News @ M-Media

Blog

  • စစ်ခေါင်းဆောင်နှစ်ဦး အာဏာလုရာမှ စစ်မီးတောက်လာတဲ့ ဆူဒန်

    စစ်ခေါင်းဆောင်နှစ်ဦး အာဏာလုရာမှ စစ်မီးတောက်လာတဲ့ ဆူဒန်

    ဧပြီ ၂၀၊ ၂၀၂၃

    M-Media 


    -အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်မှာ ထိပ်တန်းဗိုလ်ချုပ်နှစ်ဦး အာဏာလုမှုကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်တာရှိလာခဲ့ပြီး သေဆုံးသူ အရေအတွက်ကလည်း ၃၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    မြို့တော် ခါတွန်မှာ အဘ်ဒဲလ် ဖာတာ အလ်-ဘူရ်ဟန်ရဲ့ ဆူဒန်စစ်တပ်နဲ့ သူ့ရဲ့လက်ထောက် မိုဟာမက် ဟမ်ဒန် ဒါဂါလို ခေါင်းဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ RSF တို့အကြား တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေတာပါ။ 

    စစ်ဌာနချုပ်၊ လေဆိပ်နဲ့ သမ္မတနန်းတော်တို့ကို သိမ်းပိုက်ဖို့ RSF က ကြိုးစားနေပြီး ဘူရ်ဟန်ရဲ့ တပ်တွေကလည်း တိုက်လေယာဥ်တွေ၊ လက်နက်ကြီးတွေနဲ့ ပြန်လည်တုန့်ပြန်နေပါတယ်။ 

    နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ခေါင်းဆောင်ဟောင်း သမ္မတ အိုမာရ် အလ်ဘရှီးရ်ကို ဖြုတ်ချတဲ့ ၂၀၁၉ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ဘူရ်ဟန်နဲ့ ဒါဂါလိုတို့ဟာ ဆရာတပည့်တွေဖြစ်ခဲ့ကြပြီး၊ အရပ်သားအစိုးရလက်ကနေ ၂၀၂၁ ခုနှစ် ဘူရ်ဟန်က အာဏာထိပ်သိမ်းတဲ့အခါမှာလည်း ဒါဂါလို ပါ၀င်ပါတယ်။ 

    နောက်ပိုင်းမှာ အစိုးရဟောင်း၊ နိုင်ငံရေးသမားတွေနဲ့ ပူးပေါင်းကာ ဘူရ်ဟန်က အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး ဒါဂါလိုရဲ့ RSF တပ်ကို စစ်တပ်လက်အောက် ထည့်သွင်းဖို့ ကြိုးစားရာကနေ အာဏာလုပွဲ ဖြစ်လာတာဖြစ်ပါတယ်။ 

    RSF ကို သမ္မတဟောင်း ဘရှီးရ်က သူ့ရဲ့ လက်ကိုင်တုပ်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းကာ ဒါဂါလိုကို တပည့်မွေးခေါင်းဆောင်တင်ခဲ့တာပါ။ ဒါဂါလိုကတော့ ဘရှီးရ်ကို သစ္စာဖောက်ကာ ဘူရ်ဟန်နဲ့ပေါင်းပြီး ၂၀၁၉ ခုနှစ်မှာ ဖြုတ်ချခဲ့ပါတယ်။ 

    လက်ရှီ တိုက်ပွဲတွေကြောင့် မြို့တော်ခါတွန်မှာ သေဆုံးသူ ၂၇၀ ကျော်လာခဲ့ပြီး ဒဏ်ရာရသူအရေအတွက်လည်း အများအပြား ရှိနေပါတယ်။ 

    စစ်ပွဲကြောင့် စားနပ်ရိက္ခာ ရှားပါးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကလည်း ပြိုလဲလုနီးနီး ဖြစ်လာပါတယ်။ 

    Ref: CNN   

  • ယီမင်တွင် အလှူသွားယူသောလူအုပ် တိုးမှုကြောင့် ၈၀ နီးပါး သေဆုံး

    ယီမင်တွင် အလှူသွားယူသောလူအုပ် တိုးမှုကြောင့် ၈၀ နီးပါး သေဆုံး

    ဧပြီ ၂၀၊ ၂၀၂၃

    M-Media 


    -ယီမင်နိုင်ငံ မြို့တော် ဆန်နာမှာ ရမ်ဇာန်ဥပုသ်လ ပစ္စည်း၀ေငှမှုအတွင်း လူအုပ်တိုးမှုကြောင့် အနည်းဆုံး ၇၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ 

    စာသင်ကျောင်းတစ်ခုမှာ လူတစ်ယောက်ကို ကန်ဒေါ်လာ ၉ ဒေါ်လာဖိုး ရှိတဲ့ ပစ္စည်းတွေ လှူဒါန်းမှုအတွင်း လူရာချီ လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

    မြို့ကိုထိန်းချုပ်ထားတဲ့ ဟူသီသူပုန်အဖွဲ့က စစ်သားတစ်ချို့ဟာ လူအုပ်ကိုထိန်းဖို့ သေနတ်ပစ်ဖောက်ခဲ့ပြီး ဓာတ်ကြိုးကိုထိမှန်ကာ ပေါက်ကွဲမှုဖြစ်တာကြောင့် လူတွေလန့်ကာ ထွက်ပြေးခဲ့ကြတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

    သေဆုံး ဒဏ်ရာရသူ အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။ 

    ဟူသီအဖွဲ့က လှူဒါန်းသူဟာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း မရှိတဲ့အတွက် အခုလို ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီလူကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

    Ref: BBC

  • ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ မီလန်ဒါဘီ ကြည့်ရမည်

    ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ မီလန်ဒါဘီ ကြည့်ရမည်

    ဧပြီ ၂၀၊ ၂၀၂၃

    M-Media

    “ဆီမီးဖိုင်နယ်ကို ထိုက်တန်လို့ ကျွန်တော်တို့ ရောက်လာတာပါ။ အိပ်မက်တွေ အကောင်အထည်ပေါ်လာပါပြီ။ ရေကုန်ရေခမ်း ကစားသွားမှာပါ” 

    အင်ဇာဂီ (အင်တာနည်းပြ

    “ထူးခြားတဲ့ ဒါဘီပွဲ ဖြစ်လာမှာပါ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မီလန်ဒါဘီ ကစားရတာ ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ကျွန်တော် အရမ်းပျော်တယ်။ အရင်ကအဆင့်အတန်းကို ပြန်ရောက်လာတဲ့ အသင်းကြီးတစ်သင်းကို ကိုယ်စားပြုရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်” 

    လော်တာရို မာတီနက်ဇ် (အင်တာတိုက်စစ်မှူး)

  • လူ ၂ သန်းခွဲ ပါ၀င်ခဲ့ကြတဲ့ မက္ကာက ကုရ်အာန်ခသမ်သိမ်း ၀တ်ပြုဆုတောင်းပွဲ

    လူ ၂ သန်းခွဲ ပါ၀င်ခဲ့ကြတဲ့ မက္ကာက ကုရ်အာန်ခသမ်သိမ်း ၀တ်ပြုဆုတောင်းပွဲ

    ဧပြီ ၂၀၊ ၂၀၂၃

    M-Media 

    -ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က မြင့်မြတ်ရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီ၀တ်ကျောင်းတော်မှာ မနေ့က သာရာ၀ီ၀တ်ပြုဆုတောင်းမှုအတွင်း ကမ္ဘာတစ်၀ှမ်းက လူပေါင်း ၂ သန်းခွဲ ပါ၀င်ခဲ့ကြပါတယ်။ 

    ရမ်ဇာန်ဥပုသ်လ ၂၉ ရက်နေ့ ပြည့်မြောက်တဲ့ ဗုဒ္ဓဟူးနေ့ညက ညဉ့်ဦးပိုင်း သာရာ၀ီ၀တ်ပြုမှုမှာ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ နောက်ဆုံး စာမျက်နှာတွေကို ရွတ်ဖတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

    အစ္စလာမ်ဘာသာ၀င်တွေဟာ ရမ်ဇာန်ဥပုသ်လ အထူး၀တ်ပြုဆုတောင်းမှုဖြစ်တဲ့ သာရာ၀ီ၀တ်ပြုမှုမှာ တစ်လအတွင်း ကုရ်အာန်ကျန်းတော်မြတ်ကို အစအဆုံး ရွတ်ဖတ်ကြပြီး၊ ဥပုသ်လ ၂၇ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ကျမ်းစာတစ်အုပ်လုံးကို အဆုံးသတ်ကြပါတယ်။ 

    မနေ့က ၀တ်ပြုဆုတောင်းမှုကို ထိပ်တန်း အစ္စလာမ့်ပညာရှင် ကာရီ ဆူဒိုက်က ဦးဆောင်ခဲ့ပါတယ်။ 

    Ref: Arab News 

  • အစ္စရေး၏ ဖိနှိပ်ညှင်းပမ်းမှုအောက်တွင် ကျင်းပရသည့် ပါလက်စတိုင်းခရစ်ယာန်တို့၏ Sabbath of Light ပွဲတော်

    အစ္စရေး၏ ဖိနှိပ်ညှင်းပမ်းမှုအောက်တွင် ကျင်းပရသည့် ပါလက်စတိုင်းခရစ်ယာန်တို့၏ Sabbath of Light ပွဲတော်

    ဧပြီ ၁၇၊ ၂၀၂၃

    M-Media


    -အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် ဂျေရုစလင်မြို့က ခရစ်တော်ရှင်ပြန်ထမြောက်ရာ Church of the Holy Sepulchre ဘုရားကျောင်းမှာ စနေနေ့က Sabbath of Light ပွဲတော်ကို ခရစ်ယာန်တွေ ကျင်းပခဲ့ကြပါတယ်။ 

    ပါလက်စတိုင်းခရစ်ယာန်တွေဟာ ဒီလို ဘာသာရေးပွဲတော်တွေကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရတာတော့မဟုတ်ပါဘူး။ အစ္စရေးရဲ့ ပိတ်ဆို့ညှင်းပမ်းမှုတွေကို ကြံ့ကြံ့ခံနေရတာ ဖြစ်ပါတယ်။ 

    စနေနေ့က Sabbath of Light ပွဲတော်မှာ အစ္စရေးစစ်တပ်ဟာ ခရစ်ယာန်တွေ ဘုရားကျောင်းထဲ လာလို့မရအောင် တားမြစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေကို ရိုက်နှက်တာ၊ ခရစ်ယာန်ဘုန်းကြီးတွေကို တွန်းထိုးတာတွေအထိ ဖြစ်ခဲ့ပါတယ်။

    “ဒါမျိုးတွေဖြစ်လာတာ ၁၀ စုနှစ်တွေချီနေပြီ။ ကျူးကျော်သူတွေက ဒီလို အခါကြီးရက်ကြီးတွေမှာ အကာအရံတွေလုပ်၊ ရဲတွေ၊ လက်နက်ကိုင်စစ်သားတွေချပြီး လာလို့မရအောင် ပိတ်ပင်တားဆီးမှုကို ကျွန်တော်တို့ ခံစားရတာ ကြာလှပါပြီ။ မြင့်မြတ်နယ်မြေမှာ ဒီနေ့ဟာ အမြင့်မြတ်ဆုံး နေ့တစ်နေ့ပါ။ အော်သိုဒေ့ါစ်ခရစ်ယာန်တစ်ယောက် အာရပ်တစ်ယောက်အနေနဲ့ ကမ္ဘာကြီးကို ပြောချင်တာက ဒီဘုရားကျောင်းနဲ့ ဒီပွဲတော်ဆိုတာ ကျွန်တော်တို့ ပိုင်ဆိုင်မှုပါ။ ဒီအခမ်းအနားကျင်းပမှုကို ဘယ်သူကမှ တားဆီးဟန့်တားပိုင်ခွင့် မရှိပါဘူး။ ကျွန်တော်တို့ဟာ ပါလက်စတိုင်းတွေဖြစ်ပြီး ဒီအမှတ်သညာအတွက်လည်း ဂုဏ်ယူပါတယ်” လို့ ပါလက်စတိုင်း အော်သိုဒေ့ါစ်အသင်းတော် ဒုဥက္ကဌဟောင်း ၀ီလီယံ ခူရီက ပြောပါတယ်။  

    အရင်က ဂျေရုစလင် လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းဟာ ခရစ်ယာန်တွေ ဖြစ်ပါတယ်။ အစ္စရေးရဲ့ ညှင်းပမ်းမှုတွေကြောင့် ခရစ်ယာန်တွေဟာ မြို့ကနေ ထွက်ပြေးရပြီး ယနေ့အချိန်မှာတော့ မြို့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

    “ပါလက်စတိုင်းခရစ်ယာန်တွေကို ဒီလို တားမြစ်ကန့်သတ်တာတွေဟာ အခုမှဖြစ်တာ မဟုတ်ပါဘူး။ အစ္စရေးလက်ယာစွန်းအဖွဲ့တွေရဲ့ လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဂျေရုစလင်ဟာ ဂျူးတွေရဲ့အပိုင် ဖြစ်တယ်ဆိုတာမျိုး ပုံဖော်ဖို့အတွက် ဌာနေလူ့အဖွဲ့အစည်းတွေကို ရှင်းလင်းရေး ဆယ်စုနှစ်ချီ မူ၀ါဒချ လုပ်ဆောင်လာတာ ဖြစ်ပါတယ်” လို့ ဂျေရုစလင်အခြေစိုက် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဖာဒီ ဟာဘီဘီက ပြောပါတယ်။ 

    အစ္စရေးအာဏာပိုင်တွေက ခရစ်ယာန်တွေကို ဖိနှိပ်ညှင်းပမ်းတာမျိုးတွေ လုပ်ဆောင်သလို၊ ဂျူးအခြေချနေထိုင်သူတွေကလည်း ခရစ်ယာန်တွေကို တိုက်ခိုက်တာမျိုး ဂျေရုစလင်မှာ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ 

    Ref: Aljazeera