News @ M-Media

Blog

  • ကာတာလိုနီယာဒေသ ခွဲထွက်ရေး ဒေသခံပြည်သူ ၉၀ ရာခိုင်နှုန်းက ထောက်ခံ

    ကာတာလိုနီယာဒေသ ခွဲထွက်ရေး ဒေသခံပြည်သူ ၉၀ ရာခိုင်နှုန်းက ထောက်ခံ

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်ကို စောင့်ဆိုင်းနေသည့် ကာ့တ်လန်ပြည်သူများ

    – စပိန်အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နှင်းမှုများ ရှိနေသည့် ကြားကပင် ယမန်နေ့က ပြုလုပ်ခဲ့သော ကာတာလိုနီယာဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ဒေသခံ အများစုမှာ ခွဲထွက်ရေးဖက် ထောက်ခံမဲ ပေးခဲ့ကြသည်။

    မဲပေးခွင့်ရှိသူ၏ ၄၂ ရာခိုင်နှုန်းဖြစ်သော ၂.၂၆ သန်း မဲပေးမှုတွင် ၉၀ ရာခိုင်နှုန်းကျော်မှာ ခွဲထွက်ရေးအတွက် မဲပေးခဲ့ကြပြီး ကာတာလိုနီယာ ဒေသခေါင်းဆောင် Carles Puigdemont က ကာတာလိုနီယာ ပြည်သူများမှာ ပြည်သူ့သမ္မတနိုင်ငံအဖြစ် ပေါ်ထွက်ခွင့် ရရှိသွားခဲ့ပြီဟု ရုပ်သံမှတစ်ဆင့် မိန့်ခွန်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့အစိုးရဟာ ဒီပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်ကို ကျွန်တော်တို့ပြည်သူတွေရဲ့ အချုပ်အခြာတည်ရှိတဲ့ ကာ့တ်လန်လွှတ်တော်ကို ပေးပို့သွားမှာဖြစ်ပြီး၊ ဒါမှသာ ပြည်သူ့ဆန္ဒခံယူပွဲရဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”

    စပိန်ဝန်ကြီးချုပ် Mariano Rajoy က အစိုးရအနေဖြင့် ခွဲထွက်ရေးကို လက်မခံဘဲ ခွဲထွက်ရေးသမားများမှာ တစ်နိုင်ငံလုံးအား ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။ ထို့ပြင် ကာတာလိုနီယာဒေသ၏ အနာဂတ်အတွက် အားလုံး ပူးပေါင်းပါဝင်ဆွေးနွးရန်လည်း ကမ်းလှမ်းခဲ့သည်။

    ဆန္ဒခံယူပွဲအား ရဲတပ်ဖွဲ့၏ နှိမ်နှင်းမှုအတွင်း လူပေါင်း ၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဆယ်စုနှစ်များအတွင်း စပိန်နိုင်ငံ၏ အကြီးမားဆုံး အခြေခံဥပဒေဆိုင်ရာ ပြဿနာကြီးလည်းဖြစ်သည်။

    Ref: Aljazeera

  • အမေရိကန် လက်စ်ဗီးဂက်စ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၅၀ သေဆုံး

    အမေရိကန် လက်စ်ဗီးဂက်စ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၅၀ သေဆုံး

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု လောင်းကစားမြို့တော် လက်စ်ဗီးဂက်စ်ရှိ ဂီတဖျော်ဖြေပွဲတစ်ခုတွင် အနည်းဆုံး သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅၀ ခန့် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အပန်းဖြေနေရာနှင့် ကာစီနိုလောင်းကစားရုံဖြစ်သော Mandalay Bay Resort and Casino ရှိ အဆောက်အဦးတစ်ခု အပြင်ဘက်တွင် ပြုလုပ်သည့် Route 91 ကျေးလက်ဂီတပွဲတော်ကို လာရောက်သော လူအုပ်ကို မန္တလေးဘေးဟော်တယ် ၃၂ ထပ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လက်စ်ဗီးဂက်စ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် ကလာ့က်ခရိုင် ရဲမင်းကြီး ဂျိုးဆက်ပ် လွမ်ဘာဒိုက ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သို့သော်လည်း ထိုအရေအတွက်မှာ အတိအကျမဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း ပြောကြားခဲ့သည်။

    တိုက်ခိုက်သူမှာ လက်စ်ဗီးဂက်စ်၌ နေထိုင်သူဖြစ်ပြီး ၎င်း ပစ်ခတ်ခဲ့သည့် ဟိုတယ်ခန်းတွင် ရဲတပ်ဖွဲ့က အသေပစ်သတ် ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

    တိုက်ခိုက်မှုကို မည်သည့်အတွက်ကြောင့် ပြုလုပ်သည်ဆိုသည်နှင့် ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်မှု ရှိ၊ မရှိ မသိရသေးပေ။ လက်ရှိတွင် တိုက်ခိုက်သူနှင့် ပတ်သက်သူများကို ရဲတပ်ဖွဲ့က ရှာဖွေနေသည်။

    ၂၀၁၇ ခုနှစ် အစမှ ယခုအချိန်အထိ အမေရိကန်တွင် သေနတ်ဖြင့် ပစ်ခတ်မှု ၂၇၃ ခု ဖြစ်ပွားခဲ့ပြီး ၁၁၆၂၁ ဦး သေဆုံးခဲ့ကာ ၂၃၄၃၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု Gun Violence Archive အဖွဲ့က စာရင်းပြုစုထားသည်။

    Ref: Aljazeera

     

  • သန္ဓေသားလောင်းကို ခွဲစိပ်ကာ မျိုးရိုးလိုက်ရောဂါများ ဖယ်ရှားနိုင်တော့မည်

    သန္ဓေသားလောင်းကို ခွဲစိပ်ကာ မျိုးရိုးလိုက်ရောဂါများ ဖယ်ရှားနိုင်တော့မည်

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ပထမဆုံးအနေဖြင့် လူ့သန္ဓေသားတွင် ရောဂါများ ဖယ်ရှားရန် ဓာတုခွဲစိပ်မှုကို အတိအကျ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း တရုတ်သုတေသီများက ဘီဘီစီသတင်းဌာနသို့ ပြောကြားလိုက်သည်။

    လူသားများ၏ မျိုးရိုးဗီဇ ကုဒ်ရှိ letter သန်းသုံးထောင်အနက်မှ အမှားတစ်ခုကို ပြန်လည်တည့်မတ်ရန် base editing ဟုခေါ်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်ဟု ဆွန်ယက်ဆင်တက္ကသိုလ်ရှိ သုတေသနအဖွဲ့က ပြောကြားခဲ့သည်။

    ယခုတွေ့ရှိချက်ကြောင့် တစ်ချိန်တွင် မျိုးရိုးလိုက်ရောဂါများကို အပြီးသတ်ဖယ်ရှားနိုင်တော့မည် ဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

    base editing နည်းပညာဖြင့် DNA ၏ အခြေခံ Base လေးမျိုးဖြစ်သော adenine၊ cytosine၊ guanine နှင့် athymine တို့၏ အခြေခံတည်ဆောက်မှုကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ လူသား၏ ခန္ဓာကိုယ် ဖြစ်တည်မှုမှာ အဆိုပါ Base လေးမျိုး ပေါင်းစပ်ခြင်းကြောင့်ဖြစ်သည်။

    “ကျွန်တော်တို့ဟာ base editing နည်းပညာကို အသုံးပြုပြီး လူ့သန္ဓေသားမှာ မျိုးရိုးလိုက်ရောဂါတွေကို ကုသနိုင်ကြောင်း ပြသနိုင်တဲ့ ပထမဦးဆုံးအဖွဲ့ ဖြစ်လာမှာပါ” ဟု သုတေသီတစ်ဦးဖြစ်သူ ဂျွန်ဂျူးဟွမ်က ဘီဘီစီသတင်းဌာနသို့ ပြောသည်။

    အဆိုပါစမ်းသပ်ချက်များကို သွေးလှည့်ပတ်မှု မမှန်သည့် ရောဂါရှိသူထံမှ အသားစယူ၍ ပုံတူမျိုးပွားလူ့သန္ဓေသားပြုလုပ်၍ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

    Ref: BBC

  • တူရကီက ဆိုမာလီယာတွင် ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်

    တူရကီက ဆိုမာလီယာတွင် ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    မိုဂါဒစ်ရှူးတွင် ဖွင့်လှစ်လိုက်သည့် တူရကီ ရေတပ်အခြေစိုက်စခန်း

    – တူရကီဟာ အာဖရိကရဲ့ အချက်အခြာ ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ရေတပ်အခြေစိုက်စခန်းတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံရပ်ခြားမှာ တူရကီရဲ့ အကြီးဆုံး စစ်စခန်း ဖြစ်ပါတယ်။

    ကန်ဒေါ်လာ သန်းငါးဆယ် ကုန်ကျခဲ့တဲ့ အဲဒီအခြေစိုက်စခန်းကို စနေနေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆိုမာလီတပ်သား ၁၀၀၀၀ ကို သင်တန်းပေးမှာ ဖြစ်ပါတယ်။ စစ်စခန်းကနေ တစ်ကြိမ်မှာ အနည်းဆုံး စစ်သား ၁၅၀၀ ခန့် လေ့ကျင့်နိုင်စွမ်းရှိတယ်လို့ တူရကီနဲ့ ဆိုမာလီ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    “ဒီစခန်းဟာ တူရကီနိုင်ငံအပြင်ဘက်မှာ ဆောက်လုပ်တဲ့စခန်းများအနက် အကြီးဆုံး လေ့ကျင့်ရေးစခန်း ဖြစ်ပါတယ်။ တူရကီအစိုးရနဲ့ စစ်တပ်ဟာ ဆိုမာလီယာက ကျွန်တော်တို့ ညီနောင်တွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးသွားမှာဖြစ်ပါတယ်” လို့ တူရကီ စစ်ဦးစီး အရာရှိချုပ် ဟူလူစီ အာကာက ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ဧရိယာ ၄ စတုရန်းကီလိုမီတာခန့် အကျယ်ရှိတဲ့ အဆိုပါစခန်းကို လွန်ခဲ့သည့် နှစ်နှစ်ကတည်းက တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။

    “ဒီစစ်သင်တန်းဟာဆိုရင် ကျွန်တော်တို့ တပ်မတော်ကို ပြန်လည်တည်ဆောက်ဖို့ ထားရှိတဲ့ ကတိက၀တ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” လို့ ဆိုမာလီဝန်ကြီးချုပ် ဟာစန် အလီ ခိုင်းရ်က ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    ဆိုမာလီနိုင်ငံဟာ ၁၉၉၁ ခုနှစ်ကတည်းက ဆိုင်ယာဒ်ဘားရီ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့နှင့် လူမျိုးစုစစ်သွေးကြွတွေအကြား ကြာရှည်စွာ စစ်ပွဲဆင်နွှဲနေခဲ့ရတာ ဖြစ်ပါတယ်။

    Ref: Al jazeera

  • ကနေဒါ၏ တတိယအကြီးဆုံး နိုင်ငံရေးပါတီတွင် ဆစ်ခ်လူမျိုး ခေါင်းဆောင်ဖြစ်လာ

    ကနေဒါ၏ တတိယအကြီးဆုံး နိုင်ငံရေးပါတီတွင် ဆစ်ခ်လူမျိုး ခေါင်းဆောင်ဖြစ်လာ

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    NDP ပါတီခေါင်းဆောင် ဖြစ်လာသည့် ဂျဂ်မိဆင်း

    – ကနေဒါနိုင်ငံရှိ ဆစ်ခ်လူမျိုးတစ်ဦးမှာ တိုင်းပြည်၏ တတိယအင်အားအကြီးဆုံးပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရသည်ဟု သိရသည်။

    ဂျဂ်မိဆင်းဆိုသူဖြစ်ပြီး New Democratic Party (NDP) ပါတီခေါင်းဆောင်အဖြင် ယမန်နေ့က မဲခွဲဆုံးဖြတ်မှုတွင် မဲအရေအတွက် ၅၄ ရာခိုင်နှုန်း ရရှိကာ အရွေးခံခဲ့ရခြင်းဖြစ်သည်။ NDP ပါတီမှာ ၀န်ကြီးချုပ် ဂျက်စတင် ထရူဒူ၏ လစ်ဘရယ်ပါတီနှင့် ကွန်ဆာဗေးတစ်ပါတီတို့နောက် တတိယ အကြီဆုံးပါတီလည်းဖြစ်သည်။

    “ကြောက်ရွံ့စိတ်နိုင်ငံရေးကို သတ္တိနိုင်ငံရေးနဲ့၊ နိုင်ငံရေးအကွဲအပြဲတွေကို မေတ္တာနိုင်ငံရေးနဲ့ တွန်းလှန်ရာမှာ ကနေဒါပြည်သူတွေဟာ စည်းလုံးညီညွတ်ရပါမယ်” ဟု ဆင်းက ရလဒ်ကြေငြာပြီးနောက် ပြောကြားခဲ့သည်။

    ရှေ့နေတစ်ယောက်ဖြစ်သည့် ဆင်းမှာ အွန်တာရီယိုရှိ ပန်ချာဘီ မိသားစုမှ မွေးဖွားလာခြင်းဖြစ်ပြီး ၀န်ကြီးချုပ် ထရူဒူကလည်း ဆင်းကို ချီးကျူးခဲ့သည်။

    “၀န်ကြီးချုပ်ကို မကြာခင်မှာ တွေ့ဆုံစကားပြောဖို့ ရှိနေပြီး ကနေဒါပြည်သူတွေအတွက် အတူတကွ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဆင်းက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ဆင်းမှာ အွန်တာရီယို ပြည်နယ်လွှတ်တော်မှ အမတ်တစ်ဦးလည်းဖြစ်သည်။

    Ref: CNA