app မှတဆင့် အနီးဆုံး ရဲစခန်း သို့မဟုတ် ဆေးရုံကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

    Ref; CNA

  • ၂၀၁၇ ဓာတုဗေဒနိုဘယ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ရရှိ

    ၂၀၁၇ ဓာတုဗေဒနိုဘယ်ဆုကို သိပ္ပံပညာရှင် ၃ ဦး ရရှိ

    အောက်တိုဘာ ၅၊ ၂၀၁၇
    M-Media

    – ဇီဝမော်လီကျူးတွေရဲ့ ပုံရိပ်တွေကို လေ့လာကြည့်ရှုရာမှာ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်သုံးဦးဟာ ၂၀၁၇ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

    Jacques Dubochet၊ Joachim Frank နှင့် Richard Henderson တို့ ဖြစ်ကြပြီး၊ သူတို့အဖွဲ့ဟာ လူ့ခန္ဓာကိုယ်အတွင်းက ဖြစ်ပျက်နေတဲ့ မော်လီကျူး ဖြစ်စဉ်တွေကို ကြည့်ရှုရမှာ ပိုမိုရှင်းလင်းစေမယ့် cryo-electron microscopy (cryo-EM) နည်းပညာတစ်ခုကို တီထွင်ခဲ့တာပါ။

    အဲဒီနည်းပညာကြောင့် ဇီဝမော်လီကျူးတွေရဲ့ တည်ဆောက်ပုံကို ရွေ့လျားနေစဉ်မှာတောင် ဖမ်းယူကြည့်ရှုနိုင်မှာဖြစ်ပြီး တစ်ခါမှ မမြင်ဘူးသေးတဲ့ ပုံစံမျိုးနဲ့ တွေ့မြင်ခွင့်ရရှိခဲ့ပါတယ်။

    ပရော်ဖက်ဆာ Dubochet ဟာ ဆွစ်ဇာလန်မှာ မွေးတာဖြစ်ပြီး၊ Frank က ဂျာမနီနိုင်ငံသားဖြစ်ကာ၊ Henderson ကတော့ ယူကေနိုင်ငံသားဖြစ်ပါတယ်။

    နိုဘယ်ဆု ချီးမြှင့်ရေးကော်မတီက သူတို့ ၃ ဦးရဲ့ တွေ့ရှိမှုဟာ ခေတ်သ ဇီဝဓာတ်တု နယ်ပယ်မှာ ကြီးမားတဲ့ ဖော်ထုတ်မှုကြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မကြာခင်မှာ ဘာလျှို့ဝှက်ချက်မှ ရှိနိုင်တော့မှာ မဟုတ်ပါဘူး၊ အခုအချိန်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ရှိသမျှ အရည်အစက်တိုင်း၊ ဆဲလ်တွေရဲ့ ထောင့်ချိုးတိုင်းမှာရှိနေတဲ့ ဇီဝမော်လီကျူးတွေရဲ့ ရှုပ်ထွေးပွေလီတဲ့ အသေးစိတ်မှန်သမျှကို မြင်နိုင်နေပြီ ဖြစ်ပါတယ်” လို့ နိုဘယ်ဆုချီးမြှင့်ရေးကော်မတီဥက္ကဌ Sara Snogerup Linse က ပြောကြားခဲ့ပါတယ်။

    Ref: BBC