News @ M-Media

Blog

  • ဂျာမနီဝန်ကြီးချုပ် ၄ ကြိမ်မြောက် အနိုင်ရပြီး လက်ယာစွန်းများကို ထောက်ခံမှု မြင့်တက်

    ဂျာမနီဝန်ကြီးချုပ် ၄ ကြိမ်မြောက် အနိုင်ရပြီး လက်ယာစွန်းများကို ထောက်ခံမှု မြင့်တက်

    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – ယမန်နေ့က ကျင်းပခဲ့သည့် ဂျာမနီနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိ ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်မှာ ၄ ကြိမ်မြောက် ပြန်လည်အရွေးခံခဲ့ရပြီး ၎င်း၏ပြိုင်ဘက် အမျိုးသားရေးဝါဒီများ ရွေးကောက်ခံရမှုမှာလည်း မြင့်တက်လာခဲ့သည်။

    မာကဲလ်၏ ခရစ်ယာန် ဒီမိုကရက်တစ်သမဂ္ဂပါတီမှာ မဲအရေအတွက် စုစုပေါင်း ၃၃ ရာခိုင်နှုန်းဝန်းကျင် ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ နှစ်ပေါင်း ၇၀ နီးပါးအတွင်း အဆိုးဝါးဆုံး ရလဒ်ဖြစ်သည်။

    လက်ရှိ မဟာမိတ်ဖြစ်ပြီး အဓိက ပြိုင်ဘက်ဖြစ်သည့် ဆိုရှယ်ဒီမိုကရက်များက မဲအရေအတွက် ၂၁ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၎င်းတို့မှာလည်း ကမ္ဘာစစ်အပြီး ဂျာမနီတွင် အဆိုးဝါးဆုံး ရလဒ်နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

    လက်ယာစွန်းယောက် AfD ပါတီကမူ ၁၃.၂ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး နိုင်ငံ၏ တတိယအကြီးဆုံး နိုင်ငံရေးအင်အားစု ဖြစ်လာခဲ့ကာ ဂျာမနီနိုင်ငံရေး ရေစီးကြောင်းတွင် အကြီးမားဆုံး ပြောင်းလဲမှုကြီးလည်းဖြစ်သည်။

    မာကဲလ်ကမူ မိမိအနေဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကို မျှော်လင့်ခဲ့သည်ဟု ရလဒ်ထွက်ပေါ်ပြီးနောက်ပိုင်း ထောက်ခံသူများကို ပြောကြားခဲ့ပြီး လက်ရှိတွင် မဟာမိတ်များကို ရှာဖွေသွားမည်ဟု ဆိုသည်။

    လက်ယာစွန်းရောက် ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်ရေး၊ ယူရိုဆန့်ကျင်ရေး AfD မှာ လွန်ခဲ့သည့် ၄ နှစ်ကမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ မာကဲလ်၏ ဒုက္ခသည်လက်ခံရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည့် ပါတီလည်းဖြစ်သည်။

    Ref: Aljazeera

  • ကာ့ဒ်ဒေသ လွတ်လပ်ရေးပြည်သူ့ဆန္ဒခံယူပွဲအတွက် အီရတ်တွင် တင်းမာမှု မြင့်တက်

    ကာ့ဒ်ဒေသ လွတ်လပ်ရေးပြည်သူ့ဆန္ဒခံယူပွဲအတွက် အီရတ်တွင် တင်းမာမှု မြင့်တက်

    စက်တဘာ ၂၄၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်ဒေသ လွတ်လပ်ရေးအတွက် ပြည်သူဆန္ဒခံယူရန် ၁ ရက်သာ လိုတော့သည့်အချိန်တွင် နိုင်ငံတစ်ဝှမ်း ထိုကိစ္စကို ဆန့်ကျင်နေကြပြီး တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်ဟု သိရသည်။

    ယနေ့မနက် နိုင်ငံအရှေ့ပိုင်း ဘာကူဘာမြို့တော်ကောင်စီရှေ့တွင် အီရတ်ပြည်သူများမှာ စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြုလုပ်မည့် ကာ့ဒ်ဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို ရှုတ်ချသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး အဆိုပါ ဆန္ဒခံယူပွဲကို ပိတ်ပင်ရန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

    ကာ့ဒ်ဒေသအစိုးရ (KRG) က ထိန်းချုပ်ထားသော ဒေသများ၊ ဘဂ္ဂဒတ်အစိုးရနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသော ဒေသတစ်ချို့ ပါဝင်သည့် အဆိုပါ ပြည်သူ့ဆန္ဒခံယူမှုမှာ ဥပဒေကြောင်းအရ တရားမ၀င်သော်လည်း ကာ့ဒ်လူမျိုးများ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို ဖန်တီးခွင့်ရရေးအတွက် ပထမဆုံးခြေလှမ်း ဖြစ်လာမည်ဖြစ်သည်။

    အီရတ်အစိုးရ၊ တူရကီ၊ အမေရိကန်၊ အီရန်နှင့် ကုလတို့မှာ အဆိုပါ ပြည်သူ့ဆန္ဒခံယူပွဲကို ဆန့်ကျင်ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပြီး ထိုသို့ဆောင်ရွက်မှုမှာ လက်ရှိ IS အကြမ်းဖက်အဖွဲ့ကို တွန်းလှန်နေရမှုမှ သွေဖည်သွားစေကာ ဒေသတွင်း ပိုမို မတည်မငြိမ်ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။

    စနေနေ့ကလည်း ကီရ်ကွတ်မြို့တွင် ပေါက်ကွဲမှုတစ်ခုကြောင့် ကာ့ဒ်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့မှ တာဝန်မယူသေးပေ။

    Ref: Aljazeera

  • အမုန်းစကားများက ရခိုင်ပြဿနာကို ပိုမိုဆိုးရွားစေသည်ဟု ကန်ဒုနိုင်ငံခြားရေးဝန်ကြီး ပြော

    အမုန်းစကားများက ရခိုင်ပြဿနာကို ပိုမိုဆိုးရွားစေသည်ဟု ကန်ဒုနိုင်ငံခြားရေးဝန်ကြီး ပြော

    စက်တင်ဘာ ၂၄၊ ၂၀၁၇
    M-Media

    အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီ

    – ဆိုရှယ်မီဒီယာက အမုန်းစကားတွေ၊ သတင်းအမှားတွေဟာ ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို ပိုမိုဆိုးဝါးစေတယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက ပြောကြားလိုက်ပြီး အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရူထောင့်ပြောင်းကာ စာနာထောက်ထားမှု ပြသကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေကိုပါသွားခဲ့တဲ့ ပက်ထရစ်မာဖီဟာ သောကြာနေ့မှာ သူ့ရဲ့ ခရီးစဉ်အကြောင်း မီဒီယာတွေကို ချပြမှုမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး ၀ဘ်စာမျက်နှာတွေမှာ ပြန့်နှံ့နေတဲ့ အမုန်းစကားတွေကို ရှုတ်ချဖို့လည်း လူ့အဖွဲ့အစည်းခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    “(ရခိုင်ပြည်နယ်က) ရှုပ်ထွေးမှုတွေကို ထပ်တိုးစေတဲ့ အကြောင်းအရာသစ်တွေထဲက တစ်ခုဟာ လက်ရှိ သုံးနေကြတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း ဖြစ်ပါတယ်။ အဲဒီမှာ အမုန်းစကားတွေ၊ အချက်အလက်အမှားတွေ တော်တော်များများ ရှိနေပါတယ်” လို့ မာဖီက ပြောကြားခဲ့ပါတယ်။

    မြန်မာပြည်သူတွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ပိုမိုကောင်းမွန်တဲ့ ရှုထောင့်ကနေကြည့်ပြီး စာနာနားလည်ပေးကြဖို့အတွက်လည်း ၀န်ကြီးက တိုက်တွန်းခဲ့ပါတယ်။

    “နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေကို ထည့်မတွက်ဘဲ ရိုဟင်ဂျာပြည်သူတွေရဲ့ ခံစားရမှုတွေကို သတိရဖို့၊ သူတို့အပေါ်မှာ နည်းနည်းလောက် စာနာနားလည်ပေးကြဖို့ မြန်မာနိုင်ငံ ပြည်သူတွေကို မေတ္တာရပ်ခံလိုပါတယ်”

    မြန်မာနိုင်ငံက အခြားသော တိုင်းရင်းသားလူနည်းစုတွေနည်းတူ ရိုဟင်ဂျာတွေဟာ စစ်အာဏာရှင် လက်ထက်မှာ ဆိုးဆိုးဝါးဝါး ဖိနှိပ်ချုပ်ချယ်ခံခဲ့ရသူတွေဖြစ်ပြီး ကမ္ဘာ့ ဖိနှိပ်ချုပ်ချယ်မှု အခံရဆုံး လူမျိုးစုအဖြစ် ကုလက သတ်မှတ်ထားပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန်ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် ရိုဟင်ဂျာ ၄ သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက သတင်းထုန်ပြန်ထားပါတယ်။

    ရခိုင်တိုင်းရင်းသားတွေ အပါအ၀င် မြို့၊ ဒိုင်းနက်နဲ့ အခြားသော လူနည်းစုတိုင်းရင်းသားတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အစိုးရက ကယ်ဆယ်စောင့်ရှောက်ပေးထားကာ လတ်တလောမှာ သူတို့ရဲ့ မူလနေရာတွေဆီ ပြန်လည် သွားရောက် နေထိုင်နေကြပြီလို့ သိရပါတယ်။

    Ref: coconuts.co

  • ထရမ့်မှာ သေလမ်းရွေးနေသည်ဟု မြောက်ကိုရီးယား ဝေဖန်

    ထရမ့်မှာ သေလမ်းရွေးနေသည်ဟု မြောက်ကိုရီးယား ဝေဖန်

    စက်တင်ဘာ ၂၄၊ ၂၀၁၇
    M-Media

    ကုလ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောနေသည့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး

    – ထရမ့်အနေဖြင့် ၎င်း၏ စစ်မက်လိုလားသော မှတ်ချက်များအတွက် သတိထားရန် မြောက်ကိုရီးယားက ပြောကြားလိုက်ပြီး မိမိတို့ခေါင်းဆောင်မှာ အမေရိကန်ပြည်မကြီးကို ရှောင်လွှဲ၍မရသည့် ဒုံးကျည်ပစ်မှတ်အဖြစ် ပြုလုပ်သွားမည်ဟု သတိပေးခဲ့သည်။

    မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟွန်က ယမန်နေ့ ကုလအထွေထွေညီလာခံ မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “အချိန်အတော်ကြာ ကြိုးစားရုန်းကန်လာခဲ့ရပြီးတဲ့နောက် အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ နျူလက်နက်ပိုင် နိုင်ငံဖြစ်မယ့် နောက်ဆုံးတံခါးပေါက်ကိုရောက်ဖို့ ခြေလှမ်းအနည်းငယ်သာ လိုပါတော့တယ်” ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

    အင်္ဂါနေ့က ထရမ့်၏ ကုလမိန့်ခွန်းတွင် မြောက်ကိုရီးယားနိုင်ငံကို လုံးဝ ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကလည်း ထရမ့်မှာ စိတ်မနှံသူဖြစ်သည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    ကြာသာပတေးနေ့က မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံပြုလုပ်သည့် အမိန့်တစ်ခုကို ထရမ့်က လက်မှတ်ရေးထိုးခဲ့ပြီး ထိုလုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ရီဟွန်ယွန်က ရန်လိုသော အုပ်စုများက ပြုလုပ်သည့် ပြင်းထန်သော ပိတ်ဆို့မှုများကြောင့် မိမိတို့၏ ရပ်တည်ချက်ကို ပြောင်းလဲရန် စဉ်စားရတော့မည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား၏ ရည်ရွယ်ချက်မှာ အမေရိကန်နှင့် ပုခုံးချင်းယှဉ်ရန်ဖြစ်ပြီး ထရမ့်မှာ သေလမ်းရွေးနေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ကို ပိုင်းခြားထားသော စစ်မက်ကင်းစင်ဇုံ၏ မြောက်ဖက်စွန်းစွန်းတွင် ယမန်နေ့က အမေရိကန်ဗုံးကြဲလေယာဉ်များ ပျံသန်းအင်အားပြခဲ့သည်။

    Ref: Aljazeera