News @ M-Media

Blog

  • အမုန်းစကားပြောသည့် လူဖြူအစွန်းရောက် အကောင့်များကို Facebook ပိတ်ပစ်

    အမုန်းစကားပြောသည့် လူဖြူအစွန်းရောက် အကောင့်များကို Facebook ပိတ်ပစ်

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    – ရုန်းရင်းဆန်ခတ်မှုများဖြင့် ပြီးဆုံးခဲ့သည့် ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမှ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် လူဖြူအစွန်းရောက်များ၏ Facebook နှင့် Instagram အကောင့်များကို Facebook က ပိတ်ပစ်နေသည်ဟု သိရသည်။

    ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ ရူချီကာ ဘုဒ်ရာဂျာက လူဖြူအစွန်းရောက်တစ်ဦးဖြစ်သည့် ခရစ္စတိုဖာ ကန့်ဝဲလ်၏ အကောင့်များ၊ ပေ့ခ်ျများကို ပိတ်ပစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ကန့်ဝဲလ်မှာ ဆန္ဒပြမှုနှင့် နောက်ပိုင်း ဖြစ်ပွားခဲ့မှုများ၏ ဗီဒီယိုကို ဆိုရှယ်မီဒီယာများတွင် လွှင့်တင်ခဲ့သူဖြစ်သည်။

    Facebook မှာ လူဖြူအစွန်းရောက် လှုပ်ရှားမှုနှင့် ဆက်နွယ်နေသည့် ပေ့ခ်ျ ၈ ခုကိုလည်း ပိတ်ပစ်ခဲ့ပြီး ၎င်းတို့မှာ အမုန်းစကား၊ အမုန်းဆောင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မှုကြောင့်ဖြစ်သည်ဟု ဘုဒ်ရာဂျာက ထည့်သွင်းပြောဆိုခဲ့သည်။

    ပြီးခဲ့သည့်စနေနေ့က လူဖြူအစွန်းရောက်များ၏ ဆန္ဒပြပွဲကို စီစဉ်သူ ကန်ဝဲလ်ကို ဥပဒေအဖွဲ့အစည်းတစ်ခုဖြစ်သော Southern Poverty Law Center က အစွန်းရောက်တစ်ဦးအဖြစ် စာရင်းသွင်းထားသည်။

    Ref: Alarabiya

  • မြောက်ကိုရီးယားကိစ္စ အမေရိကန်၏ အစီအစဉ်တွင် စစ်ရေးတုန့်ပြန်မှု ပါဝင်နေဆဲ

    မြောက်ကိုရီးယားကိစ္စ အမေရိကန်၏ အစီအစဉ်တွင် စစ်ရေးတုန့်ပြန်မှု ပါဝင်နေဆဲ

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားအား စစ်ရေးဖြင့် တုန့်ပြန်မှုမှာ ကြောက်စရကောင်းမည်ဖြစ်သော်လည်း ရွေးချယ်မှုတစ်ခုအဖြစ် ရှိနေဆဲဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စစ်ဖက် ထိပ်တန်းအကြံပေး ဂျိုးဆက်ပ် ဒွန်ဖော့ဒ်က ပြောကြားခဲ့သည်။

    တရုတ်သို့ ရောက်ရှိနေစဉ် ဒွန်ဖော့ဒ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်အတွက် အမေရိကန်က စစ်ရေးအရ အရေးယူမည်မဟုတ်ဟု ထရမ့်၏ အခြားအကြံပေးတစ်ဦးဖြစ်သူ စတီဗ် ဘန်နွန်၏ပြောကြားမှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်နေသည့် မြောက်ကိုရီးယားကို မည်သည်အခါကမှ မရှိခဲ့ဖူးသည့် စစ်ရေးတုန့်ပြန်မှုမျိုး ပြုလုပ်သွားမည်ဟု ထရမ့်က သတိပေးခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ပစိဖိတ်ရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တိုက်ခိုက်မည်ဟု ပြန်လည်ခြိမ်းခြောက်ခဲ့သည်။

    သို့သော်လည်း ကင်ဂျုံအန်က ထိုအစီအစဉ်ကို ဆိုင်းငံ့ထားသည်ဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများမှာ လျော့ပါးသွားခဲ့သည်။

    အိမ်ဖြူတော်၏ မဟာဗျူဟာအကြီးအကဲ စတီဗ် ဘန်နွန်က မြောက်ကိုရီးယားပြဿနာအတွက် စစ်ရေးအရ ဖြေရှင်းမည်မဟုတ်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    သို့သော်လည်း ဗိုလ်ချုပ် ဂျိုးဆပ်စ် ဒွန်ဖော့ဒ်က စစ်ရေးအရ တုန့်ပြန်မှုမှာ ကြောက်စရာကောင်းမည် ဖြစ်သော်လည်း စစ်ရေးဖြင့် အရေးမယူဆိုသည်မှာ မဟုတ်ဟုဆိုသည်။

    “အမေရိကန်နဲ့ ဒေသတွင်းကို ဆက်လက်ခြိမ်းခြောက်နေမယ့် နျူထိပ်ဖူးတပ်ဒုံးကျည် ထုတ်လုပ်ဖို့ (ကင်ဂျုံအန်) ကို ခွင့်ပြုဖို့ဆိုတာ စဉ်းစားလို့ကိုမရတဲ့ ကိစ္စပါ”

    ထို့ပြင် သမ္မတထရမ့်က စိတ်ချရပြီး အလုပ်ဖြစ်သည့် စစ်ရေးနည်းလမ်းကို စီစဉ်ထားရန် ပြောကြားခဲ့ပြီး မိမိတို့အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နေကြောင်းလည်း ဒွန်ဖော့ဒ်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • လူဖြူအစွန်းရောက်များကို ကာကွယ်သည့်မှတ်ချက်အတွက် ထရမ့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ 

    လူဖြူအစွန်းရောက်များကို ကာကွယ်သည့်မှတ်ချက်အတွက် ထရမ့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ 

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့ စနေနေ့က ဗာဂျီးနီးယားပြည်နယ် ချားလော့စ် ဗီလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုနဲ့ပတ်သက်ပြီး လူဖြူအစွန်းရောက်တွေကို မျက်နှာသာပေးတဲ့ သမ္မတထရမ့်ရဲ့ မှတ်ချက်အတွက် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံနေသလို၊ လူဖြူအစွန်းရောက်ကလည်း ထရမ့်ကို ချီးမွမ်းခဲ့ကြပါတယ်။

    လူဖြူအစွန်းရောက်တွေရဲ့ ချီတက်ဆန္ဒပြမှုမှာ သူတို့ကိုဆန့်ကျင်တဲ့ တန်ပြန်ဆန္ဒပြမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လူမျိုးရေးခွဲခြားမှု၊ အစွန်းရောက်မှုတွေကို ဆန့်ကျင်တဲ့ လူအုပ်ထဲကို အစွန်းရောက်တွေရဲ့ ကားတစ်စီးက အရှိန်နဲ့ ၀င်တိုက်ခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တော်တော်များများ ဒဏ်ရာရရှိခဲ့ပါတယ်။

    မွတ်စလင်အစွန်းရောက်တွေ တိုက်ခိုက်မှုပြုလုပ်ရင် ချက်ခြင်းဆိုသလို တုန့်ပြန်တတ်တဲ့ ထရမ့်အနေနဲ့ အခု လူဖြူ ခရစ်ယာန်အစွန်းရောက်တွေရဲ့ ပြဿနာမှာ နှုတ်ဆိတ်နေတဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    စောစောပိုင်းမှာ အားလုံးကို သိမ်းကြုံး အပြစ်တင်ခဲ့ပေမယ့် ဝေဖန်မှုတွေကြောင့် တနင်္လာနေ့မှာ လူဖြူအစွန်းရောက်ဝါဒကို ထရမ့်က လူသိရှင်ကြား ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီရှုတ်ချမှုဟာ သိပ်မကြာလိုက်ပါဘူး။

    အင်္ဂါနေ့မှာ ဒီအကြောင်းကို ထပ်ပြောခဲ့ပြီး ဒီအချိန်မှာတော့ နှစ်ဖက်စလုံကို အပြစ်တင်ခဲ့ကာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတွေကို ‘လက်ဝဲစွန်းရောက်’ လို့ အမည်တပ်ခဲ့ပါတယ်။ ဒါဟာ လက်ယာစွန်းသမားတွေက သူတို့ကို ဆန့်ကျင်တဲ့သူတွေအပေါ် သုံးနှုန်းတဲ့ စကားလုံးဖြစ်ပါတယ်။

    အစွန်းရောက်များကြိုဆို

    “ကျက်သရေတုန်းတဲ့ ဂျူးမီဒီယာကို ထရမ့်က ကစ်ထည့်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ထရမ့်ဟာ နောက်ဆုံးမှာ ဒီလိုလုပ်မယ်ဆိုတာ ငါသိနေတယ်။ ဂျူးတွေရဲ့ အန္တရာယ်အောက်ကနေ ငါတို့ကို ထရမ့်က ဆွဲထုတ်တယ်။ ငါကလည်း သူ့ကို မပစ်ပယ်ပါဘူး” လို့ နာဇီလိုလားတဲ့ Dily Stormer ဘလော့ဂ်ကို ကိုင်တွယ်နေတဲ့ လူဖြူအစွန်းရောက် အန်ဒရူး အဂ်လင်က Twitter မှာ ရေးသားခဲ့ပါတယ်။

    Twitter က နာဇီလက်သစ်တွေနဲ့ လူဖြူအစွန်းရောက်ဖိုရမ် 4Chan က ထရမ့်ရဲ့ ဒီမှတ်ချက်တွေကို ထောက်ခံချီးကျူးခဲ့သလို၊ လက်ယာစွန်းခေါင်းဆောင် ရစ်ချက် စပင်ဆာ၊ လူဖြူ ခရစ်ယာန်အစွန်းရောက် ဂိုဏ်း KKK ခေါင်းဆောင် ဒေးဗစ်လူကေးတို့ကလည်း ထရမ့်ကို သြဘာပေးခဲ့ပါတယ်။

    “ချားလော့စ်ဗီလီနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ ရိုးသားမှု၊ အမှန်တရားကို ပြောရဲမှု၊ BLM/Antifa က လက်ဝဲစွန်း အကြမ်းဖက်သမားတွေကို ရှုတ်ချမှုအတွက် သမ္မတထရမ့်ကို ကျေးဇူးတင်ပါတယ်” လို့ ဒူကေးက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    Black Lives Matter (BLM) အဖွဲ့ဟာ နိုင်ငံအတွင်း အာဖရိကန် အမေရိကန်တွေအတွက် တန်းတူညီမျှ အခွင့်အရေး၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေး လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့အစည်း ဖြစ်ပါတယ်။

    ရှုတ်ချမှုတွေလည်း ပလူပျံ

    လူဖြူအစွန်းရောက်တွေကို ကာကွယ်ပေးတဲ့ ထရမ့်ရဲ့ အဲဒီမှတ်ချက်တွေအတွက် ဝေဖန်မှုတွေဟာ ပိုမိုကျယ်လောင်လာခဲ့ပြီး သူ့ရဲ့ ရီပက်ဘလစ်ကန်ပါတီက အကြီးအကဲတွေ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းက ထင်ရှားတဲ့ ပုဂ္ဂိုတွေကပါ သူ့ကို အပြစ်တင်ခဲ့ပါတယ်။

    တက်ကြွလှုပ်ရှားသူနဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ရှောင်ကင်းက ထရမ့်ရဲ့ အင်္ဂါနေ့ပြောကြားမှုဟာ လူဖြူအစွန်းရောက်ဝါဒကို ပွင့်ပွင့်လင်းလင်း မြှောက်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒေါ်နယ်ထရမ့်ရဲ့ ဒီလို လက်လွတ်ခွက်ချွတ် ပြောကြားမှုကို ထင်တဲ့အတိုင်းပဲ လူဖြူအစွန်းရောက်တွေက သဘောကျကြပါတယ်။ သဘောတွေ့ မနောခွေ့ကြတာပေါ့လေ”

    ဒီမိုကရက်တစ်ပါတီက အကြီးတန်း တာဝန်ရှိသူဖြစ်ပြီး အထက်လွှတ်တော်က လူနည်းစုခေါင်းဆောင်ဖြစ်တဲ့ ချက်ရှူမာကလည်း ထရမ့်အနေနဲ့ ဒီကိစ္စမှာ ကြားနေဖို့ ရည်ရွယ်တာဟာ အစွန်းရောက်တွေကို စာနာကြောင်း ပြလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီလိုပြောလိုက်တာဟာ ထရမ့်အနေနဲ့ ဘယ်ဖက်မှမရပ်တည်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြလိုက်တာပါပဲ။ ဒေးဗစ်လူကေးနဲ့ လူဖြူအစွန်းရောက်တွေ ဒါကို ချီးကျူးလိုက်ချိန်မှာတော့ ဒါဟာ မှားယွင်းတဲ့ ရပ်တည်ချက်မျိုးဖြစ်သွားပါတယ်”

    နောက်ထပ် ဒီမိုကရက်တစ် အထက်လွှတ်တော်မတ်ဖြစ်ပြီး ဂျူးလူမျိုးတစ်ဦးလည်းဖြစ်တဲ့ အလ် ဖရန့်ကင်ကလည်း ထရမ့်ကို ဝေဖန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ထရမ့်ရဲ့ မဲဆွယ်မှုအတွင်းမှာ လူဖြူအစွန်းရောက်တွေ ခေါင်းထောင်ခဲ့ပြီး ထရမ့်အစိုးရမှာလည်း လက်ယာစွန်းတွေ၊ နာဇီလက်သစ်အုပ်စုတွေနဲ့ ဆက်စပ်တဲ့သူတွေ တော်တော်များများ ပါဝင်ပါတယ်။

    မဲဆွယ်မှုအတွင်းမှာ ထရမ့်ဟာ လက်တင်အမေရိကက ပြောင်းရွှေ့ဝင်ရောက်လာသူတွေ၊ ဒုက္ခသည်တွေ၊ မွတ်စလင်တွေလို လူနည်းစုတွေကို ပစ်မှတ်ထား စော်ကားဝေဖန်တာမျိုးတွေ လုပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးရဲ့ကျူးကျော်မှုကို တော်လှန်နေတဲ့ ပါလက်စတိုင်း မိခင်တစ်ယောက်ရဲ့ ရင်ဖွင့်သံ

    အစ္စရေးရဲ့ကျူးကျော်မှုကို တော်လှန်နေတဲ့ ပါလက်စတိုင်း မိခင်တစ်ယောက်ရဲ့ ရင်ဖွင့်သံ

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    – သမိုင်းဝင် ပါလက်စတိုင်းဒေသကို သိမ်းပိုက်ထားတဲ့ ဗြိတိန်ဟာ ဒုတိကမ္ဘာစစ်အတွင်းမှာ အရှေ့ဥရောပက ဂျူးတွေကို ပါလက်စတိုင်းဒေသထဲ သွင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ဂျူးတွေက နိုင်ငံတစ်ခုအဖြစ် တည်ထောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

    ဒါ့ကြောင့် ကုလသမဂ္ဂက ပါလက်စတိုင်းဒေသရဲ့ ၅၅ ရာခိုင်နှုန်းကို ဂျူးတွေအတွက် နိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့ပြီး ၄၅ ရာခိုင်နှုန်းကိုတော့ ပါလက်စတိုင်း နိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

    ၁၉၄၇ ခုနှစ်မှာ ဂျူးတွေက အစ္စရေးနိုင်ငံ ထူထောင်ခဲ့ပေမယ့် လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့အတွက် အစ္စရေးဟာ အမျိုးမျိုး အနှောက်အယှက်ပေးခဲ့ပါတယ်။

    ဒါတင်မကသေးပဲ ကုလက သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းပိုင်နက်ကို အမေရိကန်ကျောထောက်နောက်ခံနဲ့ အစ္စရေးက တစ်စထက်တစ်စ သိမ်းပိုက်လာခဲ့တာကြောင့် ဒီနေ့မှာတော့ ပါလက်စတိုင်းတွေရဲ့ ဒေသအားလုံးနီးပါးဟာ အစ္စရေးရဲ့ ထိန်းချုပ်မှုလက်အောက်မှာ ရှိနေပါတယ်။

    ဇာတိမြေကို ဆုံးရှုံးခဲ့ရတဲ့ ပါလက်စတိုင်းတွေဟာ ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြတာ ယနေ့အထိပါပဲ။ အဲဒီအထဲမှာ မာနာလ် တမီမီဆိုတဲ့ ပါလက်စတိုင်းမိခင်တစ်ဦးလည်း ပါဝင်ပါတယ်။

    ပါလက်စတိုင်းမိခင်တစ်ယောက်ဖြစ်ရတဲ့ အခြေအနေဟာ ဘယ်လိုလဲ၊ သားသမီးတွေကို စိတ်ဓာတ်ရေးရာ ဘယ်လိုကြံ့ခိုင်စေလဲ၊ မိန်းမသားတစ်ယောက် ဖြစ်ပေမယ့် အစ္စရေးရဲ့ ကျူးကျော်မှုကို ဘယ်လိုတုန့်ပြန်နေလဲ စတာတွေကို မာနာလ်က ဒီဗီဒီယိုထဲမှာ ပြောပြထားပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ရမ်းကားမှုကိုလည်း ဒီဗီဒီယိုမှာ တွေ့မြင်ရမှာပါ။

    “လူမသိသူမသိ အသတ်ခံရမယ့်အစား၊ ကျွန်မတို့ရဲ့ သေခြင်းတရားကို လူတိုင်းကြားနိုင်တဲ့အနေအထားမျိုး၊ ကျွန်မတို့ ဘာ့ကြောင့် တော်လှန်ရေးလုပ်နေရသလဲဆိုတာ လူတွေ သိသွားစေတဲ့ အနေအထားမျိုးနဲ့ ကျွန်မတို့ သေသွားချင်တာပါ” ဆိုတဲ့ မာနာလ်ရဲ့ တော်လှန်ရေးခံယူချက်က ရင်ကို ထိမှန်စေပါတယ်။

    Aljazeera သတင်းဌာနရဲ့ ဗီဒီယိုကို M-Media က စာတမ်းထိုး တင်ဆက်တာ ဖြစ်ပါတယ်။

     

     

     

     

     

     

     

  • ကာတာဟဂ်ျခရီးသည်များအတွက် ဆော်ဒီက နယ်စပ်ဂိတ်ဖွင့်ပေးမည်

    ကာတာဟဂ်ျခရီးသည်များအတွက် ဆော်ဒီက နယ်စပ်ဂိတ်ဖွင့်ပေးမည်

    သြဂုတ် ၁၇၊ ၂၀၁၇
    M-Media

    – ကာတာနိုင်ငံမှ ဟဂ်ျပြုရန် လာမည့်သူများအတွက် နယ်စပ်ဂိတ်ကို ဖွင့်ပေးသွားမည်ဟု ဆော်ဒီအစိုးရက ကြေငြာခဲ့သည်။

    ဆော်ဒီ ပြန်ကြားရေးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် နိုင်ငံအတွင်းသို့ လာရောက်၍ ဟဂ်ျပြုလိုကြသည့် ကာတာနိုင်ငံသားများအတွက် ဆလ်ဝါ နယ်စပ်ဂိတ်ကို ဖွင့်ပေးသွားမည်ဖြစ်ပြီး၊ အွန်လိုင်းမှ ခွင့်ပြုချက် လျှောက်ထားရန် မလိုဟု ဖော်ပြထားသည်။

    ထို့ပြင် ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ်အဇစ် အလ် ဆာအွဒ်က ကာတာမှ ဟဂ်ျပြုလိုသူများကို ၎င်းကိုယ်တိုင် ကုန်ကျစားရိတ် အကုန်ခံကာ ခေါ်ယူသွားမည်ဖြစ်ပြီး၊ လေယာဉ်ဖြင့် လာနိုင်ရန်အတွက် ဆော်ဒီလေကြောင်းလိုင်းပိုင် ပုဂ္ဂလိကလေယာဉ်များကို ဒိုဟာသို့ လွှတ်ပေးရန် အမိန့်ပေးထားသည်။

    ပြီးခဲ့သည့် ဇွန်လက ဆော်ဒီ၊ အီဂျစ်၊ ဘာရိန်းနှင့် ယူအေအီးတို့က ကာတာနိုင်ငံအပေါ် သံတမန်အပါအ၀င် အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့မှုအတွင်း ဆလ်ဝါနယ်ခြားကိုပါ ဆော်ဒီက ပိတ်ပစ်ခဲ့သည်။

    မက္ကာနှင့် မဒီနာတို့တွင် ဟဂ်ျပြုမည့် ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးခရီးသည်များအတွက် ဂျစ်ဒါလေဆိပ်မှာ ၀င်ပေါက်ဖြစ်သော်လည်း ဆော်ဒီဘုရင်၏ ညွှန်ကြားချက်အရ ကာတာနိုင်ငံသားများကို နိုင်ငံအရှေ့ပိုင်းရှိ ဘုရင်ဖာဟဒ် လေဆိပ်နှင့် အစ်ဟ်ဆာ လေဆိပ်တို့မှတစ်ဆင့် မက္ကာသို့ ပို့ဆောင်မည်ဖြစ်သည်။

    ဆော်ဒီ၏ ယခုကြေငြာချက်အတွက် ကာတာဘက်က မည်သည့်ထုတ်ပြန်မှုမှ မလုပ်သေးပေ။

    ကာတာနိုင်ငံများသား ဆော်ဒီသို့ ဟဂ်ျပြုရန် သွားရောက်သည့်အခါ ကန့်သတ်မှုများ ကြုံတွေ့ရသည်ဟု စောစောပိုင်းက သတင်းထွက်ပေါ်ခဲ့သော်လည်း ဆော်ဒီက ထိုသတင်းများကို ငြင်းဆိုခဲ့သည်။

    Ref: Aljazeera