News @ M-Media

Blog

  • ဘင်္ဂလားဒေ့ရှ်အလုပ်သမားဗီဇာကိစ္စ မသမာမှုများကို မလေးရှား စတင်ဖော်ထုတ်

    ဘင်္ဂလားဒေ့ရှ်အလုပ်သမားဗီဇာကိစ္စ မသမာမှုများကို မလေးရှား စတင်ဖော်ထုတ်

    မတ် ၂၁၊ ၂၀၂၃

    M-Media 


    -ဘင်္ဂလားဒေ့ရှ်က အလုပ်သမားတွေ၊ အလည်လာသူတွေကို ဗီဇာထုတ်ပေးရာမှာ ခြစားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ လူ ၂ ဦးကို မလေးရှားအစိုးရက ဖမ်းဆီးလိုက်ပါတယ်။ 

    ဒါကာမြို့ မလေးရှားသံရုံးက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။ မလေးရှား ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ MACC ဟာ လက်ရှိမှာ နိုင်ငံခြားအလုပ်သမား ဗီဇာထုတ်ပေးမှုကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးနေတာပါ။ 

    ဖမ်းဆီးထားသူ ၂ ဦးရဲ့ ဘဏ်ငွေစာရင်း အ၀င်၊ အထွက်မှာ သံသယဖြစ်ဖွယ်တွေ့ရှိရာကနေ စုစုပေါင်း မလေးရှားရင်းဂစ် ၃.၁ သန်း ပမာဏရှိမယ့် ဘဏ်အကောင့်ပေါင်း ၂၀ ကျော်ကို MACC က ပိတ်ခိုင်းခဲ့ပါတယ်။ 

    MACC အကြီးအကဲ အဇမ် ဘာကီက ဒီအမှုနဲ့ဆက်စပ်ပြီး နောက်ထပ် ဖမ်းဆီးတာတွေ ရှိလာနိုင်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

    လက်ရှိမှာ စီတီ လီယာနာ ဆာကီဂျန်ဆိုတဲ့ အမျိုးသမီးတစ်ဦးကို အမှုအတွက် အလိုရှိကြောင်း MACC က ထုတ်ပြန်ထားပါတယ်။ 

    နိုင်ငံခြားအလုပ်သမား ခေါ်ယူခန့်ထားရေးကိစ္စအတွက် MACC က စုံစမ်းစစ်ဆေးရာမှာ လူ့စွမ်းအား အရင်းအမြစ်၀န်ကြီး၊ သူ့လက်အောက်က အရာရှိတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ကို MACC က ပြီးခဲ့တဲ့တစ်ပတ်မှာ ခေါ်ယူမေးမြန်းခဲ့ပါတယ်။ 

    Ref: Free Malaysia Today 

  • ဂူဂျာရတ်အကြမ်းဖက်မှုမှ စွပ်စွဲခံရသူများကို အိန္ဒိယတရားရုံးက တရားသေလွှတ်

    ဂူဂျာရတ်အကြမ်းဖက်မှုမှ စွပ်စွဲခံရသူများကို အိန္ဒိယတရားရုံးက တရားသေလွှတ်

    ဧပြီ ၂၁၊ ၂၀၂၃

    M-Media


    -၂၀၀၂ ခုနှစ် ဂူဂျာရတ်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုမှာ မွတ်စလင် ၁၁ ဦးကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ၆၉ ဦးကို အိန္ဒိယ တရားရုံးက ကြာသာပတေးနေ့မှာ တရားသေ လွှတ်ပေးလိုက်ပါတယ်။ 

    အဟ်မဒ်ဒါဘတ်မြို့မှာ ၂၀၀၂ ခုနှစ် ဖေဖော်၀ါရီ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုဖြစ်ပါတယ်။ ဒီကိစ္စအတွက် ၈၆ ဦး တရားစွဲဆိုခံခဲ့ရပြီး ၁၇ ဦးက အမှုရင်ဆိုင်နေစဥ်အတွင်းမှာ သေဆုံးခဲ့ပါတယ်။ 

    “တရားမျှတမှုဟာ နစ်နာသူတွေကို ထပ်ပြီး ကျောခိုင်းသွားပါပြီ။ ဒီလူတွေကို ဘယ်အချက်နဲ့ တရားသေ လွှတ်ပေးလိုက်လဲဆိုတာ ကျွန်တော်တို့ လေ့လာသွားမှာပါ” လို့ တရားလိုရှေ့နေ ရှမ်ရှဒ် ပထန်က ပြောပါတယ်။ 

    စီရင်ချက်ကို ပြန်လည်သုံးသပ်ဖို့ အထက်ရုံးကို တင်သွားမယ်လို့လည်း ပထန်က ဆိုပါတယ်။

    လွှတ်ပေးလိုက်သူတွေထဲမှာ ဟိန္ဒူအမျိုးသားရေးပါတီ BJP က ထင်ရှားသူ အမျိုးသမီး မာယာ ကိုဒ်နာနီလည်း ပါ၀င်ပါတယ်။ အခင်းဖြစ်ပွားစဥ်က သူမဟာ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး နောက်ပိုင်း ၀န်ကြီးချုပ်မိုဒီအစိုးရမှာ ၀န်ကြီးအဖြစ် တာ၀န်ထမ်းဆောင်ဖူးပါတယ်။ 

    သူမဟာ ဂူဂျာရတ်အကြမ်းဖက်မှုက မွတ်စလင် ၉၇ ဦး သတ်ဖြတ်ခံရတဲ့ အခြားအမှုတစ်ခုအတွက် တရားစွဲဆိုခံရကာ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ BJP သြဇာနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

    ဟိန္ဒူအစွန်းရောက်အဖွဲ့တွေဖြစ်တဲ့ Bajrang Dal နဲ့ Vishwa Hindu Parishad ခေါင်းဆောင်တွေဟာ အဟ်မဒ်ဒါဘတ်က သတ်ဖြတ်မှုမှာ တရားစွဲဆိုခံခဲ့ရပေမယ့် မနေ့က တရားသေ လွတ်မြောက်လာခဲ့ပါတယ်။ 

    ဟိန္ဒူဘုရားဖူးတွေ စီးလာတဲ့ရထား မီးလောင်မှုကို မွတ်စလင်တွေက လုပ်တယ်ဆိုတဲ့ ၀ါဒဖြန့်မှုကြောင့် ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်တစ်၀ှမ်းမှာ မွတ်စလင်တွေ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး အစိုးရစာရင်းတွေအရ အနည်းဆုံး တစ်ထောင်လောက် သေဆုံးတယ်လို့ ဆိုပါတယ်။ 

    လေ့လာဆန်းစစ်သူတွေက သေဆုံးသူအရေအတွက်ဟာ အခုထက် ပိုမိုများပြားတယ်လို့ ထောက်ပြခဲ့ကြပါတယ်။ 

    လက်ရှိ အိန္ဒိယ၀န်ကြီးချုပ် မိုဒီဟာ တိုက်ခိုက်မှုဖြစ်ပွားစဥ်က ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီး၊ ဒီအဖြစ်အပျက်ကို ထိထိရောက်ရောက် ထိန်းသိမ်းခဲ့ခြင်းမရှိဘူးလို့ စွပ်စွဲခံခဲ့ရပါတယ်။ 

    မွတ်စလင်တွေကို တိုက်ခိုက်မှုမှာ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ အစိုးရအဖွဲ့က တာ၀န်ရှိသူတွေ ပူးပေါင်းပါ၀င်ခဲ့တဲ့ အထောက်အထားတွေကိုလည်း နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေက ဖော်ထုတ်ခဲ့ကြပါတယ်။ 

    Ref: CNN 

  • ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ

    ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပါ

    ဧပြီ ၂၁၊ ၂၀၂၃

    M-Media

    ဒီလိုအမှားမျိုးတွေ လုပ်နေမှတော့ ဘယ်လိုလုပ် နိုင်တော့မလဲ။ သိပ်ရှင်းပါတယ်။ ဒီညပွဲအတွက် ကျွန်တော်တို့ အဆင်သင့်မဖြစ်ခဲ့ဘူး။ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီပြိုင်ပွဲဟာ တစ်ခုခု ရအောင်ယူရမယ့် ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ လက်မဲ့ဖြစ်ခဲ့ပြီ။ ကိုယ့်ကိုယ်ကိုကလွဲရင် ဘယ်သူမှ အပြစ်သွားတင်လို့ မရပါဘူး။ 

    အဲရစ် တန်ဟန် – မန်ယူနည်းပြ

  • ချန်ပီယံလိဂ်ဆုတံဆိပ်ရဖို့ ကံမပါလာတဲ့ အီဘရာဟီမိုဗစ်

    ချန်ပီယံလိဂ်ဆုတံဆိပ်ရဖို့ ကံမပါလာတဲ့ အီဘရာဟီမိုဗစ်

    ဧပြီ ၂၁၊ ၂၀၂၃

    M-Media 


    -အေစီမီလန်အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ဘောလုံးလောကက ဆုတံဆိပ်တော်တော်များများကို ရရှိထားသူပါ။ 

    ဒါပေမယ့် ဥရောပချန်ပီယံလိဂ်မှာတော့ သူ့အတွက် ကံမပါဘူးလို့ ဆိုရပါလိမ့်မယ်။

    အခုတစ်ပတ် ကွားတာဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ်တွေအပြီး အေစီမီလန်အသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ ဆုံရမှာပါ။ 

    အေစီမီလန်အသင်း ဗိုလ်စွဲခဲ့ရင်တောင် မိုဗစ်ဟာ ချန်ပီယံလိဂ် ဆုတံဆိပ်ကို ရရှိမှာမဟုတ်ပါဘူး။ 

    စက်တင်ဘာနဲ့ ဖေဖော်၀ါရီအစောပိုင်းက ဥရောပဘောလုံးအဖွဲ့ချုပ်ကို လူစာရင်းပေးရာမှာ ဒူးဒဏ်ရာရနေတဲ့ မိုဗစ်ကို အသင်းက ချန်ထားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ 

    ဒီနှစ်ကုန်ရင် အေစီမီလန်က မိုဗစ်ကို သက်တမ်းဆက်တိုးတော့မှာမဟုတ်ဘဲ အသက်အရွယ်အရ အနားယူရမှာဖြစ်တာကြောင့် ဂန္တ၀င်တိုက်စစ်မှူးကြီးဟာ ချန်ပီယံလိဂ်ဆုတံဆိပ်လက်မဲ့နဲ့ ဘောလုံးလောကကို နှုတ်ဆက်ရဖွယ် ရှိနေပါတယ်။ 

    Ref: Goal 

  • မူးယစ်ဂိုဏ်းများ၏ ရေငုပ်သင်္ဘောကြောင့် ဥရောပရဲများ ခေါင်းခဲနေရ

    မူးယစ်ဂိုဏ်းများ၏ ရေငုပ်သင်္ဘောကြောင့် ဥရောပရဲများ ခေါင်းခဲနေရ

    ဧပြီ ၂၁၊ ၂၀၂၃

    M-Media 


    -ကိုလံဘီယာနဲ့ မက္ကဆီကိုတို့လို တောင်အမေရိက နိုင်ငံတွေက မူးယစ်ဂိုဏ်းတွေဟာ ဥရောပကို ရေငုပ်သင်္ဘောတွေတဲ့ ဘိန်းတင်ပို့တဲ့အထိ အဆင့်မြင့်မြင့် လုပ်ဆောင်လာနိုင်ပါတယ်။ 

    ၂၀၁၉ ခုနှစ်က စပိန်မှာ ပထမဆုံး ဖမ်းဆီးရမိခဲ့တဲ့ ရေငုပ်သင်္ဘောဆိုရင် လူ ၃ ယောက် လိုက်ပါနိုင်ပြီး ကန်ဒေါ်လာ သန်း ၁၅၀ ဖိုးရှိတဲ့ ဘိန်း ၃ တန် တင်ဆောင်နိုင်ပါတယ်။ 

    ကာဘွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားတဲ့ အဲဒီ ရေငုပ်သင်္ဘောဟာ ၆၅ ပေရှည်ပြီး အင်ဂျင်၊ စတီယာတိုင်တစ်ခုနဲ့ ဒိုင်ခွက်အချို့သာ ပါ၀င်ပါတယ်။ လိုက်ပါသွားသူတွေဟာ တစ်လလောက် အသက်ရှင်နေထိုင်နိုင်ပြီး အစားအသောက်အတွက် အဟာရ၀ေဖာ၊ ငါးသေတ္တာ၊ အညစ်အကြေးစွန့်ဖို့ ပလက်စတစ်အိတ်ကလွဲရင် ဘာပစ္စည်းမှ အပိုမပါပါဘူး။

    အတ္တလန်တိတ် သမုဒ္ဒရာအလယ် ကနေရီကျွန်းနဲ့ အဇိုရီကျွန်းတစ်၀ိုက်မှာ ဘိန်းသယ်ရေငုပ်သင်္ဘော သင်္ချိုင်း ရှိနေပါတယ်။ ဘိန်းတွေတင်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ ချပြီးသွားရင် ရေငုပ်သင်္ဘောတွေကို ရေအောက်ထဲ မြှုပ်ပစ်ကြပါတယ်။ 

    မူးယစ်ဂိုဏ်းတွေဟာ ဂူယာနာနဲ့ ဆူရီနမ်တို့က တောနက်တွေထဲမှာ အင်ဂျင်နီယာတွေနဲ့ ရေငုပ်သင်္ဘောတွေကို တိတ်တဆိတ် ဆောက်လုပ်ကြတာ ဖြစ်ပါတယ်။ 

    “မူးယစ်မှောင်ခိုဂိုဏ်းတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်ကတည်းက ရေငုပ်သင်္ဘောတွေနဲ့ ပစ္စည်းပို့နေကြတာပါ။ ကျွန်တော်တို့ဖမ်းမိထားတာက နှစ်စီးပဲရှိပါသေးတယ်။ ရေငုပ်သင်္ဘောတွေကို ခြေရာခံဖို့ တော်တော်ခက်ပါတယ်” လို့ စပိန်အမျိုးသားရဲတပ်ဖွဲ့ရဲ့ မူးယစ်နှိမ်နှင်းရေးအဖွဲ့ ကော်မရှင်နာမင်းကြီး အန်တိုနီယို မာတီနက်ဇ် ဒူအာတေးက ပြောပါတယ်။ 

    အမေရိကန်ပြီးရင် ဥရောပဟာ ဘိန်းမှောင်ခိုင်လုပ်ငန်းရဲ့ အကြီးဆုံး စျေးကွက်တစ်ခုဖြစ်ပါတယ်။ မူးယစ်မှောင်ခိုသမားတွေဟာ ရေငုပ်သင်္ဘော ရာချီသုံးကာ ဥရောပကို ပစ္စည်းပို့ကြပြီး အခုအချိန်အထိ ၂ စီးသာ ဖမ်းမိထားပါတယ်။ ဒီဖမ်းဆီးမှုဟာ စပိန်မှာ ဖြစ်ပါတယ်။ 

    ဘိန်းလုပ်ငန်းဟာ အမြတ်အစွန်း အလွန်ရလွယ်တဲ့ လုပ်ငန်းဖြစ်ပြီး၊ ငွေးကြေးခ၀ါချမှုတွေ၊ ခြစားမှုတွေလည်း ရှိနေတာကြောင့် ဥရောပမှာ ဒီလုပ်ငန်းကို နှိမ်နှင်းဖို့ ခက်သွားပြီလို့ ဘယ်လ်ဂျီယံ တရားသူကြီး မီခေးလ် ကလိုင်စီက ပြောပါတယ်။

    “မူးယစ်မှောင်ခိုသမားတွေဟာ အမြတ်အစွန်းအရမ်းရတယ်။ သင်္ဘောကျင်းတွေ၊ ရဲတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း လူတွေက သူတို့ပေးတာကျွေးတာတွေကို စားနေကြတယ်။ ငွေးကြေးခ၀ါချမှု၊ ခြစားမှုတွေလည်း ရှိနေတယ်ဆိုတော့ ရာဇ၀တ်ဂိုဏ်းတွေကို ကျွန်တော်တို့ ဘယ်လို ထိန်းနိုင်တော့မလဲ။ မရတော့ပါဘူး”

    ဘယ်လ်ဂျီယံဟာ မူးယစ်းဆေးပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံဖြစ်ပါတယ်။ တရားသူကြီး ကလိုင်စီကိုလည်း မူးယစ်ဂိုဏ်းတွေက ပြန်ပေးဆွဲသတ်ဖြတ်ဖို့အထိ ကြံတဲ့အတွက်ရဲတပ်ဖွဲ့က အနီးကပ် စောင့်ရှောက်ပေးထားရပါတယ်။

    Ref: BBC