News @ M-Media

Blog

  • သန္ဓေသားလောင်းကို ခွဲစိပ်ကာ မျိုးရိုးလိုက်ရောဂါများ ဖယ်ရှားနိုင်တော့မည်

    သန္ဓေသားလောင်းကို ခွဲစိပ်ကာ မျိုးရိုးလိုက်ရောဂါများ ဖယ်ရှားနိုင်တော့မည်

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ပထမဆုံးအနေဖြင့် လူ့သန္ဓေသားတွင် ရောဂါများ ဖယ်ရှားရန် ဓာတုခွဲစိပ်မှုကို အတိအကျ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း တရုတ်သုတေသီများက ဘီဘီစီသတင်းဌာနသို့ ပြောကြားလိုက်သည်။

    လူသားများ၏ မျိုးရိုးဗီဇ ကုဒ်ရှိ letter သန်းသုံးထောင်အနက်မှ အမှားတစ်ခုကို ပြန်လည်တည့်မတ်ရန် base editing ဟုခေါ်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်ဟု ဆွန်ယက်ဆင်တက္ကသိုလ်ရှိ သုတေသနအဖွဲ့က ပြောကြားခဲ့သည်။

    ယခုတွေ့ရှိချက်ကြောင့် တစ်ချိန်တွင် မျိုးရိုးလိုက်ရောဂါများကို အပြီးသတ်ဖယ်ရှားနိုင်တော့မည် ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

    base editing နည်းပညာဖြင့် DNA ၏ အခြေခံ Base လေးမျိုးဖြစ်သော adenine၊ cytosine၊ guanine နှင့် athymine တို့၏ အခြေခံတည်ဆောက်မှုကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ လူသား၏ ခန္ဓာကိုယ် ဖြစ်တည်မှုမှာ အဆိုပါ Base လေးမျိုး ပေါင်းစပ်ခြင်းကြောင့်ဖြစ်သည်။

    “ကျွန်တော်တို့ဟာ base editing နည်းပညာကို အသုံးပြုပြီး လူ့သန္ဓေသားမှာ မျိုးရိုးလိုက်ရောဂါတွေကို ကုသနိုင်ကြောင်း ပြသနိုင်တဲ့ ပထမဦးဆုံးအဖွဲ့ ဖြစ်လာမှာပါ” ဟု သုတေသီတစ်ဦးဖြစ်သူ ဂျွန်ဂျူးဟွမ်က ဘီဘီစီသတင်းဌာနသို့ ပြောသည်။

    အဆိုပါစမ်းသပ်ချက်များကို သွေးလှည့်ပတ်မှု မမှန်သည့် ရောဂါရှိသူထံမှ အသားစယူ၍ ပုံတူမျိုးပွားလူ့သန္ဓေသားပြုလုပ်၍ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

    Ref: BBC

  • တူရကီက ဆိုမာလီယာတွင် ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်

    တူရကီက ဆိုမာလီယာတွင် ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    မိုဂါဒစ်ရှူးတွင် ဖွင့်လှစ်လိုက်သည့် တူရကီ ရေတပ်အခြေစိုက်စခန်း

    – တူရကီဟာ အာဖရိကရဲ့ အချက်အခြာ ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ရေတပ်အခြေစိုက်စခန်းတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံရပ်ခြားမှာ တူရကီရဲ့ အကြီးဆုံး စစ်စခန်း ဖြစ်ပါတယ်။

    ကန်ဒေါ်လာ သန်းငါးဆယ် ကုန်ကျခဲ့တဲ့ အဲဒီအခြေစိုက်စခန်းကို စနေနေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆိုမာလီတပ်သား ၁၀၀၀၀ ကို သင်တန်းပေးမှာ ဖြစ်ပါတယ်။ စစ်စခန်းကနေ တစ်ကြိမ်မှာ အနည်းဆုံး စစ်သား ၁၅၀၀ ခန့် လေ့ကျင့်နိုင်စွမ်းရှိတယ်လို့ တူရကီနဲ့ ဆိုမာလီ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    “ဒီစခန်းဟာ တူရကီနိုင်ငံအပြင်ဘက်မှာ ဆောက်လုပ်တဲ့စခန်းများအနက် အကြီးဆုံး လေ့ကျင့်ရေးစခန်း ဖြစ်ပါတယ်။ တူရကီအစိုးရနဲ့ စစ်တပ်ဟာ ဆိုမာလီယာက ကျွန်တော်တို့ ညီနောင်တွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးသွားမှာဖြစ်ပါတယ်” လို့ တူရကီ စစ်ဦးစီး အရာရှိချုပ် ဟူလူစီ အာကာက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ဧရိယာ ၄ စတုရန်းကီလိုမီတာခန့် အကျယ်ရှိတဲ့ အဆိုပါစခန်းကို လွန်ခဲ့သည့် နှစ်နှစ်ကတည်းက တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။

    “ဒီစစ်သင်တန်းဟာဆိုရင် ကျွန်တော်တို့ တပ်မတော်ကို ပြန်လည်တည်ဆောက်ဖို့ ထားရှိတဲ့ ကတိက၀တ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” လို့ ဆိုမာလီဝန်ကြီးချုပ် ဟာစန် အလီ ခိုင်းရ်က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ဆိုမာလီနိုင်ငံဟာ ၁၉၉၁ ခုနှစ်ကတည်းက ဆိုင်ယာဒ်ဘားရီ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့နှင့် လူမျိုးစုစစ်သွေးကြွတွေအကြား ကြာရှည်စွာ စစ်ပွဲဆင်နွှဲနေခဲ့ရတာ ဖြစ်ပါတယ်။

    Ref: Al jazeera

  • ကနေဒါ၏ တတိယအကြီးဆုံး နိုင်ငံရေးပါတီတွင် ဆစ်ခ်လူမျိုး ခေါင်းဆောင်ဖြစ်လာ

    ကနေဒါ၏ တတိယအကြီးဆုံး နိုင်ငံရေးပါတီတွင် ဆစ်ခ်လူမျိုး ခေါင်းဆောင်ဖြစ်လာ

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    NDP ပါတီခေါင်းဆောင် ဖြစ်လာသည့် ဂျဂ်မိဆင်း

    – ကနေဒါနိုင်ငံရှိ ဆစ်ခ်လူမျိုးတစ်ဦးမှာ တိုင်းပြည်၏ တတိယအင်အားအကြီးဆုံးပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရသည်ဟု သိရသည်။

    ဂျဂ်မိဆင်းဆိုသူဖြစ်ပြီး New Democratic Party (NDP) ပါတီခေါင်းဆောင်အဖြင် ယမန်နေ့က မဲခွဲဆုံးဖြတ်မှုတွင် မဲအရေအတွက် ၅၄ ရာခိုင်နှုန်း ရရှိကာ အရွေးခံခဲ့ရခြင်းဖြစ်သည်။ NDP ပါတီမှာ ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူ၏ လစ်ဘရယ်ပါတီနှင့် ကွန်ဆာဗေးတစ်ပါတီတို့နောက် တတိယ အကြီဆုံးပါတီလည်းဖြစ်သည်။

    “ကြောက်ရွံ့စိတ်နိုင်ငံရေးကို သတ္တိနိုင်ငံရေးနဲ့၊ နိုင်ငံရေးအကွဲအပြဲတွေကို မေတ္တာနိုင်ငံရေးနဲ့ တွန်းလှန်ရာမှာ ကနေဒါပြည်သူတွေဟာ စည်းလုံးညီညွတ်ရပါမယ်” ဟု ဆင်းက ရလဒ်ကြေငြာပြီးနောက် ပြောကြားခဲ့သည်။

    ရှေ့နေတစ်ယောက်ဖြစ်သည့် ဆင်းမှာ အွန်တာရီယိုရှိ ပန်ချာဘီ မိသားစုမှ မွေးဖွားလာခြင်းဖြစ်ပြီး ၀န်ကြီးချုပ် ထရူဒူကလည်း ဆင်းကို ချီးကျူးခဲ့သည်။

    “၀န်ကြီးချုပ်ကို မကြာခင်မှာ တွေ့ဆုံစကားပြောဖို့ ရှိနေပြီး ကနေဒါပြည်သူတွေအတွက် အတူတကွ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆင်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဆင်းမှာ အွန်တာရီယို ပြည်နယ်လွှတ်တော်မှ အမတ်တစ်ဦးလည်းဖြစ်သည်။

    Ref: CNA

  • အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုဖြစ်

    အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုဖြစ်

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က မြန်မာသံရုံးမှာ စနေနေ့က အသေးစားပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်သွေးကြွအုပ်စုတစ်ခုဖြစ်တဲ့ Hasm က သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက မှတ်ချက်ပေးခြင်းမရှိခဲ့ဘဲ အဲဒီဒေသမှာ နေထိုင်သူတွေနဲ့ ဒေသတွင်းမီဒီယာတွေကတော့ ဒါဟာ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်တယ်လို့ စောစောပိုင်းမှာ ပြောကြားခဲ့တာပါ။

    အခင်းဖြစ်ပွားရာနေရာမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း သဲလွန်စတွေ တွေ့ခဲ့ရတယ်လို့ လုံခြုံရေးရင်းမြစ် ၂ ခုက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်သွေးကြွ Hasm အဖွဲ့က တနင်္ဂနွေနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီဖောက်ခွဲမှုဟာ ‘ရခိုင်ပြည်နယ်က အမျိုးသမီးတွေ၊ ကလေးတွေကို သတ်ဖြတ်မှုတွေအတွက် သံရုံးကို သတိပေးတာဖြစ်ပြီး၊ ဒီအားနည်းတဲ့ သူတွေနဲ့အတူ ရှိနေတယ်’ လို့ ဖော်ပြခဲ့ပါတယ်။

    ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကတည်း ကိုင်ရိုတစ်ဝိုက် တရားသူကြီးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အခုအကြိမ်ဟာ အရပ်သားပစ်မှတ်ကို ပထမဆုံး တိုက်ခိုက်တာဖြစ်ပါတယ်။

    စစ်ဆင်ရေးတွေအတွင်း အရပ်သားတွေ၊ အပြစ်မဲ့ပြည်သူတွေကို မထိခိုက်ဖို့နဲ့ ထိခိုက်မယ်ဆိုရင် ရပ်တန့်လို့မရတဲ့ အနေအထားမျိုးနဲ့ တုန့်ပြန်သွားမယ်လို့လည်း Hasm က မြန်မာစ်တပ်ကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးကို မေးလို့မရသေးဘူးလို့ Reuters က ဖော်ပြပါတယ်။

    Hasm အဖွဲ့ဟာ ၂၀၁၃ ခုနှစ်က ပိတ်ပင်ခံထားရတဲ့ Muslim Brotherhood ပါတီနဲ့ ဆက်စပ်မှုရှိတယ်လို့ အီဂျစ်အစိုးရက စွပ်စွဲထားပြီး ပါတီကတော့ ငြင်းဆိုထားပါတယ်။

    Ref: Reuters

  • ရိုဟင်ဂျာဒုက္ခသည်များကို တိုက်ခိုက်မှုအတွက် သီရိလင်္ကာက လူ ၆ ဦးကို ဖမ်းဆီးထား 

    ရိုဟင်ဂျာဒုက္ခသည်များကို တိုက်ခိုက်မှုအတွက် သီရိလင်္ကာက လူ ၆ ဦးကို ဖမ်းဆီးထား 

    အောက်တိုဘာ ၂၊ ၂၀၁၇

    M-Media

    – ပြီးခဲ့တစ်ပတ်က ကိုလံဘိုဆင်ခြေဖုံးမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သီရိလင်္ကာ ရဲတပ်ဖွဲ့က လူ ၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

    ဘုန်းကြီးတွေဦးဆောင်တဲ့ လူအုပ်စုဟာ ကုလက စောင့်ရှောက်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦး နေထိုင်ရာ အဆောက်အဦးကို ဖျက်ဆီးဝင်ရောက်ကာ ဒုက္ခသည်တွေကိုရန်မူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ သိရိလင်္ကာအစိုးရက ဒီလုပ်ရပ်ကို ပြင်းပြင်ထန်ထန် ဝေဖန်ခဲ့ကာ ဒီလုပ်ရပ်မှာ ပါဝင်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ ဘုရားသားတော်တွေမဟုတ်ဘဲ ‘တိရိစ္ဆာန်တွေ’ သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ ဘုန်းကြီးတွေကို ကျွန်တော်တို့ ဖော်ထုတ်ပြီးပါပြီ။ အဲဒီလူတွေကို ဖမ်းဆီးဖို့ အဖွဲ့ ၃ ဖွဲ့ လွှတ်ထားပါတယ်” လို့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်တဲ့ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုတွေကို တားဆီးရင်း ရဲတပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရခဲ့ပြီး ၂ ဦးဟာ အခုအချိန်အထိ ဆေးရုံမှာ ရှိနေပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး သီရိလင်္ကာ ရဲတပ်ဖွဲ့ဟာ အမျိုးသား ၅ ဦနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားတယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဒီတိုက်ခိုက်မှုကို တားဆီးဖို့ ပျက်ကွက်မှုအတွက် ရဲတပ်ဖွဲ့ဝင်တော်တော်များများကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ကိုလံဘိုဆင်ခြေဖုံးမှာ ကုလအစောင့်အရှောက်နဲ့ နေထိုင်တဲ့ အဲဒီ ဒုက္ခသည်တွေကို သီရိလင်္ကာရေတပ်က ပင်လယ်ထဲနေ ကယ်တင်ထားတာဖြစ်ပါတယ်။

    သီရိလင်္ကာက အစွန်းရောက်ဘုန်းကြီးတွေဟာ မြန်မာနိုင်ငံက အစွန်းရောက်ဘုန်းကြီးတွေနဲ့ အဆက်သွယ်ရှိနေပြီး ဒီအုပ်စုနှစ်ခုစလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက မွတ်စလင်လူနည်းစုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေအတွက် မီးထိုးပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

    Ref: AFP