News @ M-Media

Blog

  • ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကို Facebook က ပိတ်ပင်

    ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကို Facebook က ပိတ်ပင်

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ARSA အဖွဲ့ခေါင်းဆောင်ဆိုသူ၏ ပုံရိပ်

    – ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA အဖွဲ့ကို ‘အန္တရာယ်ရှိတဲ့အဖွဲ့’ အဖြစ် Facebook က သတ်မှတ်ကာ ပိတ်ပင်လိုက်ပြီး၊ ဒီအဖွဲ့ကို ချီးကျူးအားပေးတဲ့ မှတ်ချက်တွေ အားလုံးကို ဖျက်ပစ်ဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးထားတယ်လို့ သိရပါတယ်။

    ရုံးတွင်း သုံးသပ်မှုတွေ ပြလုပ်ပြီးတဲ့နောက် ဒီလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ Facebook က ပြောပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုနဲ့ပတ်သက်တဲ့ ပို့စ်တွေကို Facebook က ဖြုတ်ချမှုတွေရှိနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်တာတွေ ရှိနေတဲ့အချိန် Facebook ရဲ့ ဒီလိုဆောင်ရွက်ချက် ထွက်ပေါ်လာတာပါ။

    ARSA အဖွဲ့ဟာ အကြမ်းဖက်ဝါဒ၊ စနစ်တကျ အကြမ်းဖက်မှု၊ ရာဇ၀တ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အမုန်းတရားဖြန့်ဖြူးမှုတွေနဲ့ ဆက်စပ်နေတာကြောင့် Feacook ရဲ့ လူ့အဖွဲ့အစည်း စံနှုန်းတွေနဲ့ မညီဘဲ သူတို့ရဲ့ ပို့စ်တွေ၊ သူတို့ကို ထောက်ခံတဲ့ ရေးသားမှုတွေကို ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။

    ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းအငယ်ကတည်းက ဒီအဖွဲ့ကို အန္တရာယ်ရှိတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: The Guardian

  • မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးတစ်ပါးကို ထိုင်းဖမ်းဆီး

    မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးတစ်ပါးကို ထိုင်းဖမ်းဆီး

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    မွတ်စလင်ဆန့်ကျင်ရေးဘုန်းကြီး Apichart Punnajanto

    – အစ္စလာမ်သာသနာကို စော်ကားတဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့တဲ့ မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

    ထိုင်းတောင်ပိုင်း ဆွန်ခလာပြည်နယ်က ရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး ဒူဆစ် ပရွမ်ဆင်က ဘုန်းကြီးတစ်ပါးဖြစ်တဲ့ Apichart Punnajanto ကို ရာဇ၀တ်မှုနှိမ်နှင်းရေး ဌာနက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

    ဌာန တာဝန်ရှိသူတွေကတော့ ဒီလိုဖမ်းဆီးမှုဟာ အွန်လိုင်းမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုကြောင့် ဖြစ်တယ်လို့ ဆိုပြီး အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

    Apichart Punnajanto ဟာ မွတ်စလင်ဆန့်ကျင်ရေး စကားတွေ တော်တော်များများ ပြောဆိုသူဖြစ်ပြီး နိုင်ငံတောင်ပိုင်းမှာ မွတ်စလင်ခွဲထွက်ရေးသမားတွေက ဘုန်းကြီးတစ်ပါးကိုသတ်ရင် ဗလီတစ်လုံး ဖြိုရမယ်လို့ ပြောဆိုမှုကြောင့် သူ့ကို လူသိများလာတာဖြစ်ပါတယ်။

    Ref : Bangkokpost

  • ဆစ်ခ်လူမျိုးများအား ခေါင်းပေါင်းဆောင်း၍ ကျောင်းတက်ခွင့်ပေးရမည်ဟု သြဇီ ဆုံးဖြတ်

    ဆစ်ခ်လူမျိုးများအား ခေါင်းပေါင်းဆောင်း၍ ကျောင်းတက်ခွင့်ပေးရမည်ဟု သြဇီ ဆုံးဖြတ်

    စက်တင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ခေါင်းပေါင်းကြောင့် ကျောင်းတက်ခွင့် ငြင်းပယ်ခံရသည့် ဆစ်ခ်ကလေးငယ်

    – ဆစ်ခ်ဘာသာဝင် ကလေးငယ်အား ခေါင်းပေါင်းဝတ်ဆင်၍ ကျောင်းတက်ခွင့်မပေးခြင်းမှာ ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး၊ ခေါင်းပေါင်း ၀တ်ဆင်ခွင့်ပေးရမည်ဟု သြစတေးလျ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။

    မဲလ်ဘုန်းမှ Melton Christian စာသင်ကျောင်းမှာ အသက် ၅ နှစ်အရွယ် ဆစ်ခ်ကလေးငယ် ဆစ်ဒ်ဟက်၏ ကျောင်းအပ်မှုကို လက်မခံခဲ့ဘဲ ၎င်းမှာ ခေါင်းပေါင်းဝတ်ထားသောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ကြာင့် ကလေးငယ်၏ဖခင် ဆာဂါဒီပ် ဆင်း အေရိုရာက ထိုသို့ ငြင်းပယ်မှုမှာ သွယ်ဝိုက်၍ ခွဲခြားခြင်းဖြစ်သည်ဟု မှတ်ယူခဲ့ပြီး ဗစ်တိုးရီးယားပြည်နယ် နိုင်ငံသားနှင့် အုပ်ချုပ်ရေးဆိုင်ရာ ခုံသမာဓိရုံးသို့ တိုင်ကြားခဲ့သည်။

    ဆစ်ခ်ဘာသာဝင်များမှာ ဘာသာရေးထုံးစံအရ ဆံပင်မညှပ်ရဘဲ ‘ပက်တ်ကာ’ ဟုခေါ်သည့် ခေါင်းပေါင်း ၀တ်ဆင်ခြင်းမှာလည်း ဘာသာရေးကျင့်သုံးမှု၏ အရေးပါသည့် ကျင့်ဝတ်ဖြစ်သည်။

    သို့သော်လည်း Melton ကျောင်းက ထိုကျင့်သုံးမှုကို လက်မခံခဲ့ပေ။

    “သြစတေးလျလို တိုးတက်နေတဲ့ နိုင်ငံမျိုးမှာ ဒီလိုဖြစ်တာဟာ တုန်လှုပ်စရာပါပဲ။ သြစတေးလျရဲတပ်ဖွဲ့နဲ့ စစ်တပ်မှာ ခေါင်းပေါင်းဆောင်းထားတဲ့ ဆစ်ခ်လူမျိုးတွေရှိတယ်။ ဒါပေမယ့် ကျွန်တော့်သားကျတော့ ကျောင်းတောင်သွားလို့မရဘူး” ဟု မစ္စတာ အေရိုရာက ပြောကြားခဲ့သည်။

    စာသင်ကျောင်းက ပြည်နယ်၏ ခွဲခြားဆက်ဆံမှုဆိုင်ရာ ဥပေဒအရ ကျောင်းများမှာ လူ့အဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေးပြီးနောက်ပိုင်းတွင် ကျောင်းသားများအတွက် သင့်လျော်သည့် ကျောင်းဝတ်စုံကို သတ်မှတ်၍ ရသည်ဆိုသည့်အချက်ကို ထောက်ပြခဲ့သည်။

    သို့သော်လည်း ခုံသမာဓိရုံးက Melton ၏ ကျောင်ဝတ်စုံသတ်မှတ်ချက်မှာ သင့်လျော်မှုမရှိကြောင်း၊ ခရစ်ယာန်မဟုတ်သည့်အတွက် ကျောင်းသားတစ်ဦးကို ကျောင်းအပ်လက်မခံခြင်းမှာ လက်ခံနိုင်စရာ ချက်မဟုတ်ကြောင်း၊ ဆစ်ဒ်ဟက်အား ကျောင်းဝတ်စုံနှင့် တူညီသည့် ခေါင်းပေါင်းကို ၀တ်ဆင်ခွင့်ပေးရမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

    မစ္စတာ အေရိုရာက ဆုံးဖြတ်ချက်အတွက် ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။

    “ဒါဟာ သြစတေးလျက ဆစ်ခ် လူ့အဖွဲ့အစည်းအတွက် တော်တော်လေး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုပြီး ကျောင်းအာဏာပိုင်များနှင့် မကြာခင်ဆွေးနွေးကာ လာမည့်နှစ် ကျောင်းတက်ခွင့်ရရေး ကြိုးပမ်းသွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: BBC

  • မက္ကဆီကိုအင်အားပြင်းငလျင် သေဆုံးသူ ၂၀၀ ကျော်လာ

    မက္ကဆီကိုအင်အားပြင်းငလျင် သေဆုံးသူ ၂၀၀ ကျော်လာ

    စက်တင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – မက္ကဆီကိုနိုင်ငံတွင် အင်အားပြင်း ငလျင်တစ်ခု ယမန်နေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ၂၀၀ ကျော် သေဆုံးခဲ့ပြီး အဆောက်အဦးအများအပြား ပျက်ဆီးခဲ့သည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အဆိုပါ ငလျင်မှာ ပြင်းအား ၇.၁ မဂ္ဂနီကျု ရှိပြီး အိမ်နီးချင်းနိုင်ငံများတွင်ပါ ငလျင်ကြောင့် ပျက်ဆီးမှု ရှိခဲ့သည်။

    သမ္မတ အန်ရီကေး ပီနာ နီယက်တိုက စာသင်ကျောင်းတစ်ကျောင်း ပြိုကျမှုကြောင့် ကလေးငယ် ၂၀ ကျော် သေဆုံးခဲ့ပြီး ၃၀ ပျောက်ဆုံးနေသည်ဟု ပြောကြားခဲ့သည်။ မက္ကဆီကိုတောင်ပိုင်းတွင် ယခုလ အစောပိုင်းကလည်း ပြင်းအား ၈.၁ မဂ္ဂနီကျုရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၉၀ သေဆုံးခဲ့သည်။

    ငလျင်ကြောင့် လက်ရှိတွင် သေဆုံးသူမှာ ၂၁၆ ဦး ရှိလာပြီဟု အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး၊ စာသင်ကျောင်း ၂၀၉ ကျောင်း ထိခိုက်ခဲ့ကာ ၁၅ ကျောင်းမှာ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့သည်ဟုဆိုသည်။ ပျက်ဆီးနေသည့် အဆောက်အဦးများတွင် ပိတ်မှုနေသူများလည်း ရှိနေသောကြောင့် သေဆုံးသူ အရေအတွက်မှာ တိုးလာဖွယ် ရှိနေသည်။

    မြို့တော် မက္ကဆီကိုစီးတွင်တွင် နေရာ ၄၄ နေရာ၌ အဆောက်အဦးများ ပြိုကျခဲ့ပြီး ဆိုးဆိုးဝါးဝါးပက်ဆီးမှုများလည်း ရှိနေသည်ဟု ဆိုသည်။ လျှပ်စစ်မီး၊ ရေးပေးဝေမှုနှင့် ဂက်စ်ပိုင်းလိုင်းတို့မှာလည်း ငလျင်ကြောင့် ပျက်ဆီးခဲ့သည်။

    Ref: BBC

  • ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာစစ်တပ်ကို သင်တန်းပေးမှု ဗြိတိန်ရပ်ဆိုင်း

    ရခိုင်တွင် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် မြန်မာစစ်တပ်ကို သင်တန်းပေးမှု ဗြိတိန်ရပ်ဆိုင်း

    စက်တင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    ရခိုင်သို့ရောက်လာသည့် မြန်မာစစ်သားများ

    – ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် မြန်မာစစ်သားတွေအပေါ် သင်တန်းပေးနေမှုကို ရပ်ဆိုင်းလိုက်တယ်လို့ ဗြိတိန်က မနေ့မှာ ကြေငြာခဲ့ပါတယ်။

    ရိုဟင်ဂျာပြဿနာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ‘အလွန်အမင်း’ စိုးရိမ်မိပြီး၊ ဒီပြဿနာအတွက် ‘လက်ခံနိုင်လောက်တဲ့ အဖြေမျိုး’ မရမချင်း မြန်မာစစ်တပ်ကို လေ့ကျင့်သင့်ကြားပေးမှု ပြန်လည်စတင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

    “ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုပါတယ်။ ဒီကိစ္စကို မဖြေရှင်းမချင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှု၊ လေ့ကျင့် သင်ကြားပေးမှုတွေ ထပ်လုပ်မှာ မဟုတ်ပါဘူး” လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက နယူးယောက်မှာ ယူကေသတင်းဌာန Sky News ကို ပြောကြားခဲ့တာပါ။

    လန်ဒန်ကထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း အစိုးရ ပြောရေးဆိုခွင့်ရှိသူက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှု ဆက်လက်ဖြစ်ပွားနေတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ မြင့်တက်လာနေတဲ့အချိန် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတဲ့အတွက် အလွန်အမင်း စိုးရိမ်မိကြောင်း၊ လက်ရှိအနေအထားအတွက် လက်ခံနိုင်လောက်တဲ့ အဖြေမျိုး ထွက်မလာမချင်း မြန်မာစစ်တပ်ကို ပေးအပ်နေတဲ့ သင်တန်းတွေကို ရပ်ဆိုင်းမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကို ရပ်တန့်ဖို့၊ အရပ်သားအားလုံးကို ကာကွယ်ပေးဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ရောက်ခွင့်ပေးဖို့၊ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အရပ်သားအစိုးရက အပြည့်အ၀ ဆောင်ရွက်ခွင့်ပေးဖို့ မြန်မာစစ်တပ်ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဗြိတိန်စစ်တပ်ဟာ မြန်မာစစ်တပ်ကို ဘာသာစကား၊ အုပ်ချုပ်ရေး၊ တာဝန်ခံမှု၊ ကျင့်ဝတ်၊ လူ့အခွင့်အရေး၊ နိုင်ငံတကာဥပဒေတွေနဲ့ပတ်သက်ပြီး သင်တန်းတွေ ပေးနေတာပါ။

    ရခိုင်ကိစ္စ ဖြစ်လာပြီးနောက်ပိုင်း ဒီလို သင်တန်းပေးမှုကို ရပ်တန့်ဖို့အတွက် ဗြိတိန် လွှတ်တော်အမတ် ၁၅၀ လောက်ဟာ စက်တင်ဘာ ၆ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ကို စာရေးသား တောင်းဆိုခဲ့ပါတယ်။

    Ref : Yahoo.com