News @ M-Media

Blog

  • ဉာဏ်ရည်တုနည်းပညာ (AI) ကို ဖန်တီးမှုအတွက် နောင်တရနေတဲ့ ဟင်တန်

    ဉာဏ်ရည်တုနည်းပညာ (AI) ကို ဖန်တီးမှုအတွက် နောင်တရနေတဲ့ ဟင်တန်

    မေ ၃၊ ၂၀၂၃

    M-Media


    -AI ရဲ့ ခေါင်းကိုင်ဖခင်လို့ သတ်မှတ်ခံထားရတဲ့ ဂျီယိုဖရေး ဟင်တန်က သူတီထွင်ခဲ့တဲ့ နည်းပညာဟာ လူသားတွေအတွက် အလွန်အန္တရာယ်ရှိနေပြီလို့ ပြောကြားလိုက်ပါတယ်။ 

    ဟင်တန်ဟာ အသက် ၇၅ နှစ်အရွယ်ရှိပြီး မနေ့က Google က နေနှုတ်ထွက်ခဲ့ပါတယ်။ AI ကို ဖန်တီးပေးခဲ့မှုအတွက် နောက်တရနေတယ်လို့လည်း သူက ဆိုပါတယ်။ 

    “အခုအချိန်မှာ AI ဟာ လူသားတွေလောက် အသိဉာဏ် မရှိသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာ လူသားအသိဉာဏ်ကို ကျော်ဖြတ်သွားမယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်” 

    လူသားဦးနှောက်လို အလုပ်လုပ်တဲ့ Neural Networks နည်းပညာ၊ အလိုအလျောက် သင်ယူလေ့လာတဲ့ Deep Learning နည်းပညာတို့ကို ဟင်တန်က စတင် လေ့လာဖော်ထုတ်ခဲ့ပြီး အဲဒီကနေတစ်ဆင့် AI နည်းပညာ ထွန်းကားလာတာပါ။ 

    လက်ရှိ AI လောကမှာ နာမည်အကြီးဆုံးက Chat GPT ဖြစ်ပါတယ်။ ဒီလို ဆော့ဖ်၀ဲတွေဟာ လူသားဦးနှောက်က သိုမှီးတဲ့ အသိပညာတွေထက်ကို နောက်ပိုင်းမှာ ကျော်လွန်သိုမှီးလာနိုင်မယ်လို့ ဟင်တန်က ပြောပါတယ်။ 

    လူသားတစ်ယောက် သိရှိထားတဲ့ အသိပညာဟာ နောက်တစ်ယောက်ကို လက်ဆင့်ကမ်းဖို့ မလွယ်ပေမယ့် AI နည်းပညာတစ်ခုက ရရှိထားတဲ့ အချက်အလက်ဟာ နောက်ထပ် AI စနစ် ၁၀၀၀၀ လောက်ကို မဆိုင်းမတွ ကော်ပီလုပ်နိုင်ပါတယ်။ 

    ရုရှားသမ္မတ ပူတင်လို လူဆိုးတွေက AI နည်းပညာကို အဖျက်ဖက်မှာ သုံးစွဲလာမှာကို စိုးရိမ်တယ်လို့လည်း ဟင်တန်က ဆိုပါတယ်။ 

    AI ဖန်တီးမှုကို လက်ရှိအဆင့်မှာတင် ရပ်တန်ဖို့အတွက် ကမ္ဘာထိပ်တန်း ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေက မတ်လမှာ စုပေါင်းလက်မှတ်ရေးထိုးပြီး အစိုးရတွေကို တောင်းဆိုခဲ့ပါတယ်။ 

    ဟင်တန်က AI ရဲ့ ကောင်းကျိုးဟာ အန္တရာယ်ထက် ပိုများတဲ့အတွက် ဖန်တီးမှုကို မရပ်တန့်သင့်ဘူးလို့ သုံးသပ်ပါတယ်။ 

    အမေရိကန်က AI ဖန်တီးမှုကို ရပ်တန့်ရင်တောင် တရုတ်လိုနိုင်ငံမျိုးက ဆက်လက်လုပ်ဆောင်နေမှာဖြစ်တဲ့အတွက် AI လုံး၀ရပ်တန့်ရေး မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။ 

    ဒီလိုဖန်တီးရာမှာ တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိဖို့ ကမ္ဘာတစ်၀ှမ်းက အာဏာပိုင်တွေကို ဟင်တန်က တိုက်တွန်းခဲ့ပါတယ်။

    Ref: BBC

  • ပရီးမီးယားလိဂ်မှာ တားဆီးလို့မရတော့တဲ့ ဟာလန်း

    ပရီးမီးယားလိဂ်မှာ တားဆီးလို့မရတော့တဲ့ ဟာလန်း

    မေ ၁၊ ၂၀၂၃

    M-Media 


    -မနေ့ညက ဖူလ်ဟမ်နဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး အာလင် ဟာလန်းဟာ ၁၉၃၁ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲပေါင်းစုံမှာ ဂိုးပေါင်း ၅၀ သွင်းယူနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကစားသမား ဖြစ်လာပါတယ်။ 

    ပရီးမီးယားလိဂ်သွင်းဂိုးကလည်း ၃၄ ဂိုး ရှိလာပြီး ၁၉၉၄ ခုနှစ်က အန်ဒီကိုးလ်၊ ၁၉၉၅ ခုနှစ်က အလန်ရှီးယားရားတို့ တင်ထားတဲ့ တစ်ရာသီး ဂိုးသွင်းအများဆုံး စံချိန်ကို လိုက်မှီသွားပါပြီ။ 

    ရှီးယားရာနဲ့ အန်ဒီကိုးလ်တို့ဟာ ၄၂ ပွဲကစားရတဲ့ အချိန်ကရထားတဲ့ စံချိန်ဖြစ်ပြီး ဟာလန်းကတော့ ပွဲ ၃၀ နဲ့ လိုက်မီခဲ့တာ ဖြစ်ပါတယ်။

    ပရီးမီးယားလိဂ် ၃၈ ပွဲ ကစားရတဲ့စနစ် ပြောင်းလဲပြီးနောက်ပိုင်း တစ်ရာသီသွင်းဂိုးအများဆုံး သွင်းထားတဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ရဲ့ စံချိန်(ဂိုး ၃၀)ကိုလည်း ဟာလန်းက ချိုးဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

    Ref: BBC 

  • နှစ် ၂၀ ကြာမှ အိမ်ပြန်ရောက်လာသည့် ၀က်၀ံလေးကို တရုတ်ပြည်သူများ ကြိုဆို

    နှစ် ၂၀ ကြာမှ အိမ်ပြန်ရောက်လာသည့် ၀က်၀ံလေးကို တရုတ်ပြည်သူများ ကြိုဆို

    ဧပြီ ၂၉၊ ၂၀၂၃

    M-Media 


    -ဆယ်စုနှစ် ၂ ခုကြာ အမေရိကန်မှာ နေထိုင်ခဲ့ရပြီးနောက် အိမ်ပြန်ရောက်လာတဲ့ ၀က်၀ံလေးကို တရုတ်ပြည်သူတွေက ဆိုရှယ်မီဒီယာမှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ပါတယ်။ 

    ‘ယာယာ’ လို့ အမည်ပေးထားတဲ့ အဲဒီ၀က်၀ံဟာ ကြာသာပတေးနေ့က ရှန်ဟိုင်းမြို့ကို လေယာဥ်နဲ့ ရောက်လာတာပါ။ 

    တရုတ်ဟာ ကမ္ဘာ့နိုင်ငံတွေအကြား သံတမန်ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အတွက် ရှားပါးတိရစ္ဆာန်တွေ အခြားတိုင်းပြည်ကို ငှားရမ်းတဲ့ မူ၀ါဒတစ်ခု ချမှတ်ထားပါတယ်။ ဒီမူ၀ါဒကို ‘၀က်၀ံ သံခင်းတမံခင်း’ လို့ အမည်ပေးထားပါတယ်။ 

    ဒီမူ၀ါဒအရ အမေရိကန်ပြည်ထောင်စု မန်ဖစ် တိရစ္ဆာန်ရုံကို ၂၀၀၃ ခုနှစ်မှာ လီလီနဲ့ ယာယာလို့ခေါ်တဲ့ ၀က်၀ံနှစ်ကောင် ပေးပို့ခဲ့ပါတယ်။ ၀က်၀ံတွေထားဖို့ နေရာကို မန်ဖစ်တိရိစ္ဆာန်ရုံက ကန်ဒေါ်လာ ၁၆ သန်း အကုန်အကျခံ ဆောက်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

    တိရိစ္ဆာန်ရုံရဲ့စောင့်ရှောက်မှု အားနည်းတာကြောင့် လီလီဟာ အခုနှစ် ဖေဖော်၀ါရီလမှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပြီး၊ ကျန်းမာရေးမကောင်းတဲ့ ယာယာရဲ့ ဓာတ်ပုံလည်း ပေါ်ထွက်လာပါတယ်။ 

    အဲဒီနောက်ပိုင်း ယာယာကို ပြန်ခေါ်ဖို့ တရုတ်အစိုးရက စီစဥ်ခဲ့တာပါ။ ယာယာနဲ့အတူ လီလီရဲ့ရုပ်အလောင်းလည်း အမေရိကန်အစိုးရက ပြန်ပို့ပေးခဲ့ပါတယ်။ 

    ယာယာကို ရက်ပေါင်း ၃၀ ကွာရန်တင်း ထားရှိမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ဘေဂျင်း တိရစ္ဆာန်ရုံကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။ 

    တရုတ်အစိုးရဟာ ကမ္ဘာတစ်၀ှမ်း ပန်ဒါ၀က်၀ံ အကောင် ၆၀ လောက် ငှားရမ်းထားပါတယ်။ 

    Ref: Reuters 

  • မြန်မာစစ်တပ်ရဲ့ စစ်ရာဇ၀တ်မှုမှာ ခင်ဗျားတို့လည်း အမှုတွဲပါလိမ့်မယ်

    မြန်မာစစ်တပ်ရဲ့ စစ်ရာဇ၀တ်မှုမှာ ခင်ဗျားတို့လည်း အမှုတွဲပါလိမ့်မယ်

    ဧပြီ ၂၉၊ ၂၀၂၃

    M-Media

    မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောက်စရာကောင်းလောက်အောင်ဖြစ်နေပြီး ပိုပိုဆိုးလာနေတယ်။ ယူကရိန်းပြဿနာကို တုန့်ပြန်ခဲ့တဲ့အတိုင်း မြန်မာစစ်တပ်နဲ့ သူတို့ အမြတ်အစွန်းရနေတဲ့ လမ်းကြောင်းတွေကို အရေးယူပိတ်ဆို့မှုတွေလုပ်တဲ့ G7 နိုင်ငံတွေနဲ့ ပူးပေါင်းဖို့ ဂျပန်ကို ကျွန်တော် တိုက်တွန်းပါတယ်။ 

    စစ်သားကောင်းတစ်ယောက်၊ တပ်မှူးကောင်းတစ်ယောက်ဖြစ်အောင် (ဂျပန်က) လေ့ကျင့်သင်ကြားပေးနေပေမယ့် စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်းတဲ့ ရာဇ၀တ်မှုတွေမှာ တာ၀န်ခံရတာမျိုးပဲ အဖတ်တင်ပါလိမ့်မယ်။ 

    မြန်မာစစ်သားတွေကို ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက လေ့ကျင့်သင်ကြားပေးနေသမျှ၊ စစ်အာဏာရှင်ရဲ့ ကြမ်းကြုတ်မှုတွေမှာ ဂျပန်စစ်တပ်က အမှုတွဲ ပါနေမှာပါ။ 

    -သောမတ်စ် အန်ဒရူး (မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်)

  • ကက်ရှ်မီးယားမှာ လူမျိုးရေး သွေးချောင်းစီးတိုက်ပွဲဖြစ်အောင် မိုဒီအစိုးရ ဖန်တီးနေတာလား

    ကက်ရှ်မီးယားမှာ လူမျိုးရေး သွေးချောင်းစီးတိုက်ပွဲဖြစ်အောင် မိုဒီအစိုးရ ဖန်တီးနေတာလား

    ဧပြီ ၂၉၊ ၂၀၂၃

    M-Media 


    – ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးနဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုတွေရှိနေတဲ့ ကက်ရှ်မီးယားမှာ အိန္ဒိယအစိုးရက ဟိန္ဒူပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်ပေးနေပါတယ်။ 

    ကက်ရှ်မီးယားဟာ အစ္စလာမ်ဘာသာ၀င်အများစုရှိတဲ့ ဒေသဖြစ်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့က တစ်ခြမ်းစီ သိမ်းပိုက်ထားပါတယ်။ အိန္ဒိယက သိမ်းပိုက်ထားတဲ့ ကက်ရှ်မီးယားမှာ ၁၉၄၇ ခုနှစ်ကတည်းက စပြီး ခွဲထွက်ရေး လှုပ်ရှားမှုတွေ ရှိနေတာဖြစ်ပါတယ်။ 

    ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရပြီးနောက်ပိုင်း ကက်ရှ်မီးယားပြည်သူတွေကို ဖိနှိပ်ချုပ်ခြယ်မှုတွေ ပိုမိုပြုလုပ်လာပြီး ၂၀၁၉ ခုနှစ်မှာ ကက်ရှ်မီးယားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း စစ်တပ်တွေ ပိိုမိုချထားကာ ကက်ရှ်မီးယားပြည်သူတွေလည်း ပိုမိုညှင်းပမ်း ခံလာရပါတယ်။ လက်ရှိ စစ်သား ၅ သိန်းကျော် ကက်ရှ်မီးယားမှာ ချထားပါတယ်။ 

    ဟိန္ဒူပြည်သူ့စစ်အဖွဲ့ 

    ခွဲထွက်ရေးလှုပ်ရှားသူတွေကို တုန့်ပြန်ရေးဆိုတဲ့ ခေါင်းစဥ်နဲ့ မိုဒီအစိုးရဟာ ဟိန္ဒူပြည်သူ့စစ်အဖွဲ့ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးတာတွေပါ လုပ်လာပါတယ်။ 

    “ကျေးရွာ ကာကွယ်ရေးအဖွဲ့” လို့ အမည်ပေးထားတဲ့ ဒီပြည်သူ့စစ်အဖွဲ့ဟာ အင်အား ၅ ထောင်လောက် ရှိနေပြီး ရိုင်ဖယ်တွေလည်း တပ်ဆင်ထားပါတယ်။ အိန္ဒိယစစ်တပ်က သူတို့ကို လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။ 

    ကက်ရှ်မီးယားဒေသခံ မွတ်စလင်တွေက ဟိန္ဒူပြည်သူ့စစ်အဖွဲ့ဟာ ဒေသတွင်းပြဿနာကို ပိုမိုဆိုးရွားသွားစေနိုင်တယ်လို့ ပြောပါတယ်။ 

    “ဟိန္ဒူလူ့အဖွဲ့အစည်းတစ်ခုတည်းကို ကွက်ပြီး လက်နက်တွေ တပ်ဆင်ပေးတာက စိုးရိမ်စရာကောင်းပါတယ်။ လူငယ်တွေ လက်နက်တရမ်းရမ်းနဲ့ဆိုတော့ ဘယ်သူ့အတွက်မှ မကောင်းနိုင်ဘူး” လို့ ဒန်ဂရီမြို့မှာ နေထိုင်တဲ့ မွတ်စလင်တစ်ဦးက ပြောပါတယ်။

    အိန္ဒိယစစ်တပ်ရဲ့ အရန်တပ်ဖွဲ့က တာ၀န်ရှိသူတစ်ဦးက သူတို့အဖွဲ့ဟာ ဟိန္ဒူပြည်သူ့စစ်အဖွဲ့နဲ့ ပုံမှန်အဆက်အသွယ်ထားရှိတယ်လို့ ပြောပါတယ်။ ခွဲထွက်ရေးလှုပ်ရှားသူတွေနဲ့ မမှားအောင် အရန်တပ်ဖွဲ့က ကင်းလှည့်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူ့စစ်အဖွဲ့ကို ပေးပို့လေ့ရှိပါတယ်။ 

    “ဟိန္ဒူပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းတာဟာ ကာကွယ်ရေးအတွက်ပါ။ တိုက်ခိုက်ရေးအတွက် မဟုတ်ပါဘူး” လို့ အိန္ဒိယ ပြန်ကြားရေး၀န်ကြီးဌာန တာ၀န်ရှိသူ ကန်ချန် ဂွတ်ပ်တာက ပြောပါတယ်။ 

    အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု 

    ကက်ရှ်မီးယားမှာ ဟိန္ဒူအစွန်းရောက်တွေက ဒေသခံမွတ်စလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ 

    ၁၉၄၇ ခုနှစ် အိန္ဒိယနဲ့ ပါကစ္စတန် ကွဲတဲ့အချိန်က ဖြစ်ပါတယ်။ အဲဒီနှစ် အောက်တိုဘာနဲ့ နို၀င်ဘာလမှာ ကက်ရှ်မီးယားရဲ့ ဂျာမူးဒေသမှာ မွတ်စလင် အနည်းဆုံး ၂ သောင်းကနေ တစ်သိန်းလောက်အထိ သတ်ဖြတ်ခံခဲ့ရပါတယ်။ 

    ဂျာမူးက မွတ်စလင်ရွာပေါင်းများစွာ အမြတ်ဖြုတ်ခံခဲ့ရပြီး မွတ်စလင်အမျိုးသမီးတွေ အဓမ္မကျင့်ခံရတာ၊ မွတ်စလင်တွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ဖျက်ဆီးလုယက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။ 

    ဒီသတ်ဖြတ်မှုမှာ ဟိန္ဒူအစွန်းရောက်အဖွဲ့ RSS က အဓိက ပါ၀င်ခဲ့ပါတယ်။ RSS ဟာ BJP ပါတီရဲ့ ၀ါဒရေးရာ မိခင်အဖွဲ့အစည်း ဖြစ်ပါတယ်။ 

    Ref: AFP