News @ M-Media

Blog

  • မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် တိုးချဲ့ရေးလုပ်ငန်း ပြန်လည်စတင်မည်

    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် တိုးချဲ့ရေးလုပ်ငန်း ပြန်လည်စတင်မည်

    သြဂုတ် ၁၉၊ ၂၀၁၇
    M-Media

    – မက္ကာမြို့ရှိ မြင့်မြတ်ရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် တိုးချဲ့ရေးလုပ်ငန်းများကို လာမည့်လတွင် ဆော်ဒီက ပြန်လည်စတင်သွားမည်ဟု သိရသည်။

    ကန်ဒေါ်လာ ၂၆.၆ ဘီလီယံ တန်ဖိုးရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို လွန်ခဲ့သည့် ၂ နှစ်က ၀တ်ကျောင်းတော် ပရ၀ုဏ်အတွင်း ကရိန်းတစ်ခု ပြုတ်ကျကာ လူပေါင်း ၁၀၇ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ရပ်ဆိုင်းထားခြင်းဖြစ်သည်။

    Saudi Binladin ဆောက်လုပ်ရေးလုပ်ငန်းက တာဝန်ယူထားသည့် အဆိုပါ တိုးချဲ့ရေးလုပ်ငန်းများကို ဟဂ်ျဘုရားဖူးကာလအပြီးတွင် ပြန်လည်စတင်မည် ဖြစ်သည်။

    ကရိန်းပြုတ်ကျမှုပြီးနောက် ဆော်ဒီအစိုးရမှာ Saudi Binladin လုပ်ငန်းအား စီမံကိန်းသစ်များ လက်ခံဆောင်ရွက်ခွင့်ကို ပိတ်ပင်ခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အခြားလုပ်ငန်းများအတွက် အာဏာပိုင်များက ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

    Ref : Alarabiya

  • နယ်စပ်ရှိ IS ခြေကုပ်စခန်းများကို လက်ဘနွန် စတင်ရှင်းလင်း

    နယ်စပ်ရှိ IS ခြေကုပ်စခန်းများကို လက်ဘနွန် စတင်ရှင်းလင်း

    သြဂုတ် ၁၉၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနှင့်ကပ်နေသည့် နိုင်ငံ အရှေ့မြောက်ပိုင်းနယ်စပ်မှ IS အဖွဲ့အခြေစိုက်ရာ နေရာများကို ထိုးစစ်ဆင်မှု စစ်တင်နေသည်ဟု လက်ဘနွန်စစ်တပ်က ပြောကြားလိုက်သည်။

    လက်ဘနွန်စစ်တပ်မှာ ရက်စ်ဘာလ်ဘက်မြို့အနီးရှိ IS ပစ်မှတ်များကို ဒုံးကျည်များ၊ အမြှောက်များနှင့် ရဟတ်ယာဉ်များ အသုံးပြုကာ IS အကြမ်းဖက်အဖွဲ့ကို ရှင်းလင်းရန် ရှိနေသည်။ အဆိုပါမြို့မှာ လက်ဘနွန်-ဆီးရီးယားနယ်စပ်တွင် IS က ထိန်းချုပ်ထားသည့် နောက်ဆုံးဒေသဖြစ်သည်။

    “လက်ဘနွန်နိုင်ငံအတွက်၊ ပြန်ပေးဆွဲခံထားရတဲ့ လက်ဘနွန် စစ်သားတွေအတွက်၊ စစ်တပ်က အာဇာနည်တွေအတွက် ဒီစစ်ဆင်ရေးကို စတင်လိုက်တယ်ဆိုတာ ကျွန်တော် ကြေငြာလိုပါတယ်” ဟု လက်ဘနွန်စစ်တပ်၏ စစ်ဦးစီးချုပ် ဂျိုးဆက်ပ် အေအွန်က ပြောကြားခဲ့သည်။

    အခြားစစ်တပ်တာဝန်ရှိသူတစ်ဦးက စစ်ဆင်ရေးကို ယနေ့တွင် စတင်မည်မဟုတ်ဘဲ ၂ ပတ်ကြာ တိုက်ခိုက်သွားရန် စီစဉ်ထားကြောင်း၊ ဆီးရီးယားနှင့်ကပ်နေသည့် နယ်စပ်ဒေသများအားလုံးကို ရှင်းလင်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

    သို့သော်လည်း စစ်ဆင်ရေးကို ဆီးရီးယားစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုတ်ပေ။

    လက်ဘနွန်မှာ ဆီးရီးယားနှင့် ကပ်နေသည့် နယ်စပ်တွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း Jabhat Fateh al-Sham ဆိုသည့် လက်နက်ကိုင်အဖွဲ့ကိုလည်း ရှင်းလင်းခဲ့သည်။

    Ref: Aljazeera

  • အစွန်းရောက်များကို ကာကွယ်သည့် ထရမ့်မှတ်ချက်ကြောင့် အိမ်ဖြူတော်အကြံပေးအဖွဲ့တစ်ခု နှုတ်ထွက်

    အစွန်းရောက်များကို ကာကွယ်သည့် ထရမ့်မှတ်ချက်ကြောင့် အိမ်ဖြူတော်အကြံပေးအဖွဲ့တစ်ခု နှုတ်ထွက်

    သြဂုတ် ၁၉၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့တစ်ပတ် ချားလော့စ် ဗီလီမှာ ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုမှာ ထရမ့်ရဲ့ တုန့်ပြန်မှုကို မကြိုက်တာကြောင့် အိမ်ဖြူတော် အကြံပေးကော်မတီတစ်ခုက သရုပ်ဆောင်တွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေဟာ နှုတ်ထွက်သွားခဲ့ပါတယ်။

    အနုပညာနှင့် လူသားချင်းဆိုင်ရာ သမ္မတအကြံပေးကော်မတီ (PCAH) အဖွဲ့ဝင်တွေက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက်တွေနဲ့ သူတို့ကိုဆန့်ကျင်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ နှစ်ဖက်စလုံးဟာ အတူတူပဲဖြစ်တယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောကြားမှုကို ရှုတ်ချခဲ့တာပါ။

    လူဖြူအစွန်းရောက်တွေကို တန်ပြန်ဆန္ဒပြတဲ့ လူအုပ်ကြီးအတွင်း ကားတစ်စီးက ၀င်တိုက်ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

    ထရမ့်က ဒီပြဿနာမှာ နှစ်ဖက်စလုံးကို အပြစ်တင်ခဲ့ပါတယ်။

    “ချားလော့စ်ဗီလီမှာ အမေရိကန်ပြည်သူတွေကို အနာတရဖြစ်အောင်၊ အသက်သေဆုံးအောင် လုပ်ခဲ့တဲ့ အမုန်းဆောင်အဖွဲ့တွေ၊ အကြမ်းဖက်သမားတွေကို အားပေးတဲ့ မှတ်ချက်တွေကို သင်က ပြောကြားပြီးတဲ့နောက်ပိုင်းမှာ ဒါကို အပြင်းထန်ဆုံးပုံစံနဲ့ ဆန့်ကျင်ရှုတ်ချဖို့ လိုအပ်လာပါပြီ။ သင့်ရဲ့ ဒီလိုမှားယွင်းတဲ့ တန်းညှိမှုဟာ လက်မခံနိုင်စရာပါပဲ” လို့ PCAH အဖွဲ့ဝင် ၁၇ ဦး လက်မှတ်ထားထိုးထားတဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီအဖွဲ့မှာ အဖွဲ့ဝင် ၁၈ ဦးရှိပြီး ၁ ဦးသာ လက်မှတ်မထိုးခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ဒါရိုက်တာ ဂျော့ဂ်ျ စီ ၀ုလ်ဖီပါ။

    မင်းသား ကာလ်ပန်း၊ ဓာတ်ပုံဆရာ ချက် ကလို့စ်၊ စာရေးဆရာ ဂျွန်မ်ပါ လာဟီရီ၊ အထက်လွှတ်တော်အမတ် တွမ်အူဒါလ်ရဲ့ဇနီး စာရေးဆရာမ ဂျီလ် ကော့ပါးလ် အူဒါလ်တို့လည်း လက်မှတ်ရေးထိုးတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။

    “ခင်ဗျားပြောတဲ့စကားလုံးတွေ၊ လုပ်ရပ်တွေအတွက် ကျွန်တော်တို့ မသိချင်ယောင်ဆောင်ပြီး ထိုင်နေလို့ မရပါဘူး” လို့လည်း အဖွဲ့ဝင်တွေက ရေးသားခဲ့ပါတယ်။

    PCAH ဟာ ဟောလီးဝုဒ်၊ ဘရော့ဒ်ဝေးနဲ့ အခြား အနုပညာနယ်ပယ်တွေက ထိပ်တန်းပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပြီး အစိုးရနဲ့ အခြား ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီ ၃ ခုနဲ့ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

    ထရမ့်ဇနီးဖြစ်သူ မီလာနီယာထရမ့်ကလည်း အဲဒီအဖွဲ့မှာ ဂုဏ်ထူးဆောင်ဥက္ကဌအဖြစ် ထမ်းရွက်နေပါတယ်။

    “ခင်ဗျားရဲ့ အမုန်းဆောင်ပြောစကားကို လစ်လျူရှုထားလိုက်တာဟာ ဒီ မကောင်းတဲ့ စကားတွေ၊ လုပ်ရပ်တွေမှာ ကျွန်တော်တို့ကို ကြံရာပါ ဖြစ်စေနိုင်ပါတယ်” လို့ အဖွဲ့ဝင်တွေရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    နောက်ပြီး ထရမ့်က အနုပညာနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေဖြတ်တောက်ဖို့ လုပ်နေတာကိုလည်း ဒီအဖွဲ့က ဝေဖန်ခဲ့ပါတယ်။

    PCAH ဟာ အစွန်းရောက်တွေကို ကာကွယ်ပေးတဲ့ ထရမ့်ရဲ့မှတ်ချက်ကြောင့် ပထမဆုံး နှုတ်ထွက်သွားတဲ့ အိမ်ဖြူတော် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထရမ့်ရဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့တစ်ခုက အဖွဲ့ဝင်တွေဟာ ဒီအကြောင်းကြောင့် နှုတ်ထွက်သွားခဲ့ပါတယ်။

    Ref: Aljazeera

  • ဟစ်တလာကို အနိုင်ယူတဲ့နိုင်ငံမှာ နာဇီအလံအတွက် နေရာမရှိဘူးလို့ ပြောလိုက်တဲ့ အာနိုး

    ဟစ်တလာကို အနိုင်ယူတဲ့နိုင်ငံမှာ နာဇီအလံအတွက် နေရာမရှိဘူးလို့ ပြောလိုက်တဲ့ အာနိုး

    သြဂုတ် ၁၉၊ ၂၀၁၇
    M-Media

    – ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင်မင်းသားကြီးဖြစ်ပြီး အမေရိကန်နိုင်ငံရေးလောကမှာလည်း အတိုင်းအတာတစ်ခုအထိ သြဇာညောင်းခဲ့တဲ့ အာနိုးက လူဖြူအစွန်းရောက်တွေနဲ့ သမ္မတထရမ့်ကို ဝေဖန်လိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ လူဖြူအစွန်းရောက်တွေရဲ့ ဆန္ဒပြမှုဟာ အကြမ်းဖက်မှုတွေနဲ့ ပြီးဆုံးခဲ့ပြီး ဒီကိစ္စကို သမ္မတထရမ့်ရဲ့ တုန့်ပြန်မှုကလည်း ဝေဖန်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

    ထရမ့်ဟာ အစပိုင်းမှာ အစွန်းရောက်တွေကို ဆန့်ကျင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ကို ကာကွယ်တဲ့မှတ်ချက်မျိုး ပေးခဲ့တာကြောင့် အမေရိကန်နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ မကျေနပ်မှုတွေဖြစ်နေပြီး၊ တစ်ချို့အကြီးတန်းတာဝန်ရှိသူတွေဟာ ထရမ့်နဲ့ အလုပ်တွဲမလုပ်ကြတော့ပါဘူး။

    မင်းသားကြီးအာနိုးက ထရမ့်နဲ့ အစွန်းရောက်အုပ်စုတွေကို ဘယ်လို ဝေဖန်သလဲဆိုတာ ဒီဗီဒီယိုမှာ တွေ့မြင်ရမှာပါ။

  • ဦးကိုနီလုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး NLD စိတ်ဝင်စားမှုနည်းဟု တရားလိုရှေ့နေသုံးသပ်

    ဦးကိုနီလုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး NLD စိတ်ဝင်စားမှုနည်းဟု တရားလိုရှေ့နေသုံးသပ်

    သြဂုတ်လ ၁၉ ၊ ၂၀၁၇
    VOA Burmese

    ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သည့် တရားခံများ ရုံးထုတ်လာစဉ် Photo: Kyaw Zaw Win/RFA

    တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံအားလုံး ဖမ်းဆီး အရေးယူနိုင်ရေးအတွက် NLD အစိုးရဘက် စိတ်ဝင်စားမှု နည်းနေတယ်လို့ဦးကိုနီရဲ့ အကျိုးဆောင် ရှေ့နေဦးနေလက ပြောဆိုလိုက်သလို စုံစမ်း စစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့လည်း အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မိသားစု ဘက်ကလည်း လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကို အမှန်အတိုင်း အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တိုက်တွန်းခဲ့ ပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ထားပါတယ်။

    ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့ရာမှာ ဦးကိုနီရဲ့အကျိုးဆောင် ရှေ့နေ ဦးနေလက အခုလို တောင်းဆို လိုက်တာပါ။ ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေးနဲ့ တရားခံအားလုံး ဖမ်းဆီးရမိပြီး ထိုက်သင့်သလို အရေးယူ နိုင်ရေးအတွက် အာဏာပိုင်တွေ ဘက်က ဒီထက်ပို အားထုတ်ပေးဖို့ တိုက်တွန်း လိုက်တာပါ။

    ” အဓိကအားဖြင့် လက်ရှိအစိုးရရဲ့ NLD ပါတီကို မေတ္တာရပ်ခံချင်တာက အသတ်ခံရတဲ့သူကတော့ ပြန်မရှင်လာနိုင်ဘူး။ ဒါပေမဲ့ ဘာကြောင့်မို့လို့ လုပ်ကြံသတ်ဖြတ်တာလည်း နိုင်ငံရေး ပရောဂကြောင့်လား အခြား ဘာအကြောင်းကြောင့်လဲ ဆိုတဲ့ကိစ္စကို ဖော်ထုတ်ပေးဖို့ ကျနော်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ NLD အစိုးရအပေါ်မှာ ပြောလိုတယ်ပေါ့။ ဒါပေမဲ့ NLD အစိုးရရဲ့ NLD ပါတီတွေရဲ့ ဒီအမှုအပေါ် စိတ်ဝင်စားမှုဟာ ဆရာတို့ဘက်က ပြောမယ်ဆိုရင် မမြင်မတွေ့ရသေးဘူးပဲပြောလို့ ရမှာဖြစ်ပါတယ်။”

    ဦးကိုနီ လုပ်ကြံခံ ခဲ့ရတာဟာ ၈လ နီးပါး ကြာလာ ပြီဖြစ်ပေမယ့် လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ သံသယ ရှိသူကို ခုထိဖမ်း ဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဦးကိုနီ အလုပ်ကြံခံရတဲ့နေ့က လေဆိပ်မှာ ဖခင်ဖြစ်သူကို သွားရောက် ကြိုခဲ့တဲ့ သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်ကို ဒီကနေ့မှာ တရားလိုပြ သက်သေအဖြစ် ရုံးတင်စစ်ဆေးခဲ့တာပါ။

    တရားရုံး ထွက်ဆိုချက် အပြီး သတင်းထောက်တွေက ဒေါက်တာယဉ်နွယ်ခိုင်ကို မေးမြန်းရာမှာ ဖခင် အလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်တိုင်း တတ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ်ပေးဖို့ လိုလားကြောင်း ပြောကြားခဲ့သလို အမှန်တရား ပေါ်ပေါက်ရေးဟာ မိသားစုအတွက် သာမက မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးအတွက်ပါ အရေးတကြီး လိုအပ်တဲ့ ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ” ဘာကြောင့်လဲဆိုတာ သိချင်တယ် ဘယ်သူလုပ်တာလဲဆိုတာ ကျမတို့ သေချာပေါက် သိချင်တာပေါ့ ကျမတို့ပြောတဲ့ အမှန်တရားဆိုတာ အဲ့တာပဲ့လုပ်တာလဲ ဘယ်သူတွေ လုပ်တာလဲ အဲ့တာတွေအကုန် ကျမတို့သိချင်ပါတယ်။ သေသွားတဲ့သူက ကျမတို့ ဘာမှ ပြန်ရစရာအကြောင်းမရှိဘူး ကျမတို့မှာ မျှော်လင့်စရာက အမှန်တရားတခုပဲရှိတယ်။ အဲ့ဒီ့အမှန်တရားက ကျမတို့မိသားစုထက်ကို နိုင်ငံအတွက်ရော ဥပဒေရေးရာတွေ အတွက်ရော သိပ်ကို လိုအပ်တယ်လို့ ကျမထင်တယ်။ အမှန်တရားထွက်မှာဖြစ်မယ် မထွက်ဘူးဆိုရင် ကျမတို့နိုင်ငံအတွက်ရော ဥပဒေရေးရာအတွက်ရော အရမ်းကို လက်ညိုးထိုးစရာ ဖြစ်သွားလိုက်မယ်။”

    ဦးကိုနီအမှုနဲ့ ပတ်သတ်ပြီး သံသယရှိသူအဖြစ် အစွပ်စွဲခံနေရသူ ဦးအောင်ဝင်းခိုင် ကို ဖမ်းဆီးရမိနိုင်မယ်လို့ ယုံကြည်နေတဲ့ ရှေ့နေဦးနေလကတော့ သံသယ ရှိသူဟာ မြန်မာနိုင်ငံတွင်းမှာသာရှိနေတာမို့ မကြာခင်မှာပဲ အမှုအခြေအနေ ထူးခြားမှု ရှိလာမယ်လို့ ယူဆကြောင်း ပြောပါတယ်။

    “မကြာမှီ ရုံးချိန်း နှစ်ချိန်း သုံးချိန်းလောက်ဆိုရင် ဒီအမှုရဲ့ ရုပ်လုံးက ပိုပေါ်လာမယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။ နောက်တခုက ဘာလဲဆိုတော့ အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးမရှိတဲ့ အတွက်ကြောင့်မို့လို့ ဘာကြောင့်မို့လို့ သတ်ခဲ့တယ်ဆိုတဲ့ အကြောင်းခြင်းရာ မသိရသေးဘူး။ မသိသေးရသေးတဲ့အတွက် အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး အတွက် မိသားစုကိုယ်စား အားလုံးကို မေတ္တာရပ်ခံရမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံထဲမှာ ရှိတဲ့ အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး ကြိုးစားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။”

    တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်န၀ါရီလ (၂၉) ရက်နေ့က အင်ဒိုနီးရှားက အပြန် ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ ခံခဲ့ရ တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အပတ်စဉ် သောကြာနေ့တိုင်းမှာ ရုံးထုတ်စစ်ဆေး နေတာ ဖြစ်ပြီး အခုချိန် အထိတော့ အဓိကတရားခံအဖြစ် သံသယရှိသူ ဦးအောင်ဝင်းခိုင်ဟာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့မှုနဲ့သံသယရှိသူ ဦးကြည်လင်း နေခဲ့တဲ့ ဘုန်းကြီးကျောင်းက ဆရာတော် အပါအဝင် သက်သေ ၇ ယောက် ကို စစ်မေးခဲ့ တာ ဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။