News @ M-Media

Blog

  • အစွန်းရောက်ဝါဒကို ဝေဖန်မှုကြောင့် လုပ်ကြံခံရသည့် အိန္ဒိယသတင်းထောက် ဂုဏ်ပြုခံရ

    အစွန်းရောက်ဝါဒကို ဝေဖန်မှုကြောင့် လုပ်ကြံခံရသည့် အိန္ဒိယသတင်းထောက် ဂုဏ်ပြုခံရ

    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media

    ပြီးခဲ့သည့်လက လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် သတင်းထောက် ဂူရီလန်ကက်ရှ်

    – အိန္ဒိယနိုင်ငံအတွင်း ဟိန္ဒူအစွန်းရောက်ဝါဒကို ဝေဖန်ရှုတ်ချမှုကြောင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် သတင်းထောက် ဂူရီလန်ကက်ရှ်မှာ ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ သတ္တိခဲအမျိုးသမီးများကို ချီးမြှင့်သည့် Anna Politkovskaya Award ဆုကို ရရှိခဲ့သည်ဟု သိရသည်။

    အသက် ၅၅ နှစ်အရွယ် သတင်းစာအယ်ဒီတာတစ်ဦးဖြစ်သူ သူမမှာ ဘင်္ဂါလူရူမြို့တောင်ပိုင်းရှိ သူမ၏ နေအိမ်၌ ပြီးခဲ့သည့်လတွင် သေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

    လူ့အခွင့်အရေးအဖွဲ့ Reach All Women in WAR (RAW in WAR) က ယမန်နေ့တွင် ထုတ်ပြန်သည့် Anna Politkovskaya Award ဆုရရှိသူစာရင်းတွင် လန်ကက်ရှ်မှာ တာလီဘန်များ၏ လုပ်ရပ်များကို ဝေဖန်သည့် ပါကစ္စတန်မှ အသက် ၃၁ နှစ်အရွယ် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီး ဂူလာလိုင် အစ္စလာမ်မေးလ်နှင့်အတူ ပါဝင်လာခဲ့သည်။

    “ဒီဂုဏ်ပြုဆုဟာ ကလောင်နဲ့ တိုက်ပွဲဝင်သူတွေကို စိတ်ဓာတ်ရးရာ ခွန်အားဖြစ်စေပါတယ်။ ဘယ်တော့မှ နှုတ်ဆိတ်ခိုင်းလို့ မရဘူးဆိုတဲ့ ဂူရီရဲ့ ရပ်တည်ချက်အတွက် ဂုဏ်ပြုမှုပါ” ဟု လန်ကရှ်၏ ညီမဖြစ်သူ ကာဗီသာက ပြောကြားခဲ့သည်။

    အိန္ဒိယတွင် ဟိန္ဒူအမျိုးသားရေးဝါဒအား ဝေဖန်သူများကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် စော်ကားခြင်း၊ အမျိုးသမီးသတင်းထောက်များအား သတ်ဖြတ်မည်၊ အဓမ္မကျင့်မည်ဟု ခြိမ်းခြောက်ခြင်းများ ရှိနေပြီး စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

    Ref: Alarabiya

  • နတ်ရွာစံဘုရင် ဘူမိဘောအား ထိုင်းပြည်သူ ၁၂ သန်း လာရောက်ဂါရ၀ပြု

    နတ်ရွာစံဘုရင် ဘူမိဘောအား ထိုင်းပြည်သူ ၁၂ သန်း လာရောက်ဂါရ၀ပြု

    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media

    – ယမန်နှစ် အောက်တိုဘာလက ကံတော်ကုန်သွားခဲ့သည့် ထိုင်းဘုရင်ဘူမိဘော အဒူယာဒက်ကို အရိုအသေပေးရန်အတွက် ဘန်ကောက်ရှိ ဘုရင့်နန်းတော်သို့ နိုင်ငံ့လူဦးရေ၏ ၆ ပုံ ၁ ပုံဖြစ်သော လူ ၁၂ သန်းနီးပါး လာရောက်ခဲ့ကြသည်ဟု သိရသည်။

    အောက်တိုဘာ ၂၆ ရက်နေ့တွင် မီးသဂြိုဟ်မည်ဖြစ်သည့် ဘုရင်ကြီး၏ ရုပ်ကလပ်ကို ယမန်နေ့က နောက်ဆုံး ဂါရ၀ပြုခွင့် ပေးခဲ့ပြီး နန်းတော်အတွင်းဝင်ရောက်ရန် ချောင်ဖရာယာ မြစ်အနီး ဘန်ကောက်၏ သမိုင်းဝင်နေရာ လမ်းမပေါ်များ၌ လူထောင်ပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။

    လူတန်းမှာ ၂ ကီလိုမီတာအထိ ရှည်လျားကြောင်း၊ ဗုဒ္ဓဟူးနေ့ကတည်းက တန်းစီနေခဲ့တာ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    “ကျွန်တော် ဒီကို ညနေ ၆ နာရီကတည်းက ရောက်နေတာပါ၊ မနက် ၇ နာရီလောက်မှာ ဂါရပြုခွင့် ရခဲ့ပါတယ်။ မနေ့ညက မိုးရေထဲမှာ စောင့်ခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဖခင်ကြီးကို မဖြစ်မနေ ဂါရ၀ပြုရမှာပါ” ဟု အသက် ၃၃ နှစ်အရွယ်ရှိသူ ဘန်ကောက်မြို့နေ Tossapon Thongmak က ပြောကြားခဲ့သည်။

    သက်တော် ၈၈ နှစ် ရှိသူ ထိုင်းဘုရင် ဘူမိဘောသည် ယမန်နှစ် အောက်တိုဘာက ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ခန္ဓာကိုယ်ကို ဘုရင့်နန်းတော်ရှိ ရွှေခန်းမထဲ၌ ထားရှိသည်။

    Source : Reuters

  • ရိုဟင်ဂျာ ၈ သိန်းအတွက် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်မည်

    ရိုဟင်ဂျာ ၈ သိန်းအတွက် ဘင်္ဂလားဒေ့ရှ်က ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်မည်

    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ

    – မြန်မာနိုင်ငံက ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက်ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    သြဂုတ်လနှောင်းပိုင်းက ရိုဟင်ဂျာလက်နက်ကိုင်တွေ ရခိုင်မြောက်ပိုင်းက ရဲကင်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန် ဖြစ်ပွားလာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက သတင်းထုတ်ပြန်ထားပါတယ်။

    ၁၉၇၈ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ၃ သိန်းလောက် ရှိနေပြီး အခုအရေတွက်နဲ့ဆို စုစုပေါင်း ၈ သိန်းလောက် ဖြစ်လာပါတယ်။

    ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ ကယ်ဆယ်ရေးဝန်ကြီး မိုဖက်ဇဲလ် ဟိုစိန် ချောင်ဒရီ မာယာက ကော့ဇ်ဘဇား နယ်စပ်တစ်လျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ယာယီတဲတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေအားလုံးကို စခန်းအသစ်တစ်ခုမှာ နေရာချထားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြန့်ကျဲနေထိုင်နေကြတဲ့သူတွေကို တစ်နေရာထဲမှာ ထားပေးသွားမှာပါ။ ဒီအတွက် နေရာထပ်လိုပြီး ဖြည်းဖြည်းချင်း ခေါ်ယူသွားမှာပါ” လို့ ၀န်ကြီးက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    တစ်ချို့မိသားစုတွေဟာ Kutupalong Extension လို့ အမည်ပေးထားတဲ့ အဲဒီစခန်းသစ်ကို ပြောင်းရွှေ့နေကြကြောင်း၊ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေထဲက ၂ ခုကို ပိတ်ပစ်လိုက်ပြီဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ကုလကတော့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ဖက်က ကြိုဆိုမှုအတွက် ချီးကျူးခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီဖို့အတွက် ကန်ဒေါ်လာ သန်း ၄၃၀ လောက် လိုမယ်လို့ ပြောကြားထားပါတယ်။

    လက်ရှိမှာ ယူဂန်ဒါနိုင်ငံက ဘီဒီဘီဒီ ဒုက္ခသည်စခန်းဟာ လူဦးရေ ၂၈၅၀၀၀ နဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပြီး ကင်ညာနိုင်ငံက ဒါဒဘ် ဒုက္ခသည်စခန်းကတော့ လူဦးရေ ၂၄၅၀၀၀ နဲ့ ဒုတိယ လိုက်ပါတယ်။

    ကော့ဇ်ဘဇားက ဒီစခန်းသစ်ထဲ ရိုဟင်ဂျာတွေကို ပြောင်းရွှေ့နေရာချမှု ပြီးသွားရင် ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းရှိရာနိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    Ref: CNA

     

  • ပါကစ္စတန်ရှိ မွတ်စလင်သူတော်စဉ်တစ်ဦး၏ ဂူဗိမာန်တွင် အသေခံဗုံးခွဲမှုဖြစ်

    ပါကစ္စတန်ရှိ မွတ်စလင်သူတော်စဉ်တစ်ဦး၏ ဂူဗိမာန်တွင် အသေခံဗုံးခွဲမှုဖြစ်

    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်နိုင်ငံ ဘာလိုချစ္စတန်ပြည်နယ်ရှိ မွတ်စလင် ဆူဖီသူတော်စဉ်တစ်ဦး၏ ဂူဗိမာန်တွင် ယမန်နေ့က အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၈ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဂျဟာလ် မဂ်ဆီခရိုင်ရှိ Fateh Pur ဗိမာန် အ၀င်အ၀တွင် အသေခံဗုံးခွဲသမားတစ်ဦးက အထဲသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ပြီး ရဲတပ်ဖွဲ့ အစောင့်များက တားဆီးရာမှ ဗုံးခွဲခဲ့ခြင်းဖြစ်သည်။

    ဆူဖီသူတော်စဉ် ပီရ် ရာခဲလ် ရှားကို ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ထားသည့် အဆိုပါ ဂူဗိမာန်တွင် ၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ကလည်း အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃၅ ဦး သေဆုံးခဲ့သည်။

    ယမန်နေ့ ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူ ၂၅ ဦး၌ ၂၀ မှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသောကြောင့် သေဆုံးသူ အရေအတွက်မှာ တိုးလာဖွယ် ရှိနေသည်။

    ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    ပါကစ္စတန်မှာ တာလီဘန်အဖွဲ့ (TTP)၊ အခြားသော လက်နက်ကိုင်အဖွဲ့များနှင့် ၂၀၀၇ ခုနှစ်ကတည်းက တိုက်ခိုက်လာခဲ့ရပြီး ပြီးခဲ့သည့် ၃ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများမှာ မြင့်တက်လာခဲ့သည်။

    ၂၀၁၆ ခုနှစ်မှစ၍ IS ၏ ခြိမ်းခြောက်မှုကိုလည်း တိုးမြှင့်ခံစားလာရပြီး ၎င်းတို့အဖွဲ့မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့ကာ အထူးသဖြင့် မွတ်စလင်သူတော်စဉ်များ၏ ဂူဗိမာန်ကို တိုက်ခိုက်မှုများလည်း ပါဝင်သည်။

    နိုဝင်ဘာလက ဘာလိုချစ္စတန်ပြည်နယ် ဂျဟာလ် မဂ်ဆီတောင်ဘက်ရှိ ဆူဖီသူတော်စဉ်တစ်ဦး၏ ဂူဗိမာန်တွင် IS က ဗုံးခွဲမှုကြောင့် အနည်းဆုံး ၅၂ ဦး သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ရခိုင်ကိစ္စက နိုင်ငံတကာ အကြမ်းဖက်သမားများအား ဖိတ်ခေါ်သလိုဖြစ်မည်ဟု ကန်သတိပေး

    ရခိုင်ကိစ္စက နိုင်ငံတကာ အကြမ်းဖက်သမားများအား ဖိတ်ခေါ်သလိုဖြစ်မည်ဟု ကန်သတိပေး

    အောက်တိုဘာ ၆၊ ၂၀၁၇
    M-Media

    ၎င်းတို့ကြုံတွေ့ခဲ့ရမှုကို ရိုဟင်ဂျာကလေးငယ်တစ်ဦးက သရုပ်ဖော်ရေးဆွဲထားမှု

    – မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ သန်းဝက်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတာဟာ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်စေနိုင်ပြီး နိုင်ငံတကာက အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်တယ်လို့ အမေရိကန်အစိုးရက မနေ့မှာ သတိပေးလိုက်ပါတယ်။

    အရှေ့တောင်အာရှဆိုင်ရာ အမေရိကန်ရဲ့ အကြီးတန်း တာဝန်ရှိသူ ပက်ထရစ်မာဖီက အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီကို တင်ပြမှုမှာ ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ထရမ့်အစိုးရက မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လုပ်မလားဆိုတာကိုတော့ မပြောခဲ့ပါဘူး။

    လွန်ခဲ့တဲ့ ၆ ပတ်အရင် ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကိုမှုကို ‘သင့်လျော်မှုမရှိတဲ့ တုန့်ပြန်မှု’ အတွက် မြန်မာလုံခြုံရေးတပ်ဖွဲ့ကို အပြစ်တင်ရမယ်လို့လည်း မာဖီက ဆိုပါတယ်။ ဒါပေမယ့် ‘လူမျိုးစုလိုက် သုတ်သင်ရှင်လင်းမှု’ ဖြစ်နေပြီလားဆိုတဲ့ အမေးကိုတော့ မာဖီက ရှောင်ခဲ့ပြီး ‘လူသားဖြစ်ရပ်ဆိုးကြီး’ လို့သာ သုံးနှုန်းခဲ့ပါတယ်။

    ဒီလိုသုံးနှုန်းမှုအတွက် တစ်ချို့ လွှတ်တော်အမတ်တွေက မကျေနပ်ပါဘူး။

    ဘင်္ဂလားဒေ့ရှ်ဖက်ကို လူ သန်းဝက်လောက် ထွက်သွားတဲ့အပြင်၊ ရခိုင်ပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ ၂ သိန်းလောက်ရှိကြောင်း၊ လွန်ခဲ့တဲ့ တစ်လအရင်ကတည်းက စစ်ဆင်ရေးတွေ ရပ်တန့်ထားတယ်လို့ အစိုးရက အာမခံထားပေမယ့် ရွာသားတွေဟာ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးဆက်ရှို့နေတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို နှောက်ယှက် ဟန့်တားနေတာတွေ ရှိနေကြောင်း မာဖီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အာရုဏ်ဦးဟာ အလှည့်အပြောင်းတစ်ခုမှာ ရှိနေပြီး၊ အလွန်အကျွံ တုန့်ပြန်မှုတွေက နိုင်ငံတကာ အကြမ်းဖက်သမားတွေကို ဖိတ်ခေါ်သလိုဖြစ်ကာ၊ အခြားအိမ်နီးချင်းနိုင်ငံတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

    ထရမ့်အစိုးရအနေနဲ့ ဒီကိစ္စ အပြောင်းအလဲဖြစ်အောင် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို ရှာဖွေနေပြီး၊ အမေရိကန်ဟာ မြန်မာစစ်တပ်အပေါ် ကန့်သတ်မှုတစ်ချို့ ပြုလုပ်ထားကာ၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် ဗီဇာထုတ်ပေးတာမျိုး တော်တော်နည်းတယ်လို့ မာဖီက ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့အတွက် ကာကွယ်ရေးဦးချုပ်မှာ အဓိကတာဝန်ရှိပြီး၊ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို သင့်လျော်တဲ့နည်းလမ်းနဲ့ ဖြေရှင်းရမယ်လို့လည်း မာဖီက ဆိုပါတယ်။

    Ref: Foxnews