News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုများ ရုပ်သိမ်းရန် ဗြိတိန်အဖွဲ့များ စီစဉ်နေ

    ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ဂုဏ်ပြုဆုများ ရုပ်သိမ်းရန် ဗြိတိန်အဖွဲ့များ စီစဉ်နေ

    စက်တင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် ဗြိတိန်ရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးသမဂ္ဂ Unison က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဆုတစ်ခုကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

    စစ်အာဏာရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ဒီမိုကရေစီရေးအတွက် လှုပ်ရှားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုတွေအတွက် ပြန်လည် သုံးသပ်မှုတွေ လုပ်နေတယ်၊ ဖယ်ရှားဖို့ လုပ်နေတယ်လို့ ဗြိတိန်က အသင်းအဖွဲ့တွေက ပြောကြားခဲ့ပြီးနောက်ပိုင်း Unison က ပထမဆုံး ဒီလို ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

    နိုင်ငံရေးအကျဉ်းသားအဖြစ် အကျယ်ချုပ်ကျခဲ့စဉ်က ချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ရပ်ဆိုင်းသွားမယ်လို့ Unison က မနေ့မှာ ကြေငြာခဲ့ပြီး နိုင်ငံအတွင်းက ရိုဟင်ဂျာတွေရဲ့ ဒုက္ခ၊ သုက္ခတွေကို ရှုတ်ချရေး ပိုမို လုပ်ဆောင်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပါတယ်။

    “မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ပြဿနာက တုန်လှုပ်ခြောက်ခြားစရာပါပဲ။ Unison က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်ဖြစ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။ သူမအနေနဲ့ နိုင်ငံတကာရဲ့ ဖိအားကို တုန့်ပြန်မယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်” လို့ သမဂ္ဂရဲ့ ဥက္ကဌဖြစ်တဲ့ မာဂရတ် မက်ကီက ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအကျဉ်းသားဖြစ်နေစဉ်မှာ ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ချီးမြှင့်ခဲ့တဲ့ တက္ကသိုလ်တွေထဲက Bristol တက္ကသိုလ်ကလည်း ရိုဟင်ဂျာတွေအပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်း သူတို့ရဲ့ဆုအတွက် သုံးသပ်မှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “၁၉၉၈ ခုနှစ်မှာ ကျွန်တော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူမဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ ရုန်းကန်ုကြိုးပမ်းမှုကို ဦးဆောင်နေသူပါ။ ဒီဆုရဲ့ ထုံးစံအရ ဒီအချိန်မှာ ရုပ်သိမ်းဖို့ စဉ်းစားတာမျိုး၊ ဆုံးဖြတ်တာမျိုး လုပ်လို့မရပါဘူး။ ဒါပေမယ့် အခြေအနေတွေကို လိုအပ်သလို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့် သုံးသပ်နေပါတယ်” လို့ တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

    လန်ဒန် School of Economics ကျောင်းသားသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌဘွဲ့ကို ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။

    “လူမျိုးတုန်းသတ်ဖြတ်မှု ပြဿနာရှိနေတဲ့အချိန် နှုတ်ဆိတ်နေမှုနဲ့ သူမရဲ့ လက်ရှိ ရပ်တည်ချက်ကို ကျွန်တော်တို့ ဆန့်ကျင်တယ်ဆိုတဲ့ သဘောထားကို ထုတ်ပြတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌဘွဲ့ကို ရုပ်သိမ်းသွားမှာပါ” လို့ သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး မဟာသီရ် ပက်စဟာက ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Glasgow၊ Bath နဲ့ Cambridge တက္ကသိုလ်တွေအပါအ၀င် ယူကေတက္ကသိုလ်ပေါင်းများစွာ၊ မြို့ပေါင်းများစွာက ဂုဏ်ထူးဆောင်ဘွဲ့တွေနဲ့ အခြား ဂုဏ်ပြုဆုတံဆိပ်တွေကို ရရှိခဲ့တာပါ။

    အောက်စဖို့မြို့တော်ကောင်စီကလည်း ၁၉၉၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Freedom of the city of Oxford ဆုကို လာမယ့်လ အစည်းအဝေးမှာ ရုပ်သိမ်းရေး ဖြစ်နိုင်ချေ တော်တော်ရှိနေတယ်လို့ ပြောကြားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၆၀ ပြည့်နှစ်တွေက Hugh ကောလိပ်မှာ ပညာသင်ကြားစဉ် အောက်စဖို့ဒ်မြို့နဲ့ တော်တော်လေး နီးကပ်တဲ့ ဆက်ဆံရေး ရှိခဲ့သူပါ။ သူမရဲ့ခင်ပွန်း မိုက်ကယ် အဲရစ်ကလည်း အောက်စဖို့ဒ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။

    ၁၉၉၃ ခုနှစ်မှာ အောက်စဖို့ဒ်က ဒေါ်အောင်ဆန်းစ်ုကြည်ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ တက်ယူနိုင်ခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေမှာ ရိုဟင်ဂျာတွေရဲ့ ထိခိုက်ခံစားရမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လတ်တလောမှာ နိုင်ငံတကာရဲ့ ဖိအားတွေ၊ ဝေဖန်မှုတွေကို တိုးမြှင့်ခံစားလာနေရပါတယ်။

    Ref: The Guardian

  • Genocide ဝေါဟာရ၊ Genocide ဥပဒေ ရဲ့ ပဲကိုင်ရှင် Dr.Raphael Lemkin (အပိုင်း-၂)

    Genocide ဝေါဟာရ၊ Genocide ဥပဒေ ရဲ့ ပဲကိုင်ရှင် Dr.Raphael Lemkin (အပိုင်း-၂)

    Genocide ဝေါဟာရ၊ Genocide ဥပဒေ ရဲ့ ပဲကိုင်ရှင် Dr.Raphael Lemkin (အပိုင်း-၁) ဖတ်ရန်

    Genocide ဝေါဟာရ၊ Genocide ဥပဒေ ရဲ့ ပဲကိုင်ရှင် Dr.Raphael Lemkin

    လူသားဆိုတာ Homo sapiens၊ လူသားရဲ့ Genus နဲ့ specie ပေါ့ဗျာ၊

    နောက်ပြီးကျနော်တို့ သိတဲ့ bacteriocidal , fungicidal အဲ့စာလုံးတွေမှာ ပါတဲ့ cidal ဆိုတာ သတ်တာပေါ့ဗျာ။

    Raphael က Genus ဆိုတဲ့စာလုံးနဲ့ Cidal ကို ပေါင်းပြီး Terminology အသစ်တခု ထွက်လိုက်တယ်ဗျ။

    (ဂရိ word ”Genos”= tribe or race နဲ့ လက်တင် word ”Caedere” ကို ပေါင်းပြီးတီထွင်လိုက်တယ်လို့ပြောရင် ပိုတိကျမယ်ဗျ )

    Genocide တဲ့ဗျာ၊

    စတင်ကြားရတဲ့ လူတယောက်ဟာ ဒီ word ကြောင့် စိတ်နှလုံးကို ဆွဲညှစ်လိုက်သလို ခံစားရတယ် လို့ပြောတယ်။

    Genocide ရဲ့ အဓိပ္ပါယ်ကဘာလဲ ? ဒီစာလုံးရဲ့ ဖြတ်သန်းမှု ခရီးစဉ်တွေ ၊ သူ့ရဲ့ လူ့သမိုင်းအပေါ် အကျိုးသက်ရောက်မှုတွေဟာ ကြီးလွန်းလှပါတယ်၊ ဒါပေမဲ့ သာမန်လူတွေအဖို့ သတိမမူမိလောက်အောင်ကို ဒီစာလုံးက မုန်တိုင်းရဲ့ဗဟို တခုလိုငြိမ်သက်နေ တတ်ပါတယ်။ ဒါပေမဲ့ သူလှုပ်ပီဆိုရင်တော့ နိုင်ငံတွေ ပြိုကွဲတတ်တယ်၊ ပထဝီ သတ်မှတ်ချက်တွေ ပြောင်းလဲတတ်ပါတယ်။

    ကျနော့် အနေနဲ့ ဒီနေရာမှာ Raphael Lemkin ဆိုတဲ့ လူတယောက်အကြောင်းရေးရာကနေ Genocide ဆိုတဲ့ စကားလုံးကို ရှင်းဖို့လိုလာပါပြီ။ ဒါဟာ ကျနော်လို သာမန်လူတယောက်ရဲ့ အရည်အချင်းနဲ့ မထိုက်တန်ပေမယ့် post ရဲ့ လိုအပ်ချက်အရ ရေးရခြင်းဖြစ်ပါတယ်။

    Genocide နဲ့ ပတ်သက်ပြီး

    ၁။ ဒီစကားလုံးရဲ့ ဖြတ်သန်းခဲ့ရမှု
    ၂။ ဒီစကားလုံးကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုမလဲ
    ၃။ ဒီစကားလုံးဟာ ဘယ်လောက်ထိ လူသားသမိုင်း ကမ္ဘာ့သမိုင်းမှာ သက်ရောက်မှု ရှိသလဲ
    ဆိုတာတွေကိုတော့ ရှင်းမှ ရမှာပါ

    ၁။ genocide ဆိုတဲ့ စကားလုံးရဲ့ ဖြတ်သန်းခဲ့ရမှု
    —————————————————–
    -genocide ဆိုတဲ့ စကားလုံးကို ၁၉၄၄ ခုနှစ်မှာ Raphael Lemkin က စတင်တီထွင် သုံးစွဲခဲ့တယ် သုံးစွဲစွဲချင်း လူတွေဟာ လက်ခံပြီး ဆက်လက်သုံးစွဲကြတယ်

    -အဘိဓါန်ပြုစုရေး တာဝန်ယူထားတဲ့ တက္ကသိုလ် အသီးသီးကလဲ ဒီစကားလုံးကို english word တခုအဖြစ်လက်ခံပြီး အဘိဓါန်တွေမှာ ထည့်သွင်းပေးခဲ့ကြတယ်။

    -ဒုတိယ ကမ္ဘာစစ်အပြီး ဖွဲ့ခဲ့တဲ့ နျူ ရင်ဘတ် စစ်ခုံရုံးရဲ့ စီရင်ချက် အချို့ မှာ ဒီစကားလုံးကို သာမန်အင်္ဂလိပ် စကားလုံး တလုံးအနေနဲ့ သုံးစွဲခဲ့တယ်။

    -၁၉၄၈ ဒီဇင်ဘာ ၉ မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက Genocide နဲ့ပတ်သတ်တဲ့ အပြည်ပြည်ဆိုင်ရာ အဆင့်သဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး Genocide ဟာ ဥပဒေအရ အဓိပ္ပါယ် သက်ရောက်တဲ့ စကားလုံးတလုံးဖြစ်လာခဲ့တယ်

    (ဒီအဆင့်တိုင်း အဆင့်တိုင်းမှာ ရှိတဲ့ Raphael ရဲ့ အားထုတ်မှုတွေကြောင့် သူ့ကို Genius လို့ ကျနော်က ယူဆတာပါ)

    ၁၉၄၈ နောက်ပိုင်းမှာ နိုင်ငံအသီးသီးက genocide တားဆီးရေးအတွက် ဥပဒေပြဌာန်းတာတွေ။ ၁၉၉၀ ပြည့်နှစ်ကျော်မှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးဖွဲ့ပြီး genocide ဆိုတဲ့ နာမည်တပ်ပြီး တရားစွဲတာတွေ ၊ဒီလို steps တွေလဲ ရှိပါသေးတယ်။

    (Genocide ဖြစ်စဉ် အဆင့် ၇ ဆင့် အကြောင်း ဖတ်လိုလျင် Link)

    ၂။Genocide ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုမလဲ
    —————————————————
    (ကျ နော့် အရည်အချင်းနဲ့ မလုံလောက်နိုင်တဲ့ ခေါင်းစဉ်မို့ မရေးမဖြစ်လို့သာရေးရတယ် နားလည်ပေးကြပါ)

    Genocide ကို မြန်မာလို ဘာသာပြန်ကြတာအတွေ့များတာကတော့ ”လူမျိုးတုန်း သတ်ဖြတ်မှု”ပါ။ တိုက်ရိုက် လုံးကောက် အဓိပ္ပါယ်နဲ့ ဘာသာပြန်ထားတဲ့သဘောပါ။ မှားလားဆိုတော့ မမှားပါဘူး၊
    ဒါပေမဲ့ မပြည့်စုံပါဘူး၊ ”လူမျိုးတုန်း ”ဆိုတဲ့ဟာက သိပ်ပြသနာမရှိပေမဲ့ ”သတ်ဖြတ်မှု” ဆိုတာက အတော်လေးကို မပြည့်မစုံ ရှိလှပါတယ်။

    အလွယ်ဆုံးနားလည်အောင် ပြောရ ရင် ”သတ်ဖြတ်မှု” လို့ပြောတာက genocide က ဆိုလိုချင်တဲ့ ဖြစ်စဉ်ကြီးထဲက အစိတ်အပိုင်း တရပ်ကိုပဲ ဖော်ပြနိုင်စွမ်းရှိပါတယ်။

    genocide က ဆိုလိုချင်တဲ့ ဖြစ်စဉ်ဟာ သတ်ဖြတ်မှုတခုတည်းကိုသာမကပဲ လူအဖွဲ့အစည်းတခုကို ထွက်ပြေးရအောင်လုပ်တာ အငတ်ထားတာ ဆေးကုခွင့်မပေးတာ စသဖြင့် စသဖြင့် အမျိုးမျိုးသောလုပ်ရပ်တွေပါဝင်ပါတယ်

    ဒီနေရာမှာ လူ့အဖွဲ့အစည်းတခုဆိုတာ လူမျိုးတမျိုးလည်းဖြစ်နိုင်သလို ဘာသာရေးအုပ်စုတစု ဒါမှမဟုတ် လူတန်းစားအစုအဝေးတရပ် လည်းဖြစ်နိုင်ပါတယ်။

    apple ဆိုတဲ့ စကားလုံးကို စဉ်းစားကြည့်ရအောင်။apple ဆိုတာ အသီးတမျိုးပေါ့ဗျာ (သူ့မှာသတ်မှတ်ထားတဲ့ characteristic တော့ ရှိတာပေါ့)။ ဒါပေမဲ့ apple လို့ တလုံးတည်းက descriptive purpose ရည်ရွယ်ချက်သာ ရှိပြီးတော့ စားဖို့ ဘုရားတင်ဖို့ ပုပ်သွားစေဖို့ဆိုတဲ့ နောက်ဆက်တွဲ အဓိပ္ပါယ်ကို မပေးပါဘူး။

    genocide ဆိုတဲ့ စကားလုံးကတော့ သူ့တလုံးတည်းကနေတင်ကို ပေးတဲ့အဓိပ္ပါယ်က genocide လို့ပြောလိုက်တာနဲ့ အဲ့ဒါရဲ့နောက်မှာ genocide အကျူးလွန်ခံရတဲ့ လူ့အဖွဲ့အစည်းကို အထိရောက်ဆုံးနည်းနဲ့ ကာကွယ်ပေးဖို့နဲ့ genocide ကျူးလွန်သူကို အရေးယူအပြစ်ပေးဖို့ ကခွဲမရအောင် တွဲပါပြီးသားပါ။

    ဘာဖြစ်လို့လဲ ဆိုတော့ genocide ကို စတင်တီထွင်သုံးစွဲတဲ့ Raphael ကိုယ်တိုင်က အဲ့ဒီ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့တာဖြစ်ပြီး အဲ့လိုအရေးယူဖို့ကိုလဲ ကုလသမဂ္ဂမှာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ရှိပြီးသားမို့ပါ ရိုးရှင်းတဲ့ အတွေးလေးတွေးကြည့်မယ်။

    လူတယောက် အသက်ရှင်ဖို့ စားရေး ဝတ်ရေး နေရေး ကျန်းမာရေးက မရှိမဖြစ်ပါ ၊ အဲ့လိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းတရပ်(လူမျိုးတမျိုး) ရှင်သန်ရပ်တည်ဖို့က လဲ စား၊ဝတ်၊ နေ ရေး ကျန်းမာရေးက မရှိမဖြစ်အပြင် နောက်မျိုးဆက် ဆက်လက်ဖြစ်ပေါ်ရှင်သန်ဖို့ မျိုးပွားခွင့် ပညာလက်ဆင့်ကမ်းခွင့် ကပါ ထပ်ပါလာ ပါတယ်။ ဒါဆို လူမျိုးတရပ် ရှင်သန်ရပ်တည်ဖို့ စား ဝတ် နေရေး ကျန်းမာရေး ပညာရေး မျိုးဆက်ပွားခွင့် နဲ့တင် လုံလောက်ပြီလား။

    မလုံလောက်သေးဘူး။ လူမျိုးတမျိုးရဲ့ ဘာသာစကား ထုံးတမ်းဓလေ့ စသဖြင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာတွေပါ ထပ်ပေါင်းရသေးသဗျ၊ ဒီတော့ လူမျိုးတမျိုးရဲ့ ရှင်သန်ရပ်တည်မှုအတွက် မရှိမဖြစ် လိုအပ်ချက်တွေကို မရ ရှိစေရန် လျော့နည်းစေရန် ယိုယွင်းစေရန် လုပ်ဆောင်မှုတွေဟာ genocide အောက်မှာ အကျုံးဝင်လာပါတယ်။

    ဒါဆို လယ်ယာလုပ်ကိုင် ခွင့်မပေးတာ (လယ်သိမ်းတာ,လယ်ယာပစ္စည်းတွေကို သိမ်းဆည်းပစ်တာ) genocide အထမြောက်တယ်ပေါ့ (လယ်လုပ်မရတော့ စားဖို့ အစာ မရတော့ဘူးလေ)

    ဟ ဒါဆို လယ်တွေသိမ်းနေတာ genocide ပေါ့။ မဟုတ်သေးဘူးဗျ၊ genocideဆိုတာ အဲ့လို action တွေအပြင် intention တခုပါမှ ၊ ဘာ intention လဲဆိုတော့ ”မနုသလူသား အဖွဲ့အစည်းတရပ်(အမျိုးအနွယ်စု တစု)ကို အလုံးစုံဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးဖျောက်ဖျက်လို သော” ရည်ရွယ်ချက်ပေါ့ဗျာ။

    ဆေးတက္ကသိုလ် part 1 forensic မှာ သင်ရတဲ့ homicide=လူသတ်မှုမှာ ပါတဲ့ ”သေစေလိုသောရည်ရွယ်ချက်ဖြင့်”ဆိုတဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့ ရည်ရွယ်ချက် ရှိပါတယ် မရှိဘူးဆိုတာကို ဘာနဲ့ ဆုံးဖြတ်မလဲ။ အသေးစိတ်တွေရှိပေမဲ့ အကုန်မရေးတော့ဘဲ ထင်သာမြင်သာနိုင်တဲ့ အချက်တချို့ကိုသာ ရေးပါတော့မယ်။

    ပစ်မှတ်အဖြစ်သတ်မှတ်ခံထားရတဲ့ လူမျိုးစု ကို နှိမ်ပေါက်နဲ့ မလိုလားတဲ့ နာမည်နဲ့ တံဆိပ်ကပ်တာ၊ ဥပမာ သူတို့ရဲ့မူလနာမည်ကို မခေါ်ဘဲ ဖားပြုပ်ကောင်တွေ၊ ပိုးဟပ်တွေ၊ ဝက်တပိုင်းကောင်တွေ၊ ငမဲကောင်တွေ ၊ ဘီလူးလိုရုပ်ဆိုးကောင်တွေ အစ ရှိသဖြင့်ပေါ့ဗျာ။ ဒီလိုနှိမ်ပေါက်နဲ့ ခေါ်ဖို့ကို လမ်းဘေး လက်ဘက်ရည်ဆိုင်မှာ အာပေါင်အာရင်းနဲ့ လှုံ့ဆော်နေရာကနေ နိုင်ငံတော်အဆင့်ပိုင် ရေဒီယို ရုပ်မြင်သံကြားကနေ လှုံ့ဆော်တာ ခေါ်ဝေါ်တာထိ ပါဝင်ပါတယ်။ လူ့သဘာဝ အရ လူတယောက်အသက်ခံရတာကို ဘယ်သူမှ အကြောင်းမဲ့ ဝမ်းသာမနေပါဘူး ။ ဝမ်းမနည်းဘူးဆိုရင်တောင် အနည်းဆုံး တုန်လှုပ်မိမှာပါ။ ”ဟာ ဥပဒေ စိုးမိုးရေးက အတော်ပျက်နေပါလား ငါတို့တောင်လုံခြုံပါ့မလား”ဆိုတဲ့ခံစားမှုမျိုးက တော့ တချက်တော့ ဝင်လာမိမှာပါ။

    အဲ့လိုလူ့သဘာဝနဲ့ ဆန့်ကျင်ပြီး ဟာ အဲ့ ဝက်တပိုင်းကောင်တွေ အသတ်ခံရတာ ဝမ်းသာတယ် ချသာချ ဟေးဟားနဲ့ လူအုပ်စုဖွဲ့ပြီး ထောက်ခံမှုတွေရှိလာရင် နိုင်ငံတွင်းမှာ ရှိတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အစိုးရက လွန်ကျူးနေတာကို မြင်ပါလျက်နဲ့ နှုတ်ဆိတ်နေတာ သို့မဟုတ် ဗြောင်ဖြစ်စေကြိတ်ပုန်းဖြစ်စေ အားပေးထောက်ခံတာ။

    ဒါတွေဟာ genocide မှာပါတဲ့ intention ရှိနေပီဆိုတာရဲ့ warning sighs တွေထဲကတချို့ပါပဲ၊

    ဒါဆို genocide ကို ဘယ်လို နည်းလမ်းတွေနဲ့ ကျူးလွန်ကြသလဲ။ ကျနော်တို့ မျက်စိထဲ ပြေးမြင်တာက နာဇီတွေက လူတွေကို စခန်းထဲထည့် ဓါတ်ငွေ့တွေလွှတ် အလောင်းတွေကိုမီးရှို့ စသဖြင့် ပေါ့

    ဟုတ်ပါတယ် ဒါက လူသိများတဲ့ နာဇီတွေရဲ့ နည်းလမ်းတွေပေါ့ ၊တခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ကျနော်အပေါ်မှာ ရေးပြီးသားပါ။ စား ဝတ် နေရေး ပညာရေး ကျန်းမာရေး မျိုး ဆက်ပွားခွင့် နဲ့ ယဉ်ကျေးမှုတွေကို ယိုယွင်းအောင် ပျောက်ပျက်အောင် လုပ်တဲ့နည်းတွေ အများကြီး အများကြီး ရှိပါတယ်။

    အရိုးရှင်းဆုံး
    intention + လယ်သိမ်းတာ
    intention + ငါးဖမ်းခွင့်မပေးတာ
    intention+ စပါးတွေကို သိမ်းယူသွားတာ
    intention+ အတင်းအကြပ် သားဆက်ခြားစေတာ
    intention+ အစုလိုက်အပြုံလိုက် ကို ဖြစ်စေ တယောက်ချင်းကို ဖြစ်စေ သတ်ဖြတ်တာ

    စသဖြင့် စသဖြင့် အစုံအလင်အပါပဲ

    ဟုတ်ကဲ့ genocide ရဲ့ အဓိပ္ပါယ်ကို ဒီလောက်နဲ့ပဲ ရပ်ကြစို့လားဗျာ။ (genocide ဖြစ်စဉ်ကို စိတ်ဝင်စားသူတွေအဖို့ 8 stages of genocide ဆိုပြီး စနစ်တကျ ရေးသားထားတဲ့ စာတမ်းတွေမှာ ဆက်လေ့လာစေချင်ပါတယ်)

    ၃။Genocide က ဘယ်လောက်အထိ လူသားသမိုင်း မှာ သက်ရောက်မှုရှိသလဲ
    ————————————————————————————
    ဒါကို ဘာနဲ့တိုင်းတာမလဲဆိုတော့ genocide က ပြဌာန်းထားတဲ့ ကျူးလွန်သူကို အရေးယူရေး နဲ့ အကျူးလွန်ခံရသူကိုကာကွယ်ပေးရေး ဆိုတဲ့ အချက်တွေက ဖြစ်ပျက်နေတဲ့ ပထဝီနိုင်ငံရေး အပေါ်မှာ ဘယ်လောက်ထိသက်ရောက်မှု ရှိသလဲ ၊ သက်ရောက်မှုက ဘယ်လောက်ထိတာရှည်ခံသလဲ ဆိုတာတွေနဲ့တိုင်းတာရမှာပါ။

    ဒီအတွက် ဥပမာ အနေနဲ့ ၂၀ရာစု အဆုံးသတ်ခါနီးမှာ ဖြစ်ခဲ့တဲ့ Kosovo ခွဲထွက်ရေးကိစ္စကို ကြည့်ရအောင်ပါ။ ဘာလို့ ကျနော် Kosovo ကို ရွေးရသလဲဆိုတော့ Kosovo ကိစ္စဟာ genocide awareness အရှိဆုံးအချိန်မှာ ဖြစ်ပျက်ခဲ့လို့ပါ

    ၁၉၉၈ ခုနှစ် information analysis လုပ်ရတဲ့ CIA အရာရှိဟာ ဓါတ်ပုံတပုံကို ကြည့်နေပါတယ်။ ဓါတ်ပုံကတော့ မှောင်မည်းလှတဲ့ ကောင်းကင်ကိုနောက်ခံထားလို့ တလက်လက်နဲ့တောက်ပနေတဲ့ ကြယ်စုလေးတွေကို မြင်နေရသလိုပါပဲ။ ဒါပေမဲ့ ဒီဓါတ်ပုံက ကောင်းကင်ကြီးကို ရိုက်ထားတာမဟုတ်ဘဲ၊ ကောင်းကင်ထဲက ဂြိုဟ်တုကနေ ကမ္ဘာမြေပြင်ကို ပြန်ရိုက်ထားတာပါ။ ကမ္ဘာမြေပြင်ရဲ့ ဘယ်နေရာလဲဆိုတော့ ဥရောပတိုက် ဆားဗီးယားနိုင်ငံရဲ့တောင်ပိုင်း ကိုဆိုဗို ဒေသ လေးကိုပါ။

    မည်းမှောင်နေတာကတော့ ကိုဆိုဗိုဒေသ ရဲ့တောအုပ်တွေဖြစ်ပြီး တလက်လက်နဲ့ တောက်ပနေတာတွေကတော့ တောအုပ်ထဲမှာ ဖိုထားတဲ့ မီးဖိုလေးတွေပါ။ ဘယ်သူတွေက မီးဖိုထားလဲဆိုတော့ ဆာဘ်လူမျိုး ပုလိပ်တွေနဲ့ ပြည်သူ့စစ်တွေက လိုက်သတ်နေလို့ ထွက်ပြေးပုန်းအောင်းနေရတဲ့ ကိုဆိုဗို အလ်ဘေးနီးယန်း တွေက ဖိုထားတာပါ။ CIA အရာရှိအနေနဲ့ ဒီလို ဓါတ်ပုံများစွာကို ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ခဏခဏ မြင်ဖူးပါတယ်။ အဲ့ဒီတုန်းကတော့ ဆားဗီးယား နိုင်ငံရဲ့ ကပ်ရပ် အိမ်နီးချင်း ဘော့စ်နီးယား နိုင်ငံအတွင်းမှာပါ။ အဲ့ဒီတုန်းက မီးဖိုလေးတွေ ဖိုခဲ့ရသူတွေကတော့ ဘော့စ်နီးယန်း လူမျိုးတွေပါ။

    အဲ့ ဘော့စ်နီးယန်းတွေကို အမဲလိုက်သလို လိုက်ပြီးသတ်ဖြတ်ခဲ့သူတွေကလဲ ဆာ့ဘ်လူမျိုး ပုလိပ်တွေနဲ့ ပြည်သူ့စစ်တွေပါပဲ။ ဆားဗီးယားနိုင်ငံ သမ္မတ မီလိုစီဗစ် ဟာ ဘော့စ်နီးယား မှာ အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေ မုဒိန်းကျင့်စခန်းတွေ ချွေးတပ်စခန်းတွေ တည်ဆောက်ပြီး ဆာဘ်လူမျိုး မဟုတ်သူတွေကို မျိုးဖြုတ်သုတ်သင်လျက် ကြီးမြတ်လေသော မဟာ ဆားဗီးယား နိုင်ငံတော်ကို တည်ထောင်ဖို့ ကြံရွယ်ခဲ့သူပါ။

    သူ့ရဲ့ အကြံအစည်တွေဟာ ဘော့စ်နီးယားမှာ မအောင်မမြင်နဲ့ အဆုံးသတ်ခဲ့ရတယ်လို့ ပြောလို့ရပေမဲ့ ဆာဘ်လူမျိုး မဟုတ်သူ ၃သိန်းနီးပါးလောက်ကိုတော့ မျိုးဖြုတ်ပစ်နိုင်ခဲ့ပါတယ်။ မီလိုဆီဗစ်အနေနဲ့ ဆားဘ်လက်နက်ကိုင်တွေအားလုံး ဘောစ်နီးယားကနေ ထွက်ခွာ ဖို့ အမေရိကန်ဦးဆောင်တဲ့ NATO အဖွဲ့နဲ့ သဘောတူခဲ့ရပါတယ်။ ဒါပေမဲ့ လူသိန်းချီသတ်ဖြတ်ခဲ့တဲ့ မီလိုဆီဗစ် အနေနဲ့ တရားစွဲခံရခြင်း အပြစ်ဒဏ်ချမှတ်ခံရခြင်း တစုံတရာ မရှိပဲ ဆားဗီးယား နိုင်ငံတော်ရဲ့သမ္မတ အဖြစ် ဆက်လက်တည်ရှိဆဲ ဖြစ်ပါတယ်။ ဒီတော့ မီလိုဆီဗစ် ရဲ့ မဟာဆားဗီးယား အိပ်မက်ဟာ ဆက်လက်မက်လို့ကောင်းဆဲပါပဲ

    ဒီတခါ သူ့အိပ်မက်ကို အကောင်အထည်ဖော်မဲ့နေရာကတော့ ဆားဗီးယားနိုင်ငံတောင်ပိုင်းက ကိုဆိုဗို ဒေသလေးပါပဲ။ ဒီဒေသ မှာ ၁၂ရာစုကတည်းက အခြေချနေထိုင်လာခဲ့တဲ့ အလ်ဘေးနီးယန်း လူမျိုး တွေနဲ့ ဆာဘ်လူမျိုးတွေဟာ ရန်စောင်နေခဲ့ကြတာပါ ၊ ဘော့စ်နီးယားတုန်းက NATO အဖွဲ့ကို အလျော့ပေးခဲ့ရတဲ့အတွက် မဟာဆားဘီးယားခေါင်းဆောင်မီလိုဆီဗစ် အဖို့ ကျဆင်းခဲ့ရတဲ့ သိက္ခာတွေကို ပြန်ဆည်ဖို့ ကိုဆိုဗို ဟာ နေရာကောင်းပါပဲ၊ မီလိုဆီဗစ်ရဲ့ လုပ်ရပ်တွေကတော့

    -ကိုဆိုဗိုမှာ ရှိတဲ့ အလ်ဘေးနီးယန်းတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်တယ်။
    -အစိုးရဝန်ထမ်းတွေထဲက အလ်ဘေးနီးယန်း လူမျိုး တွေကို အလုပ်ထုတ်ပစ်လိုက်တယ်။
    -အလ်ဘေးနီးယန်း ကျောင်းသားတွေကို ကျောင်းထုတ်ပစ်လိုက်တယ်။
    အလ်ဘေးနီးယန်းတွေက ဆန္ဒပြ သပိတ်မှောက် လုပ်တော့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပစ်လိုက်တယ်။

    မဟာဆားဗီးယား ခေါင်းဆောင် သမ္မတကြီးမီလိုဆီဗစ်ဟာ ဆာဘ်လူမျိုးတွေရဲ့ အလည်မှာ အမျိုးသားရေးကယ်တင်ရှင်ကြီးအဖြစ် ဂုဏ်တက်လာပါပြီ။

    အလ်ဘေးနီးယန်းတွေရဲ့ တုန့်ပြန်မှုကတော့ KLA ခေါ် Kosovo Liberation Army ပါပဲ။ ရသမျှ ပိုက်ဆံစု နီးစပ်ရာကနေ လက်နက်ဝယ် ပြီး ဆာဘ်စစ်တပ် နဲ့ ရဲစခန်းတွေကို ခြုံခိုတိုက်တာတွေ ဝင်စီးတာတွေ လုပ်တော့တာပါပဲ။ ဒါဟာ မီလိုဆီဗစ် လိုချင်တဲ့အကွက်ပါပဲ။ KLA ကို အကြောင်းပြပြီး ဆာဘ်တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဟာ အလ်ဘေးနီးယန်း တွေကို အကြမ်းဖက်လို့ တံဆိပ်ကပ်ခွင့်ရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ် မောင်းထုတ်ခွင့် လိုင်စင် ရတဲ့သဘောပါ။ မီလိုဆီဗစ် အတွက် အားသာချက်က ကိုဆိုဗိုဟာ ဆားဗီးယား အချုပ်အချာအာဏာ ပိုင်နက်အတွင်းက နယ်မြေဖြစ်ပြီး KLA ဟာလဲ အမေရိကန်ရဲ့ အကြမ်းဖက်စာရင်းသွင်းခံထားတဲ့ အဖွဲ့ဖြစ်နေတာပါပဲ။

    မီလိုဆီဗစ် ရဲ့ လက်ချက်နဲ့ ဘောစ်နီးယားမှာ ဖြစ်ခဲ့တာတွေကို Kosovo မှာ ပြန်မြင်လာရတဲ့ CIA အငယ်တန်းနဲ့ အလတ်တန်း အရာရှိတွေဟာ အထောက်အထား အစုံအလင်နဲ့ အစီရင်ခံစာတွေ တင်ခဲ့ကြပါတယ်။ဒါပေမဲ့ တစုံတရာ action ယူလာလိမ့်မယ်လို့တော့ မျှော်လင့်ချက်သိပ်မထား ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘော့စ်နီးယားမှာတုန်းကလဲ သူတို့ ဒီလို အစီရင်ခံစာတွေ တင်ဖူးပေါင်းများလှပါပြီ
    အမေရိကန် အစိုးရ ကတော့ မလွဲမရှောင်သာမှပဲ action ယူခဲ့တာပါ။

    (ဆာ့ဘ်တွေဟာ ဘော့စ်နီးယားမှာရှိတဲ့ ကုလသမဂ္ဂ အစောင့်အရှောက်နယ်မြေကို ဝင်တိုက်ပြီး UN ငြိမ်းချမ်းရေးတပ်တွေကို ဓါးစာခံဖမ်းပြီး အစောင့်အရှောက်နယ်မြေထဲမှာရှိတဲ့ အရပ်သား ၇၀၀၀ လောက်ကို သတ်ပစ်တာတောင် ရက်အတော်ကြာမှ အမေရိကန် အစိုးရက စစ်ရေးအရ တိုက်ရိုက်ဝင်ဗျင်းဖို့စဉ်းစားခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်)

    ဒါပေမဲ့ Kosovo ကတက်လာတဲ့ အစီရင်ခံစာတွေကို US အစိုးရ တုန့်ပြန်ပုံ အတော်လေးတက်ကြွနေပါတယ်။

    KLA အဖွဲ့ကို အမေရိကန် အစိုးရအနေနဲ့ အကြမ်းဖက် စာရင်းသွင်းထားပေမဲ့ CIA ကို KLA နဲ့ ပူးပေါင်းဆောင်ရွက်ခိုင်းထားပါတယ်။ တခြား ဥရောပ ထောက်လှန်းရေး အဖွဲ့တွေကတော့ KLA ကို လေ့ကျင့်ပေးတာ ဆက်သွယ်ရေးစနစ် တည်ဆောက်ပေးတာတွေ လုပ်နေပါပြီ။ ကိုဆိုဗို အလ်ဘေးနီးယန်း ကိုယ်စားလှယ်က မီလိုဆီဗစ် နဲ့ ဆွေးနွေးပွဲမှာ ဆာ့ဘ်တွေအနေနဲ့ ညှာတာဖို့ ချင့်ချိန်ဖို့ မပြောတော့ပဲ ”ဆက်မိုက်ရင်တော့ ဆားဗီးယားနိုင်ငံ ချိနဲ့သွားဖို့သာပြင်ထား ”လို့ သတိပေးစကားပြောတဲ့ အနေအထား ရောက်နေပါပြီ။

    ဒီလို ဆာ့ဘ်လူမျိုးကြီးဝါဒီ မီလိုဆီဗစ်ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပြီး ဝိုင်းဗျင်းဖို့ ဖြစ်လာစေတာရဲ့ နောက်ကွယ်မှာတော့ ”Genocide ဆိုတဲ့ ဥပဒေကြောင်းအရ လှုပ်ရှားမှု”က တည်ရှိနေတာပါ။

    ဘယ်သူတွေက လှုပ်ရှားတယ် ဘယ်လို ပါဝင်တယ် ဆိုတာကတော့ လူသိမများလှပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို လှုပ်ရှားသူတွေဟာ နိုင်ငံရေးသမားတွေလို လူရှေ့သူရှေ့ထွက်ပြီး မိန့်ခွန်းချွေ တာ မီဒီယာတွေမှာ နာမည်ကြီးအောင် လုပ်တာမျိုး မရှိရုံမျှမက အဲ့လို လူသိမှာကိုတောင် မကြိုက်လှသူတွေပါ။

    အမေရိကန် နိုင်ငံခြားရေးဌာန စစ်ရာဇဝတ်မှု ဥပဒေချုပ် နောက်ပြီး အမေရိကန်သမ္မတ ကိုယ်တိုင်က genocide လို့ သုံးစွဲပြောဆိုမှုဟာ နောက်ကွယ်မှာ genocide နဲ့ချိတ်ဆက်ပြီး ဥပဒေအရ လှုပ်ရှားမှုတွေရှိကြောင်း ထင်ရှားစေပါတယ်

    ”ဝိုင်းဗျင်းခြင်း”
    —————
    အမေရိကန်ဦးဆောင်တဲ့ NATO တောင်းဆိုတာတွေက

    -Kosovo မှာ ရှိတဲ့ ဆာ့ဘ်လက်နက်ကိုင်တွေ ထွက်ခွာ၊
    -အလ်ဘေးနီးယန်းတွေကို အုပ်ချုပ်ခွင့်အာဏာ ပြန်ပေး၊
    -Kosovo မှာ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၂၅,၀၀၀ တပ်စွဲခွင့်ပေး၊

    မီလိုဆီဗစ်ကတော့ ဒီအချက်တွေဟာ ဆားဗီးယား နိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးလို့ လက်မခံနိုင်ဘူး အကြောင်းပြန်ပါတယ်။

    NATO က Kosovo မှာရှိတဲ့ ဆာ့ဘ် လက်နက်ကိုင်တွေနဲ့ ပတ်သတ်တာတွေကို အမြင့်ပေ ၁၅၀ ၀၀ အထက်ကနေ ဗုံးကြဲပါတော့တယ်။

    ဆာ့ဘ်တွေဘက်က တုန့်ပြန်မှုက ရှိသမျှ အလ်ဘေးနီးယန်းတွေကို အိမ်တွေကနေမောင်းထုတ်၊ အလ်ဘေးနီးယန်း အမျိုးသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ပြီးတုန့်ပြန်ပါတယ်။

    NATO ဘက်က ဗုံးကြဲလေယာဉ်ကို အစင်းရေ ၁၀၀၀ ထိ တိုးမြှင့်သုံးစွဲ အနီးကပ် ပစ်နိုင်တဲ့ Helicopter Gunship တွေပါ ထပ်ပေါင်းပါတယ်။ ပစ်မှတ်တွေကိုလဲ Kosovo ဒေသ တခုတည်းကိုပဲ ကန့်သတ်ချက်မထားတော့ဘဲ ဆားဗီးယား တနိုင်ငံ လုံးကို ထည့်သွင်းစေတယ်။ ဆားဗီးယားနိုင်ငံ ဘဲလ်ဂရိတ် ကိုလဲ ဗုံးစာကျွေးပါတယ်။ ဆားဘီးယား တပ်မတော်အတွက် ဆက်သွယ်ရေး signal တွေ တဆင့်ခံပို့ပေးနေတဲ့ တရုတ်သံရုံးကိုလဲ ဗုံးကြဲပါတယ်
    (နောက်မှ မြေပုံမှားလို့ မှားပစ်မိကြောင်း တောင်းပန်ပါတယ်)

    လူမျိုးကြီးဝါဒီ မီလိုဆီဗစ် ကို ထောက်ခံနေဆဲ ဆာ့ဘ်လူမျိုးတွေ ကို ဦးကျိုးစေဖို့ စစ်ဘက်ပစ်မှတ်သာမက အရပ်ဘက် ပစ်မှတ်တချို့ကိုပါ တိုက်ခိုက်ပါတယ်။ ဥပမာ- ဆားဘီးယား အသံလွှင့်ဌာန နဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေကိုပါ။ ဆာဘ်တွေအနေနဲ့ မနက်ခင်းကော်ဖီဖျော်သောက်ဖို့တောင် ခက်ခဲသွားပြီး တနိုင်ငံလုံး အမှောင်ထဲ အအေး ထဲမှာ ငုပ်တုပ်ထိုင်ရတဲ့ အဖြစ်ရောက်သွားပါတယ်။

    ရလဒ်တွေကတော့ ဆာ့ဘ်တပ်မတော်ဟာ မီလိုဆီဗစ် အတွက် စစ်တိုက်မပေးနိုင်ကြောင်း ဖြစ်လာပြီး တပ်ပြေးတွေလဲ အလွန်များသွားတာပါ။

    NATO က ၇၈ ရက်ကြာအောင် ဗုံးကြဲပြီးတဲ့ အခါမှာတော့ ဆာ့ဘ်လက်နက်ကိုင်တွေဟာ Kosovo ကနေ ထွက်ခွာရပါတော့တယ်။ အဲ့ဒီအချိန်ကစလို့ Kosovo ဟာ သီးခြားလွတ်လပ်သောအချုပ်အချာ အာဏာပိုင်နယ်မြေအဖြစ် အမေရိကန် နဲ့ ဥရောပက အသိအမှတ်ပြု လိုက်ကြပါတယ်။

    မီလိုဆီဗစ် ကိုတော့ နောက်တက်လာတဲ့ ဆားဗီးယား အစိုးကကိုယ်တိုင်က ဖမ်းဆီးပြီး (ယူဂိုဆလားဘီးယားအတွက်သီးသန့်ဖွဲ့တဲ့)အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ပို့လိုက်ပါတယ်။

    ဆားဘီးယားကို ဗုံးကြဲဖို့အတွက် NATO ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်တောင် မယူခဲ့ပါဘူး။ ဖြစ်စဉ်ဟာ ကျနော်ရေးသလောက် အစဉ်မချောလှပါဘူး။ အသေးစိတ်သိလိုသူများ ရှာဖွေပြီး ဖတ်ရှုစေလိုပါတယ်။

    ကျနော်ကတော့ Raphael Lemkin အကြောင်းပဲဆက်ရေးပါတော့မယ်။

    ၁၉၄၅၊ မတ်လမှာ ဂျာမနီဟာ ချွင်းချက်မရှိ လက်နက်ချပြီး ဥရောပစစ်မျက်နှာမှာ စစ်ကြီးဟာ အဆုံးသတ်သွားပါတယ်။ ကမ္ဘာစစ်ပွဲကြီးတခု အပြီးမှာ ကျန်ရစ်ခဲ့တဲ့ ထုံးစံအတိုင်း အလောင်းတွေ သွေးညှီနံ့တွေနဲ့ ဥရောပမြေဟာ နံဟောင် ပုပ်အဲ့နေပါတယ်။ ဒီအလောင်းတွေ သွေးတွေထဲကမှ အနံစော်ဆုံး အပုပ်အဲ့ဆုံး အနံ့တွေဟာ ကမ္ဘာသူကမ္ဘာသားတွေကို အော့နလုံးအနာဆုံးဖြစ်စေခဲ့ပါတယ်။ အဲ့ဒီအနံ့က ပြင်းထန်ကြီးမားတဲ့ လူသိန်းချီသေခဲ့တဲ့တိုက်ပွဲကြီးတွေဖြစ်ခဲ့ရာကနေ ထွက်ပေါ်လာနေတာ မဟုတ်ပါဘူး။

    ရှေ့တန်းစစ်မြေပြင်တွေနဲ့ ဝေးကွာတဲ့ နေရာမှာ ရှိတဲ့ သံဆူးကြိုးကာစခန်းတွေ ကနေ ထွက်ပေါ်လာနေတာပါ။ ဒီစခန်းတွေထဲကို ဝင်ကြည့်မယ်ဆိုရင်တော့ သိန်းချီတဲ့ ယောက်ျား မိန်းမ ဂေး ကလေး လူငယ် လူလတ် လူကြီး အဘိုးအဘွား အစုံအလင်ဟာ အရိုးပေါ်အရေတင် ပိန်ခြုံးလျက် မသေရုံတမယ် ရှိနေကြပြီး အဲ့လိုပိန်ချုံး နေတဲ့ အရွယ်စုံ လူသေအလောင်းတွေဟာလည်း ပုံအောလျက် တချို့လဲ တဝက်တပျက်လောင်ကျွမ်းထားတဲ့ အလောင်းတွေ တချို့လည်းပြာကျအောင် မီးရှို့ထားတာတွေ၊ မိုးထိအောင် မြင့်မတက် ထိုးထောင်နေတဲ့ မီးရှို့ စက်ရုံခေါင်းတိုင်တွေ၊ အစုလိုက် အပြုံလိုက် လူသေ မြုပ်ထားတဲ့ ကျင်းကြီးတွေ၊ အရှင်လတ်လတ် ဦးနှောက် ရင်ဘတ် ဗိုက် ခွဲစိတ်ခံထားရပြီး မသေမရှင် ဖြစ်နေသူတွေ၊ သေနေသူတွေ၊ မြင်ရ ရုံနဲ့ ရူးသွားနိုင်စေတဲ့ နာဇီဂျာမန်တွေရဲ့ သေမင်းတမန်စခန်းတွေပါ။

    ရှေ့တန်းစစ်မြေပြင်မှာ ဂျာမန်တွေနဲ့ သူတင်ကိုယ်တင် ဖိုက်လာတဲ့ မဟာမိတ်စစ်သည်တွေပါ ဒီမြင်ကွင်းတွေကိုမြင်ပြီး shock ရကုန်ပါတယ်။

    ဒီလောက်ရက်စက်ကြသလား၊

    အသွေးနဲ့အသားနဲ့ လူလူချင်း ဒီလိုလုပ်ကြတယ်ဆိုတာ တကယ်ပေါ့။

    သမိုင်းစာအုပ်တွေမှာသင်ရတဲ့ မွန်ဂိုစစ်ဘုရင်ဂျင်ဂျစ်ခန်က လူသန်းချီသတ်ပစ်တယ်ဆိုတာ ပုံပြင်လို ဖတ်ခဲ့ကြတာ ခုငါတို့ရှေ့တင် မျက်ဝါးထင်ထင်ပါလား၊ ပိုဆိုးတာက စစ်တိုက်နေတဲ့ရှေ့တန်းမှာ မဟုတ်ဘဲ၊ နောက်တန်းမှာ သွေးအေးအေးနဲ့ ဒီလိုတွေ လုပ်နိုင်ကြတယ်ပေါ့။

    တက်ခေါက်တဲ့သူက တောက်
    ငိုတဲ့သူက ငို
    shock ရတဲ့သူက အူကြောင်ကျားနဲ့ ဖြစ်နေကြပါတယ်။

    အကြမ်းဖျင်းစာရင်းချုပ်လိုက်ရင် နာဇီဂျာမန်တွေရဲ့ လက်ချက်နဲ့ ဂျူးလူမျိုး ၆သန်း နဲ့ ဂျူးမဟုတ်သူ ၅သန်း သတ်ဖြတ်ခံလိုက်ရပါပြီ။

    ဒီလုပ်ရပ်ကြီးကို ဘယ်လို နာမည်ပေးမလဲ?

    ၁၉၄၄ ခုနှစ်တုန်းကတည်းက Raphael Lemkin က Genocide ဆိုပြီး နာမည်ပေးပြီးသားပါ/

    Raphael အတွက်အလွန်ဝမ်းနည်းစရာကောင်းတာက သူရဲ့ မိဘ အပါအဝင် ဆွေမျိုးအရင်းအချာ ၄၉ ယေက်ပါ နာဇီတွေရဲ့ လက်ချက်နဲ့ အသက်ပျောက်ခဲ့ရှာတာပါ။

    ဒါတွေကို Raphael ဘယ်လိုတုန့်ပြန်မလဲ

    Raphael ရဲ့တုန့်ပြန်မှုကို မပြောခင် စစ်အတွင်းအဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး ဘယ်သူတွေက ဘယ်လို တုန့်ပြန်သလဲအရင်ပြောကြမယ် ။ ဒါမှ relative သဘောနဲ့ parallel thinking ရမှာပါ။

     

    ”ဆိုဗီယက်ရုရှားရဲ့တုန့်ပြန်မှု”
    ——————————–
    အနောက်ဥရောပ မဟာမိတ်တပ်တွေအဖို့ နာဇီတွေရဲ့ ငရဲခန်းတွေဟာ စစ်ကြီးပြီးခါနီးမှ ပြူးတူပြဲတဲစတွေ့ခဲ့ရသော်လည်း အရှေ့ဘက်စစ်မျက်နှာမှာ တိုက်ခိုက်ခဲ့ရတဲ့ ဆိုဗိယက် red army အဖို့တော့ သိပ်မဆန်းလှဘူးလို့ ပြောရမှာပါ။

    ဆိုဗိယက်ကိုဝင်တိုက်တဲ့ ဂျာမန်တပ်တွေရဲ့ ခံယူချက်ကလဲ ရှင်းပါတယ်။ ရုရှားဆိုတာ ဂျာမန်တွေကို အလုပ်အကျွေးပြုဖို့ ဖြစ်လာရတဲ့ အရိုင်းအစိုင်းတွေ ဖြစ်ပြီး ဒီစစ်ပွဲကြီးဆင်နွှဲပြီး ရုရှားတွေကို အပိုးကျိုးအောင် လုပ်နေရတယ်လို့ ခံယူထားကြတာပါ။ ဥပမာ- ဆောင်းတွင်းမှာအေးခဲနေလို့ အချမ်းပြေစေရန် ပတ်ချာလည်မှာရှိတဲ့ ရုရှားရွာတွေကို မီးတိုက်ပစ်လိုက်တယ်ဆိုတာ ဂျာမန်တပ်တွေရဲ့ လုပ်ရိုးလုပ်စဉ်လိုတောင် ဖြစ်နေပါတယ်။ တခြားရက်စက်မှုတွေဆိုတာ ထူးပြောနေစရာမရှိပါဘူး။

    ဒီတော့ ရုရှားတွေ အနိုင်ပြန်ရလာတဲ့ အခါ ဖမ်းမိလာတဲ့ နာဇီတွေကို ဘယ်ရုရှားကမှ အထူးတလည် တရားရုံးတင်မနေပါဘူး။ ထောက်လှမ်းရေး စစ်ချက်ယူပြီး စစ်ရေးနိုင်ငံရေးမှာ အသုံးမလိုတော့ဘူးထင်ရင် နေရာတင်ပဲ သတ်ပစ် လိုက်တာပါ။ မသတ်ဘူးဆိုရင်လဲ ရုရှားအရှေ့ခြမ်း ဆိုင်ဘေးရီယား(၁၂ ရာသီနှင်းခဲဒေသ) ပို့ပြီး အသက်အန္တရာယ် ရှိတဲ့ မိုင်းတူးတဲ့ အလုပ်တွေကို ခိုင်းပါတော့တယ်။ မသေမချင်းခိုင်းတာပါ
    ဆိုဗိယက်တပ်တွေ ဂျာမနီရဲ့ အရှေ့ပိုင်းကို ဝင်တိုက်တဲ့ အခါမှာတော့ အရပ်သားဂျာမန်တွေဟာ စစ်ဒဏ်ကို ပက်ပက်စက်စက် ခံရပါတယ်။ ဂျာမန် အမျိုးသမီးတွေဟာ လူရာချီပါတဲ့ ရုရှားတပ်ခွဲတွေရဲ့ မုဒိန်းသားကောင်တွေ အဖြစ် သက်ဆင်းခဲ့ရပါတယ်။

    ဆိုဗိယက်ခေါင်းဆောင်ပိုင်းကလဲ ဒီလောက်မဟာလူမျိုးကြီးချင်တဲ့ ဂျာမန်တွေ ကို ဒီလို ဦးချိုးပစ်ပစေ ဆိုတဲ့ သဘောနဲ့ လွှတ်ထားပေးလိုက်တာ သားကောင်ဖြစ်ရသူ ဂျာမန်အမျိုးသမီးပေါင်း ၂သန်းကျော်သွားပါတယ်

    ရုရှားတွေရဲ့ တုန့်ပြန်မှုကို revenge လို့ပဲ နာမည်ပေးရမှာပါ။

    ”အနောက်ဥရောပ+ အမေရိကန် ရဲ့ တုန့်ပြန်မှု”
    —————————————————-
    (ရုရှားက ဒီအဖွဲ့မှာလဲပါဝင်ပါတယ်)

    သူတို့ကတော့ နာဇီတွေကို punishment ပေးဖို့ ရည်ရွယ်တာပါ။ revenge မဟုတ်ပါဘူး ။ ဒီအတွက် နျူ ရင်ဘတ် စစ်ခုံရုံးကို ဖွဲ့ပါတယ်။ Raphael ဟာ ဒီခုံရုံးမှာ ဥပဒေအကြံပေးအဖြစ် ခန့်အပ်ခံရပါတယ်။

    ကျား နဲ့ ဆင် လယ်ပြင်မှာ တွေ့ပီလား

    နျူ ရင်ဘတ် ခုံရုံးမှာ နာဇီတွေကို အဓိက စွဲချက်တင်တာကတော့

    -နိုင်ငံတကာနယ်နိမိတ်တွေကို ဖြတ်ကျော်စစ်ပွဲတွေဆင်နွှဲ ပြီး သူတပါးနိုင်ငံတွေကို ကျူးကျော်တာ

    -သိမ်းပိုက်ခံ နယ်မြေတွေမှာစစ်ရာဇဝတ်မှုတွေကျူးလွန်တာ

    ဒီစွဲချက်တွေနဲ့တင် နာဇီတွေကို သေဒဏ်ဆယ်ပြန်ပေးလို့ရနေပါပြီ။

    ဒါပေမဲ့ Raphael Lemkin ဆိုတဲ့ လူတယောက်ကတော့ ဒီစွဲချက်တွေဟာ မလုံလောက်ဘူး။ နျူ ရင်ဘတ်စစ်ခုံရုံးဟာ နာဇီတွေကို အရေးယူဖို့ လုံလောက်တဲ့ ဥပဒေ အင်အားချို့တဲ့နေတယ် စသဖြင့် အဆက်မပြတ်ထောက်ပြနေပါတယ်။

    ဟုတ်ကဲ့ Raphael Lemkin ဆိုတဲ့လူတယောက်ပါ။
    ဒါပေမဲ့ သာမန်လူ သာမန်ရှေ့နေပေါက်စလေးမဟုတ်တော့ပါဘူး။
    နျူ ရင်ဘတ်စစ်ခုံရုံးအတွက် အကြံပေးအရာရှိအဖြစ်ခန့်အပ်ခံထားရသော ယေးလ်ဥပဒေတက္ကသိုလ်က ကထိက ပါ။

    နာဇီတွေရဲ့ လက်ချက်နဲ့ အရင်းအချာ မိသားစု ၄၉ယောက် ဆုံးရှုံးခဲ့တဲ့ လူတယောက်ပါ။

    ဒါဆို သူက နာဇီတွေကို revenge လုပ်ချင်နေတာလား။

    မဟုတ်ပါဘူး

    ဒါဆိုလဲ လက်ရှိစွဲချက်တွေနဲ့တင် နာဇီတွေကို သေဒဏ် punishment ၁၀ ဆ ပေးလို့ရနေပီလေ ၊ ကျေနပ်တော့ပေါ့။

    ဒါလည်းမကပါဘူး

    Raphael လိုချင်တာက နာဇီတွေရဲ့ ပြစ်ချက်တွေကို genocide နဲ့ စွဲချက်တင်ပြီး အပြစ်ပေး နောက်နောင်လဲ နာဇီတွေလို ပြစ်မှုကျူးလွန်သူတွေအတွက် စံပြစီရင်ချက် ဖြစ်စေဖို့ပါ။

    လက်ရှိစွဲချက်တွေအရ နာဇီတွေဟာ စစ်ပြုပြီး သူများနိုင်ငံကိုသိမ်းပိုက်လို့ စစ်ကာလ အတွင်းရာဇဝတ်မှု ကျူးလွန်လို့သာ စွဲချက်တင်ခံနေရတဲ့သဘောပါ။

    Raphael ဆိုလိုချင်တဲ့ genocide နဲ့ စွဲချက်ဆိုတာ ဒုတိယကမ္ဘာစစ်မစခင်ကတည်းက နာဇီတွေဟာ ဂျူးလူမျိုးတွေကို ဒုတိယတန်းစား နိုင်ငံသားအဖြစ်နှိမ့်ချ ခွဲခြားတံဆိပ်ကပ် စသဖြင့် (ရှေ့မှာကျနော်ရေးခဲ့တဲ့) warning signs တွေကစပြီးတော့ စွဲချက်တင်စေချင်တာပါ။ ဒီအတွက် Raphael ဟာ ရုံးတော်မှာ ရှေ့နေတွေကို နားပူဆာတိုက်ဆုံး ခုံရုံးကို မထောက်မညာ ဝေဖန်နေတဲ့ အကြံပေးဖြစ်လို့နေပါတယ်။

    ခုံရုံးက ရှေ့နေတချို့ ကဆို Raphael ကို ” ခင်ဗျားက နာဇီတွေကိုသေဒဏ်ပေးဖို့ အဓိက မထားဘဲ ၊ genocide နဲ့စွဲချက်တင်ဖို့ပဲ အဓိကထားနေသလား” လို့ ပြန်မေးတဲ့အထိပါပဲ

    ဒီလို အငေါ်တူးတာတွေရှိပေမဲ့လည်း အမှုတချို့မှာ genocide ဆိုတဲ့ စကားလုံးကို descriptive purpose အနေနဲ့ စတင်သုံးစွဲပါတယ်။ Raphael လိုချင်တဲ့ Legal term တခုအနေနဲ့ သုံးစွဲတာတော့မရှိပါဘူး။

    နာဇီတရားခံက ထောင်ချီရှိပါတယ်(နာဇီတရားခံအားလုံးကို နျူ ရင်ဘတ်ခုံရုံး တခုတည်းမှာပဲ စီရင်ခဲ့တာတော့ မဟုတ်ပါဘူး)

    ကျူးလွန်တဲ့ အမှုတွေက တပုံတခေါင်းကြီး ။ စီရင်ချက်တခုချဖို့ အချိန်စွဲစစ်ရင်း နာဇီတွေကို အသက်ရှည်ခွင့်ပေးနေသလိုလဲ ဖြစ်လို့လဲမရ။ ဒီကြားထဲ Raphael Lemkin ဆိုတဲ့လူက genocide နဲ့စွဲချက်တင်ဖို့ လာပြောနေ ဒါဆို ဘယ်မလဲ genocide နဲ့ပတ်သတ်ပြီး ရေးထားတဲ့ Law Law Law genocide နဲ့ပတ်သတ်တဲ့ Law

    ဒီ law က ခုချိန်ထိ Raphael Lemkin ဆိုတဲ့လူတယောက်က ရေးထားတာပဲ ရှိသေးတာ ၊ ဘယ်အချုပ်အချာအာဏာပိုင်တဲ့ အဖွဲ့အစည်းကမှ မပြဌာန်းရသေးဘူး။ ဒီ Law ကိုပြဌာန်းဖို့က နိုင်ငံတကာ level အာဏာနဲ့ပြဌာန်းမှ တကယ်အလုပ်လုပ်လို့ရမှာ။ ဒါဆို Raphael အဖို့ နျူ ရင်ဘတ်ခုံရုံးကခွာ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာ level အဖြစ်ဖွဲ့စည်းထားတဲ့ United Nations -ကုလသမဂ္ဂသို့ချီတက်ပါလေတော့တယ်။

    ကျော်လှဦး ရေးသည်။

    ဆက်လက်ဖော်ပြပါမည်။

  • ကမ္ဘာတစ်ဝှမ်း ကလေးလုပ်သား သန်း ၁၅၀ ကျော် ရှိနေ

    ကမ္ဘာတစ်ဝှမ်း ကလေးလုပ်သား သန်း ၁၅၀ ကျော် ရှိနေ

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းမှ ကလေးလုပ်သားတစ်ဦး

    – ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ် သန်း ၁၅၀ ကျော်မှာ အဓမ္မ လုပ်အားခိုင်းစေခံနေရပြီး ထိုအရေအတွက်ကို လျှော့ချရန် ဆောင်ရွက်မှုများမှာ တိုးတက်မှု နှေးကွေးနေသည်ဟု ကုလ၏ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က ပြောကြားလိုက်သည်။

    ကမ္ဘာ့ကလေးငယ် ၁၀ ဦးတွင် ၁ ဦးမှာ အဓမ္မ လုပ်အားခိုင်းစေခံနေရသည်ဟု သဘောသက်ရောက်နေပြီး၊ ထက်ဝက်ခန့်မှာ အန္တရာယ်များသည့် အလုပ်များ လုပ်နေရကြောင်း၊ ၃ ပုံ တစ်ပုံကျော်မှာ ကျောင်းမနေရကြောင်း ILO မှ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ၂၀၀၀ ခုနှစ်တွင် အဓမ္မ လုပ်အားခိုင်းစေခံရသည့် အရေအတွက်မှာ ၉၄ သန်းအထိ လျော့ကျခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကျဆင်းမှုအရေအတွက် လျော့နည်းသွားသည်ဟုလည်း အဖွဲ့က ဆိုသည်။

    ကုလက ၂၀၂၅ ခုနှစ်တွင် ကလေးလုပ်သား ပပျောက်ရေး ၂၀၁၅ ခုနှစ်တွင် သဘောတူညီခဲ့သော်လည်း လက်ရှိအရေအတွက်ကို ကြည့်ခြင်းအားဖြင့် ထိုရည်မှန်းချက် ပြည့်မီမည့် အလားအလာ မရှိပေ။

    ILO မှ နည်းပညာဆိုင်ရာ စပါရှယ်လစ် Houtan Homayounpour က နောက်ထပ် ၈ နှစ်အတွင်း သန်းပေါင်း ၁၅၀ ကို လျှော့ချရန်မှာ မဖြစ်နိုင်ဘဲ ၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမား ၁၂၁ သန်းခန့် ကျန်ရှိနေမည်ဟု ခန့်မှန်း ပြောကြားခဲ့သည်။

    အဓမ္မ လုပ်အားခိုင်းစေခံရသည့် ကလေးငယ်များမှာ ယောက်ျာလေး ၈၈ သန်းနှင့် မိန်းကလေး ၆၄ သန်းတို့ ဖြစ်ကြသည်ဟု ILO က ဆိုသည်။ စုစုပေါင်း အရေအတွက်၏ ၃ ပုံ ၂ ပုံမှာ မိသားစု လုပ်ငန်းများတွင် လုပ်ကိုင်နေရပြီး ၇၁ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းတွင် ဖြစ်သည်။

    အာရှပစိဖိတ်နှင့် အာဖရိတို့မှာ ကလေးလုပ်သား အများဆုံးရှိသည့် ဒေသများဖြစ်ပြီး၊ ဆဟာရဒေသတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကလေးလုပ်သား အရေအတွက်မှာ မြင့်တက်လာခဲ့သည်။

    Ref: Alarabiya

  • AK-47 ရိုင်ဖယ်တီထွင်သူ၏ ဂုဏ်ပြုရုပ်ထု မော်စကိုတွင် ဖွင့်လှစ်

    AK-47 ရိုင်ဖယ်တီထွင်သူ၏ ဂုဏ်ပြုရုပ်ထု မော်စကိုတွင် ဖွင့်လှစ်

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ကမ္ဘာကျော် AK-47 ရိုင်ဖယ်ကို တီထွင်ခဲ့သည့် မီခေးလ် ကာလက်ရှ်နီကော့ဗ်၏ ရုပ်ထုကို ယနေ့တွင် ရုရှားက မြို့တော် မော်စကို၌ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ပေ ၂၀ ကျော် မြင့်သည့် အဆိုပါရုပ်ထုမှာ မြို့လယ်ကောင်တွင် တည်ရှိပြီး ခရစ်ယာန် အော်သိုဒေါ့စ် ဘုန်းကြီးက ပရိတ်ရည်များဖြင့် ပက်ဖြန်းကာ ကောင်းချီပေးခဲ့သည်။

    ရုရှား ယဉ်ကျေးမှုဝန်ကြီး ဗလာဒီမီရ် မီဒင်စကီးက ကာလက်ရှ်နီကော့ဗ်ကို ချီးကျူးခဲ့ပြီး AF-47 သေနတ်မှာ ‘ရုရှား၏ ယဉ်ကျေးမှု အမှတ်တံဆိပ်’ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ရိုင်ဖယ်ကို ကမ္ဘာတစ်ဝှမ်း အကြိမ်ရေ သန်း ၁၀၀ နီးပါးခန့် ပြန်လည် ထုတ်လုပ်ခဲ့ကြသည်။

    မီခေးလ် ကာလက်ရှ်နီကော့ဗ်မှာ ၁၉၁၉ ခုနှစ်တွင် ဆိုက်ဘေးရီးယန်း ရွာတစ်ရွာ၌ မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ် အသက် ၉၃ နှစ်အရွယ်တွင် အစ်ဇ်ဟီဗက်စ်မြို့၌ ကွယ်လွန်ခဲ့သည်။ ၎င်းမှာ မသေဆုံးခင် တစ်နှစ်အထိ အလုပ်လုပ်သွားခဲ့သည်။

    ဒုတိယကမ္ဘာစစ်တွင် ရုရှား၏ လက်နက်ထုတ်လုပ်မှု အလုပ်မဖြစ်သည်ကို တွေ့ရှိခဲ့ရပြီးနာက် ကာလက်ရှ်နီကော့ဗ်မှာ မည်သည့်အခြေအနေတွင်မဆို ပစ်ခတ်နိုင်သည့် အော်တိုရိုင်ဖယ်တစ်ခု ထုတ်လုပ်ရန် စီစဉ်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် AK-47 ရိုင်ဖယ် ထွက်ပေါ်လာခဲ့သည်။

    ၎င်း၏ အဆိုပါရိုင်ဖယ်ကို လက်ရှိတွင် နိုင်ငံပေါင်း ၈၀ ကျော်မှ စစ်တပ်များက ကိုင်တွယ်အသုံးပြုနေကြသည်။

    သို့သော်လည်း မသေဆုံးခင် ၆ လအလိုတွင် ကာလက်ရှ်နီကော့ဗ်မှာ ထိုကဲ့သို့ လူသတ်လက်နက် တီထွင်မှုအတွက် အလွန် စိတ်ထိခိုက်ကာ နောင်တရကြောင်း ရုရှား အော်သိုဒေါ့စ်အသင်းတော် ဂိုဏ်းအုပ်ထံသို့ စာရေးသားခဲ့သည်။

    Ref: CNA

  • ပါကစ္စတန်မှ ကျောင်းသားအဖွဲ့ နိုင်ငံတကာ ထိပ်တန်းလူမှုထူထောင်ရေးဆု ရရှိ

    ပါကစ္စတန်မှ ကျောင်းသားအဖွဲ့ နိုင်ငံတကာ ထိပ်တန်းလူမှုထူထောင်ရေးဆု ရရှိ

    စက်တင်ဘာ ၁၉၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပြီး သွားရေးလာရေး လွယ်ကူအောင် သုံးဘီးကားကွန်ယက်တစ်ခု ထူထောင်ပေးခဲ့တဲ့ ပါကစ္စတန်-အမေရိကန် ကျောင်းသားလူငယ်အဖွဲ့တစ်ခုဟာ နိုင်ငံတကာ ထိပ်တန်းလူမှုထူထောင်ရေးဆု Hult Prize ကို ရရှိခဲ့တယ်လို့ သိရပါတယ်။

    Rutgers တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေဖြစ်ကြတဲ့ ဟန်နာ လက်ဟနီ၊ မိုနီဒ် မီယန်၊ ဟာဆန် အွတ်စ်မာနီနဲ့ ဂရီယာ ဖာရူကီတို့အဖွဲ့ဖြစ်ပြီး ကရာချီ ဆင်ခြေဖုံး အော်ရန်ဂီမြို့က လူ ၂ သန်းခွဲလောက်ရှိတဲ့ ဒုက္ခသည်စခန်းမှာ Roshni Rides လို့ အမည်ပေးထားတဲ့ သုံးဘီးပို့ဆောင်ရေးကွန်ယက်တစ်ခုကို တည်ထောင်ပေးခဲ့တာပါ။

    အမေရိကန်အခြေစိုက် Hult Prize Foundation က ကမ္ဘာတစ်ဝှမ်း လူမှုထူထောင်ရေးလုပ်ငန်းတွေကို ရွေးချယ်ချီးမြှင့်တဲ့ ဒီဆုအတွက် အခုနှစ်မှာ နိုင်ငံပေါင်း ၁၀၀၀ ကျော်က လူမှုထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့ပေါင်း ၅၀၀၀၀ လောက် စာရင်းပေးခဲ့ကြပြီး စကာတင် ၆ ဖွဲ့ကို ရွေးချယ်ပြီးတဲ့နောက် စက်တင်ဘာ ၁၇ ရက်နေ့မှာ Roshni Rides အဖွဲ့က ဆုရရှိခဲ့တာဖြစ်ပါတယ်။

    သူတို့အဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် ဒုက္ခသည်တွေဟာ နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိတဲ့အဖြစ် အခြားနေရာတွေကို အလွယ်တကူ သွားလာနိုင်တာကြောင့် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာတယ်လို့အဖွဲ့ဝင်တွေက ပြောပါတယ်။

    ဆုကြေငြာပြီး ဆုချီးမြှင့်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်က “အများပြည်သူတွေရဲ့ ပြဿနာကို ဒီလိုဖြေရှင်းမှုဟာ အကျိုးကျေးဇူး တော်တော်ကြီးမားပါလိမ့်မယ်” ဆိုပြီး Roshni Rides အဖွဲ့ကို ချီးကျူးခဲ့ပါတယ်။

    “ဒီနွေရာသီ ပါကစ္စတန်ကို ကျွန်တော်တို့ ပြန်သွားတော့ ဒီလူတွေဟာ သူတို့ရဲ့ စခန်းမှာ သီးခြားလိုဖြစ်နေပြီး ဘယ်မှ သွားလို့ မရပါဘူး။ သူတို့သွားလိုတဲ့နေရာကို သွားနိုင်ဖို့ ကျွန်တော်တို့ ဘယ်လို စီစဉ်ပေးနိုင်မလဲဆိုတာကို စဉ်းစားခဲ့ပါတယ်” လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာဆန် အွတ်စမာနီက သူတို့ရဲ့ အစီအစဉ် စတင်မှုနဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

    Hult Prize ဆုအဖြစ် ဆုကြေး ကန်ဒေါ်လာ ၁ သန်း ရရှိပြီး ဒီငွေတွေနဲ့ ပါကစ္စတန်တောင်ပိုင်းမှာ လူမှုထူထောင်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ Roshni Rides အဖွဲ့က ဆိုပါတယ်။

    Ref: Geo.tv