News @ M-Media

Blog

  • ဦးကိုနီလုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး NLD စိတ်ဝင်စားမှုနည်းဟု တရားလိုရှေ့နေသုံးသပ်

    ဦးကိုနီလုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး NLD စိတ်ဝင်စားမှုနည်းဟု တရားလိုရှေ့နေသုံးသပ်

    သြဂုတ်လ ၁၉ ၊ ၂၀၁၇
    VOA Burmese

    ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သည့် တရားခံများ ရုံးထုတ်လာစဉ် Photo: Kyaw Zaw Win/RFA

    တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံအားလုံး ဖမ်းဆီး အရေးယူနိုင်ရေးအတွက် NLD အစိုးရဘက် စိတ်ဝင်စားမှု နည်းနေတယ်လို့ဦးကိုနီရဲ့ အကျိုးဆောင် ရှေ့နေဦးနေလက ပြောဆိုလိုက်သလို စုံစမ်း စစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စစ်ဆေးပေးဖို့လည်း အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မိသားစု ဘက်ကလည်း လုပ်ကြံခံရမှုနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကို အမှန်အတိုင်း အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တိုက်တွန်းခဲ့ ပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ထားပါတယ်။

    ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့ရာမှာ ဦးကိုနီရဲ့အကျိုးဆောင် ရှေ့နေ ဦးနေလက အခုလို တောင်းဆို လိုက်တာပါ။ ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေးနဲ့ တရားခံအားလုံး ဖမ်းဆီးရမိပြီး ထိုက်သင့်သလို အရေးယူ နိုင်ရေးအတွက် အာဏာပိုင်တွေ ဘက်က ဒီထက်ပို အားထုတ်ပေးဖို့ တိုက်တွန်း လိုက်တာပါ။

    ” အဓိကအားဖြင့် လက်ရှိအစိုးရရဲ့ NLD ပါတီကို မေတ္တာရပ်ခံချင်တာက အသတ်ခံရတဲ့သူကတော့ ပြန်မရှင်လာနိုင်ဘူး။ ဒါပေမဲ့ ဘာကြောင့်မို့လို့ လုပ်ကြံသတ်ဖြတ်တာလည်း နိုင်ငံရေး ပရောဂကြောင့်လား အခြား ဘာအကြောင်းကြောင့်လဲ ဆိုတဲ့ကိစ္စကို ဖော်ထုတ်ပေးဖို့ ကျနော်တို့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ NLD အစိုးရအပေါ်မှာ ပြောလိုတယ်ပေါ့။ ဒါပေမဲ့ NLD အစိုးရရဲ့ NLD ပါတီတွေရဲ့ ဒီအမှုအပေါ် စိတ်ဝင်စားမှုဟာ ဆရာတို့ဘက်က ပြောမယ်ဆိုရင် မမြင်မတွေ့ရသေးဘူးပဲပြောလို့ ရမှာဖြစ်ပါတယ်။”

    ဦးကိုနီ လုပ်ကြံခံ ခဲ့ရတာဟာ ၈လ နီးပါး ကြာလာ ပြီဖြစ်ပေမယ့် လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ သံသယ ရှိသူကို ခုထိဖမ်း ဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဦးကိုနီ အလုပ်ကြံခံရတဲ့နေ့က လေဆိပ်မှာ ဖခင်ဖြစ်သူကို သွားရောက် ကြိုခဲ့တဲ့ သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်ကို ဒီကနေ့မှာ တရားလိုပြ သက်သေအဖြစ် ရုံးတင်စစ်ဆေးခဲ့တာပါ။

    တရားရုံး ထွက်ဆိုချက် အပြီး သတင်းထောက်တွေက ဒေါက်တာယဉ်နွယ်ခိုင်ကို မေးမြန်းရာမှာ ဖခင် အလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်တိုင်း တတ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ်ပေးဖို့ လိုလားကြောင်း ပြောကြားခဲ့သလို အမှန်တရား ပေါ်ပေါက်ရေးဟာ မိသားစုအတွက် သာမက မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးအတွက်ပါ အရေးတကြီး လိုအပ်တဲ့ ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ” ဘာကြောင့်လဲဆိုတာ သိချင်တယ် ဘယ်သူလုပ်တာလဲဆိုတာ ကျမတို့ သေချာပေါက် သိချင်တာပေါ့ ကျမတို့ပြောတဲ့ အမှန်တရားဆိုတာ အဲ့တာပဲ့လုပ်တာလဲ ဘယ်သူတွေ လုပ်တာလဲ အဲ့တာတွေအကုန် ကျမတို့သိချင်ပါတယ်။ သေသွားတဲ့သူက ကျမတို့ ဘာမှ ပြန်ရစရာအကြောင်းမရှိဘူး ကျမတို့မှာ မျှော်လင့်စရာက အမှန်တရားတခုပဲရှိတယ်။ အဲ့ဒီ့အမှန်တရားက ကျမတို့မိသားစုထက်ကို နိုင်ငံအတွက်ရော ဥပဒေရေးရာတွေ အတွက်ရော သိပ်ကို လိုအပ်တယ်လို့ ကျမထင်တယ်။ အမှန်တရားထွက်မှာဖြစ်မယ် မထွက်ဘူးဆိုရင် ကျမတို့နိုင်ငံအတွက်ရော ဥပဒေရေးရာအတွက်ရော အရမ်းကို လက်ညိုးထိုးစရာ ဖြစ်သွားလိုက်မယ်။”

    ဦးကိုနီအမှုနဲ့ ပတ်သတ်ပြီး သံသယရှိသူအဖြစ် အစွပ်စွဲခံနေရသူ ဦးအောင်ဝင်းခိုင် ကို ဖမ်းဆီးရမိနိုင်မယ်လို့ ယုံကြည်နေတဲ့ ရှေ့နေဦးနေလကတော့ သံသယ ရှိသူဟာ မြန်မာနိုင်ငံတွင်းမှာသာရှိနေတာမို့ မကြာခင်မှာပဲ အမှုအခြေအနေ ထူးခြားမှု ရှိလာမယ်လို့ ယူဆကြောင်း ပြောပါတယ်။

    “မကြာမှီ ရုံးချိန်း နှစ်ချိန်း သုံးချိန်းလောက်ဆိုရင် ဒီအမှုရဲ့ ရုပ်လုံးက ပိုပေါ်လာမယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။ နောက်တခုက ဘာလဲဆိုတော့ အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးမရှိတဲ့ အတွက်ကြောင့်မို့လို့ ဘာကြောင့်မို့လို့ သတ်ခဲ့တယ်ဆိုတဲ့ အကြောင်းခြင်းရာ မသိရသေးဘူး။ မသိသေးရသေးတဲ့အတွက် အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး အတွက် မိသားစုကိုယ်စား အားလုံးကို မေတ္တာရပ်ခံရမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံထဲမှာ ရှိတဲ့ အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး ကြိုးစားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်။”

    တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်န၀ါရီလ (၂၉) ရက်နေ့က အင်ဒိုနီးရှားက အပြန် ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ ခံခဲ့ရ တာဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး အပတ်စဉ် သောကြာနေ့တိုင်းမှာ ရုံးထုတ်စစ်ဆေး နေတာ ဖြစ်ပြီး အခုချိန် အထိတော့ အဓိကတရားခံအဖြစ် သံသယရှိသူ ဦးအောင်ဝင်းခိုင်ဟာ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့မှုနဲ့သံသယရှိသူ ဦးကြည်လင်း နေခဲ့တဲ့ ဘုန်းကြီးကျောင်းက ဆရာတော် အပါအဝင် သက်သေ ၇ ယောက် ကို စစ်မေးခဲ့ တာ ဖြစ်ပါတယ်။

    VOA မှ ကူးယူဖော်ပြပါသည်။

  • တောင်အာရှ ၃ နိုင်ငံတွင် လူပေါင်း ၁၆ သန်း ရေဘေးသင့်နေ

    တောင်အာရှ ၃ နိုင်ငံတွင် လူပေါင်း ၁၆ သန်း ရေဘေးသင့်နေ

    သြဂုတ် ၁၈၊ ၂၀၁၇
    M-Media

    – တောင်အာရှနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသောကြောင့် လူပေါင်း ၁၆ သန်းကျော်မှာ ရေဘေးသင့်ဒဏ်ကို ခံစားနေရကာ ရောဂါဘယဖြစ်ပွားမှု၊ အစာရေစာပြတ်လပ်မှု၊ သေဆုံးမှု အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

    နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ၃ ပုံ ၁ ပုံမှာ ရေကြီးမှုဒဏ်ကို ခံစားနေရကြောင်း၊ နှစ်ပေါင်းများစွာအတွင်း ဆိုးရွားသည့် လူသားချင်းစာနာထောက်မှုဆိုင်ရာ ပြဿနာဖြစ်လာပြီး ဆိုးဆိုးရွားရွားရေကြီးမှုဒဏ်ကို ခံစားနေရသည့် သန်းပေါင်းများစွာသော ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး အလျင်အမြန်ဆောင်ရွက်ရန် လိုအပ်နေကြောင်း နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့မှ အာရှပစိဖိတ်ဆိုင်ရာ လက်ထောက်ဒါရိုက်တာ မာတင်ဖော်လာက ပြောကြားခဲ့သည်။

    ရေကြီးမှုကြောင့် ပြီးခဲ့သည် တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံတွင် ၂၃၉ ဦး၊ နီပေါတွင် ၁၂၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ်တွင် ၃၉ ဦး စုစုပေါင်း လူပါင်း ၄၀၀ ကျော် သေဆုံးခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုမှာ စံချိန်တင်ခဲ့ပြီး ယမုံနာမြစ်ကဲ့သို့ အဓိကမြစ်များမှာ သမိုင်းတစ်လျှောက် ဆိုးဆိုးဝါးဝါး ရေကြီးမှုနှင့် ရင်ဆိုင်ခဲ့ရသည့် ၁၉၈၈ ခု အခြေအနေထက်ပင် ပိုမိုဆိုးရွားခဲ့သည်။

    ရေကြီးမှုကြောင့် နီပေါနိုင်ငံတွင် ဒေသအများအပြားမှာ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပြီး အစားအသောက်၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်။

    Ref: Aljazeera

  • ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်းကို အခက်တွေ့စေခဲ့သည့် မလေးယာဉ်မောင်း ခိုးမှုဖြင့်ဖမ်းဆီးခံရ

    ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်းကို အခက်တွေ့စေခဲ့သည့် မလေးယာဉ်မောင်း ခိုးမှုဖြင့်ဖမ်းဆီးခံရ

    သြဂုတ် ၁၈၊ ၂၀၁၇
    M-Media

    – ကြာသာပတေးနေ့ညက မြန်မာအမျိုးသမီးအသင်းကို ကစားကွင်းကနေ ဟိုတယ်ပြန်ပို့ရမယ့် ဘတ်စ်ကား ယာဉ်မောင်းကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

    အသက် ၂၇ နှစ်အရွယ်ရှိတဲ့ အဲဒီအမျိုးသားဟာ လတ်ပတ်နာရီခိုးမှု၊ လိုင်စင်မရှိဘဲ ယဉ်မောင်းမှုတို့အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ရှားအလမ် ရဲတပ်ဖွဲ့က ဒီနေ့မှာထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အိမ်ရှင်မလေးရှား အမျိုးသမီးအသင်းကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းဟာ ပွဲကစားပြီး တည်းခိုရာဟိုတယ်ကို ပြန်မယ့်အချိန်မှာ ဘတ်စ်ကားယာဉ်မောင်းမရှိတာကြောင့် အခက်တွေ့ခဲ့ရပြီး သတ်မှတ်ထားတဲ့အချိန်ထက် တော်တော်လေး နောက်ကျပြီးမှ ပြန်ခဲ့ရပါတယ်။

    ဒီယာဉ်မောင်းခိုးယူသွားတဲ့ လက်ပတ်နာရီဟာ မလေးရှားကစားသမားတစ်ယောက်ရဲ့ လက်ပတ်နာရီဖြစ်ပြီး သူမောင်းမယ့်ကားထဲမှာ တွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

    မလေးရှားရဲ့ ဒီတာဝန်မဲ့တဲ့လုပ်ရပ်အတွက် မြန်မာအသင်းတာဝန်ရှိသူတွေနဲ့ မြန်မာပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

    မလေးရှား လူငယ်နှင့် အားကစားဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ကျူးလွန်သူကို သင့်လျော်တဲ့ အရေးယူမှု ဆောင်ရွက်နိုင်ရေးအတွက် မလေးရှား ဆီးဂိမ်းကျင်းပရေး ကော်မတီ MASOC ဟာ ရဲတပ်ဖွဲ့နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

    နောက်ပြီး ဆီးဂိမ်းပြိုင်ပွဲ အကြိုအပို့တာဝန်ယူထားတဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို သေသေချာချာစောင့်ကြည့်ဖို့၊ ၀န်ထမ်းတွေ၊ ယာဉ်မောင်းတွေဟာ ရာဇ၀တ်မှုဆိုင်ရာ မှတ်တမ်းတွေ မရှိရေး ပြန်လည် ဆန်းစစ်သွားဖို့ ကော်မတီက သတိပေးခဲ့ပြီး၊ ချမှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာဘူးဆိုရင်တော့ လုပ်ပိုင်ခွင့် စာချုပ်တွေကို ရုပ်သိမ်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: CNA

     

  • ဘရူးနိုင်းကို ဂိုးပြတ်နိုင်ယူနိုင်ခဲ့သည့် မြန်မာအသင်း ဆီမီးတက်ပြီ

    ဘရူးနိုင်းကို ဂိုးပြတ်နိုင်ယူနိုင်ခဲ့သည့် မြန်မာအသင်း ဆီမီးတက်ပြီ

    သြဂုတ် ၁၈၊ ၂၀၁၇
    M-Media

    Photo credit DVB

    – မလေးရှားဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု A ရဲ့ တတိယမြောက်ပွဲကို ဒီနေ့နေ့လည်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာ ယူ ၂၂ အသင်းက ဘရူးနိုင်း ယူ ၂၂ အသင်းကို ၆ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

    ဒီပွဲအနိုင်အတွက် မြန်မာအသင်းဟာ အခက်အခဲမရှိခဲ့ပါဘူး။ တစ်ပွဲလုံးမှာ ကစားကွက်အသာ ခြေအသာနဲ့ ကစားသွားနိုင်ပြီး အနိုင်ဂိုးတွေကိုတော့ အောင်သူ၊ စည်သူအောင်၊ မောင်မောင်လွင်နဲ့ သန်းပိုင်တို့က တစ်ဂိုးစီ၊ အောင်ကောင်းမာန်က ၂ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

    မြန်မာအသင်းဟာ အုပ်စု ၃ ပွဲစလုံးမှာ အနိုင်ရရှိထားတာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ သေချာသွားခဲ့ပါပြီ။ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ်လ ၂၁ ရက် တနင်္လာနေ့ည ၇ နာရီ ၁၅ မှာ အိမ်ရှင်မလေးရှားနဲ့ ကစားရမှာဖြစ်ပါတယ်။

  • ထိုင်ဝမ်သမ္မတရုံးရှေ့တွင် လူတစ်ဦးက ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွား

    ထိုင်ဝမ်သမ္မတရုံးရှေ့တွင် လူတစ်ဦးက ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွား

    သြဂုတ် ၁၈၊ ၂၀၁၇
    M-Media

    – ထိုင်ဝမ်နိုင်ငံ မြို့တော် ထိုင်ပေရှိ သမ္မတရုံးအပြင်ဘက်တွင် ရဲတပ်ဖွဲ့အစောင့်များကို တရုတ်နိုင်ငံအလံ သယ်ဆောင်လာသူတစ်ဦးက ဆာမူရိုင်းဓားဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ နိုင်ငံရေးရပ်တည်ချက်ကို ဟစ်အော်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဆာမူရိုင်းဓားကိုမူ အနီးရှိ ပြတိုက်မှ ပုဆိန်ဖြင့် မှန်ခွဲ၍ ခိုးယူလာခြင်းဖြစ်သည်။

    သမ္မတရုံးမှာ တရုတ်မလိုလားသော ထိုင်ဝမ်သမ္မတ Tsai Ing-wen ရုံးထိုင်ရာနေရာဖြစ်သည်။ ပြီးခဲ့သည့်နှစ် သူမ သမ္မတဖြစ်လာပြီးနောက်တွင် ထိုင်ဝမ်မှာ မိမိတို့၏ အစိတ်အပိုင်းဖြစ်သည်ဆိုသည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို လက်မခံသောကြောင့် ထိုင်ဝမ်နှင့် တရုတ်တို့အကြား ဆက်ဆံရေး ဆိုးရွားလာခဲ့သည်။

    ထိုဝမ်ကျွန်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရေစီနိုင်ငံဖြစ်သော်လည်း တရုတ်က ၎င်းတို့နှင့် ပြန်လည်ပေါင်းစည်းရမည့် အစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူထားသည်။

    လူဟုသာ ထုတ်ပြန်ထားသည့် အဆိုပါအမျိုးသားမှာ သမ္မတရုံးထဲသို့ ၀င်ရောက်ရန် ကြိုးစားစဉ် ဂိတ်ပေါက်ဝ၌ တားမြစ်သော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဆာမူရိုင်းဓားဖြင့် ခုတ်ခဲ့ပြီး၊ ဒဏ်ရာရရှိထားသည့် ရဲတပ်ဖွဲ့မှာ စိုးရိမ်ရသော အခြေအနေတွင်မရှိဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ Alex Huang က ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် သမ္မတရုံး၌ ၀န်ထမ်းများစုမှာ အခမ်းအနာတစ်ခုကို ကျင်းပနေချိန်ဖြစ်ပြီး လက်ရှိတွင် တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

    Ref: CNA