News @ M-Media

Blog

  • IS အကြမ်းဖက်အဖွဲ့က ရိုဟင်ဂျာကိစ္စကို အသုံးချကာ လူသူစုဆောင်း

    IS အကြမ်းဖက်အဖွဲ့က ရိုဟင်ဂျာကိစ္စကို အသုံးချကာ လူသူစုဆောင်း

    စက်တင်ဘာ ၁၈၊ ၂၀၁၇
    M-Media

    ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာရွာတစ်ရွာ မီးလောင်နေပုံ

    – ဆီးရီးယားမှာ IS နဲ့ သွားပေါင်းနေတဲ့ မလေးနိုင်ငံသားတွေဟာ ရခိုင်ပြည်နယ်က အဖိနှိပ်ခံ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ ပုံရိပ်တွေကို အသုံးပြုပြီးတော့ လှုံ့ဆော်ကာ လူသစ်စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ စင်ကာပူသတင်းဌာန The Straits Times က ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။

    ဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနက လက်ထောက်ဒါရိုက်တာ ဒါတွတ်ဆရီ အယွဘ် ခန်း မိုင်ဒင်း ပစ်ချေးက IS အဖွဲ့ဟာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ရေး လူသူစုဆောင်းဖို့အတွက် ရိုဟင်ဂျာပြဿနာကို အသုံးချနေတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။

    ငြှင်းပမ်းနှိပ်စက်ခံရတဲ့၊ ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေရဲ့ ဓာတ်ပုံတွေကို အွန်လိုင်းစာမျက်နှာတွေမှာ လွှင့်တင်ပြီး ဂရုဏာသက်အောင်လုပ်ကာ သူတို့အဖွဲ့ထဲ ၀င်ဖို့ သွေးဆောင်နေတယ်လို့လည်း ပစ်ချေးက ဆိုပါတယ်။

    “အင်ဒိုနီးရှားတွေဟာ သူတို့နိုင်ငံက စစ်သွေးလှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ချေ ရှိနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေကိုလည်း ကျွန်တော်တို့ ရရှိထားပါတယ်” လို့ မနေ့က IS Threat to Youths Awareness Seminar ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ နှီးနှောဖလှယ်ပွဲမှာ သူက ပြောကြားခဲ့ပါတယ်။

    အဲဒီ နှီးနှောဖလှယ်ပွဲကို မလာကာပြည်နယ် ၀န်ကြီးချုပ် ဒါတွတ်ဆရီ အီဒရစ် ဟာရွန်က ဦးဆောင် ပြုလုပ်ခဲ့တာပါ။

    မြန်မာနဲ့ မလေးရှား နီးကပ်နေမှုဟာ IS တွေ သူတို့ရဲ့ သြဇာကို ရခိုင်မှာ ဖြန့်ကျက်နိုင်ရေးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေတယ်လို့လည်း ပစ်ချေးက ပြောပါတယ်။

    စက်တင်ဘာ ၁၀ ရက်နေ့မှာ မလာကာက လမ်းဘေးဈေးသည်တစ်ယောက်ကို IS အလံတွေ ပုံနှိပ်ဖြန့်ချီမှုနဲ့ ဖမ်းဆီးခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ဒီအမျိုးသားဟာ ဖိလစ်ပိုင်နဲ့ ရခိုင်တို့မှာ ဆောင်ရွက်မယ့် IS ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့အတွက် စီစဉ်နေတယ်လို့ ပစ်ချေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အရှေ့တောင်အာရှမှာ လှုပ်ရှားနေတဲ့ IS အဖွဲ့ခေါင်းဆောင် မိုဟာမက် ၀မ်ဒီ ဂျီဒီ ဆီးရီးယားမှာ သေဆုံးသွားပေမယ့် ဒေသတွင်း IS ရဲ့ လူသူစုဆောင်းမှုဟာ ဆက်လက် ဖြစ်ပွားနေကြောင်း၊ လက်ရှိ ဆီးရီးယားမှာ ရောက်နေတဲ့ မလေးရှားနိုင်ငံသား ၄ ဦးဟာ မလေးနိုင်ငံသားတွေအကြား လူသစ်စုဆောင်းမှုတွေကို တက်ကြွစွာ လုပ်ဆောင်နေကြောင်းလည်း သူက ဆိုပါတယ်။

    Ref: Straitstimes

  • ခရစ်ယာန်များအားသတ်မှု၊ IS နှင့်ဆက်နွယ်မှုဖြင့် အီဂျစ်က လူ ၇ ဦးကို သေဒဏ်ချ

    ခရစ်ယာန်များအားသတ်မှု၊ IS နှင့်ဆက်နွယ်မှုဖြင့် အီဂျစ်က လူ ၇ ဦးကို သေဒဏ်ချ

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – ကော့ပတစ်ခရစ်ယာန်များကို သတ်ဖြတ်မှုအပါအ၀င် IS နှင့် ဆက်နွယ်မှုများအတွက် လူ ၇ ဦးကို အီဂျစ်က ယနေ့တွင် သေဒဏ် ချမှတ်လိုက်သည်ဟု သိရသည်။

    နိုင်ငံ၏ အစ္စလာမ့်ဓမ္မရေးရာ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သော မွဖ်သီချုပ်က သေဒဏ်ထိုက်သည်ဟု ဓမ္မသတ်ပေးခဲ့ပြီးနောက် တရားရုံးက ယနေ့တွင် အယောက် ၂၀ ပါသော အမှုတွဲမှ ၇ ဦးအတွက် သေဒဏ်အမိန့်ကို အတည်ပြုလိုက်ခြင်း ဖြစ်သည်။

    ၎င်းတို့အဖွဲ့အား စွဲချက်များတွင် လစ်ဗျားရှိ IS လက်ခွဲအဖွဲ့နှင့် ဆက်နွယ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ အကြမ်းဖက်ရန် လှုံ့ဆော်မှု၊ ၂၀၁၅ ခုနှစ် လစ်ဗျားတွင် အီဂျစ်နိုင်ငံသား ကော့ပတစ်ခရစ်ယာန် ၂၁ ဦးအား ခေါင်းဖြတ် သတ်ဖြတ်မှုတို့ ပါဝင်သည်။

    ကျန်ရှိသူများအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ချမှတ်ရန် စီစဉ်ထားပြီး၊ တရားခံများမှာ အယူခံဝင်နိုင်မည်ဖြစ်သည်။

    အီဂျစ်မှာ ဆိုင်းနိုင်းကျွန်းဆွယ်တွင် IS နှင့် ဆက်နွယ်သည့် တိုက်ခိုက်ရေးသမားများကို ရင်ဆိုင်နေရသည်။ ပြီးခဲ့သည်တစ်ပတ်က ဆိုင်းနိုင်းတွင် IS တိုက်ခိုက်ရေးသမားများက ရဲတပ်ဖွဲ့ကားတန်းကို ချုံခိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးခဲ့ပြီး ၇ ဦးသေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုမှာ မတည်မငြိမ်ဖြစ်နေသည့် ဆိုင်းနိုင်းတွင် ယခုနှစ်အတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုများမှ တစ်ခုဖြစ်သည်။

    Ref: Aljazeera

  • လူသတ်မှု၊ ဓားပြတိုက်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့တစ်ခုလုံးကို ဖိလစ်ပိုင်ထုတ်ပယ်

    လူသတ်မှု၊ ဓားပြတိုက်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့တစ်ခုလုံးကို ဖိလစ်ပိုင်ထုတ်ပယ်

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – ဆယ်ကျော်သက်များအား သတ်ဖြတ်မှု၊ အိမ်တစ်လုံးအား ဓားပြတိုက်မှုအတွက် မြို့တော်မနီလာရှိ မြို့နယ် ရဲတပ်ဖွဲ့တစ်ခုလုံးကို အစိုးရက ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ကာလိုကန်မြို့နယ်မှ ရဲတပ်ဖွဲ့ဖြစ်ပြီး ဆယ်ကျော်သက်သုံး ၃ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် ရဲတပ်ဖွဲ့ဝင်များမှာ သံသယရှိခံနေရကာ၊ အိမ်တစ်လုံးအား ဓားပြတိုက်မှုကိုလည်း လုံခြုံရေးကင်မရာများမှတစ်ဆင့် တွေ့ရှိခဲ့ရသည်။

    မနီလာမြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ အော်စကာ အလ်ဘာယာလ်ဒီက တပ်ဖွဲ့ဝင် ၁၂၀၀ စလုံးကို ဖြုတ်ပစ်ခဲ့ပြီး တရားစွဲဆိုမခံရသူများကို ၄၅ ရက်တာ ပြန်လည်သင်တန်းပေးကာ အခြား ရဲစခန်းများတွင် တာဝန်ချထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဆယ်ကျော်သက်လူငယ်များ သေဆုံးမှုမှာ ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် မူးယစ်စစ်ဆင်ရေးတွင် ဖြစ်ပြီး ကျန်ရစ်သူမိဘများက ကာလိုကန်မှ ရဲနှစ်ဦးကို လူသတ်မှု၊ နှိပ်စက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။

    ရဲတပ်ဖွဲ့ဝင်များ ဓားပြတိုက်မှုမှာ ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်စစ်ဆင်ရေးဟု အကြောင်းပြကာ ရဲ ၁၃ ဦးက အိမ်တစ်အိမ်၌ ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်များကို လုံခြုံရေး ကင်မရာမှတစ်ဆင့် တွေ့ခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဒူတာတေးအာဏာရပြီးနောက် ဆောင်ရွက်ခဲ့သည့် မူးယစ်တိုက်ဖျက်ရေးမှာ ပြင်းထန်မှုများကြောင့် ဝေဖန်မှုများ ရှိခဲ့ပြီး ဆယ်ကျော်သက် ၃ ဦး သေဆုံးပြီးနောက် ဒူတာတေးကို ပြစ်တင်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။

    Ref: Aljazeera

     

  • ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁ ရက်နေ့ ပြုလုပ်မည်

    ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုကို ဒီဇင်ဘာ ၁ ရက်နေ့ ပြုလုပ်မည်

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – ၂၀၁၈ ခုနှစ် ကမ္ဘာဖလား နောက်ဆုံးအဆင့်အတွက် မဲခွဲမှုများကို ဒီဇင်ဘာ ၁ ရက်နေ့တွင် မော်စကို၌ ကျင်းပပြုလုပ်ရန် ဖီဖာက ဆုံးဖြတ်ခဲ့သည်။

    ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်ဒါ စီဖီရင် ဦးဆောင်သည့် ဖီဖာပြိုင်ပွဲများ ကျင်းပရေး ကော်မတီမှာ ကြာသာပတေးနေ့က ဇူးရစ်ခ်ျမြို့တွင် တွေ့ဆုံခဲ့ပြီး ၂၀၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်ဖလားမှ ရရှိသည့် သင်ခန်းစာများ၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ပြင်ဆင်မှု အခြေအနေများအကြောင်းကို ဆွေးနွေးခဲ့သည်ဟု ဖီဖာမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အုပ်စုအဆင့် မဲခွဲမှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့သည့် ဖီဖာ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို အခြေခံကာ ၈ နိုင်ငံစီ ပါဝင်သည့် မဲအိုး ၄ အိုးပြုလုပ်မည်ဖြစ်သည်။ အိမ်ရှင် ရုရှားအပါအ၀င် ကမ္ဘာ့အဆင့် ၁ မှ ၇ အထိ အသင်းများကို မဲအိုး ၁ တွင် ထည့်သွင်းမည်ဖြစ်သည်။

    အုပ်စုတစ်ခုတွင် ဥရောပတိုက်မှ အများဆုံး ၂ သင်း၊ အခြား တိုက်ကြီးများမှ အများဆုံး အသင်း ၁ သင်းသာ ပါဝင်ရန် စီစဉ်ထားသည်ဟု ဖီဖာက ပြောကြားခဲ့သည်။

    ၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်နေမှ ဇူလိုင်လ ၇ ရက်နေ့အထိ ပြင်သစ်နိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၉ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်လည်း အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

    ၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားအတွက် လက်မှတ်များကိုလည်း ကြာသာပတေးနေ့တွင် စတင်ရောင်းချခဲ့သည်။

    Ref: RT

  • နျူစီမံကိန်းကို ပြီးစီးအောင် ဆက်လုပ်မည်ဟု ကင်ဂျုံအန်ပြော

    နျူစီမံကိန်းကို ပြီးစီးအောင် ဆက်လုပ်မည်ဟု ကင်ဂျုံအန်ပြော

    စက်တင်ဘာ ၁၆၊ ၂၀၁၇
    M-Media

    – နိုင်ငံတကာမှ ပိတ်ဆို့မှုများကို တိုးမြှင့်ပြုလုပ်ထားသော်လည်း နိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို ပြီးဆုံးအောင် ဆောင်ရွက်သွားမည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားမှာ သောကြာနေ့က ၎င်းတို့၏ တာလတ်ပစ် ဒုံးကျည်အသစ်ကို စမ်းသပ်ခဲ့ပြီး ဂျပန်နိုင်ငံကိုကျော်၍ ပစိဖိတ်သမုဒ္ဒရာထဲသို့ ကျရောက်ခဲ့သည်။ အဆိုပါဒုံးကျည်မှာ မြောက်ကိုရီးယား စမ်းသပ်ခဲ့သည့် ဒုံးကျည်များတွင် အဝေးဆုံ အကွာအဝေးကို ရောက်ခဲ့သည့် ဒုံးကျည်လည်း ဖြစ်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက KCNA က ဒုံးကျည်မှာ Hwasong-12 ဖြစ်ပြီး ပစ်မှတ်ကို တည့်မတ်စွာ ထိသွားခဲ့ကြောင်း၊ ခေါင်းဆောင်ကင်ဂျုံအန်က နိုင်ငံ၏ နျူစီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်မည်ဟု သန္ဓိဌာန်ချထားကြောင်း ယနေ့တွင် ဖော်ပြခဲ့သည်။

    သောကြာနေ့က ပြုလုပ်ခဲ့သော ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချခဲ့ပြီး အမေရိကန်ကလည်း မြောက်ကိုရီးယားကိစ္စ ဖြေရှင်းရေး စဉ်းစားမှုများတွင် စစ်ရေးနည်းလမ်းကိုလည်း ထည့်သွင်းထားကြောင်း ထပ်မံပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လ နှောင်းပိုင်းက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုအတွက် ကုလ လုံခြုံရေးကောင်စီက ယခုသီတင်းပတ် အစောပိုင်းတွင် ပိတ်ဆို့မှုအသစ်များ ထပ်မံ ပြုလုပ်ခဲ့သည်။

    Ref: Aljazeera