News @ M-Media

Blog

  • အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုဖြစ်

    အီဂျစ်ရှိ မြန်မာသံရုံးတွင် အသေးစားပေါက်ကွဲမှုဖြစ်

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    – အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က မြန်မာသံရုံးမှာ စနေနေ့က အသေးစားပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်သွေးကြွအုပ်စုတစ်ခုဖြစ်တဲ့ Hasm က သူတို့လက်ချက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက မှတ်ချက်ပေးခြင်းမရှိခဲ့ဘဲ အဲဒီဒေသမှာ နေထိုင်သူတွေနဲ့ ဒေသတွင်းမီဒီယာတွေကတော့ ဒါဟာ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်တယ်လို့ စောစောပိုင်းမှာ ပြောကြားခဲ့တာပါ။

    အခင်းဖြစ်ပွားရာနေရာမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း သဲလွန်စတွေ တွေ့ခဲ့ရတယ်လို့ လုံခြုံရေးရင်းမြစ် ၂ ခုက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    စစ်သွေးကြွ Hasm အဖွဲ့က တနင်္ဂနွေနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီဖောက်ခွဲမှုဟာ ‘ရခိုင်ပြည်နယ်က အမျိုးသမီးတွေ၊ ကလေးတွေကို သတ်ဖြတ်မှုတွေအတွက် သံရုံးကို သတိပေးတာဖြစ်ပြီး၊ ဒီအားနည်းတဲ့ သူတွေနဲ့အတူ ရှိနေတယ်’ လို့ ဖော်ပြခဲ့ပါတယ်။

    ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကတည်း ကိုင်ရိုတစ်ဝိုက် တရားသူကြီးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အခုအကြိမ်ဟာ အရပ်သားပစ်မှတ်ကို ပထမဆုံး တိုက်ခိုက်တာဖြစ်ပါတယ်။

    စစ်ဆင်ရေးတွေအတွင်း အရပ်သားတွေ၊ အပြစ်မဲ့ပြည်သူတွေကို မထိခိုက်ဖို့နဲ့ ထိခိုက်မယ်ဆိုရင် ရပ်တန့်လို့မရတဲ့ အနေအထားမျိုးနဲ့ တုန့်ပြန်သွားမယ်လို့လည်း Hasm က မြန်မာစ်တပ်ကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာသံရုံးကို မေးလို့မရသေးဘူးလို့ Reuters က ဖော်ပြပါတယ်။

    Hasm အဖွဲ့ဟာ ၂၀၁၃ ခုနှစ်က ပိတ်ပင်ခံထားရတဲ့ Muslim Brotherhood ပါတီနဲ့ ဆက်စပ်မှုရှိတယ်လို့ အီဂျစ်အစိုးရက စွပ်စွဲထားပြီး ပါတီကတော့ ငြင်းဆိုထားပါတယ်။

    Ref: Reuters

  • ရိုဟင်ဂျာဒုက္ခသည်များကို တိုက်ခိုက်မှုအတွက် သီရိလင်္ကာက လူ ၆ ဦးကို ဖမ်းဆီးထား 

    ရိုဟင်ဂျာဒုက္ခသည်များကို တိုက်ခိုက်မှုအတွက် သီရိလင်္ကာက လူ ၆ ဦးကို ဖမ်းဆီးထား 

    အောက်တိုဘာ ၂၊ ၂၀၁၇

    M-Media

    – ပြီးခဲ့တစ်ပတ်က ကိုလံဘိုဆင်ခြေဖုံးမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သီရိလင်္ကာ ရဲတပ်ဖွဲ့က လူ ၆ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

    ဘုန်းကြီးတွေဦးဆောင်တဲ့ လူအုပ်စုဟာ ကုလက စောင့်ရှောက်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၁ ဦး နေထိုင်ရာ အဆောက်အဦးကို ဖျက်ဆီးဝင်ရောက်ကာ ဒုက္ခသည်တွေကိုရန်မူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ သိရိလင်္ကာအစိုးရက ဒီလုပ်ရပ်ကို ပြင်းပြင်ထန်ထန် ဝေဖန်ခဲ့ကာ ဒီလုပ်ရပ်မှာ ပါဝင်တဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ ဘုရားသားတော်တွေမဟုတ်ဘဲ ‘တိရိစ္ဆာန်တွေ’ သာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ ဘုန်းကြီးတွေကို ကျွန်တော်တို့ ဖော်ထုတ်ပြီးပါပြီ။ အဲဒီလူတွေကို ဖမ်းဆီးဖို့ အဖွဲ့ ၃ ဖွဲ့ လွှတ်ထားပါတယ်” လို့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်တဲ့ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုတွေကို တားဆီးရင်း ရဲတပ်ဖွဲ့ဝင်တစ်ချို့ ဒဏ်ရာရခဲ့ပြီး ၂ ဦးဟာ အခုအချိန်အထိ ဆေးရုံမှာ ရှိနေပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး သီရိလင်္ကာ ရဲတပ်ဖွဲ့ဟာ အမျိုးသား ၅ ဦနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားတယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဒီတိုက်ခိုက်မှုကို တားဆီးဖို့ ပျက်ကွက်မှုအတွက် ရဲတပ်ဖွဲ့ဝင်တော်တော်များများကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

    ကိုလံဘိုဆင်ခြေဖုံးမှာ ကုလအစောင့်အရှောက်နဲ့ နေထိုင်တဲ့ အဲဒီ ဒုက္ခသည်တွေကို သီရိလင်္ကာရေတပ်က ပင်လယ်ထဲနေ ကယ်တင်ထားတာဖြစ်ပါတယ်။

    သီရိလင်္ကာက အစွန်းရောက်ဘုန်းကြီးတွေဟာ မြန်မာနိုင်ငံက အစွန်းရောက်ဘုန်းကြီးတွေနဲ့ အဆက်သွယ်ရှိနေပြီး ဒီအုပ်စုနှစ်ခုစလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေက မွတ်စလင်လူနည်းစုတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေအတွက် မီးထိုးပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

    Ref: AFP

  • ပထမဆုံး အမျိုးသမီးယာဉ်မောင်းသင်တန်း ဖွင့်မည်ဟု ဆော်ဒီတက္ကသိုလ်တစ်ခု ကြေငြာ

    ပထမဆုံး အမျိုးသမီးယာဉ်မောင်းသင်တန်း ဖွင့်မည်ဟု ဆော်ဒီတက္ကသိုလ်တစ်ခု ကြေငြာ

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    Princess Nourah တက္ကသိုလ်

    – ဆော်ဒီအာရေဗျ၌ အမျိုးသမီးများယာဉ်မောင်းခွင့် ပိတ်ပင်မှုကို ပြီးခဲ့သည့်တစ်ပတ်က ရုတ်သိမ်းသည့် ဘုရင့်အမိန့် ထုတ်ပြန်လိုက်ပြီးနောက် တက္ကသိုလ်တစ်ခုက အမျိုးသမီးယာဉ်မောင်းသင်ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

    Princess Nourah တက္ကသိုလ်ဖြစ်ပြီး ရီယာဒ့်မြို့တော်နှင့် အခြားသော မြို့ကြီးများရှိ ၎င်းတို့၏ တက္ကသိုလ်များ၌ တက်ရောက်နေသော အမျိုးသမီး ကျောင်းသူ ၆၀၀၀၀ ကျော်ရှိသည်ဟုလည်း ဆိုသည်။

    တက္ကသိုလ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ၎င်းတို့အနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းကာ ယာဉ်မောင်းသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်မည်ဟု ဖော်ပြခဲ့သည်။

    “ဘုရင်ဆလ်မန်က အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ပြုတဲ့အမိန့် ထုတ်ပြခဲ့ပြီးတဲ့နောက်ပိုင်း ဒီအတွက် ပထမဆုံး ကြေငြာချက် ဖြစ်ပါတယ်” ဟု ရေးသားထားသည်။

    အမျိုးသမီးများကို ယာဉ်မောင်းခွင့်ပြုသည့် ဘုရင့်အမိန့်ကို လာမည့်နှစ်ဇွန်လတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ဆော်ဒီက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းကြေညာချက်ကြောင့် အဆိုပါပိတ်ပင်မှုရုတ်သိမ်းရေးအတွက် အချိန်ကြာမြင့်စွာ တက်ပွဲဝင်ခဲ့ရသည့် တက်ကြွလှုပ်ရှားသူများ ရွှင်လန်းဝမ်းမြောက်ခဲ့ကြသည်။

    Ref: Alarabiya

  • ပြင်သစ်နိုင်ငံ မာဆေးလ်မြို့ ဘူတာရုံတွင် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွား

    ပြင်သစ်နိုင်ငံ မာဆေးလ်မြို့ ဘူတာရုံတွင် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွား

    အောက်တိုဘာ ၁၊ ၂၀၁၇
    M-Media

    ဘူတာရုံရှေ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး

    – ပြင်သစ်နိုင်ငံ မာဆေးလ်မြို့ရှိ ရထားဘူတာတွင် ဓားဖြင့်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး အပါအ၀င် လူ ၂ ဦး သေဆုံးခဲ့သည်ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    မာဆေးလ်၏ အဓိက ရထားဘူတာဖြစ်သော စိန့်ချားလ်စ်ဘူတာတွင် ဒေသစံတော်ချိန် ယနေ့ နေ့လည် ၂ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတိုက်ခိုက်သူကို အသေပစ်သတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    တိုက်ခိုက်သူမှာ အသက် ၂၅-၃၀ ၀န်းကျင်ရှိနပြီး ၎င်းထံတွင် မည်သည့် အထောက်အထား စာရွက်စာတမ်းမှ ပါဝင်ခြင်းမရှိဟု ဆိုသည်။

    လက်ရှိတွင် ထိုအဖြစ်အပျက်အတွက် အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပြီး၊ ရထားဘူတာတစ်ဝိုက် မသွားရန်၊ ထိုဘူတာကို အသုံးပြု၍ ခရီးသွားရန် စီစဉ်ထားမှုများကို ဖျက်သိမ်းရန် ရဲတပ်ဖွဲ့က ပြည်သူများအား အကြံပြုထားသည်။

    ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက်အား သေနတ်သမားများက ၀င်ရောက်ပစ်ခတ်ကာ လူ ၁၂ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ဆက်တိုက် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြင်သစ်နိုင်ငံတစ်ဝှမ်း လုံခြုံရေးကို အမြင့်ဆုံး မြှင့်ထားသည့်အချိန်တွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    Ref: Aljazeera

  • စပိန်ရှိ ကာတာလိုနီယာဒေသ ဆန္ဒခံယူပွဲ ဖြိုခွင်းမှု ဒဏ်ရာရသူ ၃၀၀ ကျော်ရှိ

    စပိန်ရှိ ကာတာလိုနီယာဒေသ ဆန္ဒခံယူပွဲ ဖြိုခွင်းမှု ဒဏ်ရာရသူ ၃၀၀ ကျော်ရှိ

    အောက်တိုဘာ ၁၊ ၂၀၁၇
    M-Media

    – စပိန်နိုင်ငံ ကာတာလိုနီယာဒေသ လွတ်လပ်ရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲအား တားဆီးရန် ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နှင်းမှုအတွင်း အနည်းဆုံး လူပေါင်း ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲမှာ တရားမ၀င်ဟု အခြေခံဥပဒေဆိုင်ရာခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် စပိန်အစိုးရက ထိုအစီအစဉ်ကို တားဆီးသွားမည်ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က မဲရုံများကို ပိတ်ပစ်ခဲ့ပြီး၊ မဲပြားများ၊ မဲပုံးများကိုလည်း သိမ်းဆည်းခဲ့သည်။

    လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို ထောက်ခံသည့်အနေဖြင့် ကာတာလိုနီယာပြည်သူများမှာ ဒေသမြို့တော် ဘာစီလိုနာတွင် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက နံပါတ်တုတ်များ၊ ရာဘာကျည်ဆံများဖြင့် နှိမ်နင်းခဲ့သည်။

    ကာ့တ်လန်ဒေသ အစိုးရနှင့် ကျန်းမာရေးဌာနက ဆန္ဒပြမှုအတွင်း ထိခိုက်မှုကြောင့် ဆေးရုံများ ဆေးခန်းများတွင် လူပေါင်း ၃၃၇ ဦး လာရောက် ကုသမှု ခံယူခဲ့ကြသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC