News @ M-Media
Blog
  • မောင်တောရှိ မီးလောင်ရွာများကို အစိုးရသိမ်းမည်၊ မူလနေထိုင်သူများ ပြန်ရရေး မသေချာ
    မောင်တောရှိ မီးလောင်ရွာများကို အစိုးရသိမ်းမည်၊ မူလနေထိုင်သူများ ပြန်ရရေး မသေချာ
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    မောင်တောရှိ မီးလောင်ပြင်တစ်ခု
    – သြဂုတ်လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မငြိမ်မသက်မှုအတွင်းမှာ မီးလောင်းသွားခဲ့တဲ့ ရွာတွေက မြေကို အစိုးရက သိမ်းယူပြီး ပြန်လည်ဖွံ့ဖြိုးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားမှုကို ကိုးကားပြီး CNA သတင်းဌာနက ဒီကနေ့မှာ ဖော်ပြထားပါတယ်။
    ဒီအဖြစ်အပျက်အတွင်းမှာ ရိုဟင်ဂျာတွေနေထိုင်တဲ့ ရွာတော်တော်များများ မီးရှို့ဖျက်ဆီးခံရပြီး လူပေါင်း ၄၈၀၀၀၀ လောက်ဟာလည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။
    အစိုးရကတော့ သြဂုတ်လ ၂၅ ရက်နေ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရွာတွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
    “ဥပဒေအရတော့ မီးလောင်ပြင်တွေဟာ အစိုးရက စီမံရတဲ့ မြေတွေဖြစ်သွားပါတယ်” လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးဝင်းမြတ်အေးက ပြောကြားကြောင်း ဒီကနေ့ထုတ် Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပါတယ်။
    အင်္ဂါနေ့ အာဏာပိုင်တွေနဲ့ တွေ့ဆုံမှုအတွင်း သဘာဝဘေး စီမံခန့်ခွဲရေးဥပဒေကို ထောက်ပြပြီး ၀န်ကြီးက ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းဟာ တော်တော်လေး အကျိုးသက်ရောက်မှုရှိမယ်လို့ ပြောကြားခဲ့ပါတယ်။
    အဲဒီဥပဒေအရ ပဋိပက္ခအပါအ၀င် သဘာဝဘေးကြောင့် ပျက်ဆီးသွားတဲ့ ဒေသတွေ ပြန်လည်တည်ဆောက်ရေးကို အစိုးရက ကြီးကြပ်ရမှာဖြစ်ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာတဲ့ ရိုဟင်ဂျာတွေအတွက် ဘယ်လို အစီအစဉ်တွေရှိလဲ၊ သူတို့ နေထိုင်ခဲ့တဲ့ရွာတွေမှာ ပြန်လည်နေထိုင်ခွင့်ရမလားဆိုတဲ့အချက်ကိုတေတာ့ Global New Light of Myanmar သတင်းဖော်ပြချက်မှာ မပါဝင်ပါဘူး။
    ဒီကိစ္စအတွက် လူကယ်ပြန်ဝန်ကြီးထံကနေ လတ်တလော မှတ်ချက်ယူလို့ မရသေးဘူးလို့ CNA သတင်းဌာနက ထည့်သွင်းဖော်ပြပါတယ်။
    လတ်တလော မတည်ငြိမ်မှုအတွင်း ရိုဟင်ဂျာရွာပေါင်း ၄၀၀ လောက် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြားထားပါတယ်။
    Ref: CNA
  • အမျိုးသမီးများ ကားမောင်းခွင့်မရသည့် ရိုးရာဓလေ့ကို ဆော်ဒီပယ်ဖျက်
    အမျိုးသမီးများ ကားမောင်းခွင့်မရသည့် ရိုးရာဓလေ့ကို ဆော်ဒီပယ်ဖျက်
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    – အမျိုးသမီးများအား ကားမောင်းခွင့် ပိတ်ပင်ထားသော ရိုးရာဓလေ့ထုံးတမ်းတစ်ခုကို ဆော်ဒီက ပယ်ဖျက်လိုက်ပြီဟု သိရသည်။
    ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွတ်က ယမန်နေ့တွင် ထိုဓလေ့ကို ပယ်ဖျက်သော အမိန့်တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဥပဒေမှာ ချက်ခြင်း အာဏာသက်ရောက်ရမည်ဟု ဆိုထားသော်လည်း အကောင်အထည်ဖော်ရေးအတွက် လအနည်းငယ် ကြာမြင့်ဖွယ် ရှိနေသည်။
    အဆိုပါအမိန့်ကို ဖော်ဆောင်ရေး လိုအပ်သည်များကို စီမံရန်အတွက် ၀န်ကြီးအဆင့် ကော်မတီတစ်ခုကိုလည်း တစ်ပါးတည်း ဖွဲ့စည်းခဲ့သည်။
    ထိုကော်မတီမှာ အမိန့်ထုတ်ပြန်ခဲ့သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အကြံပြုချက်များကို ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ပြီး အစ္စလာမ့်ပြက္ခဒိန်ကို အခြေခံကာ ၂၀၁၈ ခုနှစ် ဇွန်လ ၂၃၊ ၂၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။
    ဘုရင် ဆလ်မန်၏အမိန့်တွင် အမျိုးသမီးများမှာ အစ္စလာမ့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကားမောင်းခွင့်ပြုသည်ဟု ဖော်ပြထားသည်။
    ဆော်ဒီမှာ အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ရီယာ့ဒ်ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည့် အမျိုးသားနေ့ အခမ်းအနားတွင် အမျိုးသမီးများကို ပထမဆုံး လာခွင့်ပြုခဲ့သည်။
    ယခင်က ဘောလုံးကွင်းများသို့ အမျိုးသားများကိုသာ လာခွင့်ပြုထားခြင်းဖြစ်သည်။
    Ref: Aljazeera
  • သီရိလင်္ကာတွင် ဗုဒ္ဓဘာသာလူအုပ်က ရိုဟင်ဂျာဒုက္ခသည်များကို စီးနင်းတိုက်ခိုက်ရန် ကြိုးစား
    သီရိလင်္ကာတွင် ဗုဒ္ဓဘာသာလူအုပ်က ရိုဟင်ဂျာဒုက္ခသည်များကို စီးနင်းတိုက်ခိုက်ရန် ကြိုးစား
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    ရခိုင်အရေးနှင့်ပတ်သက်၍ သီရိလင်္ကာဘုန်းကြီးများ ဆန္ဒပြမှု
    – သီရိလင်္ကာမြို့တော် ကိုလံဘိုအနီးရှိ ရိုဟင်ဂျာဒုက္ခသည်များ ခိုလှုံနေသော နေရာတစ်ခုကို ဆင်ဟာလာ ဗုဒ္ဓဘာသာဘုန်းကြီးများ ဦးဆောင်သည့် လူအုပ်က စီးနင်းတိုက်ခိုက်ရန် ကြိုးစားမှုကြောင့် ရဲတပ်ဖွဲ့က ကာကွယ်ပေးထားရသည်ဟု သိရသည်။
    UNHCR က စီစဉ်ပေးထားသည့် အဆောက်အဦးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအုပ်ကြီးမှာ ၀င်ပေါက်များကို ဖျက်ဆီး၍ အတွင်းသို့ ၀င်ရောက်ခဲ့ကြကာ ဒုက္ခသည် ၃၁ ဦးမှာ အဆောက်အဦး၏ အပေါ်ထပ် အခန်းများတွင် ပုန်းအောင်းနေခဲ့ရသည်ဟု AFP သတင်းဌာနက ဖော်ပြခဲ့သည်။
    “လူအုပ်ကို ကျွန်တော်တို့ ဖြိုခွဲခဲ့ရပြီး ဒုက္ခသည်တွေကို ပိုလုံခြုံတဲ့နေရာကို ရွှေ့ပြောင်းပေးမှာ ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    သီရိလင်္ကာရေတပ်က ကယ်ဆယ်ထားသည့် အဆိုပါ ရိုဟင်ဂျာ ဒုက္ခသည်များမှာ တတိယနိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေသူများ ဖြစ်သည်။
    လူအုပ်ကြီးကို ဦးဆောင်သည့် ဘုန်းကြီးများထဲမှ တစ်ပါးက ကလေးချီထားသည့် ရိုဟင်ဂျာမိခင်တစ်ဦး၏ ပုံကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်ကာ ‘သူတို့တွေဟာ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို သတ်တဲ့ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေပါ’ ဟု ရေးသားခဲ့သည်။ ၎င်းမှာ Sinhalese National Force ဟု အမည်ရသည့် အဖွဲ့မှ ဖြစ်သည်။
    ပြီးခဲ့သည့် သီတင်းပတ်များတွင် သီရိလင်္ကာရှိ ဆင်ဟာလာ ဗုဒ္ဓဘာသာဘုန်းကြီးမျာမှာ မြန်မာအစိုးရကို ထောက်ခံသော ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင်များမှာ အကြမ်းဖက်သမားများ ဖြစ်သည်ဟု ပြောဆိုရှုတ်ချခဲ့ကြသည်။
    နိုင်ငံ အရှေ့မြောက်ပိုင်းမှ တမီလ်စကားပြောသူများကမူ ရိုဟင်ဂျာမွတ်စလင်များအပေါ် မြန်မာစစ်တပ်က ကျူးလွန်မှုများကို ရှုတ်ချကြောင်း ယခုလအစောပိုင်းတွင် လူသိရှင်ကြား ဆန္ဒပြခဲ့ဖူးသည်။
    Ref: Tamilguardian
  • မြောက်ကိုရီးယားကို စစ်တိုက်ရန် ပြင်ဆင်ထားသည်ဟု ထရမ့်ပြော
    မြောက်ကိုရီးယားကို စစ်တိုက်ရန် ပြင်ဆင်ထားသည်ဟု ထရမ့်ပြော
    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားအား စစ်ရေးအရ အရေးယူရန် အလုံးစုံ ပြင်ဆင်ထားပြီးဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာလိုက်ပြီး တိုက်ခိုက်မှုဖြစ်ပါက အကြီးအကျယ် ပျက်ဆီးလိမ့်မည်ဟု ဆိုသည်။
    ထရမ့်၏ Twitter ရေးသားချက်တစ်ခုကို ကိုးကား၍ အမေရိကန်မှာ မိမိတို့အား စစ်ကြေငြာခဲ့သည်ဟု မြောက်ကိုရီးယားက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး အမေရိကန် ဗုံးကြဲလေယာဉ်များကို ပစ်ချမည်ဆိုသည့် စကားကို ထရမ့်က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
    “ဒုတိယရွေးချယ်မှုအတွက် ကျွန်တော်တို့ အားလုံး ပြင်ဆင်ပြီးပါပြီး။ ဒါဟာ ကျွန်တော်တို့ ကြိုက်တဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းကို ကျွန်တော်တို့သုံးရင် အကြီးအကျယ် ပျက်ဆီးမှာ ဖြစ်ပါတယ်။ ပြောနိုင်တာက မြောက်ကိုရီးယားဟာ အကြီးအကျယ် ပျက်ဆီး ဆုံးရှုံးမှာပါ။ ဒါဟာ စစ်ရေးနည်းလမ်းဖြစ်ပြီး လုပ်ဖို့လိုရင် ကျွန်တော်တို့ လုပ်မှာပါ” ဟု ထရမ့်က ယမန်နေ့တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။
    အမေရိကန်က စစ်ကြေငြာသည်ဆိုသည့် မြောက်ကိုရီးယား၏ စွပ်စွဲချက်ကို အိမ်ဖြူတော်က စောစောပိုင်းတွင် ငြင်းဆိုခဲ့ပြီးနောက်ပိုင်း ထရမ့်၏ ယခုမှတ်ချက် ထွက်လာခဲ့ခြင်းဖြစ်သည်။
    မြောက်ကိုရီးယားပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့် ယခင် အစိုးရများကိုလည်း ထရမ့်က အပြစ်တင်ခဲ့သည်။
    တောင်ကိုရီးယားထောက်လှမ်းရေးဌာန (NIS) က မြောက်ကိုရီးယားမှာ ၎င်းတို့၏ စစ်လေယာဉ်များကို အရှေ့ဖက်ကမ်းရိုးတန်းတွင် ပြောင်းရွှေ့ နေရာချထားနေပြီး ကမ်းရိုးတန်း ခံစစ်ကို တိုးမြှင့်ထားသည်ဟု ပြောကြားခဲ့သည်။
    ဒေသတွင်း ခေါင်းဆောင်များကလည်း ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာမည်ဟု သတိပေးထားသည်။
    Ref: Aljazeera