News @ M-Media
Blog
  • ယူအေအီးတွင် အင်္ဂါဂြိုဟ်ပုံတူ သိပ္ပံမြို့တော် တည်ဆောက်မည်
    ယူအေအီးတွင် အင်္ဂါဂြိုဟ်ပုံတူ သိပ္ပံမြို့တော် တည်ဆောက်မည်
    စက်တင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    သိပ္ပံမြို့တော် ဒီဇိုင်း
    – အင်္ဂါဂြိုဟ်ပေါ်မှာ ကြုံတွေ့ရမယ့် အခြေအနေတိုင်း ဖန်တီးထားမယ့် သိပ္ပံမြို့တော်တစ်ခု တည်ဆောက်သွားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံက ကြေငြာလိုက်ပါတယ်။
    စကွဲယားမီတာ ၁.၉ သန်းအကျယ်အ၀န်းမှာ တည်ဆောက်မယ့် ဒီ သိပ္ပံမြို့တော်ကို Mars Science City လို့ အမည်ပေးထားပြီး ဒီရ်ဟမ် သန်း ၅၀၀ သုံးစွဲမှာဖြစ်တယ်လို့ ယူအေအီး ၀န်ကြီးချုပ် ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွမ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
    ဒီမြို့တော် တည်ဆောက်ရေးလုပ်ငန်းဟာ ၂၁၁၇ ခုနှစ်မှာ အင်္ဂါဂြိုဟ်ကို လူလွှတ်နိုင်ရေး ယူအေအီးရဲ့ စီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်မှာ နေထိုင်တဲ့အခါ ကြုံတွေ့ရမယ့် အခြေအနေအတိုင်း အတိအကျ ဖန်တီးထားမှာပါ။
    ဒါဟာ အင်္ဂါဂြိုဟ်ပေါ် လူသားနေထိုင်ဖို့ စမ်းသပ်မှုအတွက် နောက်ထပ်နှစ် ၁၀၀ အတွင်း တစ်ခုတည်းသောပုံတူ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီသိပ္ပံမြို့တော်မှာ လူငယ်တွေ ပညာဆည်းပူးနိုင်မယ့် နေရာတွေကိုလည်း ထည့်သွင်းပေးထားမှာပါ။
    “ဒီစီမံကိန်းသစ်ဟာ ကမ္ဘာ့သိပ္ပံဆိုင်ရာ ဆောင်ရွက်မှုတွေမှာ ယူအေအီးရဲ့ ဦးဆောင်ကူညီမှုအတွက် နောက်ထပ် ခြေလှမ်းတစ်ခုပါ။ လူသားတွေရဲ့ အာကာသခရီး ချီတက်မှုမှာ ပါဝင်ဖို့၊ ကူညီဖို့အတွက် နမူနာတစ်ခု၊ လှုံ့ဆော်မှုတစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
    အင်္ဂါဂြိုဟ်ရဲ့ ကြမ်းတမ်းတဲ့ မြေအနေအထား၊ ပြင်းထန်တဲ့ ရာသီဥတုတွေကို 3D Printing နည်းပညာနဲ့ ပုံတူဖန်တီးနိုင်မယ့် ဓာတ်ခွဲခန်းတွေ ပါဝင်မှာဖြစ်ပြီး၊ အင်္ဂါဂြိုဟ်မှာ တွေ့ကြုံရမယ့်အခြေအနေအတွက် အဲဒီမြို့တော်မှာ သိပ္ပံပညာရှင် အဖွဲ့တစ်ခုက တစ်နှစ်ကြာ နေထိုင်မယ့် အစီအစဉ်တစ်ခုလည်း ရှိနေပါတယ်။
    Mars Science City ဟာ ကမ္ဘာတစ်ဝှမ်းက အာကာသသိပ္ပံပညာရှင်တွေ၊ အာကာသချစ်သူတွေကို စွဲဆောင်သွားနိုင်ဖို့အတွက် ယူအေအီးက ရည်ရွယ်ထားပြီး၊ အင်္ဂါဂြိုဟ်ရဲ့ တကယ့် အခြေအနေအတိုင်း ဖန်တီးထားမယ့် ကမ္ဘာ့ အဆန်းသစ်ဆုံး အဆောက်အဦး ဖြစ်လာမှာဖြစ်ပါတယ်။
    Ref: Alarabiya
  • သမ္မတနေရာမှာ နိုင်ငံ၏ ဘာသာစုံလူမျိုးစုံဝါဒကို ထင်ဟပ်ရမည်ဟု စင်ကာပူဝန်ကြီးချုပ်ပြော
    သမ္မတနေရာမှာ နိုင်ငံ၏ ဘာသာစုံလူမျိုးစုံဝါဒကို ထင်ဟပ်ရမည်ဟု စင်ကာပူဝန်ကြီးချုပ်ပြော
    စက်တင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    စင်ကာပူ ၀န်ကြီးချုပ်၊ သမ္မတနှင့် တရားသူကြီးချုပ်
    – စင်ကာပူသမ္မတနေရာမှာ နိုင်ငံ၏ လူမျိုးစုံ၊ ဘာသာစုံဝါဒကို ထင်ဟပ်ရမည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ လူမျိုးစုတိုင်း အလှည့်ကျ သမ္မတာဝန်ယူရသည့်စနစ်ကို ဆက်လက်ထားရှိသွားမည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်သည်။
    သို့သော်လည်း စင်ကာပူနိုင်ငံသားအချို့က နိုင်ငံ၏ ဦးသျှောင်ဖြစ်သော သမ္မတကို ပြည်သူအများစု၏ မဲစနစ်ဖြင့် ရွေးချယ်ခွင့်မရမှုကို ဝေဖန်ခဲ့သည်။
    “ဒီကိစ္စဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူးလို့ထင်လား။ လူကြိုက်များမှာမဟုတ်ဘူး။ ကျွန်တော်တို့မဲတွေ ဆုံးရှုံးမယ်ဆိုတာကိုရော – ဒါတွေအားလုံး ကျွန်တော်သိပါတယ်။ ဒီလို ထိလွယ်ရှလွယ်တဲ့ ကိစ္စကို ကျွန်တော် မသိဘူးဆိုရင် နိုင်ငံရေးလောကထဲမှာ ကျွန်တော် ဘယ်ရှိနိုင်မလဲ။ ဒါပေမယ့် ကျွန်တော် ဒါကို လုပ်ခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ လုပ်ရမယ့်အလုပ်ဆိုတာ ယုံကြည်လို့ကို ကျွန်တော်လုပ်ခဲ့တာပါ” ဟု လီရှန်လွန်းက ပြီးခဲ့သည့် စနေနေ့တွင် ပြုလုပ်ခဲ့သည့် PAP ပါတီ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။
    ထို့ပြင် အများဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ပါက တရုတ်လူမျိုးများမှာ လူများစုဖြစ်သည့်အတွက် တရုတ်လူမျိုးသာ သမ္မတနေရာကို ရရှိမည်ဖြစ်ကြောင်း၊ လူမျိုးစုံ၊ ဘာသာစုံညီညွတ်သည့် စင်ကာပူနိုင်ငံကို အလွန်ခက်ခဲစွာဖြင့် တည်ထောင်ထားခြင်းဖြစ်ပြီး ထိုဝါဒကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ စင်ကာပူတွင် လူမျိုးစုံ ဘာသာစုံမှ သမ္မတတာဝန်ကို ထမ်းဆောင်ရမှုမှာ စင်ကာပူနိုင်ငံ ရပ်တည်ချက်၏ အရေးပါသော သရုပ်သကန်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    “နိုင်ငံသားတိုင်း အထူးသဖြင့် လူများစုဖြစ်တဲ့ တရုတ်လူမျိုးတွေ သိထားရမှာက စင်ကာပူမှာ လူမျိုးစုတိုင်း ပါဝင်ရမယ့် အခန်းကဏ္ဍတစ်ခု ရှိတယ်ဆိုတာပါပဲ”
    လူမျိုးစုလိုက် အလှည့်ကျသမ္မတပေးခြင်းမှာ တိုင်းပြည်အား ပိုမို စည်းလုံးညီညွတ်စေရန်ဖြစ်သည်ဟုလည်း ၀န်ကြီးချုပ်က ဆိုသည်။
    “စည်းလုံးတဲ့ နိုင်ငံတစ်ခုအဖြစ် ဆက်လက်တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ဗဟုဝါဒကို ပိုမိုခိုင်မာအောင် ပြောင်းလဲမှုတွေ လုပ်နေတာပါ။ ကျွန်တော်တို့ ဒါမျိုးမလုပ်ရင် မလေးလူမျိုးတစ်ယောက် သမ္မတအဖြစ် အရွေးခံရဖို့ အကြာကြီးစောင့်ရမယ်။ ဒီလိုစောင့်ရတဲ့အခါ စင်ကာပူက လူနည်းစုတွေဟာ သူတို့ ဘေးဖယ်ခံထားရတယ်လို့ ခံစားလာရပါလိမ့်မယ်”
    Ref: CNA
  • အိန္ဒိယဘူတာရုံတွင် ကြောက်လန့်ကာ လူများတိုးဝှေ့မှုကြောင့် ၂၀ ကျော်သေဆုံး
    အိန္ဒိယဘူတာရုံတွင် ကြောက်လန့်ကာ လူများတိုးဝှေ့မှုကြောင့် ၂၀ ကျော်သေဆုံး
    စက်တင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    အခင်းဖြစ်ပွားခဲ့သည့် အလ်ဖင်စတုန်း ဘူတာမှ ဂုံးကျော်တံတား
    – အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းရှိ မီးရထားဘူတာတစ်ခုတွင် ကြောက်လန့်တကြား လူတိုးမှုကြောင့် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    အဓိက ရထားလိုင်းနှစ်ခုကို ဆက်သွယ်ပေးထားသော အလ်ဖင်စတုန်းဘူတာရှိ လူကူး ဂုံးကျော်တံတား၌ ယနေ့မနက် ရုံးတက်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    တံတားမှ ကွန်ကရစ်တုန်းတစ်ခု ပြုတ်ကျသည်ကို တံတားပြိုကျသည်ဟု ထင်မှတ်ကာ လူများ အတင်းတိုးထွက်ကြရာမှ အနည်းဆုံး ၂၂ ဦးသေဆုံးခဲ့ကာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူ များသောကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အခင်းဖြစ်ပွားချိန်တွင် လူအများအပြားမှာ အဆိုပါ တံတားနှင့် ဘူတာရုံတွင် မိုးခိုနေကြမှုက ထိခိုက်မှုအရေအတွက် မြင့်မားရခြင်း၏ အကြောင်းအရင်းတစ်ခု ဖြစ်သည်။
    အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ခရီးသည်အများဆုံး ရထားလမ်းကွန်ယက်ရှိရာ နိုင်ငံဖြစ်ပြီး ၂၀၁၆ တစ်နှစ်တည်းမှာပင် ရထားပေါ်မှ ပြုတ်ကျခြင်း၊ ရထားတိုက်မိခြင်းတို့ကြောင့် လူ ၃၄၀၀ ခန့် သေဆုံးခဲ့သည်။
    Ref: Aljazeera
  • ရခိုင်ရှိ လူ့အဖွဲ့အစည်းများအတွက် စင်ကာပူက အကူအညီပေးပို့မည်
    ရခိုင်ရှိ လူ့အဖွဲ့အစည်းများအတွက် စင်ကာပူက အကူအညီပေးပို့မည်
    စက်တင်ဘာ ၂၉၊ ၂၀၁၇
    M-Media
    မတည်ငြိမ်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ရိုဟင်ဂျာများ
    – ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေအတွက် စင်ကာပူက ဒေါ်လာ သုံးသိန်းတန်ဖိုးရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့သွားဖို့ ရှိနေပါတယ်။
    ဒီ ကူညီထောက်ပံ့မှုဟာ ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးအတွက် ဖြစ်တယ်လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးဌာန (MINDEF) က ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။
    “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေအတွက် စင်ကာပူဟာ စိုးရိမ်မိပါတယ်” လို့လည်း ၀န်ကြီးဌာနက ဆိုပါတယ်။
    ASEAN Charter နဲ့ အညီ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့အတွက် လက်ရှိနည်းလမ်းတွေကို အသုံးပြုပြီး အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဆောင်ရွက်မှုတွေကို ပံ့ပို့ပေးသွားမယ်လို့လည်း MINDEF က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    အခုလက်ရှိ အကူအညီတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေဆီ ပေးပို့မှာ ဖြစ်ပါတယ်။
    စင်ကာပူက ဘာသာရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေကလည်း ရခိုင်ပြည်နယ်က ထိခိုက်ခံစားရသူတွေကို ကူညီပေးနိုင်ဖို့အတွက် ရန်ပုံငွေတွေ ကောက်ခံနေပါတယ်။
    Ref: CNA
  • ဒုက္ခသည်များကိုတိုက်ခိုက်သည့် ဘုန်းကြီးများကို သီရိလင်္ကာအစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်
    ဒုက္ခသည်များကိုတိုက်ခိုက်သည့် ဘုန်းကြီးများကို သီရိလင်္ကာအစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    ဒုက္ခသည်များနေထိုင်သည့်နေရာကို အစွန်းရောက်ဘုန်းကြီးများက တိုက်ခိုက်ရန် ကြိုးစားနေသည့် မြင်ကွင်း
    – ရိုဟင်ဂျာ ဒုက္ခသည်များ ခိုလှုံရာနေရာကို တိုက်ခိုက်ခဲ့သည့် အစွန်းရောက် ဘုန်းကြီးအုပ်စုမှာ ‘တိရစ္ဆာန်များ’ ဖြစ်သည်ဟု သီရိလင်္ကာ အစိုးရက ယမန်နေ့တွင် ဝေဖန်ပြောကြားလိုက်ပြီး ဒုက္ခသည်များကို ကာကွယ်မပေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း အရေးယူမည်ဟု ကတိပြုခဲ့သည်။
    ကလေးငယ် ၁၆ ဦး အမျိုးသမီး ၇ ဦးအပါဝင် စုစုပေါင်း ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦး နေထိုင်သည့် ကိုလံဘိုဆင်ခြေဖုံးမှ ကုလ၏ အဆောက်အဦးတစ်ခုကို ဘုန်းကြီးများဦးဆောင်သည့် လူအုပ်က အင်္ဂါနေ့တွင် ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ရိုဟင်ဂျာများကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။
    သီရိင်္လာ ကက်ဘိနတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရာဂျီသာ ဆီနာရတ္တနီက အစိုးရအနေဖြင့် ထိုလုပ်ရပ်ကို ရှုတ်ချသည်ဟု ပြောကြားခဲ့သည်။
    “ဖြစ်သွားတဲ့ကိစ္စအတွက် ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ကျွန်တော် ရှက်မိပါတယ်။ လက်တစ်ဆုပ်စာ ဘုန်းကြီးတွေဦးဆောင်တဲ့ လူအုပ်ရဲ့ တိုက်ခိုက်မှုကြောင့် မိခင်တွေဟာ ရင်ခွင်ပိုက်ကလေးတွေကိုချီပြီး ထွက်ပြေးခဲ့ရတယ်”
    လူအုပ်မှာ အဆောက်ဦး၏ ၀င်းတံခါးများကို ရိုက်ချိုးကာ၊ ပြတင်းပေါက်မှန်များ ရိုက်ခွဲခြင်း၊ ပရိဘောဂပစ္စည်းများအား ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ပြီး ဒုက္ခသည်များမှာ အဆောက်အဦး အပေါ်ထပ်တွင် ပုန်းအောင်းနေခဲ့ရသည်။
    လူအုပ်အား ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ရိုဟင်ဂျာဒုက္ခသည်များကိုမူ ဘေးကင်းရာနေရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။
    ဆီနာရတ္တနီက လူအုပ်အား ထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုပြုလုပ်ရန် အမိန့်ပေးထားသည်ဟု ပြောကြားခဲ့သည်။
    “ဒါဟာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သွန်သင်မှုမဟုတ်ဘူးဗျ။ ဒီဒုက္ခသည်တွေအပေါ် ကျွန်တော်တို့ဟာ မေတ္တာထားရမယ်။ တိုက်ခိုက်မှုတွေလုပ်တဲ့ ဘုန်းကြီးတွေဟာ သံဃာအစစ်တွေမဟုတ်ပါဘူး။ တိရစ္ဆာန်တွေပါ”
    အဆိုပါ ဒုက္ခသည် ၃၁ ဦးကို သီရိလင်္ကာရေတပ်က ကယ်တင်ထားခြင်းဖြစ်ပြီး ကုလအစီအစဉ်ဖြင့် တတိယနိုင်ငံတွင် သွားရောက်အခြေချရန် စောင့်ဆိုင်းနေသူများဖြစ်သည်။
    Ref: Dhakatribune