News @ M-Media
Blog
  • ကဘူးလ်ရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်
    ကဘူးလ်ရှိ ဗလီတစ်လုံးကို IS အကြမ်းဖက်အဖွဲ့က ဗုံးခွဲတိုက်ခိုက်
    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media
    – အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်ရှိ ရှီအာဗလီဝတ်ကျောင်းတော်တစ်လုံးတွင် သောကြာနေ့ ၀တ်ပြုဆုတောင်းမှုအတွင်း အသေခံဗုံးခွဲမှု၊ သေနတ်ဖြင့် ပစ်ခတ်မှုတို့ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
    ကဘူးလ်မြို့မြောက်ဖက် အီမာမ် ဇမန်ဗလီဝတ်ကျောင်းတော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗလီဝတ်ကျောင်းတော်အတွင်း အသေခံဗုံးခွဲပြီးနောက် သေနတ်သမားများက ၀င်ရောက်ပစ်ခတ်ခဲ့ကြသည်။ IS အကြမ်းဖက်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး ၄၀ ရှိကာ သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်သည်။
    အခင်းဖြစ်ပွားနေစဉ် ရဲတပ်ဖွဲ့ဝင်များမှာ ဗလီအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ပြီး တိုက်ခိုက်သူများက ဗုံးထပ်မံခွဲသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ မိုဟာမက် ဆာဒစ် မူရာဒီက ပြောကြားခဲ့သည်။
    သေနတ်သမားများမှာ ကျည်ဆံများ ကုန်သွားပြီးနောက် ၀တ်ပြုသူများကို ဓားများဖြင့် လိုက်ထိုးခဲ့ကြပြီး သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်။
    IS မှာ အာဖဂန်နစ္စတန်ရှိ ရှီအာများ၏ ၀တ်ပြုရာနေရာများကို တိုက်ခိုက်မည်ဟု ကြေငြာထားပြီး ပြီးခဲ့သည့်လကလည်း ကဘူးလ်မြို့ရှိ အီရတ်သံရုံးကို IS က တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
    Ref: Aljazeera
  • ဆော်ဒီနှင့် တရုတ်တို့ပေါင်းကာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ထူထောင်မည်
    ဆော်ဒီနှင့် တရုတ်တို့ပေါင်းကာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ ထူထောင်မည်
    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media
    – အာရှ၏ အကြီးဆုံး ရေနံဝယ်သူဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနက်ရှိုင်းရန် ဆောင်ရွက်နေသည့် ဆော်ဒီမှာ နှစ်နိုင်ငံ ကန်ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတစ်ခု ထူထောင်ရန် စီစဉ်နေသည်ဟု သိရသည်။
    ဆော်ဒီဘုရင် ဆလ်မန်မှာ ကြာသာပတေးနေ့က တရုတ် ဒုတိယ၀န်ကြီးချုပ် ကျန်းဂေါင်လီနှင့် ဂျစ်ဒါတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
    ထို့ပြင် နှစ်ဖက်ကုန်ကျစားရိတ် ညီတူမျှတူခံကာ အကျိုးအမြတ်လည်း အညီအမျှ ခွဲဝေရမည့် ရင်းနှီးမြှုပ်မှု ရန်ပုံငွေတစ်ရပ်ကို ထူထောင်ရန် ထိုဆွေးနွေးမှုတွင် သဘောတူခဲ့ကြသည်ဟု ဆော်ဒီ စွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီက ကြာသာပတေးနေ့က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
    နိုင်ငံစီးပွားရေး ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှော့ချန်ရအတွက် ဆော်ဒီမှာ ၂၀၃၀ ရည်မှန်းချက်ထားကာ လုပ်ဆောင်နေပြီး Public Investment Fund (PIF) က ဦးဆောင်ကာ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေနေသည်။ PIF မှာ Uber Technologies ကဲ့သို့ ကုမ္ပဏီများတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။
    Ref: Arabnews
  • တရားစွဲခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း တိုင်းပြည်မှ ထွက်ပြေးဟု သတင်းထွက်
    တရားစွဲခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း တိုင်းပြည်မှ ထွက်ပြေးဟု သတင်းထွက်
    သြဂုတ် ၂၆၊ ၂၀၁၇
    M-Media
    – ယမန်နေ့က စီရင်ချက်ချမည့်​ ရုံးချိန်းကို ရှောင်ရှားခဲ့သည့် ၀န်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီး တိုင်းပြည်မှထွက်သွားပြီဟု သတင်းများလည်း ထွက်ပေါ်နေသည်။
    ယမန်နေ့က စီရင်ချက်ချရန် စီစဉ်ထားပြီး ယင်းလပ်က ရုံးတော်သို့ မလာရောက်ခဲ့သည့်အတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။
    ရှင်နာဝပ်ထရာမိသားစုနှင့် နီးစပ်ပြီး ယင်းလပ်၏ပါတီဖြစ်သော Pheu Thai မှ တာဝန်ရှိသူတစ်ဦးက ယင်းလပ်မှာ နိုင်ငံအတွင်း မရှိတော့ဟု AP သတင်းဌာနသို့ ပြောကြားခဲ့ပြီး အသေးစိတ်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
    သူမ၏ ရှေ့နေဖြစ်သူ နိုရာဝစ် လာလာအန်က ယင်းလပ် မည်သည့်အနေရာတွင် ရှိနေသည်ဆိုသည်ကို မသိရှိဟု ပြောကြားခဲ့သည်။
    “မနေ့မနက်က သူနေမကောင်းဘူး၊ ခေါင်းမူးနေတယ်လို့ပြောတယ်။ ဒါ့ကြောင့် ရုံးချိန်ဆိုင်းငံ့ဖို့ ကျွန်မ တောင်းဆိုခဲ့ပါတယ်။ ကျွန်မသိတာ ဒါပါပဲ”
    ၂၀၁၄ ခုနှစ်တွင် ယင်းလပ်အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်တပ်အကြီးအကဲ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အစိုးရအနေဖြင့် ယင်းလပ်ကို လိုက်လံရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။
    ကာကွယ်ရေးဝန်ကြီး ပရာဝစ် ၀ွန်ဆူဝန်က ယင်းလပ်ကို စောင့်ကြည့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာလွန်ခဲ့သည့် ၂ ရက်အတွင်း ဘန်ကောက်ရှိ နေအိမ်မှ ယင်းလပ်ထွက်သည်ကို တွေ့ရှိခြင်းမရှိဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ရခိုင်တွင် လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက်ခံရမှု ကုလရှုတ်ချ
    ရခိုင်တွင် လုံခြုံရေးတပ်ဖွဲ့များ တိုက်ခိုက်ခံရမှု ကုလရှုတ်ချ
    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media
    ကုလဌာနေကိုယ်စားလှယ် ရီနာတာ လော့-ဆက်ဆဲလ်လီယန်
    – ဒီနေ့မနက် ရခိုင်ပြည်နယ်မှာ ရဲစခန်းတွေ၊ ရဲကင်းတွေ တစ်ပြိုင်နက် တိုက်ခိုက်ခံရမှုကို ရှုတ်ချကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပြီး ဒီကိစ္စမှာ ပါဝင်သူတွေအားလုံး အကြမ်းဖက်မှုကို ရှောင်ရှားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
    ကင်းစခန်းပေါင်း ၃၀ ကို တိုက်ခိုက်ခဲ့ပြီး တမ်တော်သားတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒုလ၀ကမှူး ၁ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရှိသူ ၁၁ ဦးရှိကာ ၃ ဦးမှာ စိုးရိမ်ရကြောင်း၊ အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၅၉ လောင်းရပြီး၊ ၁ ဦးအရှင်ဖမ်းမိကြောင်း၊ ရသေ့တောင်မြို့နယ်အတွင်းက ချိန်ခါလီနဲ့ စေတီပြင်မှာ နေထိုင်ကြတဲ့ သူတွေဟာ သူတို့ရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီရဲ့ Facebook စာမျက်နှာမှာ နေ့လည် ၃ နာရီ ခွဲဝန်းကျင်က သတင်းထုတ်ပြန်ထားပါတယ်။
    မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ် ရီနာတာ လော့-ဆက်ဆဲလ်လီယန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ “သက်ဆိုင်သူတွေအားလုံး အကြမ်းဖက်မှုကို ရှောင်ကြားဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့” တိုက်တွန်းခဲ့ပါတယ်။
    “ရခိုင်ပြည်နယ်က လုံခြုံရေးဆိုင်ရာ အခြေအနေတွေအတွက် ကျွန်မတို့ အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ ဌာနေကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
    Ref: Reuters
  • ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အပြစ်ရှိကြောင်း အိန္ဒိယ ဆုံးဖြတ်
    ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အပြစ်ရှိကြောင်း အိန္ဒိယ ဆုံးဖြတ်
    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media
    တရားရုံးသို့ ယာဉ်အစီး ၁၀၀ ပါဝင်သော ယာဉ်တန်းဖြင့် လာရောက်ခဲ့သည့် ဂူရ်မိ ရမ် ရာဟင် ဆင်း ဂျီ အင်ဆန်
    – ဒကာမနှစ်ဦးအား အဓမ္မပြုကျင့်မှုဖြင့် မိမိကိုယ်ကို နတ်ဘုရားဟု ကြွေးကျော်ထားသည့် ဟိန္ဒူဘုန်းကြီးတစ်ဦးကို အိန္ဒိယတရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ၎င်းအား ထောက်ခံသူများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသူမှာ ဂူရ်မိ ရမ် ရာဟင် ဆင်း ဂျီ အင်ဆန် ဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ် ပန့်ခ်ျကူလာမြို့ရှိ တရားရုံး၌ ယနေ့တွင်ပြုလုပ်သည့် ကြားနာမှုသို့ အစီးအနင်း ၁၀၀ ပါသည့် ယာဉ်တန်းနှင့် လာရောက်ခဲ့သည်။
    ၎င်းတည်ထောင်ထားသော Dera Sacha Sauda ဂိုဏ်း၏ ဆီရ်ဆာမြို့တွင် တည်ရှိသော ရုံးချုပ်၌ ၂၀၀၂ ခုနှစ်တွင် ဒကာမနှစ်ဦးအား အဓမ္မကျင့်ခဲ့သည်ဟူသော စွဲချက်ဖြင့် ဆင်းမှာ တရားစွဲဆို ခံထားရခြင်းဖြစ်ပြီး ၎င်းကမူ စွဲချက်များကို ငြင်းဆိုထားသည်။
    ထိုအမှုအတွက် စီရင်ချက်ကို သောကြာနေ့တွင် ချမှတ်မည်ဖြစ်ပြီး ဆင်းမှာ ထောင်ကျမည်ဟု အစိုးရက ရှေ့နေက ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုဖြစ်
    အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပန်ဂျပ်ပြည်နယ်နှင့် ဟာရ်ယာနာပြည်နယ်တို့မှ ၎င်းအား ထောက်ခံသူများမှာ အစိုးရအဆောက်အဦးများအား မီးရှို့ခြင်း၊ ရထားဘူတာများနှင့် ဆီဆိုင်များကို တိုက်ခိုက်ခြင်း၊ ရုပ်သံလွှင့် ဗန်ကားများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
    အမှုစီရင်သည့် ပန့်ခ်ျကူလာမြို့တွင် ရဲတပ်ဖွဲ့နှင့် စစ်သား ၁၅၀၀၀ ကျော် တပ်ဖြန့်ချထားပြီး မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် လူအုပ်အား ဖြိုခွဲနေရသည်။
    “ပန့်ခ်ျကူလာမှာ အခုအချိန်အထိ ၁၃ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသူ ၂ ဦးရှိပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    Dera Sacha Sauda ဂိုဏ်းအားကောင်းသည့် ပန်ဂျပ်မှ ခရိုင်များတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ထားကာ၊ မလိုလားအပ်သည့် ကောလဟာလများ မပြန့်နှံ့ရန်အတွက် ပန်ဂျပ်နှင့် ဟာရ်ယာနာ ပြည်နယ်တို့တွင် အင်တာနက်လိုင်းများကို အိန္ဒိအစိုးရက ဖြတ်တောက်ထားသည်။
    ဆင်း၏ အဆိုပါဂိုးဏ်မှာ နောက်လိုက် သန်း ၅၀ ရှိနေသည်။ ဆင်းမှာ အဓမ္မကျင့်မှုအပြင် ၎င်း၏နောက်လိုက် အမျိုးသား ၄၀၀ ကို သင်းကွပ်ထားမှုဖြင့်လည်း စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။
    Ref: Aljazeera