News @ M-Media

Blog

  • အမေရိကန်ရေတပ်မှ ပျောက်ဆုံး ရေတပ်သား ၁၀ ဦး၏ အလောင်းများကို တွေ့ရှိ

    အမေရိကန်ရေတပ်မှ ပျောက်ဆုံး ရေတပ်သား ၁၀ ဦး၏ အလောင်းများကို တွေ့ရှိ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့်တစ်ပတ်က စင်ကာပူနှင့် မလေးရှားရေပိုင်နက်အနီး ဆီတင်သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့သည့် အမေရိကန်ဖျက်သင်္ဘောမှ ပျောက်ဆုံးသွားသည့် စစ်သား ၁၀ ဦးစလုံး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီဟု အမေရိကန်ရေတပ်က ကြေငြာခဲ့သည်။

    USS John S.McCain သင်္ဘောဖြစ်ပြီး အမေရိကန် ရေတပ်နှင့် မရိန်းတပ်ဖွဲ့များမှ ရေငုပ်သမားများမှာ ရေ၀င်နေသော သင်္ဘောအခန်းများတွင် တစ်ပတ်ကြာရှာဖွေမှု ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပျောက်ဆုံးသင်္ဘောသားအားလုံး၏ အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    သေဆုံးသွားသူ စစ်သားများမှာ အသက် ၂၀ မှ ၃၉ နှစ်အတွင်း ရှိကြသည်။

    “တိုက်မိတဲ့ အကြောင်းအရင်းတွေ၊ အဖြစ်အပျက်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်” ဟု အမေရိကန်ရေတပ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    စင်ကာပူဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် မောင်းနှင်လာသည့် USS John S.McCain သင်္ဘောမှာ အရုဏ်တက်ချိန်တွင် ဆီတင်သင်္ဘော Alnic MC နှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်မှာ ၂ လအတွင်း အမေရိကန်စစ်သင်္ဘောများ ဒုတိယအကြိမ်မြောက် တိုက်မိမှုဖြစ်ဖြစ်ကာ တစ်နှစ်အတွင်း ၄ ကြိမ်မြောက်ဖြစ်သည်။

    ထိုအဖြစ်အပျက်ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့ရေတပ်၏ လှုပ်ရှားမှုအားလုံးကို အမေရိကန်က ရပ်တန့်ထားသည်။

    Ref : Aljazeera

  • အင်ဒိုမှ အသက် ၁၀၄ နှစ်အရွယ်အဖွား ဟဂ်ျပြုရန် ဆော်ဒီသို့ရောက်ရှိ

    အင်ဒိုမှ အသက် ၁၀၄ နှစ်အရွယ်အဖွား ဟဂ်ျပြုရန် ဆော်ဒီသို့ရောက်ရှိ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    မာရီယာဟာ ဒီနှစ် ဟဂ်ျကာလအတွင်း မက္ကာကို ရောက်ရှိလာမယ့် ဟဂ်ျပြုသူတွေထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    – အင်ဒိုနီးရှားနိုင်ငံ သမိုင်းတစ်လျှောက်မှာ အသက်အကြီးဆုံး ဟဂ်ျပြုသူ ဖြစ်လာမယ့် အသက် ၁၀၄ နှစ်အရွယ် အဖွားအို မာရီယာ မာဂ်ဟာနီ မိုဟာမက်ဟာ စနေနေ့က ဂျစ်ဒါမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

    မာရီယာဟာ ဒီနှစ် ဟဂ်ျကာလအတွင်း မက္ကာကို ရောက်ရှိလာမယ့် ဟဂ်ျပြုသူတွေထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    ဘုရင် အဘ်ဒူလ်အဇစ်လေဆိပ်ကို ဆိုက်ရောက်လာတဲ့ မာရီယာကို ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးဝန်ကြီး အဘ်ဒူလ်ခါလစ် အလ်-ဇဟ်ရာနီ၊ ဂျစ်ဒါမှာရှိတဲ့ အင်ဒိုသံရုံးက သံအမတ်၊ မိုဟာမက် ရှရစ်ဖ် ဒီန်နဲ့ အင်ဒိုနီးရှား ဟဂ်ျအဖွဲ့ခေါင်းဆောင် အာရ်ရှဒ် ဟာဒီယာတို့အပါအ၀င် ဆော်ဒီအာဏာပိုင်တွေက ကြိုဆိုခဲ့ကြပါတယ်။

    မာရီယာက အခုလို ဟဂ်ျပြုခွင့် ရရှိတဲ့အတွက် ၀မ်းသာပီတိဖြစ်မိကြောင်း ပြောကြားခဲ့ပြီး လေဆိပ်မှာ လုပ်ပေးထားတဲ့ အစီအမံတွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးမှုကိုလည်း ချီးကျူးခဲ့ပါတယ်။

    ကျန်းမာရေးဌာနကလည်း လေဆိပ်မှာ မာရီယာရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးခဲ့ပါတယ်။

    “အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်မ မက္ကာကို သွားရမယ်။ ဟဂ်ျလုပ်ရတော့မယ်လေ” လို့ သူမက ပြောကြားခဲ့ပါတယ်။

    မာရီယာဟာ အသက် ၉၀ အရွယ်က အွမ္မရာဟ်ဘုရားဖူးခရီးစဉ်အဖြစ် မက္ကာကို လာရောက်ဖူးပြီး အခုတစ်ခေါက်ဟာ မြင့်မြတ်ရာနယ်မြေကို ဒုတိယအကြိမ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

    အင်ဒိုသံရုံး တာဝန်ရှိသူတွေက မာရီယာဟာ ကျန်းမာရေးကောင်းမွန်ပြီး ဟဂ်ျကျင့်စဉ်တွေကို အခက်အခဲမရှိ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုနှစ် ဟဂ်ျရာသီအတွင်းမှာ အင်ဒိုနီးရှားက ဘုရားဖူးခရီးသည်ပေါင်း ၂၂၁၀၀၀ လောက် လာရောက်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၁.၅ သန်းလောက် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဟဂ်ျကျင့်စဉ်ကို လာရောက်ဖို့အတွက် စောင့်ဆိုင်းနေတဲ့စာရင်းမှာ လူ ၃.၂ သန်းလောက် ရှိနေပြီး ပျမ်းမျှ ၃၇ နှစ်လောက်ကြာမှ အလှည့်ရောက်မယ့် အနေအထားဖြစ်ပါတယ်။

    Ref : Alarabiya, The National

  • မာရာဝီရှိ IS လက်မှ ပြန်သိမ်းနိုင်သည့် ဗလီတွင် ဖိလစ်ပိုင်စစ်သားများ ပြည်သူနှင့်အတူ ဆုတောင်း

    မာရာဝီရှိ IS လက်မှ ပြန်သိမ်းနိုင်သည့် ဗလီတွင် ဖိလစ်ပိုင်စစ်သားများ ပြည်သူနှင့်အတူ ဆုတောင်း

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    ဗလီအတွင်း စစ်တပ်နှင့် ပြည်သူများ အတူ ၀တ်ပြုဆုတောင်းနေစဉ်

    – IS အကြမ်းဖက်တွေက သိမ်းပိုက်ထားတဲ့ ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးကို အစိုးရက ပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း လွတ်မြောက်ဗလီဝတ်မှာ ပထမဆုံးအနေနဲ့ ပြည်သူတွေ၊ စစ်သားတွေ၊ ရဲတွေဟာ အတူတူ ၀တ်ပြုဆုတောင်းခဲ့ကြပါတယ်။

    လီလုဒ်ရပ်ကွက်က ‘ဆအဒ် ဟူဇမ် အလ် မူဆိုင်ရီ’ ဗလီဝတ်ကျောင်းတော်ဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား စုစုပေါင်း ၂၃ ယောက်လောက်ဟာ မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်ခဲ့ကြတာပါ။

    စစ်တပ်က ခရစ်ယာန်စစ်သားတွေကတော့ ဗလီဝတ်ကျောင်းတော်ရဲ့အပြင်ဘက်မှာ လုံခြုံရေး ယူပေးခဲ့ကြပါတယ်။

    ဒီဝတ်ပြုမှုဟာ မေလ ၂၃ ရက်နေ့ကကတည်းက IS လက်ထဲ ကျရောက်ခဲ့တဲ့ ဒီဗလီကို ပြန်သိမ်းနိုင်ခဲ့ပြီးတဲ့နောက် ပထမဆုံးပြုလုပ်တဲ့ ၀တ်ပြုဆုတောင်းမှု ဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော် သန့်ရှင်းရေးအတွက် ဖိလစ်ပိုင်စစ်တပ်က စစ်သားတွေက ၀ိုင်းကူပေးခဲ့ကြပြီး လုံခြုံရေးအတွက်လည်း တာဝန်ယူပေးခဲ့ကြပါတယ်။

    “ဒီအခြေအနေက ဒီနေရာမှာဖြစ်နေတဲ့ ပြဿနာဟာ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအကြားမှာ ဖြစ်နေတဲ့ ပြဿနာမဟုတ်ဘူးဆိုတာ ပြသနေတာဖြစ်ပါတယ်။ ဒီအုပ်စုနှစ်ခုစလုံးဟာ တရားဥပဒေ စိုးမိုးရေးအတွက် အတူတကွလုပ်ဆောင်နေကြပါတယ်” လို့ အစိုးရတာဝန်ရှိသူ အဒီအွန်က ပြောကြားခဲ့ပါတယ်။

    ဒေသခံ မွတ်စလင်တွေကလည်း ဒီဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုခွင့်ရရှိတဲ့အတွက် ကျေနပ်ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒေသတွင်း မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မာရာနာအို ဒါတူ နိုရိုဒင် လွတ်ကမန်က လူသားတွေ ထိခိုက်ပျက်ဆီးဖို့ ရည်ရွယ်ချက်အတွက် ဗလီဝတ်ကျောင်းတော်ကို အသုံးချတာဟာ ကြီးလေးတဲ့ အကုသိုလ်တစ်ခုဖြစ်ကြောင်း၊ ဗလီတွေဟာ ပြဿနာတွေကို ရင်ဆိုင်ကြုံတွေ့နေရသူတွေအတွက် နားခိုရာနေရာသာ ဖြစ်ရမှာဖြစ်ကြောင်း ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

    ဒေသတွင်း ရဲတပ်ဖွဲ့အကြီးအကဲ ရူဘန် သီယိုဒိုရီ ဆင်ဒက်က ဗလီဝတ်ကျောင်းတော်ကို ပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

    Ref: philstar.com

  • တက္ကဆက်ကို ၀င်နေသည့် ဟာရီကိန်း ဟာဗီးကြောင့် လူအသေအပျောက်ရှိလာ

    တက္ကဆက်ကို ၀င်နေသည့် ဟာရီကိန်း ဟာဗီးကြောင့် လူအသေအပျောက်ရှိလာ

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    ဟူစတန်မြို့တွင်း မြင်ကွင်းတစ်ခု

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း ဟာဗီး တိုက်ခတ်မှုကြောင့် လူပေါင်း ၁၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ဆယ်ထားရသည်ဟု သိရသည်။

    အမေရိကန်တွင် လူနေအထူထပ်ဆုံး မြို့များမှ တစ်မြို့ဖြစ်သည့် ဟူစတန်မြို့တွင် မုန်တိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၅ ဦးရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး၊ ရေအလွန်ကြီးနေသောကြောင့် စိုးရိမ်စရော ကောင်းနေသည်ဟု အုပ်ချုပ်ရေးမှူး ဂရက်ဂ်ျ အဘော့တ်က ပြောကြားခဲ့သည်။

    ဂါလ်ဗက်စတန်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး မုန်တိုင်ကြောင့် သေဆုံးသူ ၂ ဦး ရှိနေသည်။

    လေပြင်းတိုက်ခတ်နေပြီး ဓာတ်အားပြတ်တောက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရပြီး ဟူစတန်ရှိ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ပြည်သူများကို ကူညီရန်အတွက် ရဟတ်ယာဉ်များကို ထပ်မံ တောင်းဆိုထားသည်။

    ဟာရီကိန်းဟာဗီးမှာ ၂၀၀၄ ခုနှစ် သြဂုတ်လနောက်ပိုင်း အမေရိကန်တွင် အပြင်းဆုံးမုန်တိုင်းဖြစ်ပြီး တက္ကဆက်ပြည်နယ်တွင် လူပေါင်း ၃၄ ဦး သေဆုံးခဲ့သည့် ၁၉၆၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး မုန်တိုင်းလည်းဖြစ်သည်။

    Ref: BBC

  • ဗုံးဖြင့် မှားယွင်းခြိမ်းခြောက်သူကို စင်ကာပူ ဖမ်းဆီး

    ဗုံးဖြင့် မှားယွင်းခြိမ်းခြောက်သူကို စင်ကာပူ ဖမ်းဆီး

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    – မိမိတွင် ဗုံးရှိသည်ဟု မှားယွင်းခြိမ်းခြောက်မိခဲ့သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။

    ယမန်နေ့ညနေပိုင်းက စင်ကာပူ မိုးလုံလေလုံ အားကစားကွင်းတွင် ပြိုင်ပွဲကျင်းပပြုလုပ်နေစဉ် အဆိုပါအမျိုးသားက ထိုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး ကွင်းလုံခြုံရေးများက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။

    နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသားအား ဖမ်းဆီးခဲ့သည်။

    “ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သံသယရှိသူဟာ ဒီလို ခြိမ်းခြောက်မှု ပြုလုပ်ဖို့ ရည်ရွယ်ချက်မရှိတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့က လုံခြုံရေး ခြိမ်းခြောက်မှုတွအားလုံးကို အရေးတယူ တုန့်ပြန်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ ဘယ်သူ့ကိုမဆို အရေးယူဖို့ နောက်တွန့်နေမှာ မဟုတ်ပါဘူး” ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အဆိုပါ အမျိုးသားကို ကုလ၏ အကြမ်းဖက်တိုက်ဖျက်ရေးဆောင်ရွက်မှု ဥပဒေအရ ဖမ်းဆီးထားပြီး ပြစ်မှုထင်ရှားပါက စင်ကာပူဒေါ်လာ ၁ သိန်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ၅ နှစ်ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်သည်။

    Ref: CNA