News @ M-Media

Blog

  • နျူသဘောတူညီချက်ကို အီရန်က အပြည့်အ၀ လိုက်နာနေကြောင်း ကုလ ထုတ်ပြန်

    နျူသဘောတူညီချက်ကို အီရန်က အပြည့်အ၀ လိုက်နာနေကြောင်း ကုလ ထုတ်ပြန်

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    – ၂၀၁၅ ခုနှစ်က အင်အားကြီးနိုင်ငံ ၆ နိုင်ငံနှင့် ချုပ်ဆိုခဲ့သည့် နျူသဘောတူညီချက်ကို အီရန်က အပြည့်အ၀ လိုက်နာနေဆဲဖြစ်သည်ဟု ကုလသမဂ္ဂ၏ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အီရန်မှာ စာချုပ်တွင် ကတိပြုထားသည့်အတိုင်း သန့်စင်မှု မပြုရသေးသည့် ယူရေနီယံကို ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် အသုံးပြုနေပြီး ၃၀၀ ကီလိုဂရမ်သာ ပိုင်ဆိုင်ရမည်ဆိုသည့် အချက်ကိုလည်း ချိုးဖောက်ခြင်းမရှိဟု IAEA က ဆိုသည်။

    သဘောတူညီချက်ကို အီရန်က လိုက်နာနေကြောင်း IAEA ၏ ယခုထုတ်ပြန်မှုမှာ သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်သည်။

    ထရမ့်က အီရန်၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန်အတွက် အင်အားကြီးနိုင်ငံ ၆ နိုင်ငံနှင့် ရရှိထားသည့် သဘောတူညီချက်ကို ဖျက်သိမ်းမည်ဟု ပြောကြားထားသည်။

    သဘောတူညီချက်အရ အီရန်အပေါ် ပြုလုပ်ထားသည့် စီးပွားရေးပိတ်ဆို့မှုအားလုံးကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖယ်ရှားပေးခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အမေရိကန်က အီရန်အနေဖြင့် အကြမ်းဖက်ဝါဒကို အားပေးသည်ဟူသောစွဲချက်၊ ဒုံးကျည်အစီအစဉ်၊ လူ့အခွင့်အရေးမှတ်တမ်းများနှင့် ဆက်စပ်၍ ပိတ်ဆို့မှုတစ်ချို့ ပြုလုပ်ထားသည်။

    အီရန်ကမူ ၎င်းတို့အနေဖြင့် သဘောတူညီချက်၏ အလိုသဘောအတိုင်း လိုက်နာဆောင်ရွက်နေသည်ဟု ပြောကြားထားသည်။

    ၂၀၁၅ ခုနှစ်ရရှိခဲ့သည့် အဆိုပါသဘောတူညီချက်အား လိုက်နာချင်းရှိ၊ မရှိဆိုသည်ကို IAEA က ၃ လတစ်ကြိမ် အစီရင်ခံစာထုတ်ပြန်လေ့ရှိသည်။

    Ref: Aljazeera

  • ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ဖျက်ရေးတွင် အရပ်သားများမထိခိုက်စေရန် အမေရိကန် တိုက်တွန်း

    ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ဖျက်ရေးတွင် အရပ်သားများမထိခိုက်စေရန် အမေရိကန် တိုက်တွန်း

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုကို တားဆီးရာမှာ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့၊ အပြစ်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက မနေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ Arakan Rohingya Salvation Army ဆိုတဲ့အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းတွေနဲ့ ရဲစခန်း ၃၀ လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်မှုတွေပြုလုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ချို့အပါအ၀င် လူပေါင်း ၁၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    သေဆုံးသူအများစုဟာ ARSA က အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    အမေရိကန် သံအမတ်က ဒီ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ ပြောကြားခဲ့ပြီး၊ ဒီ အကြမ်းဖက်မှုမျိုး ထပ်မဖြစ်အောင် တားဆီးတဲ့နေရာမှာ အပြစ်မဲ့အရပ်သားတွေ၊ အကူအညီပေးရေးအဖွဲ့တွေကို မထိခိုက်စေဖို့၊ နိုင်ငံတကာ ဥပဒေတွေအတိုင်း ဆောင်ရွက်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

    အကူအညီလိုအပ်နေသူတွေကို အကူအညီပေးဖို့၊ လူ့အဖွဲ့အစည်းအားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိရေး ဆောင်ရွက်ပေးဖို့အတွက်လည်း ဟာလေးက တိုက်တွန်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုကြောင့် သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ဖက်ကို ထွက်ပြေးခဲ့ရပြီး၊ မြန်မာစစ်တပ်ကလည်း ရိုဟင်ဂျာအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာကြောင့် ကုလ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က တံခါးပိတ်အစည်းအဝေး
    ကျင်းပခဲ့ပါတယ်။

    Ref : Reuters

  • လူမည်များကို စော်ကားသည့် ရဲအရာအရှိတစ်ဦးကို အမေရိကန် ထုတ်ပယ်မည်

    လူမည်များကို စော်ကားသည့် ရဲအရာအရှိတစ်ဦးကို အမေရိကန် ထုတ်ပယ်မည်

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    – မိမိတို့မှာ လူမည်းသီးသန့်သာ သတ်ဖြတ်သည်ဟု ပြောကြားခဲ့သည့် ဂျော်ဂျီယာပြည်နယ်မှ ရဲအရာရှိတစ်ဦးအား ထုတ်ပယ်ပစ်မည်ဟု ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဂရဂ်ျ အက်ဘော့ဆိုသည့် ဗိုလ်ကြီးမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လက လမ်းဘေးတွင် ကားတစ်စီးအား စစ်ဆေးစဉ် ကားပိုင်ရှင် လူဖြူအမျိုးသမီးက ထိန့်လန့်ကာ ဖုန်းယူမည့်အချိန် အက်ဘော့က “ခင်ဗျားက လူမည်းမဟုတ်ဘူးလေ။ မှတ်ထား ကျွန်တော်တို့က လူမည်းသီးသန့်သတ်တာ၊ ဟုတ်တယ်နော်၊ ကျွန်တော်တို့က လူမည်းတွေကိုပဲ သတ်တာဗျ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုစစ်ဆေးမှုကို ရဲကား၏ ဒက်ရှ်ဘုတ်ကင်မရာမှတ်တမ်းတွင် တွေ့ခဲ့ရသည်။

    အက်ဘော့မှာ လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက ကော့ဘ်ခရိုင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုလုပ်ရပ်အတွက် ပြီးခဲ့သည့်တစ်ပတ်က စုံစမ်းဆေးမှု စတင်ပြုလုပ်ကာ ၎င်းအား အနားပေးထားသည်။

    ၎င်း၏ရှေ့နေက စစ်ဆေးမှုအတွင်း ခရီးသွားများ ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အခြေအနေမျိုးတွင် စိတ်ပြေလျော့စေရန် အက်ဘော့က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    ကော့ဘ်ကောင်တီမှ ရဲတပ်ဖွဲ့အကြီးအကဲ မိုက် ရက်ဂျစ်စတာက ထိုကဲ့သို့ ပြောကြားမှုမှာ လက်မခံနိုင်စရာဖြစ်ပြီး အက်ဘော့အား ရဲတပ်ဖွဲ့မှ ထုတ်ပယ်သွားမည်ဟု ပြောကြားခဲ့သည်။

    “ဘာပဲဖြစ်ဖြစ် ဒီလိုပြောကြားမှုမျိုးဟာ လက်မခံနိုင်စရာဖြစ်ပြီး၊ ရဲတပ်ဖွဲ့နဲ့ ကောင်တီအတွင်းမှာ ကျွန်တော်တို့ တည်ဆောက်နေတဲ့ ဓလေ့ကို ကောင်းကျိုးမဖြစ်စေပါဘူး”

    အမေရိကန်ရဲဌာနမှာ လူမည်းများကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ပြီးခဲ့သည့်နှစ်များအတွင်း ဝေဖန်မှုများ ခံလာခဲ့ရသည်။ ပြီးခဲ့သည့်နှစ်တွင် ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သူ ၁၀၉၃ ဦးရှိပြီး ထိုအထဲမှ ၄ ပုံ ၁ ပုံမှာ အာဖရိကန်-အမေရိကန်များဖြစ်သည်။

    အမေရိကန်တွင် လူမည်းဦးရေမှာ ၁၂ ရာခိုင်နှုန်းသာ ရှိသည်။

    Ref : Aljazeera

  • သမ္မတဖြစ်လျှင် လစာအားလုံးကို လှူဒါန်းမည်ဟု စင်ကာပူစီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် ပြော

    သမ္မတဖြစ်လျှင် လစာအားလုံးကို လှူဒါန်းမည်ဟု စင်ကာပူစီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် ပြော

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    စင်ကာပူသမ္မတအဖြစ် ၀င်ရောက်အရွေးခံရန် အမည်စာရင်း တင်သွင်းထားသည့် ဆာလေဟ် မာရီကန်

    – မိမိအနေဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါက ရရှိမည့် လစာအားလုံးကို ပရဟိတလုပ်ငန်းအတွက် လှူဒါန်းသွားမည်ဟု စင်ကာပူသမ္မတအဖြစ် ၀င်ရောက်အရွေးခံမည့် စီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် မာရီကန်က ပြောကြားလိုက်သည်။

    စင်ကာပူသမ္မတရာထူးအတွက် လက်ရှိတွင် မလေးလူ့အဖွဲ့အစည်းက အလှည့်ကျပြီး ဆာလေဟ်မာရီကန်၊ လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာ ယာကွဘ်နှင့် Bourbon Offshore Asia မှ ဥက္ကဌ ဖာရစ်ခန်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    ရွေးကောက်ပွဲကို စက်တင်ဘာလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။

    မာရီကန်ကမူ ၎င်းအနေဖြင့် သမ္မတဖြစ်ခဲ့ပါက ရရှိမည့်လစာအားလုံးကို ပရဟိတအတွက် လှူဒါန်းသွားမည်ဟု ဆိုသည်။ ၎င်း၏အဖွဲ့မှာ Mind The Gap ဟုခေါ်သည့် လူမှုလှုပ်ရှားမှုတစ်ခုတွင်လည်း ပါဝင်ဆောင်ရွက်နေသည်။

    အဆိုပါ လှုပ်ရှားမှုမှာ စင်ကာပူနိုင်ငံအတွင်းရှိ ပရဟတိအဖွဲ့ငယ်များအတွက် ရန်ပုံငွေရရှိရေး၊ အသိပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။

    “ခင်ဗျား သမ္မတမဖြစ်လည်း ဒီလို ပရဟိတအလုပ်မျိုး လုပ်နိုင်တာပဲလို့ လူတော်တော်များများက ပြောကြတယ်ဗျ။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် ခြားနားချက်တော့ ရှိတယ်။ သမ္မတဆိုတဲ့ အရှိန်အ၀ါက သူမြှင့်တင်ဖို့ ရွေးချယ်လိုက်တဲ့ နယ်ပယ်မှာ ပိုပြီးတော့ ထိရောက်မှု ရှိလာနိုင်ပါတယ်။ ဥပမာအားဖြင့် ဒီလို ပရဟိတလုပ်ငန်းမှာ လှူဒါန်းဖို့အတွက် ကုမ္ပဏီကြီးတွေက စီအီးအိုတွေဆီကို သမ္မတက စာရေး တိုက်တွန်းရင် သူတို့တော်တော်များများက လှူကြမှာပါ။ သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ ဒါမျိုးလုပ်ရင် သူ့စာကို ဖတ်ပါ့မလားတောင်မသိဘူး” ဟု မာရီကန်က ပြောကြားခဲ့သည်။

    မာရီကန်မှာ ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၃ ဦးတွင် ရွေးကောက်ပွဲဌာနသို့ ပထမဆုံး အမည်စာရင်းတင်သွင်းခဲ့သူလည်းဖြစ်သည်။

    ၎င်းကမူ ထိုကဲ့သို့ လျှောက်ထားရန်အတွက် နာရီ ၁၀၀ ကျော် စဉ်းစားတွေးတောခဲ့ရသည်ဟု ဆိုသည်။

    “အခုဆိုရင်တော့ သူတို့အပေါ်မှာ မူတည်နေပါပြီ။ ကျွန်တော့်ကို သမ္မတလောင်း အရည်အချင်းနဲ့ ပြည့်မီသူအဖြစ် ဆုံးဖြတ်ချက်ထွယ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

    မာရီကန်မှာ သာမန် လက်လုပ်လက်စားမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်က ငွေရေးကြေးရေး အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ကိုယ့်ဒူးကိုယ်ချွန်ကာ စီးပွားရေးလောကထဲ ၀င်ရောက်လာခဲ့ပြီး အထည်လုပ်ငန်းဖြင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့သည်။

    Ref : CNA

  • တက္ကဆက်မှ မုန်တိုင်းသင့်ပြည်သူများကို ဒေသတွင်းဗလီများက ကူညီကယ်ဆယ်ထား

    တက္ကဆက်မှ မုန်တိုင်းသင့်ပြည်သူများကို ဒေသတွင်းဗလီများက ကူညီကယ်ဆယ်ထား

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း ဟာဗီးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ဒေသတွင်း ဗလီဝတ်ကျောင်းတော်တွေက နေရာထိုင်ခင်းပေးကာ ကြည့်ရှုစောင့်ရှောက်နေတယ်လို့ သိရပါတယ်။

    ဟူစတန်မြို့ ဂရိတ်တား ဟူစတန်ရပ်ကွက်က အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ လက်ရှိမှာ ဗလီဝတ်ကျောင်းတော်တွေအတွင်း ခိုလှုံနေရပါတယ်။

    “သူတို့ဟာ မွတ်စလင်လူ့အဖွဲ့အစည်းက မဟုတ်ကြပါဘူး။ ကျွန်တော်တို့ဟာ လူတိုင်းကို ကြိုဆိုနေပါတယ်” လို့ ဂရိတ်တားဟူစတန် အစ္စလာမ့်လူ့အဖွဲ့အစည်း (ISGH) ဥက္ကဌ အမ် ဂျေ ခန်းက ပြောကြားခဲ့ပါတယ်။

    ဂရိတ်တားဟူစတိန်ဒေသက ဗလီဝတ်ကျောင်းတော်ပေါင်း တစ်ဒါဇင်လောက်ဟာ မုန်တိုင်းသင့်ပြည်သူတွေကို ကယ်ဆယ်ပေးထားပြီး အစားအသောက်တွေနဲ့ အခြားသော ထောက်ပံ့ကူညီမှုတွေလည်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။

    ISGH အဖွဲ့ဟာ မုန်တိုင်းမတိုက်ခင်ကတည်းက ဒေသတစ်ဝိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး လိုအပ်နေတဲ့ အလှူငွေတွေ၊ ထောက်ပံ့ရေးပစ္စည်းတွေကို စုဆောင်းခဲ့ပါတယ်။

    မွတ်စလင်လူ့အဖွဲ့အစည်းက စေတနာ့ဝန်ထမ်းတွေကလည်း ဗလီဝတ်ကျောင်းတော်မှာ လာရောက်ခိုလှုံသူတွေ အဆင်ပြေစေဖို့ နေ့မအား၊ ညမနား ကူညီဖေးမမှုတွေ ပြုလုပ်နေတယ်လို့ ခန်းက ပြောပါတယ်။

    တမ်ပါမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးကလည်း အကူအညီပေးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာမုန်တိုင်းသင့်ပြည်သူတွေကို ကူညီထောက်ပံ့ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

    Ref: Pri.org, wmnf.org