News @ M-Media

Blog

  • ရခိုင်အရေး အနီးကပ်စောင့်ကြည့်နေပြီး အကူအညီများ ပေးပို့မည်ဟု ထိုင်းပြော

    ရခိုင်အရေး အနီးကပ်စောင့်ကြည့်နေပြီး အကူအညီများ ပေးပို့မည်ဟု ထိုင်းပြော

    အောက်တိုဘာ ၁၊ ၂၀၁၇
    M-Media

    ရခိုင်ပြည်နယ် မတည်ငြိမ်မှုကြောင့် ထွက်ပြေးလာရသူများ

    – ရခိုင်ပြည်နယ်က အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေကို အကူအညီပေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံတဲ့ပတ်သက်လို့ ရှားရှားပါးပါးထုတ်ပြန်တဲ့ ကြေငြာချက်ဖြစ်ပြီး ဒီကိစ္စတွေအတွက် စိုးရိမ်မိတယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်း ၃၀ လောက်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ် မတည်ငြိမ်မှုတွေမှာ ရိုဟင်ဂျာ ၄ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

    မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်မှု၊ အဓမ္မကျင့်မှု၊ နေအိမ် မီးရှို့မှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်နေပြီး ကုလ တာဝန်ရှိသူတွေက ‘လူမျိုးစုလိုက် သုတ်သင်မှု’ လို့တောင် စွပ်စွဲထားကြပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီစွပ်စွဲချက်တွေ အားလုံးကို ပယ်ချထားပါတယ်။

    “ထိုင်းနိုင်ငံဟာ ရခိုင်ပြည်နယ်က အခြေအနေကို စိုးရိမ်မှုနဲ့ အနီးကပ်စောင့်ကြည့်နေပါတယ်။ တော်ဝင် ထိုင်းအစိုးရဟာ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကာကွယ်စောင့်ရှောက်ရေး အမြဲတမ်း အရေးတယူ ဆောင်ရွက်ခဲ့ပါတယ်” လို့ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် မြန်မာနိုင်ငံသား တစ်သိန်းလောက် စခန်း ၉ ခုမှာ နေထိုင်မှုကို ရည်ညွှန်းပြီး ၀န်ကြီးဌာနရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်အပေါ် လူ့အခွင့်အရေး အဖွဲ့တွေက မေးခွန်ထုတ်လာမှုကို တုန့်ပြန်တဲ့အနေနဲ့ ဒီလို ကြေငြာချက် ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

    အပြစ်မဲ့အရပ်သားတွေ သေဆုံးရတဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအားလုံးကို ရှုတ်ချတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပြီးခဲ့တဲ့တစ်ပတ်က ကြေငြာချက်ကို ထိုင်းနိုင်ငံကလည်း ထောက်ခံထားပါတယ်။

    ရခိုင်ပြည်နယ်က မတည်ငြိမ်မှု နောက်ဆက်တွဲကြောင့် ထိုင်းနိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်တွေ မရှိသေးဘူးလို့ မနေ့က ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    Ref: Reuters

  • အနာဂတ်တွင် ကမ္ဘာတစ်ဝှမ်း နာရီဝက်အတွင်း ဒုံးပျံနှင့် ခရီးသွားနိုင်တော့မည်

    အနာဂတ်တွင် ကမ္ဘာတစ်ဝှမ်း နာရီဝက်အတွင်း ဒုံးပျံနှင့် ခရီးသွားနိုင်တော့မည်

    စက်တင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    – လူသားတွေဟာ ကမ္ဘာ့မြို့ကြီးတွေကို မိနစ်ပိုင်းအတွင်း ဒုံးပျံနဲ့ သွားနိုင်မယ့် အစီအစဉ်တစ်ခုကို အမေရိကန်က ဒုံးပျံကုမ္ပဏီ Space X အကြီးအကဲ အေလွန်မက်စ်က ထုတ်ဖော်ပြသလိုက်ပါတယ်။

    အေလွန် မက်စ်နဲ့ Space X ဟာ အင်္ဂါဂြိုဟ်ကို လူပို့ဆောင်မယ့် ကြီးမားတဲ့ စီမံကိန်းကို စီစဉ်နေပြီး သောကြာနေ့က သြစတေးလျနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ အာကာသကွန်ဂရက် (IAC) မှာ သူ့ရဲ့ ဒီအစီအစဉ်သစ်ကို ဖွင့်ပြောလိုက်တာပါ။

    “ရလဒ်ဟာ တော်တော်လေး စိတ်ဝင်စားစရာကောင်းမှာပါ။ အာကာသမှာ ခရီးသွားရတဲ့ ကောင်းမွန်တဲ့အချက်တစ်ခုက ပွတ်တိုက်မှု မရှိတာပါ။ လေထုကနေ ထွက်သွားပြီဆိုတာနဲ့ ညိမ့်ညောင်းသွားပြီး ရာသီဥတု မရှိတော့ပါဘူး” လို့ နယူးယောက်ကနေ ရှန်ဟိုင်းကို နာရီဝက်အတွင်းသွားတဲ့ သရုပ်ဖော် ဗီဒီယိုကိုပြသရင်း သူက ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ဘယ်နေရာသွားသွား နေရာအများစုဟာ မိနစ် ၃၀ အောက်သာ ကြာမြင့်မှာဖြစ်ပြီး တစ်နာရီထက် ပိုမကြာနိုင်ဘူးလို့လည်း ဆိုပါတယ်။

    ဒီတင်ဆက်မှုအပြီး Instagram စာမျက်နှာမှာ မက်စ်က အဲဒီ ဒုံးပျံခရီးစဉ်အတွက် ထိုင်ခုံတစ်ခုတန်ဖိုးဟာ လက်ရှိ လေယာဉ်လက်မှတ်တန်ဖိုးသာ ရှိမယ်လို့ ရေးသားခဲ့ပါတယ်။

    Space X ကုမ္ပဏီဟာ ၂၀၂၂ ခုမှာ အင်္ဂါဂြိုဟ်ကို ပစ္စည်းတင် အာကာသယာဉ်တွေ ပိုဖို့နဲ့ ၂၀၂၄ ခုနှစ်မှာ လူပို့ဖို့အထိ စီစဉ်ထားတာပါ။

    လက်ရှိမှာ ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ ပြန်လည်အသုံးပြုနိုင်တဲ့ BFR ဒုံးပျံတွေ ထုတ်လုပ်ဖို့ စီစဉ်နေပြီး လာမယ့်နှစ် အလယ်လောက်မှာ ပထမဆုံးတစ်ခုကို စတင်ထုတ်မှာဖြစ်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ခရီးသည်တွေကို ပို့ဆောင်ရေးမှာလည်း တစ်နာရီကို ကီလိုမီတာ ၂၇၀၀၀ လောက်သွားမယ့် BFR ဒုံးပျံကိုပဲ အသုံးပြုမယ်လို့ မက်စ်က ဆိုပါတယ်။

    ဒီအစီအစဉ် အမှန်တကယ်ဖြစ်လာနိုင်လားဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။

    Ref: CNN

  • မော်ရိုကိုရှိ ဗလီဝတ်ကျောင်းတော်တစ်ခု ကျေးရွာမီးလင်းရေး အချက်အခြာဖြစ်နေ

    မော်ရိုကိုရှိ ဗလီဝတ်ကျောင်းတော်တစ်ခု ကျေးရွာမီးလင်းရေး အချက်အခြာဖြစ်နေ

    စက်တင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    ကျေးရွာကိုမီးပေးနေသည့် တဒ်မာမတ်ရွာမှ ဗလီ

    – တဒ်မာမတ်ဆိုတဲ့ရွာလေးဟာ မော်ရိုကိုနိုင်ငံမှာ ကြက်ပျံမကျ စည်ကားတဲ့ မာရာကက်ခ်ျမြို့ကနေ တစ်နာရီလောက် ကားမောင်းသွားရတဲ့ အကွာအဝေးမှာ ရှိပေမယ့် လူသူအရောက်အပေါက်နည်းတဲ့ ဒေသပါ။

    တောင်တန်းပေါ်မှာ တည်ရှိပြီး အနီးဆုံးရွာနဲ့ ၂၅ မိုင်လောက်ဝေးတဲ့ ဒီရွာလေးမှာ ရွာသား ၄၀၀ လောက်ရှိပြီး တောသူတောင်သားတွေ ဖြစ်ပါတယ်။

    မုယောစပါး၊ အာလူးနဲ့ ပန်းသီးတွေဟာ တဒ်မာမတ်ရွာရဲ့ အဓိက ၀င်ငွေရ ထွက်ကုန်တွေဖြစ်ပါတယ်။ ရွာသားအများစုဟာ ကားမရှိပါဘူး။ ကြည့်စရာ စမတ်ဖုန်းတွေ၊ အင်တာနက်လိုင်းတွေလည်း မရှိပါဘူး။ အထူးသဖြင့် ပြင်းထန်လှတဲ့ ဆောင်းရာသီမှာ လျှပ်စစ်ဓာတ်အားရဖို့တောင် ခက်ခဲလွန်းလှပါတယ်။

    ဒီလူတွေရဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေခဲ့ပြီးတဲ့နောက် နောက်ဆုံးမှာတော့ ၀တ်ပြုရာနေရာ ဗလီဝတ်ကျောင်းတော်ကနေ စွမ်းအင်တွေကို ရယူသုံးစွဲ လာနိုင်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်မှာ တဒ်မာမတ်ရွာသားတွေဟာ နိုင်ငံရဲ့ ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းအရ သူတို့ရဲ့ ဗလီဝတ်ကျောင်းတော်မှာ ပထမဆုံး နေစွမ်းအင်သုံးစနစ် တပ်ဆင်တော့မယ်ဆိုတဲ့ သတင်းကောင်းတစ်ခု ရရှိခဲ့ပါတယ်။ ဆိုလာဆဲလ်တွေကို ဗလီခေါင်မိုးမှာ တပ်ဆင်မှာဖြစ်ပြီး ဒီကရတဲ့ စွမ်းအင်ကို ဗလီနဲ့ ရှေ့ဆောင်ဆရာရဲ့ အိမ်တွေသာမက ရွာထဲကိုပါ ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။

    မော်ရိုကိုအစိုးရဟာ အများပြည်သူသုံး အဆောက်အဦးတွေမှာ စွမ်းအင်အသုံးပြုမှု လျှော့ချရေး စီမံကိန်းကို လွန်ခဲ့တဲ့ ၃ နှစ်က စတင်ခဲ့ပြီး၊ ပထမဆုံးအဖြစ် ‘အစိမ်းရောင်ဗလီ’ ခေါင်းစဉ်နဲ့ နိုင်ငံအတွင်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၅၁၀၀၀ ကို နေစွမ်းအင်အသုံးပြု အဆောက်အဦး ဖြစ်လာနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။

    ဗလီဝတ်ကျာင်းတော်တွေဟာ စွမ်းအင်သုံးစွဲမှု မများတာကြောင့် ဒီနေရာတွေမှာ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုရေး စတင်ဆောင်ရွက်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ စီမံကိန်းကို တာဝန်ယူနေတဲ့ ဂျာမန်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူ ဂျန်-ခရစ္စတို ကန့်ဇီက ပြောကြားခဲ့ပါတယ်။

    တဒ်မာမတ်မြို့လေးမှာ ဗလီဝတ်ကျောင်းတော်ဟာ တစ်ခုတည်းသော အများပြည်သူသုံး နေရာဖြစ်ပြီး ရှိနေတဲ့ စာသင်ကျောင်းလေးတစ်ခုကလည်း ပြုပြင်နေတာကြောင့် လက်ရှိ ကလေးတွေကို ဒီဗလီဝတ်ကျောင်းတော်မှာပဲ စာသင်ပေးနေပါတယ်။

    “မီးရသွားတဲ့အတွက် ကလေးတွေဟာ ဗလီမှာ ကြိုက်တဲ့အချိန် စာလာကျက်နိုင်ပါတယ်။ စာသင်ကျောင်းမှာ မီးမရှိပါဘူး” လို့ ရွာသူကြီး ဘရာဟင် အစ်ဘ်စလာမ်က ပြောကြားခဲ့ပါတယ်။

    ရွာသူတစ်ဦးဖြစ်တဲ့ တူလီ ကီဘီရာက အရင် မီးမရှိစဉ်တုန်းကဆိုရင် ဉည့်ဦးယံဝတ်ပြုမှုမှာ ဖယောင်းတိုင်ထွန်းရပြီး လေတိုက်ရင် မီးငြိမ်းသွားတဲ့အတွက် အမှောင်ထဲမှာ ၀တ်ပြုရကြောင်း ပြောကြားခဲ့ပါတယ်။

    ဆိုလာစွမ်းအင်နဲ့ဗလီဟာ လက်ရှိမှာ ဒီပြဿနာကို ဖြေရှင်းနိုင်ရုံသာမက ရွာရဲ့ လမ်းမီးတွေ၊ စိုက်ပျိုးဖို့အတွက် ရေတင်စက်တွေအတွက်ပါ စွမ်းအင်ပေးနိုင်နေပြီ ဖြစ်ပါတယ်။

    တဒ်မာမတ်လို ၀င်ငွေနည်းပါးသူတွေနေထိုင်တဲ့ ရွာမှာ အိမ်တိုင်း နေရောင်ခြည်သုံး စွမ်းအင်စနစ်ကို မတပ်ဆင်နိုင်တာကြောင့် ဗလီဝတ်ကျောင်းတော်က ဖြန့်ဖြူးပေးတဲ့ စွမ်းအင်ကို မှီခိုအသုံးပြုနေရပါတယ်။

    “ပဲရစ် ရာသီဥတုဆိုရာ သဘောတူညီချက်” အရ မော်ရိုကိုဟာ ၂၀၃၀ ခုနှစ်မှာ ကာဘွန်ထုတ်လုပ်မှုကို ၃၄ ရာခိုင်နှုန်းအထိ လျှော့ချဖို့ စီစဉ်ထားပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပထမအသုတ်အဖြစ် ဗလီ ၁၀၀ လောက်ကို ဆိုလာစွမ်းအင် တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ ဒီဗလီတွေထဲမှာ မြို့တော် မရာကက်ခ်ျက အကြီးဆုံး ဗလီဝတ်ကျောင်းတော်ကြီး ၂ လုံးလည်း ပါဝင်ပါတယ်။

    ပြည့်ဖြိုးမြဲစွမ်းအင်အတွက် နေရောင်ခြည်အအပါအ၀င်၊ လေအားနဲ့ ရေအားတွေကိုလည်း မော်ရိုကိုက အသုံးပြုဖို့ စီစဉ်ထားပြီး ၂၀၃၀ ခုနှစ်ရောက်ရင် နိုင်ငံရဲ့ စွမ်းအင်ထုတ်လ်ုပမှု ၅၂ ရာခိုင်နှုန်းကို ပြည့်ဖြိုးမြဲ စွမ်းအင်တွေကနေ ရယူဖို့ ရည်မှန်းထားပါတယ်။

    Ref: BBC

  • ကာတာလိုနီယာဒေသလွတ်လပ်ရေး စပိန်အစိုးရနှင့် ဒေသခံများအကြား တင်းမာမှု မြင့်တက်

    ကာတာလိုနီယာဒေသလွတ်လပ်ရေး စပိန်အစိုးရနှင့် ဒေသခံများအကြား တင်းမာမှု မြင့်တက်

    စက်တင်ဘာ ၃၀၊ ၂၀၁၇
    M-Media

    ကာ့တ်လန်ပြည်သူများ၏ ဆန္ဒပြမှုတစ်ခု

    – စပိန်နိုင်ငံရှိ ကာတာလိုနီယာဒေသလွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲအတွက် ဒေသခံများနှင့် စပိန်ဗဟိုအစိုးရအကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီး မဲရုံများကို ပြည်သူများက သိမ်းပိုက်ထားသည်အထိ ဖြစ်လာခဲ့သည်။

    တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဉ်ထားသည့် အဆိုပါဆန္ဒခံယူပွဲကို စပိန်အစိုးရက ဆန့်ကျင်ထားပြီး ပြည်သူများ မဲထည့်ခွင့်မရရန်အတွက် ကာတာလိုနီယာမြို့တော် ဘာစီလိုနာသို့ ရဲတပ်ဖွဲ့ဝင် အမြောက်အများ ထပ်မံစေလွှတ်ထားသည်။

    ကာတာလိုနီယာဒေသတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများကို ဆန္ဒခံယူပွဲအတွက် အသုံးပြုခြင်းမှ တားဆီးရန် ဗုဒ္ဓဟူးနေ့တွင် တရားရုံးက ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့သည်။

    မဲရုံအများစုကို စာသင်ကျောင်းများတွင် သတ်မှတ်ထားခြင်းဖြစ်ပြီး ယမန်နေ့ ကျောင်းဆင်းချိန်တွင် တက်ကြွလှုပ်ရှားသူများ၊ မိဘများမှာ ၎င်းတို့၏ ကလေးများနှင့်အတူ မဲရုံပြုလုပ်မည့် ကျောင်းပေါင်း ၁၆၀ ကျော်ကို သိမ်းပိုက်ခဲ့ကြသည်။

    ဒေသရဲတပ်ဖွဲ့ အကြီးအကဲက စာသင်ကျောင်းများရှိ လူအုပ်ကို ဖယ်ရှားကာ တနင်္ဂနွေနေ့မနက် ၆ နာရီ နောက်ဆုံးထား၍ မဲရုံများကို ပိတ်ပစ်ရန် အမိန့်ပေးထားသည်။ မဲပေးမှုကို မနက် ၉ နာရီတွင် စတင်ရန် စီစဉ်ထားသည်။

    ကာ့တ်လန်ပြည်သူ တစ်သောင်းခန့်မှာ ယမန်နေ့ညနေပိုင်းကလည်း ပြည်သူ့ဆန္ဒခံယူပွဲကို ထောက်ခံသည့် ချီတက်ဆန္ဒပြမှုကို ဘာစီလိုနာတွင် ကျင်းပခဲ့ကြသည်။

    စပိန်အစိုးရကမူ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးထားပြီး၊ အခြေခံဥပဒေနှင့် မညီညွတ်သည့် ထိုလုပ်ရပ်ကို ဆောင်ရွက်ပါက ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ထုတ်ပြန်ထားသည်။

    Ref: Aljazeera

  • “လမ်းပြကြယ် ကျောင်းသားလူငယ်လေးများ စိတ်ဒဏ်ရာ မခံစား ရလေအောင်”

    “လမ်းပြကြယ် ကျောင်းသားလူငယ်လေးများ စိတ်ဒဏ်ရာ မခံစား ရလေအောင်”

    “ကျောင်းတံခါးကြီးတစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းသည် အကျဉ်းထောင်တံခါးတစ်ချပ်ကို ပိတ်လိုက်နိုင်ခြင်းဖြစ်ပါသည်။”ဟု စာရေးသူငယ်စဉ်က စာစီစာကုံးများတွင် ဖတ်ခဲ့ဖူးပါသည်။ ဆရာဟူသည် ဘုရား။တရား၊သံဃာ၊မိဘ၊ဆရာသမားဟူသော အနန္တဂိုဏ်းဝင် ရတနာငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ဘုရားသားတော် သံဃာတော်များသည် ဝိနည်းတော်များ နှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်နေရသလို အနာဂတ်လမ်းပြကြယ် ကျောင်းသား၊ကျောင်းသူ လေးများရဲ့ ပဲ့ကိုင်ရှင် ဆရာသမားများတွင်လည်း ဆရာကျင့်ဝတ်များ ရှိကြပါသည်။

    “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။”ဟူသည် ဆရာသမားများ၏ ကျင့်ဝတ်များပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရတနာငါးပါးဂိုဏ်းဝင် ကန်တော့ခံ လူတန်းစားစာရင်းဝင် ဆရာသမားများအား “အာစရိယ၊ ဂုဏေ၊ အနန္တော”ဟူ၍ ဂုဏ်ပေးတင်စားကြခြင်းဖြစ်ပါသည်။

    နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာအရင်းအမြစ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံအနှံ့စာသင်ကျောင်း အသီးသီးရှိ ကျောင်းသား၊ကျောင်းသူလေးများသည် ပညာအရင်းအမြစ်ပိုင်ရှင်လေးများ ဖြစ်ကြသည်။ ပဲ့ကိုင်ရှင် ဆရာသမားတို့အနေနဲ့ မိမိတို့ထံ ပညာလာရောက် ဆည်းပူးနေသော လူ့စွမ်းအား အရင်းအမြစ် ပိုင်ရှင်လေးများအား ပညာသင်ကြား ဆုံးမရာတွင် စည်းကမ်းနည်းလမ်းများသည် စံနမူနာဖြစ်ဖို့ အရေးကြီးလာပါသည်။ “အမျိုးသား စည်း ကမ်းအစ၊ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်သည် ပညာရေးလောကသားတို့ လိုက်နာစံထား ရမည့်အချက်ကို မီးမောင်းထိုးပြနေပေသည်။

    ကမ္ဘာပေါ်ရှိ တရုတ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကျူးဘားနိုင်ငံ၊ ဗီယက်နမ် နိုင်ငံစသည့် ကွန်မြူနစ်ဝါဒ ကျင့်သုံးနေကြသည့် တိုင်းပြည်များတွင် ကျောင်းဆရာ၊ ဆရာမများသည် တပည့်များအား အပြစ်ပေးဆုံးမရာတွင် အလွန် ခက်ထန်ကြမ်းတမ်းလှသည်ကို သတိပြုမိပါသည်။ မကြာသေးမီက အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဆရာမ၏ရိုက်နှက်ဆုံးမမှု့ကြောင့် ကျောင်းသားလေး သေဆုံးခဲ့ရပါသည်။ “အနောက်နိုင်ငံများတွင် ဆရာ၊ ဆရာမများ မဆိုထားဘိ ခလေးမိဘများသည်ပင် မိမိတို့သားသမီးရင်းချာများကို ရိုက်နှက်ဆုံးမခြင်းမပြုရန်” ဥပဒေဖြင့် အခိုင်အမာ သတိပေးတားမြစ်ထားပေသည်။

    သို့သော် စာရေးသူတို့နိုင်ငံတွင် အခြေခံပညာဦးစီးဋ္ဌာန လက်အောက်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းဆရာ၊ ဆရာမများသည် ဆယ်စုနှစ်ပေါင်းများစွာ မလျော်ကန် သည့် နည်းလမ်းများနှင့်ဆုံးမ အပြစ်ပေးနေပါသည်။ ဥပမာတင်ပြရလျှင်

    (၁) တင်ပါးကို အရှိုးရာထင်အောင်၊ သွေးချည်ဥအောင် ရိုက်နှက်ဆုံးမနေခြင်း။

    (၂) စာသင်ခုံပေါ် မှောက်ခိုင်းကာ တင်ပါးကို ကြိမ်လုံး(သို့မဟုတ်) ဝါးခြမ်းပြားနှစ်ပြား ပူးပြီး ရိုက်နှက် ဆုံးမနေခြင်း။

    (၃) စာမရသည့် ကျောင်းသား၊ကျောင်းသူများကို စာသင်ခန်းများအတွင်း၊ ကျောင်းဝင်းအတွင်း၊ ပတ်ပြေးခိုင်းကာ ဆုံးမခြင်း။

    (၄) Assembly ကွင်းပြင်ထဲတွင် ထွက်ခိုင်းကာ အရှိုးရာထပ်နေအောင် ရိုက်နှက်အပြစ်ပေးခြင်း။

    (၅) စာသင်ချိန်ကုန်တဲ့အထိ အတန်းထဲမှာ လက်မြှောက်ခိုင်းခြင်း။

    (၆)စာရသည့်ကျောင်းသားက စာမရသည့်ကျောင်းသူကိုလည်းကောင်း၊ စာရသည့်ကျောင်းသူက စာမရသည့် ကျောင်းသားကို နားရွက်ဆွဲစေခြင်း။ စသည့် နည်းလမ်းမျိုးစုံဖြင့် ယနေ့ခေတ် အခါသမယနှင့် သဟဇာတဖြစ်စွာ၊ လိမ္မာပါးနပ်စွာ၊ ပြောဆို ဆုံးမခြင်းမရှိသူက အတော်များပြားနေပေသည်။

    ထို့ကြောင့်လည်း ပြီးခဲ့တဲ့ သြဂုတ်လက ပညာရေးဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက “အခြေခံပညာကျောင်းများတွင် စာသင်ကြားနေသော ဆရာ၊ဆရာမများအနေဖြင့် မိမိတို့ တပည့်များအား ရိုက်နှက်ပြီး အပြစ်ပေးဆုံးမခြင်း မပြုရန်။”သတိပေးလမ်းညွှန်ခဲ့ပါသည်။ သို့ သော်လည်း လူတိုင်း၏အဓိက ရန်သူကြီးဖြစ်သည့် အတ္တနှင့်ဒေါသကို ထိန်းချုပ်နိုင်စွမ်း မရှိသည့် အတွက် မကြာသေးမီက ဟိုးလေးတကျော်ဖြစ်သွားခဲ့ရသည့် ပညာရေးလောကမှ ဖြစ်စဉ်လေးတစ်ခုကို စာရေးသူတင်ပြချင်ပါသည်။

    စက်တင်ဘာလ ၂၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီးရေတာရှည်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် အသက်၇နှစ်ခန့်ရှိ စာမရသည့် ဒုတိယတန်းကျောင်းသူ(၂) ဦးနှင့် ကျောင်းသား (၃) ဦးအား ကျောင်းသား၊ကျောင်းသူများ၏ အတန်းရှေ့ဆုံးသို့ထွက်ခိုင်းကာ ဆရာမ ဖြစ်သူ ဒေါ်သန္တာဆွေက ခလေးငယ်များ၏ စကတ်နှင့်ဘောင်းဘီများ ချွတ်ခိုင်းကာ အချိန်အတန် ကြာ မတ်တပ်ရပ်ခိုင်းကာ အပြစ်ပေးခဲ့ပါသည်။ ထို့ကြောင့်ပညာရေး တာဝန်ရှိသူများက ထိုဆရာမ အား စာသင်ကြားမှု့ ရပ်ဆိုင်းစေပြီး ခရိုင်ပညာရေးမှူး ဦးဆောင်သည့် စုံခုံအဖွဲ့က စစ်ဆေးလျက် ရှိကြောင်း ရေတာရှည်မြို့နယ်၊ ဒုတိယပညာရေးမှူး ဦးသက်တင်က ပြောကြားခဲ့ပေသည်။ “ခလေး တွေကလည်း ကျောင်းတက်ရမှာကို စိုးရိမ်ထိတ်လန့်နေပါတယ်။ ဒဏ်ပေးခံရတဲ့ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ မိဘတွေနှင့် ဆရာမ ထိပ်တိုက် မတွေ့မိအောင် ရှောင်ရှားလိုတာကြောင့် ထိုဆရာမအား မြို့နယ် ပညာရေးမှူးရုံးမှာ ရုံးဝန်ထမ်းအနေနဲ့ တာဝန်ပေးထားကြောင်း” သိရပါတယ်။

    “အဆိုပါ လုပ်ရပ်ကြောင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူနိုင်ကြောင်း” အခြေခံပညာဦးစီးဋ္ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးက ပြောကြားခဲ့ပါသည်။

    အချို့သော ဆရာ၊ ဆရာမများသည် စိတ်မကြည်လျှင် မကြည်သလို ကျောင်းစာသင်ခန်း အတွင်း မရောက်ခင် လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီးတွင် ရင်ဆိုင်ဖြတ်သန်းရင်း ကြုံတွေ့ခဲ့ရသော အခက်အခဲ၊အကြပ်အတည်း၊ပြဿနာမျိုးစုံ၊ မကျေနပ်မှုမျိုးစုံတို့ကို စာသငင်ခန်း ပြင်ပတွင် ထားရစ်ရမည့်အစား စာသင်ခန်းအတွင်း ယူဆောင်လာသောအခါ “စေတနာ၊ဝါသနာ၊ အနစ်နာ” “နာသုံးနာ ဂုဏ်” ပျောက်ကွယ်ကာ ယခုလို ဖြစ်ရပ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေရ တော့သည်။

    အချို့ဆရာ၊ ဆရာမများသည် “ရိက္ခာနှင့်သိက္ခာ” လဲလှယ်ကြသည့်ဖြစ်စဉ်များလည်း ရှိပါသည်။ မိမိတို့ထံ လစဉ် အခပေးကျူရှင် တက်နေသူများကို မျက်နှာသာပေး၍ ဆက်ဆံခြင်း၊ အသားအရောင်၊လူမျိုးဘာသာ၊ ရာထူးဂုဏ်ဝါ၊ အရှိန်သြဇာအာဏာရှိမှု နောက်ခံကိုကြည့်၍ ကျောင်းသား၊ကျောင်းသူများအားဆက်ဆံနေခြင်း။ တန်ဆိုးလက်ဆောင် အမြဲတမ်းပေးနေသူများ အား ဦးစားပေးကာ ဆက်ဆံနေခြင်း။ စသည်တို့သည် ဆရာ့ကျင့်ဝတ်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဆရာ့ကျင့်ဝတ်များနှင့် လားလားမျှ မအပ်စပ်သော အရာများဖြစ်၍ ရှောင်ရှားသင့်ကြပေသည်။

    မည်သို့ပင်ဆိုစေ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မူလတန်းလွန်ကျောင်း ဆရာမ လုပ်ရပ်ကြောင့် အရှက်ခွဲ အပြစ်ပေးခံရသည့် ကလေးများမှာ စိတ်ဒဏ်ရာရသွားနိုင်ပါသည်။ အပြစ် ပေးဆုံးမတတ်သည့် ဆရာမအား နာကျည်းစိတ်ဝင်သွားကာ ပညာရေးကို ကျောခိုင်းခဲ့ပါက ကာယ ကံရှင်ကလေးများနှင့် နိုင်ငံအတွက် များစွာ ထိခိုက်နစ်နာပါသည်။

    ထို့ကြောင့် စာသင်သက် ၃၀ ဖြတ်သန်းခဲ့သည့် စာရေးသူအနေဖြင့် အကြံပြုလိုသည်မှာ စာသင်သား တပည့်များအား ဥပမာများသုံး၍ နှိုင်းယှဉ်သင်ကြားပေးခြင်း၊ အတုယူစရာများပြော၍ သင်ကြားပေးခြင်း၊ အခွင့်အလမ်းများပြောပြခြင်း ခလေးများစိတ်ကို တိုက်တွန်းဆွဲခေါ်လှုံ့ဆော်ပေး ခြင်းတို့ဖြင့် ပညာသားပါပါ သင်ကြားဖို့ အချိန်တန်ပေပြီ။ ထို့အပြင် စာသင်သားခလေးများအား အတန်းလိုက် အလှည့်ကျစီ အပြိုင်အဆိုင် စာဆိုစေခြင်း။ အုပ်စုလိုက်ယှဉ်ပြိုင်စေခြင်း။ အားကျစိတ်များဖြစ်အောင် လှုံ့ဆော်သင်ကြားခြင်းတို့ဖြင့် တိုင်းပြည်၏ အနာဂတ်လမ်းပြကြယ် လေးများဘဝကို ပိုမိုထွန်းတောက်အောင် အရောင်တင်ပေးဖို့ လိုနေပြီဖြစ်ပါသည်။

    မည်သို့သော အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်စေ ဆုံးမပဲ့ပြင်ရာတွင် တပည့်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်နာကျင်ခံစားသွားအောင် မလုပ်မိစေရေးသည် အလွန်ကြီးလေးသော တာဝန်ကြီးတစ်ရပ်ဖြစ်ပါကြောင်း အကြံပြုအပ်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)