News @ M-Media
Blog
  • အီရတ်ရှိ ကာ့ဒ်ဒေသလွတ်လပ်ရေး ကာ့ဒ်ပြည်သူအများစု ထောက်ခံ
    အီရတ်ရှိ ကာ့ဒ်ဒေသလွတ်လပ်ရေး ကာ့ဒ်ပြည်သူအများစု ထောက်ခံ
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    ကာ့ဒ်အလံနှင့်အတူ တွေ့ရသည့် ပြည်သူတစ်ဦး
    – ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အီရတ်နိုင်ငံမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ပြည်သူအများစုက ထောက်ခံမဲပေးခဲ့ကြပြီး အီရတ်အစိုးရနှင့် ကာ့ဒ်အာဏာပိုင်များအကြား တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
    နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုအစိုးရနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကာ့ဒ်အများစုရှိရာ ဒေသများတွင် တနင်္လာနေ့က လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒ ခံယူပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူများ၏ ၇၂ ရာခိုင်နှုန်းက လာရောက် မဲပေးခဲ့ကြသည်ဟု ဆိုသည်။
    ကာ့ဒ်ခေါင်းဆောင် မာဆူဒ် ဘာရ်ဇာနီက မဲပေးသူ ကာ့ဒ်လူမျိုး အများစုမှာ လွတ်လပ်ရေးအတွက် ထောက်ခံမဲပေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။
    အီရတ်အစိုးရက နိုင်ငံတကာ လေကြောင်းလိုင်းများအနေဖြင့် ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ပျံသန်းခြင်းမပြုရန် တိုက်တွန်းဆော်သြခဲ့ကာ လေဆိပ်များကို အီရတ် ဗဟိုအစိုးရအား ထိန်းချုပ်ခွင့်ပေးရန်လည်း ရာဇသံပေးခဲ့သည်။
    လက်ရှိတွင် လက်ဘနွန်လေကြာင်းလိုင်းတစ်ခုက ကာ့ဒ်ဒေသသို့ လေကြောင်းပျံသန်းမှုကို ရပ်ဆိုင်းခဲ့သည်။
    ကာ့ဒ်ဒေသအစိုးရ (KRG) က ဗဟိုအစိုးရ၏ ရာဇသံကို ငြင်းပယ်ထားပြီး လေဆိပ်များအားလုံး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။
    ကာ့ဒ်ဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အီရန်နှင့် တူရကီတို့ကလည်း ဆန့်ကျင်ထားပြီး တူရကီက စစ်ရေးအရ အရေးယူမည်ဟုပင် ခြိမ်းခြောက်ထားသည်။
    အီရန်အစိုးရက ကာ့ဒ်ဒေသနှင့် ပြည်မအကြား နယ်ခြားစခန်းများကိုပါ ၎င်းတို့ထံ လွှဲပြောင်းပေးရန် ကာ့ဒ်ဒေသအစိုးရကို တောင်းဆိုထားပြီး မလိုက်နာပါက အိမ်နီးချင်းနိုင်ငံများအနေဖြင့် နယ်စပ်ကို ပိတ်ထားရန် တိုက်တွန်းခဲ့သည်။
    Ref: Aljazeera
  • “ယူတတ်လျှင် အတုယူစရာ စင်္ကာပူနိုင်ငံ”
    “ယူတတ်လျှင် အတုယူစရာ စင်္ကာပူနိုင်ငံ”
    အရှေ့တောင်အာရှတွင် စည်းကမ်းအရှိဆုံးနိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာပေါ်တွင်လူသိအများ ဆုံးသော နိုင်ငံလေးတစ်ခုမှာ ရန်ကုန်မြို့ထက်ပင်သေးသော စင်္ကာပူကျွန်းနိုင်ငံလေးတစ်ခုပင်ဖြစ်ပါ သည်။ မလေးရှားနိုင်ငံမှ ခွဲထွက်ခဲ့သော နိုင်ငံငယ်လေးဖြစ်သည်။မြေပေါ်၊မြေအောက်၊ရေပေါ်၊ရေ အောက်တွင်းထွက်သံယံဇာတများ၊ မထွက်ရှိသဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို အမှီသဟဲပြု အားကိုးပြီး အာဆီယံ (၁၁)နိုင်ငံထဲတွင် နိုင်ငံတကာရင်းနှီးမြှပ်နှံသူများ သွားရည်ကျရသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၅,၇၈၀,၀၀၀ ဦးကျော်နေထိုင်ကြသည်။
    စင်္ကာပူတွင် ဝန်ကြီးချုပ်သည် အာဏာအရှိဆုံးခေါင်းဆောင်ဖြစ်သည်။ သမ္မတတွင်မူ ပြည်သူပိုင်ကဏ္ဍတွင် ရာထူးခန့်အပ်ခြင်းကိုတားဆီးနိုင်ခြင်း၊အကျင့်ပျက်ခြစားမှုများကို စစ်ဆေးနိုင် ခြင်းနှင့် ဝန်ကြီးချုပ်ကိုခန့်အပ်ခြင်းအပါအဝင် အရေးပါသော တာဝန်ဝတ္တရားများလည်းရှိပါသည်။
    ၂၀၁၆ ခုနှစ်တွင် စင်္ကာပူပါလီမန်က “နိုင်ငံ၏လူမျိုးနွယ်အုပ်စုများဖြစ်တဲ့ အိန္ဒိယမျိုးနွယ်၊ တရုတ်မျိုးနွယ်၊မလေးမျိုးနွယ် စသည့်တို့ထဲမှ အဖွဲ့ဝင်တစ်ဦးဦးသည် နှစ် ၃၀ကြာ သို့မဟုတ် ၅ကြိမ်ဆက်တိုက် သက်တမ်းများအတွင်း တစ်ကြိမ်မျှ သမ္မတမဖြစ်ဖူးလျှင် သမ္မတရာထူးကို ထိုလူမျိုးနွယ်အုပ်စုထဲမှ ရွေးချယ်သတ်မှတ်ရမည်” ဟု ဆုံးဖြတ်ခဲ့ပေသည်။
    သမ္မတအဖြစ် ရွေးကောက်ခံလိုသူများသည် စင်္ကာပူသမ္မတ ရွေးချယ်ရေးကော်မတီသို့ အမည်စာရင်းတင်သွင်းရသည်။ သမ္မတရွေးချယ်ခန့်အပ်ရေးဇကာတင်၊ သံမဏိစည်းမျဉ်းအချို့နှင့် ညှိစွန်းမှု့ကြောင့် သမ္မတလောင်း အမည်စာရင်းတင်သွင်းသူများ ပလပ်ခံခဲ့ရသည်။  သမ္မတ ရွေးကောက်ရေး သံမဏိစည်းမျဉ်းများမှာ အများပြည်သူဆိုင်ရာ ထိပ်တန်းရာထူးတာဝန်ထမ်း ဆောင်ဖူးခြင်းရှိ၊ မရှိ (သို့မဟုတ်) သတ်မှတ်ရှယ်ယာအရေအတွက်ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲဖူးခြင်းရှိ၊ မရှိစသည်တို့ကို မှတ်ကျောက်တင်၊ ရွေးချယ်လိုက်သောအခါ မလေးနွယ်ဖွား အသက် ၆၃ နှစ်ရှိ အစ္စလာမ်ဘာသာဝင် အမျိုးသမီးဟလီမာဘင်ယာကွတ် တစ်ဦးကိုသာလျှင် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့် ခွင့်ပြုချက်လက်မှတ်ထုတ်ပေးနိုင်ခဲ့ပြီး စင်္ကာပူနိုင်ငံ၏ ၈ဦးမြောက် အမျိုးသမီးသမ္မတ တစ်ဦးဖြစ်လာခဲ့ပေသည်။ ရွေးကောက်ပွဲမရှိဘဲ ပြိုင်ဖက်ကင်းစံချိန်တင်နိုင်ခဲ့ပြီး သမ္မတဖြစ်လာသောကြောင့် စင်္ကာပူသမိုင်းတွင်ထူးကဲလှပေသည်။ စင်္ကာပူတက္ကသိုလ်မှ ဥပဒေပညာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး မွေးချင်း၅ဦးအနက် အငယ်ဆုံးဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံရေးလောကသို့ဝင်ခဲ့ပြီး ၂၀၁၃ ခုတွင် ပါလီမန်ဥက္ကဋ္ဌရာထူးကို ထမမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
    သမ္မတသစ်က “သမ္မတရဲ့အဓိက အခန်းကဏ္ဍမှာ ညီညွတ်ရေးကောင်းအောင် ဆောင်ရွက်ရ မှာဖြစ်ပြီး ကျမ အရေးကြီးဆုံးပြောချင်တာကတော့ စင်င်္ကာပူနိုင်ငံသားတွေ ကျမနှင့်အတူ ပူးပေါင်း ဆောင်ရွက်ဖို့ပါ” ဟု စင်္ကာပူအခြေစိုက်ရုပ်သံ Channel News Asia သို့ပြောကြားခဲ့ပေသည်။
    စင်္ကာပူနိုင်ငံသမိုင်းတွင် ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်လာသူ ဟလီမာယာကွတ်သည် အစ္စလာမ်ဘာသာဝင် အိန္ဒိယ-မလေးနွယ်ဝင်ဖြစ်ပါသည်။ စင်္ကာပူနိုင်ငံပြည်သူလူထု အကျိုးကို မိမိအနေနဲ့ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့လည်း ကတိပေးခဲ့ပါသည်။ ၁၉၆၅ခုမှ ၁၉၇၀ ခုထိ ပထမဆုံး သမ္မတ တာဝန်ကို ထမ်းဆောင်ခဲ့သည့် Yusof Ishak သည်လည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ခဲ့လေ သည်။
    ၁၉၆၅ခု သြဂုတ်လ ၉ရက်နေ့မှစ၍ လွတ်လပ်သောနိုင်ငံတစ်ခု ဖြစ်လာခဲ့သောစင်္ကာပူနိုင်ငံ ၏သမ္မတများမှာ
    (၁) Yusof Ishak (၁၉၆၅-၁၉၇၀)
    (၂) Benjamin Sheares (၁၉၇၁- ၁၉၈၁)
    (၃) Devan Nair (၁၉၈၁- ၁၉၈၅)
    (၄) Wee Kim Wee (၁၉၈၅- ၁၉၉၃)
    (၅) Ong Teng Cheong (၁၉၉၃- ၁၉၉၉)
    (၆) S.R Nathan (၁၉၉၉- ၂၀၁၁)
    (၇) Tony- Tan (၂၀၁၁-၂၀၁၇) နှင့် ရွေးကောက်ပွဲမရှိဘဲ၊ ပြိုင်ဘက်မရှိဘဲ၊ စက်တင်ဘာလ ၁၄ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတဖြစ်လာသော ဦးခေါင်းတွင် ဟီဂျပ်ပဝါခြုံလေ့ရှိသူ ဟလီမာယာကွတ်ပင်ဖြစ်သည်။ စင်္ကာပူနိုင်ငံသမ္မတ၏ နှစ်စဉ်ပျှမ်းမျှလစာမှာ စင်္ကာပူဒေါ်လာ ၄သန်း ဖြစ်သည်။ စင်္ကာပူဝန်ကြီးချုပ်၏တစ်နှစ်တာ ပျှမ်းမျှလစာမှာ ၂၀၁၇ ခုနှစ်တွင် ၂ဒသမ ၂သန်း ဖြစ်ပါသည်။ သမ္မတ၏လစာသည် စင်္ကာပူနိုင်ငံ့ဝန်ထမ်းခေါင်းဆောင်များတွင် အမြင့်ဆုံးဖြစ်သည်။
    စင်္ကာပူနိုင်ငံကိုတည်ထောင်သူ အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယူသည် ၁၉၅၉ခုနှစ်မှ ၁၉၉၀ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ နအဖစစ်အစိုးရ လက်ထက် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့စဉ် စင်္ကာပူဝန်ကြီးချုပ်က “မြန်မာစစ်ဗိုလ်ချုပ်ကြီး တွေနဲ့စကားပြောရတာ လူသေတွေကို စကားပြောနေရသလိုမျိုး ခံစားရတယ်”ဟု ဝေဖန်ပြောဆိုချက်သည် မြန်မာပြည်သူ လူထုကြား ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးပါသည်။ လီကွမ်ယူ အနားယူပြီးနောက် ဒုတိယကြိမ်မြောက်ဝန်ကြီးချုပ် ဂိုချောက်ထောင်သည် ၂၈ ရက်နိုဝင်ဘာလ ၁၉၉၀မှ ၁၂ရက် သြဂုတ်လ ၂၀၀၄ ခုနှစ်ထိ တာဝန်ယူခဲ့ပြီး ပထမဆုံး ဝန်ကြီးချုပ်လီကွမ်ယူ၏ သားအကြီးဆုံးဖြစ်သူ Lee  Hsein Loong သည် သြဂုတ်လ ၁၂ရက် ၂၀၀၄မှ ယနေ့တိုင် စင်္ကာပူ နိုင်ငံ၏ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူနေဆဲဖြစ်ပါသည်။ စာရေးသူရင်ထဲ အသဲထဲစွဲမှတ်မိနေသော ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ၏စကားလေး တစ်ခုဝေမျှလိုပါသည်။ “ယခုအခါ စစ်လက်နက် ပစ္စည်းတွေနဲ့နိုင်ငံတစ်ခုကို တက်သိမ်းစရာမလိုဘူး။ ပညာတတ်အောင်လုပ်ပါ။ သူ့ဟာသူ ကျွန်ခံလာလိမ့်မည်”ဟု ပြောဆိုလုပ်ဆောင်ချက်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၃၀ကျော်မှာ မသိသူ၊မရှိ သည့် ကမ္ဘာကျော်နိုင်ငံတစ်ခုဖြစ်သွားခြင်းက ပညာအရင်းအမြစ်ကို အခြေခံခဲ့သောကြောင့် ဖြစ်ပါသည်။
    နိုင်ငံတစ်နိုင်ငံသည် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လိုပါက ဘာသာ၊လူမျိုးမခွဲခြားဘဲ အရည် အချင်းရှိသည့် လူ့ဂုဏ်သိက္ခာရှိသည့် တိုင်းပြည်အကျိုးသည်ပိုးလိုသည့် နိုင်ငံသားများကို သူနှင့် ထိုက်တန်သည့် နေရာတွင် ခန့်အပ်တာဝန်ပေးဖို့လိုပါသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် အစ္စလာမ်ဘာသာဝင် ကာကွယ်ရေးဦးစီးချုပ်များ၊ သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ပေါ်ထွန်းခဲ့ဖူးသည်။ ကမ္ဘာကျော်အနုပညာရှင်များ၊ ကမ္ဘာကျော်အားကစားသမားများ အစ္စလာမ်ဘာ သာဝင်များထဲမှ ပေါ်ထွန်းနေစဉ်တွင် စာရေးသူတို့ မြန်မာ့အားကစားလောကတွင် တာဝန်ရှိသူ လူကြီးဆိုသူများက ခေတ်အဆက်ဆက်ကျင့်သုံးခဲ့သည့်မူမှာ “ဖလားမပါရင်နေပါစေ၊ ကုလားမပါ ရင်ပြီးရော” ဆိုသည့် လူမျိုးစွဲ၊ ဘာသာစွဲ၊ မှိုင်းများအောက်မှ ရုန်းမထွက်နိုင်သော လူတန်းစားများကား ယနေ့တိုင် နေရာအနှံ့ ရှိနေပေသည်။
    “တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး” ဟု ကြားကောင်းအောင် ပြောဆိုနေသူများသည် ၁၉၆၂ခု မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်မှ ပြည်သူ့အစိုးရဆီမှ နိုင်ငံတော် အာဏာကို မတရားသိမ်းယူခဲ့ပြီးသည့် အချိန်မှစ၍ သမ္မတရာထူး ဝန်ကြီးချုပ်ရာထူး၊ ဝန်ကြီးရာထူး၊ ကာကွယ်ရေးဦးစီးချုပ် စသော ရာထူးများကို ဗမာလူမျိုးနွယ်ဝင် မဟုတ်သော အခြားတိုင်းရင်းသား များထဲမှ ခန့်အပ်တာဝန်ပေးခဲ့ခြင်းသည် ထင်ရှားသော သက်သေ သာဓက တစ်ခုပင်ဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် DVB  debate ဆွေးနွေးပွဲများတွင် တိုင်းရင်းသားများထဲမှ ရင်တွင်းဖြစ် ခံစားချက်အသံကို ကြားခဲ့ဖူးပါသည်။
    ထို့အပြင် ၂၀၁၅ခု နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲအတွက် NLD ပါတီထဲမှ နိုင်ငံရေး အတွေ့အကြုံရှိ ဘွဲ့ရ၊ ပညာတတ် လူ့ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်များ၊ ပြည်သူ့ကိုယ်စားလှယ်များ
    မဖြစ်ရေး လွှတ်တော်ထဲမရောက်ရေးအတွက် အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထားကာ နောက်ကွယ်က လက်မဲကြီးအုပ်စုက အယောင်ဆောင် မျိုးချစ်များ၊ ကြေးစားမျိုးချစ်များ၊ အခွင့်ထူးခံ များနှင့် ဗုဒ္ဓ၏ဝိနည်းတော်နှင့် မညီသည့် သင်္ကန်းဝတ်များကို မြှောက်ထိုးပင့်ကော် အဆိပ်မှိုင်းများ သွတ်သွင်းကာ ဘာသာရေးခုတုံးလုပ် နိုင်ငံရေး အမြတ်ထုတ်ကာ ရှက်ဖွယ်လိလိ ကိစ္စများကို ပေါ်ပေါ်တင်တင် ပြုလုပ်ခဲ့သောကြောင့် NLD ပါတီထဲမှ တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေး အစဉ်အလာ ရှိသူများ၊ ပြည်သူ့ကိုယ်စားလှယ်လောင်းများအဖြစ်  အမည်စာရင်းတင်သွင်းခြင်းကို ကျောခိုင်းခဲ့ လေသည်။ “မြန်မာပြည်ကြီးကို ချစ်ပါသည်။ မြန်မာလူထုကို ချစ်ပါသည်။ ပြည်သူလူထုအတွက်ဆို အသက်ကိုပင်ပေးဆပ်ဖို့ အဆင်သင့်ရှိနေပါသည်။” ဟုပြောဆိုနေသော ဗမာလူမျိုး၊ဗုဒ္ဓဘာသာဝင် များကို မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက “တို့ရဟန်းမှာ လူမျိုးမရှိဘူး။ ဘာသာမရှိဘူး။ တိုင်းပြည်မရှိဘူး။ မရှိတဲ့အတွက် ငါ့လူမျိုးမှ၊ ငါ့လူမျိုး။ ငါ့ဘာသာမှ၊ ငါ့ဘာသာ။ ငါ့တိုင်းပြည်မှ၊ ငါ့တိုင်းပြည်ဆိုတာမျိုးမရှိဘူး” ဟုလည်းကောင်း၊ သီတဂူဆရာတော်ကြီးကလည်း “လူတွေကို ကုလားလား? ဗမာလား? မွတ်စလင်မ်လား? ခရစ်ယာန်လား? ခွဲနေစရာမလိုဘူး။ လူဆိုးလား? လူကောင်းလား? ခွဲတတ်ရင်တော်ပြီ။ အဲဒါမှ ဗုဒ္ဓဝါဒ၊ မြန်မာ့ဝါဒ” ဟူ၍ ဟောကြားခဲ့ဖူးပါသည်။
    စာရေးသူ အနေဖြင့် အကြံပြုတင်ပြလိုသည်။ နိုင်ငံဦးသျှောင်တာဝန်ကို ယူထားသော လုပ်ပိုင်ခွင့်ရှိသော ခေါင်းဆောင်ဆိုသူများ အနေဖြင့် မိမိတို့၏ ရာဇဝင်သမိုင်း မရိုင်းဖို့ တာဝန်ယူမှု၊ တာဝန်သိမှု အပြည့်အဝရှိဖို့တော့လိုသည်။ မျက်စိကိုမှိတ်၊ နားကိုပိတ်၍ မျက်မှန်စိမ်းတတ်ကာ “ငါ့လူမျိုး၊ ငါ့ဘာသာမှ၊ အခရာ” လုပ်နေလို့ကတော့ ကမ္ဘာ့ခေါင်းဆောင်များ တံတွေးခွက်ထဲတွင် ပက်လက်မျှောသွားလိမ့်မည်။ “အမှန်တရားဘက်တော်သား” ဖြစ်ဖို့လိုသည်။ လူတော်လျှင်၊ စင်ပေါ် ခေါ်သည့်မူကျင့်သုံးပြီး အံ့မခန်း ဖွံ့ဖြိုးတိုးတက် ကြီးပွားနေသော နိုင်ငံမျိုးကို အတုယူစံနမူနာယူဖို့ လိုသည်။ ကျဉ်းမြောင်းသော လူမျိုးရေး၊ဘာသာရေး အစွန်းရောက်အတွေးအခေါ်များ၊ ခေါက်ရိုး ကျိုးနေသော ကြားကောင်းယုံ ဖြစ်သော အပေါ်ယံ သကာရည်လူးထားပြီး မြန်မာပြည်သူလူထု ကြီးအတွက် အာမခံချက်မရှိသော လုပ်ရပ်များကို ရပ်တံ့ဖို့ အချိန်တန်ပြီ ဖြစ်ပါသည်။ အာဆီယံ ထိပ် တန်းဝင် ရှစ်ဦးမြောက် အစ္စလာမ်ဘာသာဝင် အမျိုးသမီး သမ္မတသစ် ဟလီမာဘင်ယာကွတ်ကို ရွေးချယ်တင်မြှောက်ခဲ့သည့် စင်္ကာပူနိုင်ငံငယ်လေးကို အတုယူသင့်ပါကြောင်း လေးနက်စွာ တင်ပြလိုက်ပါသည်။
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)
  • ဆေးယဉ်နေသည့် ကြောက်စရာစူပါငှက်ဖျား အရှေ့တောင်အာရှတွင် အလျင်အမြန်ပြန့်နှံ့နေ
    ဆေးယဉ်နေသည့် ကြောက်စရာစူပါငှက်ဖျား အရှေ့တောင်အာရှတွင် အလျင်အမြန်ပြန့်နှံ့နေ
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    – သာမန်ငှက်ဖျားဆေးဝါးတွေကို ယဉ်ပါးနေတဲ့ ကြောက်စရာ ငှက်ဖျားရောဂါတစ်မျိုးဟာ အရှေ့တောင်အာရှမှာ အလျင်အမြန် ပြန့်နှံလာနေပြီး ကမ္ဘာတစ်ဝှမ်း ခြိမ်းခြောက်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။
    ‘စူပါငှက်ဖျား’ လို့ တင်စားခေါ်ဝေါ်တဲ့ အဲဒီငှက်ဖျားရောဂါကို ကမ္ဘောဒီးယားမှာ စတင်တွေ့ခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့မှာပါ ဖြစ်ပွားနေပါတယ်။ ဒီ စူပါငှက်ဖျားကို သာမန် ငှက်ဖျားဆေးဝါးတွေနဲ့ ပျောက်ကင်းအောင်ကုသဖို့ ခက်ခဲပါတယ်။
    ဘန်ကောက် ဆေးသုတေသန ဌာနတစ်ခုဖြစ်တဲ့ Mahidol-Oxford Tropical Medicine Research Unit က ပရော်ဖက်ဆာ အာဂျန် ဒွန်ဒေါ့ပ်က စူပါငှက်ဖျားဟာ အရှေ့တောင်အာရှ ဒေသတစ်ခုလုံးမှာ အလျင်အမြန် ပြန့်နှံ့နေပြီး အာဖရိကကို ရောက်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
    လက်ရှိ ဒီစူပါငှက်ဖျားကို ဗီယက်နက်မှာ ၃ ပုံ ၂ ပုံလောက်သာ ကုသနိုင်ပြီး၊ ကမ္ဘောဒီးယားမှာဆိုရင် ၄၀ ရာခိုင်နှုန်းကိုသာ ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်။
    နှစ်စဉ် ကမ္ဘာတစ်ဝှမ်းလူပေါင်း ၂၁၂ သန်းဟာ ခြင်ကနေတစ်ဆင့် ကူးစက်တဲ့ ငှက်ဖျားရောဂါကို ခံစားရလေ့ ရှိပါတယ်။
    ပရော်ဖက်ဆာ ဒွန်ဒေါ့ပ်က သေဆုံးသူတွေ များလာတာကို တွေ့နေရပြီး ဒီ စူပါငှက်ဖျားကို လုံးဝကုသလို့မရတဲ့ အနေအထားမျိုးမရောက်ခင် အမြစ်ဖြတ်ဖို့ လိုနေကာ သူ့အနေနဲ့ တော်တော်လေး စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref : BBC
  • ဘာသာရေးခွဲခြားသည့် အ၀တ်လျှော်ဆိုင်အား မလေးရှားဘုရင် ပြင်းပြင်းထန်ထန်ဝေဖန်
    ဘာသာရေးခွဲခြားသည့် အ၀တ်လျှော်ဆိုင်အား မလေးရှားဘုရင် ပြင်းပြင်းထန်ထန်ဝေဖန်
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    ဂျိုဟိုးဘုရင် ဆူလ်တန် အီဘရာဟင် ဆူလ်တန် အစ္စကန်ဒါ
    – မွတ်စလင်သီးသန့်သာ အသုံးပြုရမည်ဟု သတ်မှတ်ထားသော အ၀တ်လျှော်ဆိုင်အနေဖြင့် ၎င်းတို့၏ ထိုလုပ်ရပ်အတွက် လူသိရှင်ကြားတောင်းပန်ကာ လူမျိုးဘာသာ မခွဲခြားဘဲ အသုံးပြုခွင့်ပေးရမည်ဟု မလေးရှားရှိ ဂျိုဟိုးပြည်နယ် ဘုရင်က အမိန့်ပေးလိုက်ပြီး ထိုသို့ မဆောင်ရွက်ပါက အပိတ်ခံရမည်ဟု သတိပေးခဲ့သည်။
    “ကျုပ်တို့တိုင်းပြည်က တာလီဘန်တိုင်းပြည်မဟုတ်ဘူးဗျ။ ဒီလိုအစွန်းရောက်တဲ့လုပ်ရပ်ကို ဂျိုဟိုးက အစ္စလာမ့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော် လုံးဝလက်မခံနိုင်ပါဘူး။ ဒီလို မဟုတ်တမ်းတရား လုပ်တာမျိုးကို လက်မခံပါဘူး။ ဒါဟာ ဂျိုဟိုးပါ။ ‘ဘန်းဆာ ဂျိုဟိုး’ (ညီညွတ်တဲ့ဂျိုဟိုး) ပါ။ လူမျိုးစုံ၊ ဘာသာစုံနဲ့ သက်ဆိုင်တဲ့ဒေသပါ။ ကျွန်တော်တို့ပြည်နယ်ဟာ တိုးတက်ပြီး ခေတ်မီတဲ့ အလယ်အလတ်ကျတဲ့ပြည်နယ် ဖြစ်ပါတယ်” ဟု ဂျိုဟိုးဘုရင် ဆူလ်တန် အီဘရာဟင် ဆူလ်တန် အစ္စကန်ဒါက ပြောကြားခဲ့သည်။
    ‘ဘန်းဆာဂျိုဟိုး’ အယူအဆမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ညီညွတ်မှုမှသည် ဖွံ့ဖြိုးတိုးတက်သော ဒေသအဖြစ် ဆောင်ရွက်ရေးဖြစ်သည်။
    ဂျိုဟိုးပြည်နယ် မွားမြို့ရှိ အ၀တ်လျှော်ဆိုတစ်ခုက မွတ်စလင်မဟုတ်သူများ မလာရဆိုသည့် ဆိုင်းဘုတ်ကို ဆိုင်ရှေ့တွင် ကပ်ခဲ့ပြီးနောက် မလေးရှားနိုင်ငံအတွင်း ထိုကိစ္စနှင့်ပတ်သက်၍ ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
    ဆူလ်တန် အီဘရာဟင်က အဆိုပါ ဆိုင်ပိုင်ရှင်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး ပြည်သူလူထုအား ပြန်လည်တောင်းပန်ကာ အားလုံး အသုံးပြုနိုင်ရေး ဖွင့်ပေးရန် တိုက်တွန်းခဲ့သည်။
    “ကျွန်တော်နဲ့ ဂျိုဟိုးပြည်သူတွေကို ပိုင်ရှင်က တောင်းပန်တာမျိုး ကျွန်တော် ဖြစ်စေချင်တယ်။ ဒီလိုလုပ်ရပ်မျိုးဟာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဂျိုဟိုးမဟုတ်တာကြောင့် အဲဒီလူဟာ ဂျိုဟိုးပြည်သူတွေကို စိတ်ထိခိုက်အောင်၊ အရှက်ရအောင် လုပ်တဲ့လူပါ”
    “ဒီပိုင်ရှင်ဟာ ဂျိုဟိုးပြည်နယ်ရဲ့ ညီညွတ်မှု၊ သဟဇာတဖြစ်မှု၊ အလယ်အလတ်ကျမှု၊ ဘာသာရေးသည်းခံနိုင်မှုတွေကို ဆန့်ကျင်လိုက်တာပါ။ မွတ်စလင်သီးသန့်ဆိုတာမျိုး ဆက်လုပ်ရင် ဒီလူ ဂျိုဟိုးကနေ ထွက်သွားရလိမ့်မယ်။ အာဖဂန်နစ္စတန်မှာ ဆိုင်သွားဖွင့်လို့ အဲဒီလူကို ပြောချင်တယ်။ သူ့ရဲ့ အတွေးအခေါ်ဟာ ရွံစရာကောင်းပြီး ဂျိုဟိုးပြည်နယ်က ရပ်တည်ချက်တွေအားလုံးနဲ့ ဆန့်ကျင်နေပါတယ်” ဟု ဆူလ်တန်က ထည့်သွင်း ပြောဆိုခဲ့သည်။
    ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ ပြည်နယ် အစ္စလာမ့်ဓမ္မသတ်မှူးချုပ် မွဖ်သီ မိုဟာမက် တဟ်ရီ၊ သာသနာရေးဆိုင်ရာ အကြီးအကဲ အဘ်ဒူလ် မူတာလစ်ဘ် ရှမ်ရှူဒင်တို့ကို ပြောကြားထားပြီး ပြည်နယ် သာသနာရေးဆိုင်ရာ ကောင်စီကိုလည်း ထိုကိစ္စအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်ဟု ဆူလ်တန် အီဘရာဟင်က ဆိုသည်။
    အ၀တ်လျှော်ဆိုင်ပိုင်ရှင်ကမူ ထိုကဲ့သို့ ဆောင်ရွက်ရခြင်းမှာ ‘သန့ှ်ရှင်းမှု’ အတွက် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ‘မွတ်စလင်သီးသန့်’ ဆိုင်းဘုတ်အစား၊ ‘မွတ်စလင်များနှင့် သင့်လျော်သည်’ ဆိုသည့် ဆိုင်းဘုတ်ကို ပြောင်းလဲတပ်ဆင်ခဲ့သည်။
    ဂျိုဟိုးဘုရင်က အဆိုပါ ပြောင်းလဲတပ်ဆင်မှုကိုလည်း ကျေနပ်ခြင်းမရှိပေ။
    “ဒါ လူလည်ကျတာပါ။ အဓိပ္ပါယ်က အတူတူပါပဲ။ ဒီဆိုင်ပိုင်ရှင်ကို ဆုံးမဖို့ လိုနေပါပြီ။ ဒီလို အစွန်းရောက်မှုမျိုးကို ရပ်တန့်စေချင်တယ်။ အစွန်းရောက်ဝါဒအတွက် ကျွန်တော့်ပြည်နယ်မှာ နေရာမရှိပါဘူး။ ဒီပိုင်ရှင်ဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး ဘယ်မှာသွားသင်လာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်။ အစ္စလာမ်က သည်းခံဖို့၊ အခြားလူမျိုး၊ အခြားဘာသာတွေကို လေးစားဖို့ သွန်သင်ပါတယ်”
    ထို့ပြင် ဂျိုဟိုးရှိ ဗလီဝတ်ကျောင်းတော်များသည်ပင်လျှင် မွတ်စလင်မဟုတ်သူများအား ၀င်ရောက်လေ့လာနိုင်ရန် ဖွင့်ပေးထားကြောင်းလည်း ထောက်ပြပြောဆိုခဲ့သည်။
    “အဲဒီပိုင်ရှင် နိုင်ငံခြားရောက်ရင် သူ့အ၀တ်တွေကို ဘယ်မှာသွားလျှော်မလဲလို့ ကျွန်တော် စဉ်းစားမိတယ်ဗျ။ မွတ်စလင်တွေရဲ့ အ၀တ်တွေကသာ သန့်ပြီး၊ မွတ်စလင်မဟုတ်သူတွေရဲ့ အ၀တ်က မသန့်ဘူးလို့ သူ ပြောနေတာများလား။ ဒီလိုဆိုလိုတယ်လို့ပဲ ကျွန်တော်ထင်တယ်”
    ထိုကဲ့သို့ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များကို ပြုလုပ်သော မည်သည့် စီးပွားရေးလုပ်ငန်းကိုမဆို လိုင်စင်ရုပ်သိမ်းရန်လည်း ဆူလ်တန် အီဘရာဟင်က သက်ဆိုင်ရာ အစိုးရဌာနများကို ညွှန်ကြားထားသည်။
    Ref: Today Online
  • မောင်တောရှိ မီးလောင်ရွာများကို အစိုးရသိမ်းမည်၊ မူလနေထိုင်သူများ ပြန်ရရေး မသေချာ
    မောင်တောရှိ မီးလောင်ရွာများကို အစိုးရသိမ်းမည်၊ မူလနေထိုင်သူများ ပြန်ရရေး မသေချာ
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    မောင်တောရှိ မီးလောင်ပြင်တစ်ခု
    – သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မငြိမ်မသက်မှုအတွင်းမှာ မီးလောင်းသွားခဲ့တဲ့ ရွာတွေက မြေကို အစိုးရက သိမ်းယူပြီး ပြန်လည်ဖွံ့ဖြိုးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး CNA သတင်းဌာနက ဒီကနေ့မှာ ဖော်ပြထားပါတယ်။
    ဒီအဖြစ်အပျက်အတွင်းမှာ ရိုဟင်ဂျာတွေနေထိုင်တဲ့ ရွာတော်တော်များများ မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၄၈၀၀၀၀ လောက်ဟာလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
    အစိုးရကတော့ သြဂုတ်လ ၂၅ ရက်နေ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရွာတွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
    “ဥပဒေအရတော့ မီးလောင်ပြင်တွေဟာ အစိုးရက စီမံရတဲ့ မြေတွေဖြစ်သွားပါတယ်” လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးက ပြောကြားကြောင်း ဒီကနေ့ထုတ် Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။
    အင်္ဂါနေ့ အာဏာပိုင်တွေနဲ့ တွေ့ဆုံမှုအတွင်း သဘာဝဘေး စီမံခန့်ခွဲရေးဥပဒေကို ထောက်ပြပြီး ၀န်ကြီးက ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းဟာ တော်တော်လေး အကျိုးသက်ရောက်မှုရှိမယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီဥပဒေအရ ပဋိပက္ခအပါအ၀င် သဘာဝဘေးကြောင့် ပျက်ဆီးသွားတဲ့ ဒေသတွေ ပြန်လည်တည်ဆောက်ရေးကို အစိုးရက ကြီးကြပ်ရမှာဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့ ရိုဟင်ဂျာတွေအတွက် ဘယ်လို အစီအစဉ်တွေရှိလဲ၊ သူတို့ နေထိုင်ခဲ့တဲ့ရွာတွေမှာ ပြန်လည်နေထိုင်ခွင့်ရမလားဆိုတဲ့အချက်ကိုတေတာ့ Global New Light of Myanmar သတင်းဖော်ပြချက်မှာ မပါဝင်ပါဘူး။
    ဒီကိစ္စအတွက် လူကယ်ပြန်ဝန်ကြီးထံကနေ လတ်တလော မှတ်ချက်ယူလို့ မရသေးဘူးလို့ CNA သတင်းဌာနက ထည့်သွင်းဖော်ပြပါတယ်။
    လတ်တလော မတည်ငြိမ်မှုအတွင်း ရိုဟင်ဂျာရွာပေါင်း ၄၀၀ လောက် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားထားပါတယ်။
    Ref: CNA